မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းမှု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တတိယ နှစ်ပတ်လည်နေ့ရောက်ခဲ့ပြီ ဖြစ်သည်။ သူသည် နိုင်ငံရေးနှင့် စီးပွားရေးမှသည် စစ်ရေးနှင့် သံတမန်ရေးအထိ အရာရာတွင် ကျဆုံးနေကြောင်း ထင်ရှားသည်။
သူအောင်မြင်သည့် တခုတည်းသောကိစ္စမှာ ကံကြမ္မာကို လမ်းကြောင်းလွှဲရန် ‘ယတြာ’ ဟုခေါ်သည့် ကြီးမားလှသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ခြင်း ဖြစ်သည်။
မင်းအောင်လှိုင်က သူ၏ နိုင်ငံရေးရည်မှန်းချက်များသည် ရွေးကောက်ပွဲကျင်းပရေးနှင့် ပြည်ထောင်စုတဝန်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏အာဏာသိမ်းမှု တရားဝင်ကြောင်း ကိုးကားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင် အရေးပေါ်အခြေအနေကို ၂ နှစ်သာ ကန့်သတ်ထားသည်။ မင်းအောင်လှိုင်သည် ထိုကန့်သတ်ချက်ကို အကြိမ်ကြိမ် တိုးချဲ့သည်။ သူသည် ရွေးကောက်ပွဲကျင်းပရန် ကတိပေးသော်လည်း ထိုရွေးကောက်ပွဲ အချိန်စာရင်းပင် မထုတ်ပြန်နိုင်ပေ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာတွင် မင်းအောင်လှိုင်က ၂၀၂၄ နှစ်ကုန်၌ ပြီးစီးမည်ဟု မျှော်လင့်ရသည့် တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံပြီးနောက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကတိပေးသည်။ သို့သော် သူ၏ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် မြို့ပေါင်း ၃၀ ကျော်ကို ဆုံးရှုံးထားပြီး နိုင်ငံတဝှမ်း တိုက်ပွဲများ ဖြစ်နေသောကြောင့် သန်းခေါင်စာရင်း ကောက်ရန်ပင် ခက်ခဲနေသည်။
ငြိမ်းချမ်းရေး စကားပြောနေသော်လည်း မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် မြန်မာနိုင်ငံ အလယ်ပိုင်း၌်သာမက ကရင်၊ ကချင်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင်ပါ များပြားလှသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
စစ်ကောင်စီ ကျင်းပသည့် ဆွေးနွေးပွဲများသည် မည်သည့် ငြိမ်းချမ်းရေး ရည်ရွက်ချက်မှ မပြပေ။ အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရှောင်သည်။
စစ်ကောင်စီ ကျင်းပသော ဆွေးနွေးပွဲများသည် မည်သည့်ငြိမ်းချမ်းရေး ရည်ရွက်ချက်မှ မပြပေ။ အဓိကကျသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ရှောင်သည်။
တနိုင်ငံလုံး တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုသည် စစ်ကောင်စီဝါဒဖြန့် သတင်းစာ မျက်နှာဖုံးနှင့် နောက်ကျောတွင်သာ ရှိသည်။
မင်းအောင်လှိုင်၏ စစ်ရေးရှုံးနိမ့်မှုများ
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ အာဏာသိမ်းပြီး မကြာမီ လူထု၏ နွေဦးတော်လှန်ရေးဟုခေါ်သည့် လက်နက်ကိုင်ပုန်ကန်မှုကို ရင်ဆိုင်ရသည်။ ထိုတော်လှန်ရေးသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ ချင်းတောင်တန်းများနှင့် ကရင်နီ (ကယား) ပြည်နယ်တွင် စတင်ခဲ့သော်လည်း တနိုင်ငံလုံးသို့ ပျံ့နှံ့သွားသည်။
တူမီးသေနတ်များနှင့် စတင်ခဲ့သော တော်လှန်ရေး အင်အားစုများသည် ယခုအခါ မောင်းသူမဲ့ဒရုန်းများကို ၎င်းတို့ အဓိကအင်အားအဖြစ် သုံးနေသည်။ မင်းအောင်လှိုင်သည် သူ၏ စစ်တပ်ကို စံချိန်မီတပ်မတော်အဖြစ် ပြောင်းရန် အိပ်မက်ကို မကြာခဏပြောသော်လည်း ယခုအခါ တော်လှန်ရေး ဒရုန်းများသည် သူ၏စစ်တပ်ကို အကြီးအကျယ် ထိခိုက်နစ်နာစေကြောင်း ဝန်ခံရသည်။
မြန်မာစစ်တပ်သည် တပ်ပြေးခြင်း၊ ဘက်ပြောင်းခြင်း၊ ထိခိုက်သေဆုံးခြင်းနှင့် တပ်သားသစ်စုဆောင်းရန် အကျပ်အတည်းများနှင့် ရင်ဆိုင်ရကာ အကြီးအကျယ် တပ်ပျက်နေသည်။ ထို့ကြောင့် မြန်မာစစ်တပ်သည် ခွင့်မဲ့ပျက်ကွက်များ၊ တပ်ပြေးများကို စစ်တန်းလျားပြန်လာရန် ဖိတ်ခေါ်နေသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် စတင်ခဲ့သည့် စစ်ကောင်စီဆန့်ကျင်ရေး ‘၁၀၂၇ စစ်ဆင်ရေး’ သည် မြန်မာ စစ်တပ်သမိုင်းတွင် အကြီးမားဆုံးသိက္ခာကျဆင်းမှု ဖြစ်စေသည်။ စစ်ကောင်စီသည် မြို့ပေါင်း ၃၀ ကျော်နှင့် စခန်းပေါင်း ၅၀၀ ကျော်ကို နှစ်လအတွင်း စွန့်လွှတ်ရသည်။ ထို့ပြင် ဗိုလ်မှူးချုပ် ရှစ်ဦး အပါအဝင် စစ်သားရာပေါင်းများစွာ လက်နက်ချရသည်။
ထိုသို့သော သိက္ခာကျဆင်းမှုများသည် ထိုမျှနှင့်မပြီးသေးဘဲ မြန်မာစစ်တပ်က အသေးအဖွဲဟု လွန်ခဲ့သောဆယ်စုနှစ်က သဘောထားသည့် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ် ကျေးလက်ဒေသအများစုကို ထိန်းချုပ်ပြီးသောအခါ ပိုမိုသိက္ခာကျဆင်းရသည်။
နောက်ဆုံးတွင် စစ်တပ်ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် လူသိရှင်ကြား ကြေညာလာသည်။
ယခုလ အစောပိုင်းတွင်လည်း ကရင်နယ်ခြားစောင့်တပ် (BGF) သည် မြန်မာစစ်တပ်မှခွဲထွက်ပြီး ကရင်ပြည်နယ်၌ စစ်ကောင်စီကို အကြီးအကျယ် ထိုးနှက်သည်။
တချိန်တည်းတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် စစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ တရားဝင်နုတ်ထွက်ပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းမည်ဟု ကြေညာသည်။
ထိုသို့ ကြေညာမှုသည် နိုင်ငံတဝန်း ကျယ်ပြန့်နေသည့် တော်လှန်ရေးလှုပ်ရှားမှုကြောင့် အင်အားချည့်နဲ့နေသော စစ်ကောင်စီအတွက် နောက်ထပ် ထိုးနှက်ချက် ဖြစ်သည်။
မင်းအောင်လှိုင်၏ စီးပွားရေး ကျဆုံးမှုများ
အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က သူသည် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးကာ စိုက်ပျိုးရေးကို ခေတ်မီစေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်စေခြင်းဖြင့် ပို့ကုန်တိုးမြှင့်ကာ စားသုံးဆီကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ရန်သာမက ပိုလျှံသည်များကို ပြည်ပတင်ပို့မည်ဟု ပြောသည်။ သုံးနှစ်ကြာသောအခါ ထိုအချက်များ တခုမှ ဖြစ်မလာပေ။
လက်တွေ့တွင် အခြေအနေ ပိုမိုဆိုးရွားနေသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် စိုက်ပျိုးရေးထုတ်ကုန် ကျဆင်းသည်။ စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာသောကြောင့် စီးပွားရေး ချည့်နဲ့သွားသည်။
လက်တွေ့တွင် အခြေအနေ ပိုမိုဆိုးရွားနေသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် စိုက်ပျိုးရေးထုတ်ကုန် ကျဆင်းသည်။ စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာသောကြောင့် စီးပွားရေး ချည့်နဲ့သွားသည်။
စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာကဲ့သို့ အခြား အခြေခံကုန်စည်ဈေးနှုန်းများသည် ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် လွန်စွာမြင့်တက်သွားသည်။
စကားကြီးစကားကျယ် ပြောနေသော်လည်း မင်းအောင်လှိုင်သည် ကုန်ထုတ်လုပ်ငန်းများအတွက် လျှပ်စစ်ကိုပင် လုံလောက်စွာ မပေးနိုင်ပေ။ စီးပွားရေးမြို့တော် ရန်ကုန်မှ စက်မှုဇုန်များတွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး ထိုသို့သော ဓာတ်အားပြတ်တောက်မှုသည် နိုင်ငံ၏ အခြားနေရာများ၌ ပိုမိုဆိုးရွားသည်။
စက်ရုံများသည် ဒီဇယ်မီးစက်များဖြင့် လည်ပတ်ရသောကြောင့် ကုန်ကျစရိတ် နှစ်ဆတိုးသည်။ စားသုံးသူများ ဒုက္ခခံရသည်။
စစ်အာဏာသိမ်းကာလအလွန် စီးပွားရေးကပ်အတွက် မင်းအောင်လှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို အပြစ်တင်ပြီး သူဖြုတ်ချခဲ့သည့် ရွေးကောက်ခံအစိုးရသည် မကျွမ်းကျင်ဘဲ သွင်းကုန်အစားထိုးလုပ်ငန်းလုပ်ရန် ပျက်ကွက်သည်ဟု ပြောသည်။
အစားအစာဈေးနှုန်း မြင့်တက်ခြင်းအတွက် မသမာသော စီးပွားရေးသမားများနှင့် အမြတ်ထုတ်သူများကို စွပ်စွဲအပြစ်တင်သည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း လောင်စာဆီဆိုင်များမှ ရှည်လျားသော ယာဉ်တန်းများ၊ စားသုံးဆီဆိုင်များတွင် တန်းစီနေသူများမှာ ပုံမှန်မြင်တွေ့နေရသည့်အရာများ ဖြစ်လာသည်။
မြန်မာနိုင်ငံသည် စီးပွားရေးအရ ကျဆုံးနိုင်ငံဖြစ်တော့မည်ဟု စီးပွားရေးပညာရှင်များ ပြောကြားနေချိန်တွင် မင်းအောင်လှိုင်က စီးပွားရေးသည် ကချင်၊ ကယား (ကရင်နီ) နှင့် ရခိုင်ပြည်နယ်များမှအပ ကျန်ဒေသများတွင် ပြန်လည် တက်လာနေကြောင်း ဇန်နဝါရီလ ၂၉ ရက် အစည်းအဝေး၌ အရှက်အကြောက်ကင်းမဲ့စွာ ပြောသည်။
မင်းအောင်လှိုင်၏ သံတမန်ရေး ကျဆုံးမှုများ
မြန်မာ့သမိုင်းမှ စစ်အုပ်စုအားလုံးတွင် မင်းအောင်လှိုင် စစ်ကောင်စီသည် အပြစ်ပယ်ခံရဆုံး ဖြစ်သည်။ မြန်မာ့ပထမဆုံးအာဏာရှင် နေဝင်းသည် အမေရိကန် ပြည်ထောင်စု၊ တရုတ်နှင့် ဥရောပသို့ သွားသည်။ သန်းရွှေသည် တရုတ်နှင့် မိတ်ဆွေ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများသို့ သွားသည်။ သို့သော် မင်းအောင်လှိုင်သည် လွန်ခဲ့သော သုံးလအတွင်း ရုရှားနိုင်ငံသို့သာ သွားနိုင်သည်။
တရုတ်သည် မင်းအောင်လှိုင် စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်နှင့် ကုလသမဂ္ဂတွင် ထောက်ခံသော်လည်း ဘေဂျင်းသို့ သွားရောက်ရန် မင်းအောင်လှိုင် တောင်းဆိုမှုကိုမူ လျစ်လျူရှုထားသည်။
မင်းအောင်လှိုင်သည် ဘုံသဘောတူညီချက် ၅ ချက်ဟုခေါ်သည့် အာဆီယံ၏ မြန်မာအတွက် ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် ပျက်ကွက်သောကြောင့် အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲများတွင်လည်း ပိတ်ပင်ခံထားရသည်။ ဘုံသဘောတူညီချက် ၅ ချက်တွင် ရန်လိုတိုက်ခိုက်မှုများ ချက်ချင်း ရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေးတို့ ပါဝင်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများက မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချသည်။ ရုရှားနှင့် အာဆီယံနိုင်ငံများသည်ပင် ၎င်းတို့ သံအမတ်များ မြန်မာတွင် ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် သံအမတ်သစ် မခန့်ဘဲနေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများက မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခဲ့သည်။ ရုရှားနှင့် အာဆီယံနိုင်ငံများသည်ပင် ၎င်းတို့ သံအမတ်များ မြန်မာတွင် ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် သံအမတ်သစ် မခန့်ဘဲနေသည်။
အခြားတဘက်တွင် စစ်ကောင်စီနှင့် ၎င်းကို လက်နက် အဓိကရောင်းချသည့် ရုရှားကြား နှစ်နိုင်ငံဆက်ဆံရေးသည် လွန်ခဲ့သောသုံးနှစ်အတွင်း အဆင့်သစ်သို့ ရောက်လာပြီး နျူကလီးယားနည်းပညာမှ ပညာရေးအထိကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခဲ့သလို တိုက်ရိုက်လေကြောင်း ပျံသန်းမှုများလည်း ပြုလုပ်သည်။ စစ်ကောင်စီသည် အိမ်နီးချင်းများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားသည်။
စစ်ကောင်စီသည် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ပြီး အဓိက လက်နက်ရောင်းနိုင်ငံဖြစ်သည့် ရုရှားနှင့် နယ်စပ်မှ ဘယ်လာရုစ်တွင် ကောင်စစ်ဝန်ရုံး ဖွင့်သည်။
အရှေ့တီမော သမ္မတ ဟိုဆေး ရားမို့စ် ဟော်တာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လူသိရှင်ကြား ထောက်ခံပြီးနောက် ၂၀၂၃ သြဂုတ်လတွင် စစ်ကောင်စီသည် အရှေ့တီမော သံရုံးယာယီတာဝန်ခံကို ရန်ကုန်မှ မောင်းထုတ်သည်။ စစ်ကောင်စီသည် အရှေ့တီမောသမ္မတအား ဆန့်ကျင်ကန့်ကွက်ပွဲကိုပင် စီစဉ်ပေးပြီး စစ်ကောင်စီ မီဒီယာက သူ့ကို တိုက်ခိုက်ခိုင်းသည်။
ကျဆုံးမှုကို ဘိန်းစွဲသလို စွဲနေသော မင်းအောင်လှိုင်သည် ဝေဖန်မှုများကို မခံနိုင်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Maung Kavi ၏ Myanmar’s Coup Leader Has Delivered Three Years of Disaster ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)
စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ
နွေဦးတော်လှန်ရေးမှာ Strategic Communication အရေးကြီးတယ်
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့