ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က တရုတ်၏ ဖိအားကြောင့် ဟိုင်ဂင်သဘော တူညီချက်ဖြင့် ယာယီ အပစ်ရပ်ထားချိန် ၎င်းတို့၏ နိုင်ငံရေးမဟာမိတ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က ရှမ်းမြောက်တခွင်၌ ဆက်လက် ထိုးစစ်ဆင်နေသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများ ဖော်ဆောင်နေသည့် KIA သည် တရုတ်- မြန်မာနယ်စပ်ရှိ မုံးကိုး၊ နမ့်ခမ်း စသည့် မြို့များသိမ်းပိုက်သည့် ၁၀၂၇ စစ်ဆင်ရေးအစပိုင်းတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။
သို့သော် ဒီဇင်ဘာ ၂၉ ရက်တွင်မူ လားရှိုး- မူဆယ် ကုန်သွယ်ရေး လမ်းပေါ်ရှိ ကွတ်ခိုင်မြို့ မြောက်ဘက် နမ့်ဖတ်ကာရွာမှ စစ်ကောင်စီ၏ ခလရ (၁၂၃) တပ်ရင်းကို KIA ၏ ရှမ်းမြောက်အခြေစိုက် တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ တို့အပါအဝင် ကချင် ပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့ဖြင့် ၁လ နီးပါး တိုက်ပွဲဖော်ကာ ဇန်နဝါရီလ ၂၄ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
ထိုတိုက်ပွဲမတိုင်မီကပင် KIA သည် နမ့်ဖတ်ကာ အရှေ့မြောက်ဘက် မူဆယ်မြို့နယ်ထဲမှ မုံးပေါ်ဒေသကို ထိန်းချုပ် ထားပြီး စစ်ကောင်စီ တပ်စခန်းအချို့ ကိုလည်း သိမ်းပိုက်ထားသလို ကွတ်ခိုင်မြို့ အရှေ့ဘက်ရှိ ကောင်းခါး ပြည်သူစစ်တို့ကလည်း KIA နှင့် ပူးပေါင်းလာသဖြင့် နယ်မြေသာမက အင်အားပါ ကြီးမားသွားသည်။
နမ့်ဖတ်ကာ တိုက်ပွဲတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစီး ပစ်ချနိုင်ခဲ့သလို စခန်းသိမ်းချိန်တွင်လည်း လေယာဉ်ပစ်စက် အမြောက် ၁ လက်နှင့် ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက် တလက်ကို KIA တို့ ရလိုက်သည်။
လားရှိုး- မူဆယ်လမ်းပိုင်းကို နမ့်ခိုင်တံတားမှ နမ့်ဖတ်ကာအထိ KIA တို့ စိုးမိုးထိန်းချုပ် နိုင်သွားကာ မုံးပေါ်ဒေသနှင့်လည်း ပေါင်းစပ်သွားနိုင်သဖြင့် နယ်မြေဧရိယာ ပိုမို ကျယ်ဝန်းလာခဲ့သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် KIA သည် အစိုးရအပါအဝင် မြန်မာစစ်တပ်နှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၌ ဖွဲ့ထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင်သော လက်နက်ကိုင်အဖွဲ့များဖြစ်သည်။
ထို့ပြင် KIA သည် AA နှင့် TNLA ဖြစ်ပေါ်လာရန် အစောဆုံး စစ်ပညာသင်ကြားပေးသည့် အဖွဲ့ဖြစ်သော်လည်း လက်ရှိ KIA ၏ စစ်ဆင်ရေးများသည် “၁၀၂၇ စစ်ဆင်ရေး”နှင့် ဆက်စပ်မှုမရှိဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
၎င်းက “မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးနဲ့တော့ ကျနော်တို့က ဘုံရန်သူအတူတူပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် တိုက်ပွဲကို သူတို့နဲ့လက်တွဲပြီး ဖော်ဆောင်တာတော့ မဟုတ်ပါဘူး။ အဲဒါမျိုးလည်းမရှိပါဘူး။ ကျနော်တို့လည်း ကျနော် တို့ရဲ့နယ်မြေမှာ လှုပ်ရှားကြတာဖြစ်ပါတယ်” ဟု ဆိုသည်။
ဇန်နဝါရီ ၂၁ ရက်ကလည်း KIA သည် ကချင်ပြည်နယ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်သို့သွားရာတွင် အဓိက ဖြတ်သန်းရသည့် နေရာတခုဖြစ်သည့် မံစီမြို့နယ်နှင့် နမ်ခမ်းမြို့ကြားရှိ မန့်ဝိန်းကြီးရွာမှ စစ်ကောင်စီစခန်းကို တိုက်ခိုက်ကာ ထိန်းချုပ်လိုက်သည်။
အလားတူ ရှမ်းပြည်မြောက်ပိုင်းရှိ မိုးမိတ်မြို့ကို ဇန်ဝါရီလ ၁၈ရက်က KIA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မိုးမိတ်တွင် စစ်ကောင်စီ၏ အခြေချ စစ်ဗျူဟာ (စဗခ) တခုရှိပြီး ခမရ (၃၄၈) ၊ ခလရ (၂၂၃) နှင့် ခလရ (၂၇၆) စသည့် တပ်များက KIA ၏ ထိုးစစ်ကို ခုခံခဲ့ရာ ဇန်နဝါရီလ ၂၇ ရက်တွင် စစ်တပ်က မြို့ကိုပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ မြဝတီသတင်းဌာနက ဇန်နဝါရီလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
မိုးမိတ်တွင် တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ခဲ့ပြီး KIA ဘက်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ပါဝင်တိုက်ခိုက်ပေးခဲ့သည်ဟုလည်း စစ်ကောင်စီဘက်က ဆိုသည်။
အလားတူ KIA အပါအဝင် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးပေါင်းသိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့ကို စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်တို့က ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၇ ရက်က စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် People Media တွင် ဖော်ပြထားသည်။
မိုးမိတ်မြို့ မြောက်ဘက် ၃၅ မိုင်အကွာရှိ မဘိမ်းမြို့ကိုမူ KIA နှင့် KPDF ပူးပေါင်းတပ်များက ဇန်နဝါရီ ၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်ကာ မြို့ကို ထိန်းချုပ်လိုက်သည်။
ယေဘုယျအားဖြင့် KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့ ၁ မြို့နှင့် မန့်ဝိန်းကြီးရွာဝန်းကျင်အပါအဝင် ၊ နမ့်ဖတ်ကာ ရွာနှင့် မုံးပေါ်ဒေသတို့ကို ထိန်းချုပ်ထားသည့် သဘောဖြစ်သည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် မြေပြင်သတင်းရင်းမြစ်တဦးကမူ မိုးမိတ်နှင့် မဘိမ်းမြို့တို့သည် စစ်ကိုင်းတိုင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များထံ လက်နက်ပို့ဆောင်ရာ၌ အရေးပါသော လမ်းကြောင်းတခုဖြစ်ပြီး တွင်းထွက်သယံဇာတ များ ထွက်သဖြင့် စစ်ရေးသာမက စီးပွားရေးအရပါ အရေးပါသော မြို့များ ဖြစ်ကြောင်း၊ ထို့ကြောင့် KIA နှင့် ပူးပေါင်းတပ် များ က စိုးမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “KIA ဦးဆောင်တဲ့ထိုးစစ်က ရှမ်းမြောက်လောက်တော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့မှာ ပြင်းထန်လိမ့်မယ်မထင်ဘူး။ ရေရှည်တိုက်ရင်တော့ စစ်ကောင်စီတပ်က ဖြည်းဖြည်းချင်း ပြိုလဲသွားနိုင်တယ်။ တကယ်လို့သာ ညီနောင် ၃ ဖွဲ့ကနေ စစ်ကိုင်းတို့ ၊ မန္တလေးတို့ကို ဆင်းလာမယ်ဆိုရင် ၊ သူတို့ပါ ပါဝင်ပူးပေါင်းတိုက်မယ် ဆိုရင်တော့ ပိုမြန်နိုင်ပါတယ်။ ဒါပေမယ့် ညီနောင် ၃ ဖွဲ့က စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းထဲ လာမယ်ဆိုရင် KIA ကရော လက်ခံနိုင်သလားဆိုတဲ့ မေးခွန်းလည်းရှိပါတယ်” ဟု ဆိုသည်။
စစ်ရေးလေ့လာသူတဦးကမူ KIA သည် “၁၀၂၇ စစ်ဆင်ရေး”မစတင်မီကတည်းက သူ့အစီအစဉ်နှင့်သူ စစ်တိုက်နေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကာလတွင်လည်း မချိတ်ဆက်ဘဲ ဆက်လက်တိုက်ခိုက် နေ သည့် အဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် KIA ၏ စစ်ဆင်ရေးသည် မြောက်ပိုင်း ၃ ဖွဲ့ ရှမ်းမြောက်တွင် အပစ်ရပ်သည့်တိုင် ဆက်ရှိနေမည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “စစ်ရေးအရတော့ စီမံကိန်းအတူဆွဲပြီး လုပ်တာမဟုတ်ဘူး။ ၁၀၂၇ ကလည်း သူ့ဟာနဲ့သူ လုပ်တာပဲ။ KIA လုပ်နေတဲ့ စစ်ဆင်ရေးမှာ KIA ရယ်၊ KPDF ရယ်။ ABSDF ရယ် AA ရယ်ပါတယ်။ သူတို့လုပ်နေတာက ကချင်ပြည် နယ်မှာ ရှိတယ်။ စစ်ကိုင်းတိုင်းမှာရှိတယ်။ မိုးမိတ် ၊ မဘိမ်းဘက်မှာရှိတယ်။ ရှမ်းမြောက်ဆိုရင် နမ့်ဖတ်ကာမှာရှိတယ်။ ဒါက KIA နဲ့ NUG ကြားက စစ်ဒေသ (၁) ဆိုတဲ့ နယ်မြေမှာဖော်တဲ့ စစ်ရေးစီမံချက်အတိုင်း သွားနေတာ” ဟု သုံးသပ်သည်။
လက်ရှိ KIA ဖော်ဆောင်နေသည့် ထိုးစစ်နှင့်ပတ်သက်၍ စစ်ဆင်ရေးအမည်ပေးထားခြင်းမရှိကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကိုပြောသည်။
KIA ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း KIA ဖော်ဆောင်သည့် တိုက်ပွဲများနှင့်ပတ်သက်၍ KIA သည် စစ်ကျွံလာမှုများကို တိုက်ခိုက်ရင်း တိုက်ပွဲများ ဖော်ဆောင်ဖြစ် သွားခြင်းဖြစ်ကြောင်း ၂၀၂၃ ခုနှစ်အောက်တိုဘာလ BBC နှင့် သီးသန့်ပြုလုပ်သည့် မေးမြန်းခန်းတွင် ဖြေဖူးသည်။
စစ်ရေးလေ့လာသူ တဦးက KIA သည် ညီနောင် ၃ ဖွဲ့ကဲ့သို့ လူအင်အားအမြောက်အမြားသုံးကာ စစ်ကောင်စီတပ်ကို တဟုန်ထိုး စစ်ဆင်လေ့မရှိဘဲ ပြောက်ကျားစစ်နှင့် စခန်းသိမ်းတိုက်ပွဲအား ပေါင်းစပ်ကာ ပုံမှန် စစ်ဆင်မည့် သဘောရှိ ကြောင်းဆိုသည်။
၎င်းက “မြောက်ပိုင်း ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကတော့ တရုတ်ဆန်တာပေါ့။ လူအားကို သုံးပြီး ထိုးစစ်ဆင်လေ့ရှိတယ်။ KIA ကတော့ စခန်းသိမ်း ၊ မြို့သိမ်းစစ်ကို မှန်မှန်နဲ့ အချိန်ယူတိုက်လေ့ရှိတယ်။ စစ်ကောင်စီကတော့ ခံတိုက်ဦးမှာပေါ့။ ချက်ချင်းတော့ ဘယ်လက်နက်ချမလဲ။ သူ့ဘက်က လူအင်အားတောင့်တဲ့နေရာတွေဆိုရင် တိုက်ရတာကြာမှာပေါ့” ဟု မှတ်ချက်ပေးသည်။
လက်ရှိတွင် မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေး တပ် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA)တို့ ညီနောင်မဟာမိတ် ၃ဖွဲ့သည် တရုတ်ဖိအားကြောင့် ရှမ်းမြောက်ဒေသ၌ ယာယီအပစ်ရပ်လိုက်ရသော်လည်း စစ်ကောင်စီကမူ သိန္နီနှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကြောင်းထိုးခြင်း လက်နက်ကြီး များ ဖြင့် ပစ်ခြင်းတို့လုပ်ကာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထောက်ပြပြောဆိုနေသည်။
You may also like these stories:
တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း
မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး
နမ့်ဖတ်ကာတွင် စစ်တပ်တိုက်လေယာဉ်တစင်း KIA ပစ်ချ
တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ
မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ