ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။
ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။
သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။
အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပြနေသည်။
“အဲဒီနေရာက ရွံ့နွံမြေမှာ တည်ဆောက်ထားတဲ့ သွေးစွန်းပြီး စက်ဆုတ်စရာ နေရာတခုပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျ နိုင်ငံသား စီးပွားရေး အကြံပေး ဒေါက်တာ ရှောင်တာနဲလ်က Nikkei Asia သို့ ပြောသည်။
ဒေါက်တာ ရှောင်တာနဲလ်သည် သူ၏အတွေ့အကြုံအရ ထိုသို့ပြောခြင်းဖြစ်သည်။ သူသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် စီရင်ချက်ချခံရသည်အထိ ထိုအဆောက်အအုံတွင် နှစ်နှစ် ဖမ်းဆီးချုပ်နှောင်ခံရသည်။ နောက် နှစ်လကြာသောအခါ သူ့ကို ရန်ကုန်ရှိ အင်းစိန်ထောင်မှ ပြန်လွှတ်ပေးသည်။
“ရာသီဥတုက မယုံနိုင်လောက်အောင် ဆိုးရွားတယ်။ မိုးရာသီမှာ မိုးရွာချိန်ကလွဲပြီး အမြဲတမ်း ပူလောင်နေတယ်။ ရွံ့နွံပြင်ဆိုတဲ့အတိုင်း ကြွက်တွေ၊ ပုရွက်ဆိတ်တွေ၊ ခြင်တွေ၊ ကင်းမီးကောက်တွေ အပြည့်ရှိတယ်။ အရမ်း အရမ်းကို ဆိုးရွားတဲ့နေရာပဲ” ဟု ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
“ရာသီဥတုက မယုံနိုင်လောက်အောင် ဆိုးရွားတယ်။ မိုးရာသီမှာ မိုးရွာချိန်ကလွဲပြီး အမြဲတမ်း ပူလောင်နေတယ်။ ရွံ့နွံပြင်ဆိုတဲ့အတိုင်း ကြွက်တွေ၊ ပုရွက်ဆိတ်တွေ၊ ခြင်တွေ၊ ကင်းမီးကောက်တွေ အပြည့်ရှိတယ်။ အရမ်း အရမ်းကို ဆိုးရွားတဲ့နေရာပဲ” ဟု ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မယုံကြည်နိုင်လောက်အောင် ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာထိုင်ခင်းမှာ အပြာရောင်သွပ်မိုးရှိသည့် အင်္ဂတေ အဆောက်အအုံတခုသာ ဖြစ်သည်။ အခန်းတခန်းနှင့် သန့်စင်ခန်းတခုသာ ပါဝင်ပြီး ကန့်လန့်ကာ မရှိဘဲ နှစ်ပတ်အတွင်း တည်ဆောက်ထားသည့် အဆောက်အအုံ ဖြစ်သည်။ လေအေးပေးစက် တပ်ဆင်ရန် ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချသည်။
“သူရဲ့တုံ့ပြန်မှုက ဂန္တဝင်မြောက်တယ်။ အခြားအကျဉ်းသားတွေ အားလုံးအတွက် လေအေးပေးစက် တပ်ဆင်ပြီးမှ ကျမနေတဲ့နေရာကို နောက်ဆုံး လေအေးပေးစက် တပ်ဆင်တာ ဖြစ်စေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
“အရာရာက ဖြစ်သလို လုပ်ထားတာ။ သူ့အခန်းက ကျနော့်အခန်းကနေ နေ့တိုင်းမြင်နေရတဲ့ သေးငယ်တဲ့ အဆောက်အအုံ ဖြစ်တယ်။ အဲဒီ အဆောက်အအုံက ထောင်ရဲ့ အလယ်ဗဟိုမှာ ဦးခေါင်းထက်မြင့်တဲ့ တံတိုင်းကာထားတဲ့ သီးခြားအဆောက်အအုံတခု ဖြစ်တယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးချုပ်နှောင်မှုများနှင့် မစိမ်းသူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လမှ စတင်ပြီး ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ ရှိ သူ၏နေအိမ်တွင် သုံးကြိမ် ချုပ်နှောင်ခံရပြီး ၁၅ နှစ် နေခဲ့ဖူးသည်။ ရန်ကုန်မြို့တော်ရှိ သူ စန္ဒရားတီးရာ၊ ပြည်ပသတင်းထောက်များကို သတင်းစာ ရှင်းလင်းရာ၊ အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အပါအဝင် အခြားဂုဏ်သရေရှိ ခေါင်းဆောင်များ လာရောက်ရာ အင်းလျားကန်နံဘေးမှ ထိုသမိုင်းဝင်နေအိမ်ကို ရောင်းချရန် မြန်မာတရားရုံးချုပ်က လွန်ခဲ့သောရက်များတွင် အမိန့်ချခဲ့သည်။
ထိုသို့အတင်းအကျပ် ရောင်းချစေခြင်းသည် သူနှင့်အဆင်မပြေသည့် တဦးတည်း ကျန်ရှိနေသေးသော မွေးချင်း အကိုတော်သူ ဦးအောင်ဆန်းဦးနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို တရားရုံးတွင် ဆယ်စုနှစ်များစွာ ကြာပြီးနောက် ဖြေရှင်းရန်ဖြစ်သည်။ ထိုအိမ်ကို မတ်လ ၂၀ ရက်နေ့တွင် လေလံတင်မည်ဖြစ်ပြီး ကြမ်းခင်းဈေးမှာ ဒေါ်လာ သန်း ၉၀ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ထိုအမှုအတွက် ရှေ့နေနှင့် တွေ့ခွင့်မရကြောင်း မြန်မာမီဒီယာ သတင်းများက ဖော်ပြသည်။
သို့သော် ထိုကိစ္စသည် အချုပ်နှောင်ခံ ဒီမိုကရေစီခေါင်းဆောင် စိတ်ပူပင်မှု အနည်းဆုံးကိစ္စ ဖြစ်နိုင်သည်။ အဂတိ လိုက်စားမှုနှင့် လမ်းလျှောက်စကားပြောစက် ပိုင်ဆိုင်မှုအပါအဝင် အခြားစိတ်ရှုပ်ထွေးစရာ အမှုများအတွက် အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားသည့် ထောင်သက်တမ်းသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၁၀၀ ကျော်သည်အထိ ကြာမည်ဖြစ်သည်။
အမြဲလိုလို ငှက်တကောင် ပျံသန်းတော့မည့် ကိုယ်နေဟန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်အလေးချိန်သည် စိုးရိမ်စရာ ကောင်းလောက်အောင် ကျဆင်းနေပြီး အရောင်အဆင်းမဲ့သော ထောင်ဝတ်စုံကိုသာ ဝတ်ခွင့်ရှိသည်။ သူ၏ အမှတ်တံဆိပ်ဖြစ်သည့် ပန်းများ ဆံကေသာတွင် မရှိတော့ပေ။
အမြဲလိုလို ငှက်တကောင် ပျံသန်းတော့မည့် ကိုယ်နေဟန်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်အလေးချိန်သည် စိုးရိမ်စရာ ကောင်းလောက်အောင် ကျဆင်းနေပြီး အရောင်အဆင်းမဲ့သော ထောင်ဝတ်စုံကိုသာ ဝတ်ခွင့်ရှိသည်။ သူ၏ အမှတ်တံဆိပ်ဖြစ်သည့် ပန်းများ ဆံကေသာတွင် မရှိတော့ပေ။ အခြား ရောဂါဝေဒနာများအပြင် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် အရိုးပွရောဂါကြောင့် ကျန်းမာရေး ယိုယွင်းနေကာ ခွဲစိတ်ကုသမှု အများအပြား ပြုလုပ်ထားရသည်။
ယမန်နှစ် စက်တင်ဘာလတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုသစ်များ ဖြစ်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသော်လည်း အပြည့်အဝ တိုက်ဆိုင်မှု မဟုတ်သည့် စွမ်းဆောင်ရည်မဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် တွေ့ဆုံနေချိန်ဖြစ်သည်။
“အဲဒီတုန်းက သွားပြဿနာကြောင့် အစားအသောက် ခက်ခဲပြီး အမေ နေမကောင်းဘူးလို့ ကျနော်တို့ ကြားတယ်။ တခါတုန်းကဆို အိပ်ယာထဲက မထနိုင်ဘဲ မူးတာ၊ အန်တာတွေတောင် ဖြစ်တယ်” ဟု ဒုတိယ သားဖြစ်သူ ကင်မ် အဲရစ်က Nikkei Asia သို့ ပြောသည်။
လန်ဒန်တွင် လက်သမားပညာဖြင့် အသက်မွေးဝမ်းကြောင်းပြီး ဒေါ်ဆောင်ဆန်းစုကြည်၏ နှစ်ဦးတည်းသော မြေးများ၏ ဖခင် ကင်မ် အဲရစ် ခေါ် ကိုထိန်လင်းသည် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ရစဉ်က အကြိမ်ကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။
“အဲဒီတုန်းက အမေနဲ့ နေအိမ်အကျယ်ချုပ်မှာ ကျနော် အများကြီး အဆင်ပြေတယ်။ အဲဒီလို သွားနေတာကို မိသားစုတွေ့ဆုံမှုအဖြစ် သတ်မှတ်ထားတယ်။ အခု လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး အဲဒီလို ခွင့်မပြုဘူး” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ယခင်က ချုပ်နှောင်ခံရစဉ်ကနှင့် ယခုအခြေအနေများ လုံးဝကွာခြားကြောင်း ကင်မ် အဲရစ်က ပြောသည်။ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံရစဉ်က “သူ့ကို ပြုစုစောင့်ရှောက်တဲ့ အစီအစဉ်တွေ ခွင့်ပြုပြီး ကျနော်တို့ ဆက်သွယ်လို့လည်း ရတယ်” ဟု ပြောသည်။
“ဒါက အဲဒီတုန်းက ခေါင်းဆောင်ပိုင်းအပေါ် မူတည်တယ်။ ဒါပေမယ့် အဲဒီတုန်းက အမေ့ပတ်ဝန်းကျင်က လူတွေက ယုံကြည်လို့ ရတယ်ဆိုတာတော့ အနည်းဆုံး ကျနော်တို့သိတယ်။ အမေ့ရဲ့ဆရာဝန်က အမေ့ လက်စွဲဆရာဝန်ပဲ။ အမေ့အတွက် စားစရာတွေ ယူလာပေးတဲ့ ကျနော်တို့ သိတဲ့လူတွေလည်း ရှိတယ်။ အခြေအနေက အရမ်းကွာခြားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လုံး အမေက သူ့ရဲ့ အခြေခံလူ့အခွင့်အရေး ဘာမှမရဘူး။ လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလက စတင်ပြီး သူ့ရဲ့ရှေ့နေတွေနဲ့ တွေ့ခွင့်မရဘူး” ဟုလည်း သူက ရှင်းပြသည်။
သူ၏ ဆိုးရွားလှသော အခြေအနေအပြင် ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့သော ဒီမိုကရေစီ သူရဲကောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းကြောင်းသည် စစ်အာဏာမသိမ်းမီ နှစ်များက ဖြစ်ရပ်များကြောင့် တစစီ ကြေမွသွားခဲ့သည်။
၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များကို နှိမ်နင်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် BBC သတင်းဌာနမှ ဖာဂယ် ကိန်းနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် လူမျိုးစုသုတ်သင်မှု ဖြစ်နိုင်သည့် အလားအလာကို အလေးမထားခဲ့ပေ။ ထိုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်၌ စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် လူ ၁ သောင်းသေဆုံး၊ အမျိုးသမီးနှင့် မိန်းကလေးငယ် ၆ ထောင် အဓမ္မပြုကျင့်ခံရပြီး လူ ၇ သိန်းခွဲ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
နိုင်ငံရေးလှုပ်ရှားမှုများအတွက် ကျော်ကြားသည့် အိုင်းရစ်ဂီတသမား ဘော့ ဂဲလ်ဒေါ့ဖ်က ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးတုံးသတ်ဖြတ်မှု၏ အစေအပါးအဖြစ် ပြစ်တင်ရှုတ်ချသည်။
U2 အဖွဲ့မှ ဘိုနိုကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တပ်ကို ဆန့်ကျင်ရပ်တည်ခဲ့သင့်ကြောင်း ပြောသည်။
“သူ့အနေနဲ့ အနည်းဆုံးတော့ ပိုမို ထုတ်ဖော်ပြောဆိုသင့်တယ်။ ပြီးတော့ လူတွေက နားမထောင်ရင် နုတ်ထွက်သင့်တယ်” ဟုလည်း ၎င်းကပြောသည်။
အခြားသူများကလည်း အပြင်းအထန် ဝေဖန်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ Freedom of Oxford ဆုကို ပြန်လည်ရုတ်သိမ်းပြီး သူ တက်ခဲ့သည့် စိန့်ဟူ့ချ်ကောလိပ်အဝင်ဝမှ သူ၏ပုံကို ဖြုတ်သိမ်းခဲ့သည်။ ၁၉၉၁ ခုနှစ်က နိုဘယ်ဆု ဆက်လက်ရှိနေသော်လည်း သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံးတွင် မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို သွားရောက်ကာကွယ်ပြီးနောက် သူ့အပေါ် နိုင်ငံတကာပစ်ပယ်မှု ဆက်လက် ဖြစ်ပေါ်နေသည်။
“ရိုဟင်ဂျာတွေရဲ့ ဖြစ်ရပ်အတွက် သူ့ကို စွဲချက်တင်တယ်ဆိုတဲ့အချက်က တကယ်တော့ လူတွေဟာ ဖြစ်နေတာတွေကို မကြည့်ဘူးဆိုတာကို ပြသနေတယ်။ သူက လူတွေ သူ့ကို ပြောစေချင်တဲ့ စကားမပြောတာကို လူတွေက မကြိုက်ကြတာ” ဟု ကင်မ် အဲရစ်က ပြောသည်။
ဒေါက်တာ ရှောင်တာနဲလ်က “ကျနော့် အမြင်မှာတော့ သူ မှားခဲ့တာ သေချာတယ်။ ဒါပေမယ့် သူ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့အခြေအနေ ဖြစ်ခဲ့တယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရနေစဉ် စစ်တပ်က ဝင်ရောက်စွက်ဖက်မည်ဆိုသည့် ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုသည် နေပြည်တော်တွင် လုံးဝ အမြဲတမ်းဖြစ်နေသည့် စိုးရိမ်ပူပန်မှုဖြစ်သည်ဟု ပြောသည်။
“လုံခြုံရေး ယန္တရားအားလုံးဖြစ်တဲ့ စစ်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်ခြားစောင့်တပ်တို့က အရပ်သားအစိုးရ ထိန်းချုပ်မှု အောက်မှာ လုံးဝမရှိဘူး။ ဒါတွေ အားလုံးကို ကျနော် တွေ့နေရတာပဲ။ ကျနော့်အမြင်တော့ သူက အခြေအနေကို တစုံတရာ ပြုပြင်နိုင်မယ်၊ အပြောင်းအလဲတွေ ဖြစ်လာအောင် စစ်တပ်နဲ့ အပေးအယူ တစုံတရာ လုပ်နိုင်မယ်လို့ တွက်ခဲ့ပြီး အမှားဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
သို့သော် မင်းအောင်လှိုင်သည်လည်း သူ၏ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်မှုကို အကြီးအကျယ် အတွက်မှားခဲ့ပုံရသည်။
နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည် အမည်အားဖြင့် ပါဝင်ဆဲဖြစ်သော အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပိုမိုသြဇာကြီးမား အောင်မြင်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်များသည် မြန်မာနိုင်ငံ၏ ကွဲပြားစုံလင်မှုကို ပိုမိုအလေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အောက်မှ ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်ကို အားပေးထောက်ခံကြသည်။ ၎င်းတို့သည် စစ်တပ်ကခန့်သည့် လွှတ်တော်အမတ်များနှင့် ရွေးကောက်ခံ လွှတ်တော်အမတ်များအကြား နေပြည်တော်တွင် အာဏာခွဲသည့် အာဏာဗဟိုချုပ်ကိုင်သော စနစ်ပြန်လာသည်ကို မမြင်လိုကြပေ။
“လူတိုင်းက ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာကိုပဲ သဘောတူထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က တကယ်လည်း NUG မှာ နိုင်ငံတော်အတိုင်ပင်ခံပဲ ဖြစ်နေသေးလို့ သူ့ကို ဆွေးနွေးပွဲထဲ ခေါ်သွင်းလာမယ်လို့ ကျမ ထင်တယ်”
“လူတိုင်းက ဖက်ဒရယ် ဒီမိုကရက်တစ်မြန်မာကိုပဲ သဘောတူထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က တကယ်လည်း NUG မှာ နိုင်ငံတော်အတိုင်ပင်ခံပဲ ဖြစ်နေသေးလို့ သူ့ကို ဆွေးနွေးပွဲထဲ ခေါ်သွင်းလာမယ်လို့ ကျမ ထင်တယ်” ဟု စစ်တပ်ပြိုကွဲပြီးနောက် ဖြစ်လာနိုင်သည်များနှင့် ပတ်သက်ပြီး ဝါရင့်တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာက ပြောသည်။
သမ္မတဦးသိန်းစိန်ခေတ် ၂၀၁၁ ခုနှစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နက်ရှိုင်းသည့် အပြစ်အနာအဆာများ ရှိကြောင်း ဒေါ်ခင်ဥမ္မာက ဝန်ခံသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သူ့အလှည့်ရောက်သောအခါ သူ့အပေါ် လူထုထောက်ခံမှု အားသာချက်ကို အသုံးချရန်နှင့် တိုင်းရင်းသားလူနည်းစုများကို လုံလောက်စွာ ထွေးပွေ့ကြိုဆိုရန် ပျက်ကွက်ခဲ့သည်ဟု ထင်ကြောင်း၊ မြန်မာမှ အကြီးမားဆုံး လူမျိုးစုနှင့် စစ်တပ်ကို လွှမ်းမိုးသည့် ဗမာလူမျိုးစု၏ တယူသန် လူမျိုးကြီး သြဇာ သက်ရောက်မှုကိုပင် ဒေါ်အောင်ဆန်းစုကြည် မတားဆီးနိုင်ကြောင်း ပြောသည်။
“သူတို့တွေကို အဓိပ္ပာယ်ပြည့်ဝ တန်းတူညီမျှ မဆက်ဆံခဲ့ဘူး။ များသောအားဖြင့် သူတို့ကို လျစ်လျူရှုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့သမိုင်းနဲ့ ထိခိုက်နစ်နာမှုတွေကို မလေးစားဘူးလို့ လူငယ်မျိုးဆက်တွေက ထင်ကြတယ်” ဟု ဒေါ်ခင်ဥမ္မာက တိုင်းရင်းသားများကို ရည်ညွှန်းပြီး ပြောသည်။
စစ်အုပ်ချုပ်ရေးကို အတိုက်အခံလုပ်မှုနှင့် ပတ်သက်ပြီး ဒေါ်ခင်ဥမ္မာက “ကျမတို့က လူပုဂ္ဂိုလ်တယောက်ကို မယုံကြည်ဘဲ မူကိုသာယုံတဲ့အတွက် ကျမတို့ အခုလုပ်စရာရှိတာတွေ လုပ်နေတာပဲ” ဟု ပြောသည်။
(Nikkei Asia ပါ Dominic Faulder ၏ Suu Kyi isolated in rat-infested prison 3 years after Myanmar takeover ကို ဘာသာပြန်သည်။ Dominic Faulder သည် Nikkei Asia ၏ တွဲဖက်အယ်ဒီတာ ဖြစ်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အိမ် ခြံအမှတ်-၅၄ ကို လေလံတင်ရောင်းချရန် တရားရုံးဆုံးဖြတ်
ဒေါ်အောင်ဆန်းစုကြည် သားက မိခင်ကျန်းမာရေးကို လွန်စွာစိုးရိမ်နေ
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား