ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ထဲက တိုက်ခန်းကျဉ်းလေးတခုထဲမှာ မြန်မာအမျိုးသမီး ၄ ယောက် သစ်ရွက်တွေ၊ အဖြူရောင် ချည်ထည်ပိတ်စတွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။
အမည်းရောင်ပလတ်စတစ်စတွေ ဖြန့်ခင်းထားတဲ့အပေါ်မှာ အင်းလေးချည်ထည်ကို ထပ်ခင်းပြီး အဲဒီချည်ထည်ပေါ်မှာ သစ်ရွက်လေးတွေကို တယုတယနဲ့ တရွက်ချင်း အစီအရီချကြရင်း သစ်ရွက်လေးတွေရအောင် စုဆောင်းတဲ့ အတွေ့အကြုံတွေအကြောင်း အပြန်အလှန်မျှဝေပြောနေသံတွေနဲ့ တိုက်ခန်းလေးထဲ မြိုင်ဆိုင်နေပါတယ်။
ဒီနေ့ မနက်ခင်းစောစောကဆိုရင် မဲဆောက်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တခုက သစ်တောသစ်ပင်တွေရှိရာ လမ်းမတွေပေါ်မှာ ဟိုဟိုသည်သည် လိုက်ရှာဖွေနေတဲ့ သူတို့အမျိုးသမီးတစုကို တွေ့နိုင်ပါတယ်။ စက်ဘီးကိုယ်စီနဲ့ အမျိုးသမီးတစုဟာ သစ်ပင်တွေကိုမော့ကြည့်လိုက်၊ လိုအပ်တဲ့သစ်ရွက်တွေတွေ့ရင် ရပ်နားရင်းခူးလိုက်၊ သူတို့စက်ဘီးခြင်းတွေထဲကို ထည့်လိုက်နဲ့ အလုပ်များနေခဲ့ပါတယ်။
လမ်းသွားလမ်းလာတချို့က သူတို့ ဘာလုပ်နေတာလဲဆိုတာကို စိတ်ဝင်စားပြီး လာမေးတဲ့အခါ “အရောင်ဆိုးလို့ရတဲ့ သစ်ရွက်တွေ လိုက်ရှာနေတာပါ” လို့ ပြန်ဖြေကြပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသကထွက်တဲ့ ချည်ထည်ပိတ်စတွေပေါ်မှာ အပွင့်အခက်၊ အရောင်အသွေးတွေ ထင်းနေအောင် ရိုက်နှိပ်ဖို့ သရက်၊ ကြောင်လျှာ၊ ကျွန်း၊ ဧကရာဇ် စတဲ့ အပင်စုံက အရွယ်စုံ၊ အမယ်စုံ အရွက်နုနုတွေကို ရှာဖွေရွေးချယ် ခူးဆွတ်နေကြတဲ့သူတို့တွေက ဘယ်သူတွေလဲ။ မြန်မာပြည်ကနေ ထိုင်းနိုင်ငံ၊ နယ်စပ်မြို့လေးကို ဘယ်လိုရောက်လာခဲ့ကြသလဲ။
အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာ၊ အမှုဖွင့်ထောင်ချတာ၊ သတ်ဖြတ်တာတွေ ဆက်တိုက်ကြုံလာခဲ့ကြ တဲ့အတွက် ပြည်တွင်းထဲမှာ ဆက်လက်နေထိုင်ဖို့ရာ လုံခြုံမှုမရှိတော့တဲ့အဆုံး အာဏာရှင်ရဲ့ အန္တရာယ်ရန်က လွတ်မြောက်ဖို့ နယ်စပ်ကိုထွက်ပြေးလာတဲ့ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဝန်ထမ်းပေါင်းများစွာ ရှိခဲ့ပါတယ်။
အဆင်ပြေအသားကျနေတဲ့ အစိုးရဝန်ထမ်းဘဝကို စွန့်ခွာပြီးရောက်လာကြတဲ့ CDM ဝန်ထမ်းတွေဟာ နယ်စပ်မှာ ကြုံရာကျရာအလုပ်နဲ့ ဘဝသစ်ကို ပြန်စတင်ခဲ့ရပါတယ်။
အရင် ရဲအရာရှိလုပ်ခဲ့ဖူးသူက မဲဆောက်ရောက်လာတဲ့အခါ ဆန်လော့လို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်ကို မောင်းတယ်၊ အတန်းပိုင်ဆရာမက မြန်မာမုန့်တွေလုပ်ရောင်းတယ်၊ မီးရထားဝန်ထမ်းက စားတော်ပဲပြုတ်ရောင်းတယ်၊ သူနာပြုတွေက မြန်မာထမင်းဟင်းတွေ ချက်ရောင်းတယ်၊ လျှပ်စစ်ဝန်ကြီးဌာန အရာရှိက စက်ချုပ်တယ်။
မဲဆောက်မြို့စွန်က တောအစပ်တွေမှာ သစ်ရွက်တွေခူးလိုက်၊ တိုက်ခန်းကျဉ်းလေးထဲမှာ သဘာဝအခြေခံ လက်ဖြစ် အထည်တံဆိပ်ရိုက်လိုက်နဲ့ အလုပ်တွေရှုပ်ပြီး မနားတမ်းချီတက်နေကြတဲ့ သူတို့တွေဟာလည်း ဘဝဇာတ်ခုံသစ် အသီးသီးမှာ ကျရာဇာတ်ရုပ်ကို ဝင်ကနေကြတဲ့ တခြားသော CDM ဝန်ထမ်းများစွာနည်းတူ စစ်အာဏာရှင်တော်လှန်ရေး ခရီးလမ်းပေါ်မှာ မတွန့်မဆုတ် ဆက်လျှောက်လှမ်းနေကြတဲ့ လုပ်သက်ရင့် ဌာနဆိုင်ရာအစိုးရဝန်ထမ်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ သယံဇာတနဲ့ သစ်တောရေးရာဝန်ကြီးဌာနအောက်က မြန်မာ့သစ်လုပ်ငန်း၊ သတ္တုတွင်း၊ သစ်တော စတဲ့ အစိုးရဌာနတွေမှာ လုပ်သက် အနည်းဆုံး ၁၇ နှစ်ကနေ လုပ်သက် ၃၀ ပြည့်ခါနီးထိ လုပ်ကိုင်ခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်မှာ CDM လုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ချက်တွေနဲ့အတူ အုံလိုက်ကျင်းလိုက် စလုပ်ကတည်းကနေ ဒီနေ့အချိန်ထိ မဆုတ်မနစ်တဲ့ဇွဲနဲ့ ဆက်လျှောက်လှမ်းလာခဲ့တာ လာမယ့် ဖေဖော်ဝါရီ ၈ ရက်ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီ ဖြစ်ပါတယ်။
သူတို့တွေဟာ ထိုင်း-မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့ မဲဆောက်မြို့မှာ ရောက်ရှိနေထိုင်နေပြီး အခုလက်ရှိမှာ အရင်တုန်းက လုပ်သက်၊ အတတ်ပညာ၊ အတွေ့အကြုံတွေနဲ့ ဘယ်လိုမှ သက်ဆိုင်ခြင်းမရှိတဲ့ Eco Printing လို့ ခေါ်တဲ့ သဘာဝအခြေခံ အထည်တံဆိပ်ရိုက်လုပ်ငန်းလေးကို အတူလက်တွဲလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
Print & Go လို့ အမည်ပေးထားတဲ့ ဒီလုပ်ငန်းငယ်ကို လွန်ခဲ့တဲ့ ၁ နှစ်က စတင်ခဲ့ကြတာပါ။ ဒီမတိုင်ခင်တုန်းက သူတို့တွေ တယောက်နဲ့တယောက် မသိခဲ့ကြပေမယ့် မဲဆောက်ကို ရောက်လာတော့ ရှင်သန်နေထိုင်ရေးအတွက် အဖွဲ့အစည်းတွေ ကပေးတဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို တက်ရောက်လေ့လာကြရင်းနဲ့ သင်တန်းတခုမှာ ဆုံခဲ့ကြတာပါ။
သူတို့တက်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းတွေထဲကမှ ဒီ Eco Printing လုပ်ငန်းနဲ့ ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့ကြရင်း အခုဆိုရင် ဒီလုပ်ငန်းလေးက တနှစ်ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒီလုပ်ငန်းငယ်က ထုတ်လုပ်တဲ့ တပိုင်တနိုင် လက်မှုထုတ်ကုန်တွေကလည်း မဲဆောက်မြို့ကနေ ဂျပန်၊ စင်ကာပူ၊ အမေရိကန်၊ သြစတေးလျ၊ ကိုရီးယား၊ အင်္ဂလန်နဲ့ ထိုင်းနိုင်ငံတွင်းက ဘန်ကောက်၊ ချင်းမိုင် စတဲ့ နိုင်ငံတွေ၊ မြို့တွေဆီ ပျံ့နှံ့ရောက်ရှိနေပြီလို့ လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေဆီကနေ သိရပါတယ်။
အဲဒီအမျိုးသမီးတွေထဲက လုပ်သက်အရင့်ဆုံးဝန်ထမ်းကတော့ ကရင်ပြည်နယ်၊ မြို့တော်က သစ်တောဌာနမှာ နှစ် ၃၀ နီးပါး အလုပ်လုပ်ခဲ့သူ ဦးစီးအရာရှိ ဒေါ်သန်းအေး(အမည်လွှဲ)ပါ။
သူက “၁၀ တန်းအောင်ကတည်းက ဝန်ထမ်းအလုပ် စဝင်ခဲ့တာဆိုတော့ နိုင်ငံရေးဆိုတာလည်း မသိဘူး။ ဝန်ထမ်းဆိုတာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူး။ ဒီလိုပဲ နေလာခဲ့တာလေ။ အာဏာသိမ်းတော့ ဒါမတရားဘူးဆိုတာ သိတဲ့အတွက် အမှန်တရားနဲ့ ပြည်သူ့ဘက်က ရပ်တည်လိုက်တာ” လို့ CDM လုပ်ဖြစ်ခဲ့ပုံကို ပြန်ပြောင်းပြောပြပါတယ်။
ဦးစီးအရာရှိ ဒေါ်သန်းအေး(အမည်လွှဲ)ဟာ စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ ဝန်ထမ်းလုပ်သက် နှစ်ပေါင်း ၃၀ ကို စွန့်လွှတ်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ရပ်တည်ခဲ့သူပါ။
အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတဲ့ လမ်းလျှောက်ချီတက်ပွဲတွေမှာ တမိသားစုလုံး ပါဝင်ခဲ့တာကြောင့် သားအငယ်ဖြစ်သူ ဖမ်းဆီးခံခဲ့ရသလို သမီးအကြီးဆုံး ဖြစ်သူကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနကနေ CDM လုပ်ထားတဲ့ အတွက် ညတိုင်းလိုလို အိမ်ရှေ့မှာ လာရပ်တဲ့ စစ်ကားကြောင့် ၂၀၂၁ မတ်လမှာ အိမ်ကနေ စတင်ထွက်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ ဒေါ်သန်းအေးက ပြောပြပါတယ်။
“CDM လုပ်ပြီလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ လုပ်သက်ဆိုတာကို ထည့်မတွက်မိဘူး။ စိတ်ထဲမှာ ဒါမတရားဘူးဆိုတဲ့ အသိပဲရှိတယ်။ နောက်ပိုင်းမှာ ညွှန်မှူးက ပြန်လာဖို့ခေါ်တယ်။ ၈၈ တုန်းက သူတို့လည်းလုပ်ခဲ့တာ မအောင်မြင်ခဲ့ဘူး။ ပြန်လာပါဆိုတဲ့အကြောင်းကို ပြောတယ်။ ဒီတခါက ၈၈နဲ့ မတူဘူးလို့ ပြန်ပြောခဲ့တယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းကို သိရတဲ့ မနက်ခင်းမှာ သူ့ကိုအလုပ်ပြန်ဝင်ဖို့ခေါ်တဲ့ ညွှန်မှူး အပါအဝင် လုပ်ဖော်ကိုင်ဖက်အများစုက ခံပြင်းစိတ်၊ မကျေနပ်စိတ်တွေနဲ့ တောက်တခေါက်ခေါက် ဖြစ်နေခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်နေ့မှာပဲ ဒေါ်သန်းအေး အပါအဝင် အရာရှိတွေအားလုံးဟာ အရာရှိယူနီဖောင်း ကို မဝတ်တော့ဖို့ တညီတညာတည်း ဆုံးဖြတ်ခဲ့ကြတယ်။ လုပ်ဖော်ကိုင်ဖက်အများစုက လူထုဆန္ဒပြ လှုပ်ရှားမှုတွေမှာ အတူတူပါဝင်ခဲ့ကြပါတယ်။
ဒါပေမယ့် လက်ချိုးရေတွက်လို့ရတဲ့ အရေအတွက်လောက်ကသာ CDM ခရီးလမ်းပေါ်ကို ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့ကြပြီး အများစုက အာဏာရှင်စနစ်ယန္တရား ဆက်လက်လည်ပတ်ရေး ခွေးသွားစိပ်တွေအဖြစ်နဲ့ အလုပ်ခွင်တွေဆီ ပြန်ဝင်သွား ခဲ့ကြပါတယ်။
ဒေါ်သန်းအေးက “အားလုံးသာ အတူတူလက်တွဲပြီး ဆက်လုပ်ခဲ့ကြမယ်ဆိုရင် ဒီလောက်ထိသက်ဆိုး မရှည်ဘူး။ သူတို့သာ အဆုံးထိပါခဲ့ကြရင်ကောင်းမှာ။ အခုကျတော့ သူတို့ကြောင့် အာဏာရှင်က ဆက်လည်ပတ်လို့ရနေတယ် ထင်နေမှာပဲ” လို့ စိတ်မကောင်းစွာနဲ့ ဆိုပါတယ်။
ဒေါ်သန်းအေးဟာ ဝန်ထမ်းမိဘတွေကပဲ မွေးဖွားကြီးပြင်းလာသူဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဖခင် သစ်တောဝန်ထမ်း ဟာ သူ့ရဲ့ အားကျအတုယူရတဲ့ စံပြပုဂ္ဂိုလ်တဦးဖြစ်တယ်လို့လည်း ပြောပြပါတယ်။
“ကျမ ဝန်ထမ်းဖြစ်လာတဲ့အခါ အဖေရဲ့ ဝန်ထမ်းမှတ်တမ်းကို ပြန်စစ်ရတယ်။ ဆုတော်ငွေ ဘယ်လောက် ဆိုတဲ့ မှတ်တမ်းတွေအများကြီးပဲ။ အဖေက ရိုးသားတယ်၊ အဂတိတရားကင်းတယ်၊ အဖေ့လို ဝန်ထမ်းမျိုး ဖြစ်ချင်ခဲ့တယ်” လို့ သူက ပြောပြတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောင်တရတာ၊ တွေဝေတာတွေ မရှိခဲ့ပေမယ့် အလုပ်က ထုတ်ပယ်ကြောင်း အကြောင်းကြားစာ ရရှိချိန်မှာတော့ သူချုံးပွဲချငိုခဲ့မိပါတယ်။
“ထုတ်စာရတဲ့အချိန်မှာ အခံစားရဆုံးပဲ။ မျက်ရည်တွေ တားမရအောင်ကျလာပြီး ကျမ တအားငိုချလိုက်မိတယ်” လို့ ရုတ်တရက် ဝဲတက်လာတဲ့ မျက်ရည်တွေကို သုတ်ရင်းနဲ့ အတိတ်အကြောင်း သူက ပြန်ပြောင်းပြောပြပါတယ်။
ဒေါ်သန်းအေးလိုပဲ ဘဝအသစ်ကို တစ်ကနေပြန်စခဲ့တဲ့ နောက်ထပ် CDM အမျိုးသမီး တယောက် ကတော့ ရန်ကုန်တိုင်း၊ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်က ရုံးအုပ်ကြီး ဒေါ်စုဝေ(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။
သူဟာ ဝန်ထမ်းရေးရာကိစ္စတွေကို ကိုင်တွယ်ပေးရတဲ့ တာဝန်ရှိသူတဦးဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်ရုံးမတက်လိုတော့တဲ့ ဝန်ထမ်းပေါင်းများစွာရဲ့ ခွင့်တိုင်စာတွေကို လက်ခံရရှိခဲ့ပါတယ်။
“ဖေဖော်ဝါရီ ၈ ရက်မှာ CDM တွေ လုပ်ကြပြီဆိုတာသိပြီး လူတိုင်း ပါဝင်လာကြပြီ။ ကျမတို့ဌာနမှာ ဝန်ထမ်းအယောက် ၂၀၀ ကျော်ရှိတယ်။ ၁၀ ယောက်လောက်ကလွဲရင် ကျန်တဲ့သူတွေအားလုံး ရုံးမတက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ခွင့်တိုင်စာ တွေအားလုံးက ကိုယ့်ဆီက ဖြတ်ရတယ်” လို့ ဒေါ်စုဝေက ပြောပါတယ်။
အထက်အရာရှိက ဝန်ထမ်းတွေ ရုံးပြန်တက်အောင် စည်းရုံးခိုင်းခဲ့ပေမယ့် အိမ်ကိုလာပို့တဲ့ ခွင့်စာတွေကို ရုံးဆီရောက် အောင် လူစားနဲ့ပို့ခိုင်းခဲ့တဲ့ သူကိုယ်တိုင်လည်း ရုံးမတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရုံးချုပ် ခြံဝန်းထဲကစတင်ခဲ့တဲ့ ဖဲကြိုးဖြူ လှုပ်ရှားမှုတွေ၊ ချီတက်ဆန္ဒပြပွဲတွေမှာ လုပ်ဖော်ကိုင်ဖက် ၂၀၀ ဝန်းကျင်နဲ့အတူ လက်တွဲပြီး ပါဝင်ခဲ့ပါတယ်။
“နောက်ဆုံး မတ်လ ၁၈ ရက်ကျော်တဲ့အထိ ရုံးပြန်မတက်ရင် အလုပ်ပြုတ်မယ်ဆိုပြီး ရုံးကညှိလာတော့ ပြုတ်မှာကြောက် တဲ့သူတွေက ပြန်သွားကြတယ်။ လူ ၂၀၀ လောက်မှာ ၄၅ ယောက်ပဲ စီဒီအမ်လုပ်မယ်ဆိုပြီး ကျန်ခဲ့တယ်” လို့ သူက ပြောပြတယ်။
ဝန်ထမ်းအိမ်ရာမှာနေထိုင်တဲ့ ရုံးအုပ်ကြီး ဒေါ်စုဝေတယောက် အထက်အရာရှိရဲ့ ဖိအားပေးမှုတွေ၊ စစ်တပ်ကို လွှတ်လိုက်မယ်၊ ပုဒ်မတွေတပ်ပြီး အမှုဖွင့်ခိုင်းမယ် စတဲ့ ခြိမ်းခြောက်မှုတွေကို ပုံစံမျိုးစုံနဲ့ ခံခဲ့ရပါတော့တယ်။ ၂၀၂၃ မေလမှာ အလုပ်က ထုတ်ပယ်ကြောင်း အသိပေးစာကို လက်ခံရရှိခဲ့ပါတယ်။
“ရုံးမတက်နဲ့၊ ရုန်းထွက်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ပံ့ပိုးကူညီတဲ့ ပြည်သူတွေကြောင့် ဒေါ်စုဝေ တို့ဟာ လွန်ခဲ့တဲ့ ၃ နှစ် CDM ခရီးကို လျှောက်လှမ်းခါစ ကာလတွေတုန်းက ခက်ခဲမှုကို သိသိသာသာ မခံစားခဲ့ရဘူးလို့ ဆိုပါတယ်။
“CDM ဝန်ထမ်းတွေကို ဘဝနဲ့ရင်းပြီး ကူညီပံ့ပိုးပေးရင်း ဘဝပျက်သွားခဲ့တဲ့ ပြည်သူတွေရှိခဲ့တယ်” လို့ သူက ပြောပြပါတယ်။
ပြည်တွင်းမှာ နေထိုင်လို့ကသလောက်နေထိုင်ခဲ့ပြီး၊ ပြည်သူတွေ ဝိုင်းဝန်းကူညီတဲ့ ဆန်၊ ငွေကြေး စတာတွေကို စီဒိအမ်အတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်ဆွေဆီ ခွဲခြမ်းဝေမျှထဲ့ပေမယ့် ကာလကြာလာတဲ့အခါမှာ အားလုံးအတွက် မလုံလောက်မှုတွေ ဖြစ်လာပါတယ်။
ဒါ့ပြင် တချိန်က တက်တက်ကြွကြွပါဝင်ခဲ့သလို အခုချိန်ထိလည်း CDM လမ်းကြောင်းပေါ်ကနေ မသွေဖည်ဘဲ ဆက်လက်လျှောက်လှမ်းနေကြသူတွေအပေါ် ပစ်ပယ်သလို ခံစားနေရသူတွေရှိနေပြီး ပြည်တွင်းက CDM ဝန်ထမ်းတွေမှာ ပိုခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေါ်စုဝေက ပြောပါတယ်။
အခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ သူက “Non-CDM ပြန်လုပ်နိုင်မလားလို့ တွေးမိတိုင်း ခါးခါး သီးသီး ခံစားရတယ်။ အခု ပင်ပန်းနေပေမယ့် မှန်တဲ့ဘက်ကရပ်တည်ခဲ့လို့ လိပ်ပြာလုံတယ်။ စစ်တပ်က ရွာတွေမီးရှို့၊ ပြည်သူတွေကို သတ်နေတဲ့ မတရားမှုတွေမှာ ကိုယ့်ပရောဂမပါဘူး” လို့ သူ့ခံယူချက်ကို ပြတ်သားစွာ ပြောပြပါတယ်။
“ကိုယ်တိုင် ဗုံးကြဲမှမဟုတ်ဘူး။ သူတို့တွေ သတ်နိုင်၊ ဗုံးကြဲနိုင်အောင် Non-CDM တွေက တစိတ်တဒေသပံ့ပိုးနေတာ။ အာဏာရှင်သက်ဆိုးရှည်အောင် ပံ့ပိုးပေးနေတဲ့အထဲ Non-CDM တွေ ပါတယ်။ သူတို့အားလုံးပါခဲ့ပြီး ၆ လလောက်ပဲ တင်းခံနိုင်ရင်တောင် ပြိုသွားမှာ” လို့ သူက ခံပြင်းစွာနဲ့ ဖွင့်ဟပါတယ်။
ဒေါ်သန်းအေးနဲ့ ဒေါ်စုဝေတို့လိုပဲ အာဏာရှင်ကိုဖီဆန် တော်လှန်နေတဲ့ လုပ်သက်ရင့်ဝန်ထမ်း တဦးကတော့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ဒေါ်တင်ဇာ(အမည်လွှဲ)ပဲ ဖြစ်ပါတယ်။
အင်ဂျင်နီယာလုပ်သက် ၂၁ နှစ်ရှိခဲ့တဲ့ ဒေါ်တင်ဇာက “အဲဒီနေ့က ဒုဌာနမှူး ရာထူးတက်တော့ တရုံးလုံးကို ကျွေးမယ်ဆိုပြီး ခေါ်ထားတာနဲ့သွားတာ။ ရုံးအောက်ရောက်တော့ အာဏာသိမ်းပြီ၊ ပြန်တော့ဆိုပြီး ပြန်လွှတ်တာနဲ့ ပြန်လာခဲ့တာ။ အဲဒီကတည်းက ဒီနေ့အထိ ရုံးကို ပြန်မရောက်တော့တာပါပဲ” လို့ လွန်ခဲ့တဲ့ ၃ နှစ်က သူ့ဘဝတဆစ်ချိုး စတင်ခဲ့တဲ့နေ့ အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။
သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ပြည့်ဝန်ထမ်းတွေထဲမှာ တဦးတည်းသော CDM လုပ်ခဲ့သူဖြစ်တဲ့ ဒေါ်တင်ဇာက အာဏာရှင်ကို ဖီဆန်တော်လှန်ပြီးတဲ့နောက် ဘဝနေထိုင်မှုအသစ်ကို ပြန်စတင်နေရတဲ့အတွက် ခက်ခဲပင်ပင်ပန်းပေမယ့် Eco Printing လုပ်ငန်းစတင်ခဲ့တဲ့ ၁နှစ်တာအတွင်း ပိုမိုကျွမ်းကျင်လာသလို တနေ့နဲ့တနေ့ မတူညီတဲ့ရလဒ်တွေကြောင့် စိတ်လှုပ်ရှားရ တယ်လို့ ဆိုပါတယ်။
သူက “အခု လုပ်နေရတဲ့အလုပ်က ကိုယ့်အတတ်ပညာနဲ့ ဘာမှမဆိုင်သလို ဝင်ငွေကလည်း ဘာမှမဆိုင်ဘူး။ အရင်က ပုံတပုံဆွဲရင်တောင် ဝင်ငွေက ၃ သိန်းအထက်မှာ ရှိခဲ့တယ်။ အရင်တုန်းကဆို အလုပ်ကထွက်ဖို့ စိတ်ကူးလုံးဝမရှိခဲ့ဖူးဘူး။ အခုလို လုပ်လိုက်တော့ ထွေထွေထူးထူး ခံစားရတာမရှိဘူး။ အခုကတော့ ငါမှန်တယ်ဆိုပြီး လုပ်ခဲ့တာ။ တချို့ကလှောင် တယ်၊ မိုက်လို့ လုပ်တာဆိုပြီးတော့လေ” လို့ ရယ်ရယ်မောမော ပြောပြပါတယ်။
လုပ်သက် ၂၀ ကျော်ရှိတဲ့ ဝန်ထမ်းဘဝကို ခံယူချက်တခုကြောင့် စွန့်လွှတ်ခဲ့တဲ့ CDM ဝန်ထမ်းတယောက်အနေနဲ့ ပြည်တွင်းထဲမှာ ဆက်လက်နေထိုင်ဖို့ မလုံခြုံသလို ခံစားလာရတဲ့အဆုံးမှာ ဒေါ်တင်ဇာတယောက် နိုင်ငံကို စွန့်ခွာလာခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။
CDM ဝန်ထမ်းတွေကို NUG အစိုးရအနေနဲ့ လစဉ် ဆန် ၈ ကီလို၊ ဆီ ၁ ပုလင်း ပုံသေထောက်ပံ့ပြီး ပဲ၊ လက်ဖက်၊ ခေါက်ဆွဲခြောက် စတဲ့ အရန်စားသောက်ကုန်အမယ် ၃ မျိုးကို လစဉ်အပြောင်းအလဲနဲ့ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။
ဒေါ်တင်ဇာတယောက် တိုင်းပြည်ပြင်ပကို ရောက်စက အလုပ်အကိုင်အတည်တကျမရှိတာ၊ နေရာနဲ့ အစားအသောက် အပြောင်းအလဲ ဖြစ်တာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး အခုလို ဘုံရည်မှန်းချက်တူသူ အမျိုးသမီးတွေနဲ့ ပူးပေါင်းအလုပ်လုပ်ကိုင်နေရတဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ကြတဲ့ ဒေါ်သန်းအေး၊ ဒေါ်စုဝေနဲ့ ဒေါ်တင်ဇာတို့ဟာ သဘာဝ သစ်ရွက်တွေသုံးပြီး အင်းလေးချည်ထည်တွေ ဆေးရိုက်တဲ့အလုပ်ကို စလုပ်ခဲ့စဉ်က ဂျပန်နိုင်ငံက မနုဿဗေဒပညာရှင်တဦးက သူတို့ ထုတ်ကုန်တွေကို မှာယူအားပေးခဲ့တဲ့ ဘတ်ငွေတသောင်းနဲ့ စတင်လည်ပတ်ခဲ့ကြတာလို့ ရှင်းပြပါတယ်။
“အလုပ်စတင်ခါစတုန်းက အော်ဒါချုပ်ထည်တွေအတွက် ဒီဇိုင်နာက ကျမတို့ကို အကြွေးနဲ့ ချုပ်ပေး တယ်။ ဂျပန်ကို ပို့ရမယ့် DHL ခတွေကို အကြွေးရအောင် ကူညီပေးခဲ့တယ်။ အစတုန်းက ကုန်ကြမ်းရဖို့နဲ့ ဈေးကွက်ရဖို့ ခက်ခဲသလို အော်ဒါရမှ အဲဒီငွေလေးနဲ့ ကုန်ကြမ်းပြေးဝယ်ခဲ့ကြတာ။ အခုတော့ ကုန်ကြမ်းတွေ အသင့်စုထားနိုင်တဲ့အဆင့်ကို ရောက်နေပြီ” လို့ ဒေါ်သန်းအေးက ပြောပြတယ်။
သူတို့လုပ်ငန်းလေးဟာ မိုးတွင်းဆိုရင် လုပ်ရတာနည်းနည်းခက်ခဲပြီး အရောင်ပြန်တာ၊ ပစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဘယ်နှစ်ကြိမ်လုပ်လုပ် ရိုးသွားတယ်မရှိဘဲ ရင်ခုန်ရတယ်လို့လည်း ဒေါ်စုဝေက ပြောပြပါတယ်။
“အချိန်တိုင်းမှာ ဘယ်အရွက်နဲ့လုပ်မယ်။ ဘယ်နေ့ အရွက်ထွက်ခူးမယ်ဆိုတဲ့ အတွေးပဲရှိတော့တယ်။ အိပ်မက်ထဲမှာတောင် အရွက်ထွက်ခူးနေမိတာ” လို့ သူက ဆိုပါတယ်။
အရွက်နုတွေ ထွက်ခူးနေရတဲ့ အိပ်မက်လိုပဲ သူတို့မှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရေး စိတ်ကူးနဲ့ မျှော်လင့်ချက်အိပ်မက်တွေ ရှိနေပါတယ်။
အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူအနိုင်ရပြီးတဲ့နောက် အစိုးရဝန်ထမ်းပြန်လုပ်ပြီး နိုင်ငံပြန်လည်ထူထောင်ရေးမှာ တစိတ်တဒေသပါဝင်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ဒေါ်စုဝေက ပြောပါတယ်။
“အလုပ်ပြန်လုပ်ရဖို့ တာဝန်ရှိတယ်လို့ ထင်တယ်။ ဒီနေရာ၊ ဒီရာထူး ဟုတ်ချင်မှဟုတ်မယ်၊ ကျမကတော့ ပြန်လုပ်မယ်။ ဒါပေမယ့် Non-CDM တွေနဲ့ လုပ်ရမယ်ဆိုရင်တော့ မလုပ်ဘူး” လို့ သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။
Non-CDM တွေ အားလုံးနေရာမှာ CDM တွေကို အစားထိုးပြီး ဆက်လုပ်နိုင်သလို တော်လှန်ရေးမှာ တလျှောက်လုံး ပါဝင်ခဲ့တဲ့သူတွေ၊ တော်လှန်ရေးကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သူတွေကို ပြန်သုံးမယ်၊ နိုင်ငံခြားက နည်းပညာ အကူအညီတွေ ယူမယ်လို့လည်း တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလအတွက် သူ့စိတ်ကူးတွေကိုလည်း ပြောပြပါတယ်။
အသက်တွေ၊ ဘဝတွေ ကစဉ့်ကလျား ဖိတ်စင်လွင့်ကျခဲ့တဲ့ အာဏာသိမ်းမှု ၃ နှစ်တာခရီးက အောင်မြင်ဖို့နီးလာပြီလို့လည်း ဒေါ်စုဝေက ယုံကြည်နေပါတယ်။
ကိုယ်တိုင် အခက်အခဲပေါင်းများစွာနဲ့ ကျော်ဖြတ်နေတဲ့သူက ရည်မှန်းချက်တူ CDM ခရီးလမ်း လျှောက်လှမ်းနေသူတွေရော၊ တော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ ပါဝင်နေကြသူတွေအားလုံးကို “၃ နှစ်လုံး ကြံ့ကြံ့ခံခဲ့ပြီးပြီ။ အောင်ပွဲနီးနေပါပြီ။ ဆက်တောင့်ခံ ပေးကြပါ။ အခုထိတောင် သန်သန်မာမာ ရပ်တည်နေခဲ့ကြပြီးပြီ။ တော်လှန်ရေးပြီးတဲ့အထိ အားမလျှော့ပါနဲ့” လို့ အားပေးစကား ဆိုပါတယ်။ ။
(ရိုးကျော်သည် ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမားဟောင်းတဦးဖြစ်ပြီး ယခုအခါ အမျိုးသမီးအရေးကဏ္ဍနှင့် ဒေသတွင်း သတင်းဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။)
You may also like these stories:
တော်လှန်ရေး ဆေးဆိုးပန်းရိုက် သို့မဟုတ် CDM များ၏ ဘဝသစ်၊ အလုပ်သစ်
အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ
အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ