၂၀၂၁ ခုနှစ်တွင် မြန်မာ၏တဦးချင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် နှိုင်းယှဉ်ချက်အားဖြင့် နိမ့်ပြီး နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ၁၁၃ အဆင့်ရှိသော်လည်း အစိုးရက ၂၀၂၁ မှ ၂၀၃၀ အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အလားတူ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံး တန်ချိန် သန်းပေါင်း ၂၄၄ တန် လျှော့ချရန် ကတိပြုခဲ့သည်။
၂၀၂၁ ခုနှစ် တခုတည်းတွင် အမေရိကန် ပြည်ထောင်စု၏ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အလားတူ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် တန်ချိန် ၅ ဒသမ ၅ ဘီလီယံရှိသည်။ သို့သော် ယနေ့အခြေအနေကို ကြည့်ပါက စစ်အာဏာသိမ်းမှုကြောင့် ထိုအောင်မြင်မှုများနှင့် အခြားရာသီဥတု ပန်းတိုင်များကို ဆုတ်ယုတ်သွားစေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည်။ တော်လှန်ရေး အင်အားစုများက ပြန်လည် တွန်းလှန်သောကြောင့် မြန်မာသည် ထိုအချိန်မှစတင်ပြီး သုံးနှစ်ကြာ ဖရိုဖရဲ အခြေအနေများနှင့် သွေးချောင်းစီးမှုများကို ရင်ဆိုင်နေရသည်။
ထိုဖရိုဖရဲအခြေအနေတွင် ဆိုလာစီမံကိန်းကြီးများ၊ သဘာဝပတ်ဝန်းကျင် ခေါင်းဆောင်များ မွေးထုတ်ရန် အစီအစဉ်များနှင့် သဘာဝသယံဇာတများကို ကာကွယ်ရန် အားထုတ်မှုများကို ပစ်ပယ်ထားလိုက်သည်။
ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာနှင့် လမ်းခွဲပြီး စွမ်းအင်အသွင်ကူးပြောင်းရေး နိုင်ငံအဆင့် အားထုတ်မှုများနှင့် အခြား ရာသီဥတုဆိုင်ရာ ရဉ်မှန်းချက်များ အားလုံးနီးပါးသည် ပျောက်ကွယ်သွားသည်ဟု ကျွမ်းကျင်သူအချို့က ယူဆသည်။
၁၆ ကြိမ်မြောက် နှစ်စဉ် ကမ္ဘာ့ရာသီဥတုအန္တရာယ် အညွန်းကိန်းတွင် မြန်မာသည် ဒုတိယ ထိခိုက်အလွယ်ဆုံး ဖြစ်နေသော်လည်း ထိုသို့သော အခြေအနေ ဖြစ်နေသည်။
ဖရိုဖရဲအခြေအနေတွင် ဆိုလာစီမံကိန်းကြီးများ၊ သဘာဝပတ်ဝန်းကျင် ခေါင်းဆောင်များ မွေးထုတ်ရန် အစီအစဉ်များနှင့် သဘာဝသယံဇာတများကို ကာကွယ်ရန် အားထုတ်မှုများကို ပစ်ပယ်ထားလိုက်သည်။
“စီမံကိန်းတွေကို လုံးဝ ဖျက်သိမ်းလိုက်တာ မဟုတ်ရင်တောင်မှ ဆိုင်းငံ့ထားတယ်” ဟု ဒိန်းမတ် နိုင်ငံတကာ လေ့လာရေး အင်စတီကျုမှ ဝါရင့် သုတေသီ ဟယ်လင်း မာရီယာ ကီယက်က ပြောသည်။ “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တိတိကျကျ ထုတ်ဖော် ပြောဆိုလာခဲ့တဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှု နယ်ပယ်တခုလုံးဟာ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အင်အားချိနဲ့သွားပြီး ဖိနှိပ်ခံရတယ်” ဟုလည်း ၎င်းကပြောသည်။
စွမ်းအင်ချို့တဲ့မှု
China Dialogue သည် လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် UN-Habitat မှ အစီအစဉ် ကျွမ်းကျင်သူတဦးနှင့် ဆွေးနွေးခဲ့သည်။ အလှူရှင်များသည် မြန်မာနှင့် အဆက်အသွယ် ဖြတ်ထားကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရန် အချို့နေရာများကို သွားရောက်ခွင့်မရသည့် ပြဿနာများနှင့် မူဝါဒအဆင့် တည်ဆောက်ရေးတွင် အတားအဆီးများ ရှိနေကြောင်း ၎င်းကပြောသည်။
ထိုသို့ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်ခြင်းမှာ အာဏာသိမ်းပြီးနောက် မကြာမီ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ နိုင်ငံမှ ပြန်လည် ထွက်ခွာသွားခြင်း၏ ရလဒ်ဖြစ်သည်။ သို့သော် လက်ရှိ အုပ်ချုပ်နေသည့် စစ်ကောင်စီက ဖျက်သိမ်းခဲ့သော စီမံကိန်းအချို့လည်း ရှိသည်။
ထိုအစီအစဉ်များတွင် တရုတ်က ငွေကြေးစိုက်ထုတ်သည့် ဆိုလာစွမ်းအင် သဘောတူညီချက် ၂၆ ခုလည်း ပါဝင်သည်။ အာဏာသိမ်းပြီးနောက်တွင် ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို ကုမ္ပဏီများ ရပ်ဆိုင်းပြီးနောက် တင်ဒါလုပ်ထုံးလုပ်နည်း ချိုးဖောက်သောကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲသည်။
၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး မြန်မာတွင် တရုတ်အထောက်အပံ့ဖြင့် ဆိုလာစီမံကိန်း အများအပြားကို အကောင်အထည် ဖော်လာသည်။ “ဒါပေမယ့် အခုအချိန်မှာ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်က စစ်ကောင်စီရဲ့ ဦးစားပေး မဟုတ်ဘူး” ဟု ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများဖြင့် ကျေးလက် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း မြန်မာနိုင်ငံ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသင်း (REAM) ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
အခြားတဖက်တွင်လည်း စစ်ကောင်စီသည် လျှပ်စစ်ယာဉ်များနှင့် လေအားလျှပ်စစ် အစီအစဉ်ကို ကြေညာသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် မြန်မာ၏ ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းနှစ်ခုကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လုပ်ရန် တရုတ်ကုမ္ပဏီ နှစ်ခုနှင့် စာချုပ် ချုပ်သည်။ နောက်လ အနည်းငယ် ကြာသောအခါ နောက်ထပ် လေအားလျှပ်စစ်လုပ်ငန်းများ လုပ်ရန် ဖြစ်နိုင်ခြေ စမ်းသပ်ရေး ရုရှားနှင့် သဘောတူညီချက် ထပ်မံရသည်။
ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အပြင် စစ်ကောင်စီသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရန် Rosatom နှင့် စူးစမ်းရှာဖွေသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရောက်သောအခါ မော်စကိုနှင့် ရန်ကုန်အကြား ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အသေးစိတ်များ ထွက်ပေါ်လာသည်။ ထို စီမံကိန်းများမှ ထုတ်လုပ်သော စွမ်းအင်ကို မည်သို့ ခွဲဝေမည်ကို ရှင်းလင်းစွာ မသိရပေ။
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူအပြုဌာန (MCRB) မြန်မာဌာနဒါရိုက်တာနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း မစ္စ ဗစ်ကီ ဘိုးမင်း၏ အဆိုအရ ထိုလုပ်ငန်းများသည် ရာသီဥတု ပြောင်းလဲမှုနှင့် သက်ဆိုင်မှုနည်းပြီး မြန်မာမှ လက်ရှိ စွမ်းအင်ချို့တဲ့မှုနှင့်သာ သက်ဆိုင်ကြောင်းသိရသည်။
ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အပြင် စစ်ကောင်စီသည် နျူကလီးယားစွမ်းအင် ထုတ်လုပ်ရန် Rosatom နှင့် စူးစမ်းရှာဖွေသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရောက်သောအခါ မော်စကိုနှင့် ရန်ကုန်အကြား ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အသေးစိတ်များ ထွက်ပေါ်လာသည်။ ထို စီမံကိန်းများမှ ထုတ်လုပ်သော စွမ်းအင်ကို မည်သို့ ခွဲဝေမည်ကို ရှင်းလင်းစွာ မသိရပေ။
လက်ရှိဖြစ်ပွားနေသည့် စိုးရိမ်မှုမှာ စွမ်းအင်ချို့တဲ့မှုကြောင့် မြန်မာသည် ဈေးနှုန်းမြင့်သော ဒီဇယ် တင်သွင်းမှုကိုသာ ဆက်လက် မှီခိုနေရခြင်း ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။ နိုင်ငံတကာ ကုန်သွယ်ရေးဌာန (ITA) ၏ အဆိုအရ မြန်မာသည် အာရှတွင် လျှပ်စစ်ဓာတ်အား ရရှိမှုအနည်းဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ၏ ထက်ဝက်ခန့်သာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားသည်။
ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သည် အထောက်အကူပြုနိုင်သော်လည်း ကုန်စည်ဖြန့်ချိရေးကွင်းဆက် ပြဿနာများ၊ ဘဏ္ဍာငွေရရှိရေး အခက်အခဲများနှင့် သုံးစွဲသူများ၏ အကန့်အသတ်ရှိသော သိမြင်နားလည်မှုတို့သည် ထိုကိစ္စကို ဖြေရှင်းရန်အတွက် အခက်အခဲများဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြသည်။
စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြန်မာသည် ၂၀၃၀ ပြည့်နှစ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန် ဒေါ်လာ ၁၇၀ ဘီလီယံ လိုအပ်မည်ဖြစ်သည်။ သို့သော် ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံသည် အန္တရာယ်များသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု သတ်မှတ်ပြီး စစ်ကောင်စီကို တရားဝင်မှု မပေးလိုသောကြောင့် ထိုငွေကိုရရှိရန် လတ်တလော မလွယ်ကူပေ။
အာဏာမသိမ်းမီကာလ ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှု
စစ်အာဏာ မသိမ်းမီက အာဏာရသူများသည်လည်း အလားတူပြဿနာများ ရင်ဆိုင်ရသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် NLD အနိုင်ရပြီး စစ်အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုတွင် စစ်အုပ်ချုပ်ရေး ပြန်လည် ပေါ်ပေါက်လာသည်။
NLD အုပ်ချုပ်သည့် ကာလအတွင်း ၂၀၁၆ ခုနှစ်တွင် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ထူထောင်သော်လည်း နှစ်အတန်ကြာမှသာ အမျိုးသား သဘာဝပတ်ဝန်းကျင်မူဝါဒ သို့မဟုတ် ရာသီဥတုပြောင်းလဲမှု မူဝါဒ ထုတ်ပြန်နိုင်သည်။ ထို့အပြင် ပါရီသဘောတူစာချုပ်သို့ မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုသည် အားနည်းပြီး ကျောက်မီးသွေးနှင့် ပတ်သက်သည့် ရည်မှန်းချက်သည် ဒဏ္ဍာရီဆန်သည်ဟု မစ္စ ဗစ်ကီ ဘိုးမင်းက ပြောသည်။
NLD အာဏာရစဉ်က မြန်မာ့စွမ်းအင် အကျပ်အတည်းကို ကိုင်တွယ်ရန် ဖြေရှင်းမှုများ အဆိုပြုခဲ့သော်လည်း ထိုအဆိုပြုချက်များ ဆန့်ကျင်ခံရသည်။ ဥပမာအားဖြင့် NLD သည် ကျောက်မီးသွေး၊ ထင်းမီးရှို့ခြင်းတို့နှင့် လမ်းခွဲရန် စီစဉ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ကိုသာ တခုတည်းသော လျှပ်စစ်ရင်းမြစ်ဖြစ်အောင် စီစဉ်ခဲ့သည်။ ဧရာဝတီ၊ သံလွင်နှင့် ချင်းတွင်းမြစ်များမှ စီမံကိန်း အများအပြားသည် လူမှုအသိုက်အဝန်းများ နေရပ်စွန့်ခွာရခြင်း၊ အသက်မွေးဝမ်းကြောင်းများ ထိခိုက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများအတွက် ဆန့်ကျင်ကန့်ကွက်မှုများကို ဖြစ်စေခဲ့သည်။
NLD အာဏာရစဉ်က မြန်မာ့စွမ်းအင် အကျပ်အတည်းကို ကိုင်တွယ်ရန် ဖြေရှင်းမှုများ အဆိုပြုခဲ့သော်လည်း ထိုအဆိုပြုချက်များ ဆန့်ကျင်ခံရသည်။ ဥပမာအားဖြင့် NLD သည် ကျောက်မီးသွေး၊ ထင်းမီးရှို့ခြင်းတို့နှင့် လမ်းခွဲရန် စီစဉ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ကိုသာ တခုတည်းသော လျှပ်စစ်ရင်းမြစ်ဖြစ်အောင် စီစဉ်ခဲ့သည်။
တချိန်တည်းတွင် ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းမှ ကုလသမဂ္ဂက ကြီးကြပ်သည့် သစ်တောပြုန်းတီးမှု လျှော့ချရေး ယန္တရားဖြစ်သည့် (သစ်တောပြုန်းတီးမှုနှင့် အဆင့်လျော့ကျခြင်းကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး) REDD+ စီမံကိန်းများသည် ရေရှည်မတည်တံ့နိုင်သောကြောင့် ဝေဖန်ခံရသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကို အထူးပြုသော အချက်အလက် စုဆောင်းသည့် အကျိုးအမြတ် မယူသော အဖွဲ့အစည်းဖြစ်သည့် ကချင်ပြည်သုတေသနဌာန (KRC) ကို ဦးဆောင်သူ နော်ထွန်းအောင်နှင့် China Dialogue က တွေ့ဆုံခဲ့သည်။ မူဝါဒအဆင့်တွင် ပြောဆိုဆွေးနွေးမှု အများအပြား ရှိသော်လည်း ထိုပြောဆိုမှုများသည် ခိုင်မာသော လက်တွေ့လုပ်ရပ်များ ဖြစ်မလာကြောင်း၊ အထူးသဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်သည့် ခိုင်မာသော လက်တွေ့လုပ်ရပ်များ ဖြစ်မလာကြောင်း ပြောသည်။
စစ်ကောင်စီသည် သဘောထားကွဲလွဲသူများကို ဖြိုခွဲပြီး အချို့ လေ့လာစောင့်ကြည့်သည် ယန္တရားများ ဆုံးရှုံးသွားခြင်းကြောင့် စစ်ကောင်စီက လုပ်မည့် စွမ်းအင်စီမံကိန်း အနည်းငယ်သည် ဆန့်ကျင်ကန့်ကွက်မှုဖြင့် ရင်ဆိုင်ရနိုင်ခြေ နည်းသည်ဟု မစ္စ ကီယက်က ပြောသည်။ ဒေသခံလူမှု အသိုက်အဝန်းများသည် ၎င်းတို့၏ မကျေနပ်ချက်များကို တိုင်ကြားရန် နေရာမရှိတော့ပေ။
ဒေသအဆင့် အပြောင်းအလဲ
ခိုင်မာစနစ်ကျသည် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုအစား ဒေသအလိုက် အစီအစဉ်အချို့သည် စွမ်းအင်ကူးပြောင်းမှု ကွာဟချက်ကို ဖြည့်ဆည်းရန် ကြိုးစားကြသည်။
ဥပမာအားဖြင့် Smart Power Myanmar သည် တီထွင်ဆန်းသစ်သော စွမ်းအင်ဖြေရှင်းမှု ပြုလုပ်ရန် လူမှုအသိုက်အဝန်းများ၊ ဆိုလာစွမ်းအင် ထုတ်လုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်သည်။ ထိုအစီအစဉ်ကို Rockefeller Foundation က ငွေကြေးထောက်ပံ့ပြီး လူသားတိုးတက်မှု အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း Pact က အကောင်အထည်ဖော်သည်။
အိမ်ထောင်စုများသည် စွမ်းအင်အကျပ်အတည်းအတွင်း ပိုမိုအားထားနိုင်သည့် ဓာတ်အားရရှိရန် ဆိုလာပြားများကို ပိုမိုအားကိုးလာကြောင်း ဦးသန်းဌေးက ပြောသည်။ မြန်မာနိုင်ငံ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသင်း ပါဝင်မှုသည် ဆိုလာစွမ်းအင်သုံး ရေစုပ်စက်များ ဖြန့်ကြက်ခြင်း ပါဝင်သော်လည်း ပဋိပက္ခ ထိခိုက်မှုနည်းသော နေရာများတွင်သာ လုပ်ဆောင်နိုင်သည်။
နိုင်ငံတကာ ကုန်သွယ်ရေးဌာန၏ အဆိုအရ မြန်မာ့ဆိုလာလုပ်ငန်းသည် ၂၀၂၂ နှင့် ၂၀၂၃ အကြား ၁၀ ဆ တိုးပွားလာသည်ဟု သိရသည်။ ဆိုလာပြားများကို လောင်စာနှင့် ဆေးဝါးများကဲ့သို့ပင် ဦးစားပေး သွင်းကုန်အဖြစ် သတ်မှတ်ထားသည်။
လိုအပ်သည့်ဒေသများသို့ သွားရောက်ခွင့်သည် မြန်မာမှ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများ ရင်ဆိုင်ရသည့် စိန်ခေါ်မှု အများအပြားအနက် တခုသာဖြစ်သည်။ ဥပမာအားဖြင့်ဆိုရပါက စစ်ကောင်စီသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ မည်သည့်နေရာသို့ သွားရမည်နှင့် မည်သူတို့နှင့် လုပ်ကိုင်ရမည် စသည်တို့ကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ လိုအပ်သော ဘဏ္ဍာရေးဝန်ဆောင်မှုများ ရရှိရေးသည်လည်း အခြားအခက်အခဲတခု ဖြစ်သည်။
နိုင်ငံတကာ ကုန်သွယ်ရေးဌာန၏ အဆိုအရ မြန်မာ့ဆိုလာလုပ်ငန်းသည် ၂၀၂၂ နှင့် ၂၀၂၃ အကြား ၁၀ ဆ တိုးပွားလာသည်ဟု သိရသည်။ ဆိုလာပြားများကို လောင်စာနှင့် ဆေးဝါးများကဲ့သို့ပင် ဦးစားပေး သွင်းကုန်အဖြစ် သတ်မှတ်ထားသည်။
စစ်ကောင်စီကို တရားဝင်မှု ပေးရမည် စိုးရိမ်သောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် စစ်ကောင်စီနှင့် မဆက်ဆံနိုင်ကြကြောင်း၊ အပြောင်းအလဲဖြစ်ရန် လိုအပ်သည့် အထောက်အကူများ ဖန်တီးရန် လွန်စွာခက်ခဲကြောင်း UN-Habitat မှ ကျွမ်းကျင်သူတဦးက ပြောသည်။
သို့သော် UN-Habitat သည် လုပ်ငန်းများ ဆက်လက် လည်ပတ်နေကြောင်း ထိုကျွမ်းကျင်သူက ပြောသည်။ UN-Habitat သည် ဒေသအလိုက် ဦးဆောင်သည့် ရာသီဥတုပြောင်းလဲမှု အစီအစဉ်များနှင့် ရာသီဥတုကဏ္ဍများအကြား ဆွေးနွေးမှု တိုးတက်ရေးကို အာရုံစိုက်ရန်အတွက် ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့သည့် မြန်မာရာသီဥတုပြောင်းလဲမှု မဟာမိတ် အစီအစဉ်ကို ပြန်လည် ဖွဲ့စည်း တည်ဆောက်သည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်တပ်ကို ဖြုတ်ချပြီးပါက ရာသီဥတုပြောင်းလဲမှု ပြဿနာများကို မည်သို့ လုပ်ဆောင်နိုင်ကြောင်း လေ့လာနေသည်။ NUG သည် စစ်အာဏာသိမ်းမှုနှင့် NLD အစိုးရ မရှိတော့သောကြောင့် ဖွဲ့စည်းထားသည့် အစိုးရဖြစ်ပြီး လက်ရှိအချိန်တွင် အဝေးရောက်အဖြစ် လုပ်ဆောင်နေသည်။ တချိန်တည်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ကဲ့သို့သော တော်လှန်ရေး အင်အားစုများသည် ၎င်းတို့၏ သီးခြား အစီအစဉ်များဖြင့် လုပ်ဆောင်နေသည်။
“ရာသီဥတုပြောင်းလဲမှုဟာ အခု စစ်တပ်က လုပ်နေတာနဲ့မတူဘဲ ရေရှည် အုပ်ချုပ်ဖို့နဲ့ တိုးတက်ဖို့ ဒီမိုကရေစီဆန္ဒကို ဖော်ပြတဲ့ နယ်ပယ်ရဲ့ အစိတ်အပိုင်းဖြစ်လာတယ်” ဟု မစ္စ ကီယက်က ပြောသည်။ အချို့သော ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ တိုးတက်စေရန် NUG သို့မဟုတ် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများသည် ကမ္ဘာ့ရာသီဥတု ဖိုရမ်တွင် မြန်မာကို ကိုယ်စားပြုနိုင်ကြောင်းလည်း ပြောသည်။
“ရာသီဥတုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်အောင် အာဏာရှင်စစ်ကောင်စီကို အားကိုးပြီး စောင့်နေလို့မရဘူး” ဟု မစ္စ ကီယက်က ပြောသည်။
(China Dialogue ပါ Rebecca L. Root ၏ Myanmar rulers threaten environmental progress ကို ဘာသာပြန်သည်။ Rebecca L. Root သည် ဗြိတိန်နိုင်ငံသူ ဂျာနယ်လစ်ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် အခြေစိုက်သည်။)
You may also like these stories:
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်
မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ
ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်ရေးအတွက် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်က သော့ချက်