• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်း ၃ နှစ်ပြည့်သည့်တိုင် စီးပွားရေး နာလန်မထူနိုင်

by ဧရာဝတီ
8 February 2024
in ဆောင်းပါး
A A
အာဏာသိမ်း ၃ နှစ်ပြည့်သည့်တိုင် စီးပွားရေး နာလန်မထူနိုင်

မြန်မာ့စီးပွားရေးဟာ အာဏာသိမ်းပြီးနောက် ၃ နှစ်ပြည့်ချိန်မှာတော့ အဖတ်ဆယ်မရအောင် ရေစုန်မျောခဲ့ရ တာ တွေ့ရပါတယ် (ဧရာဝတီ)

2.2k
VIEWS
Share on FacebookShare on Twitter

အရပ်သားအစိုးရလက်ထက် တိုးတက်လာတဲ့ မြန်မာ့စီးပွားရေးဟာ အာဏာသိမ်းပြီးနောက် ငွေတန်ဖိုးကျခြင်း၊ ဘဏ်တွေ အပေါ် အယုံအကြည်မဲ့လာခြင်း၊ ကုန်ဈေးနှုန်းကြီးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု လျော့လာခြင်း၊ စစ်ကောင်စီရဲ့ မူဝါဒအလွဲတွေ ကြောင့် ပို့ကုန်သွင်းကုန် ခက်ခဲလာခြင်း စတာတွေကြောင့် ၃ နှစ်ပြည့် ချိန်မှာတော့ အဖတ်ဆယ်မရအောင် ရေစုန် မျောခဲ့ရ တာ တွေ့ရပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၁၂ ရက် ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့စီးပွားရေးဟာ ၂၀၁၉ ခု နဲ့ နှိုင်းယှဉ်ရင် ၁၀ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေပြီး အာရှနိုင်ငံတွေအနက် မြန်မာဟာကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ အခြေအနေကို ပြန်မရောက်တော့ မယ့် တခုတည်းသော နိုင်ငံဖြစ်တယ်လို့ ဆိုထားပါတယ်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.9k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.5k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.8k

တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းက လာမယ့် မတ်လအထိ ၁ ရာခိုင်နှုန်းသာ ရှိမှာဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ က ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရှိန်မြင့်လာမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်း ထိခိုက်ကာ သယ်ယူပို့ဆောင် စရိတ်တွေ ကြီးမြင့်စေတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ရေးအရှိန်ဆက်ပြီး တက်မလာရင်တောင် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေမှာ ဖြစ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုအပါအဝင် ကုန်ထုတ်ကဏ္ဍတွေရဲ့ နှေးကွေးမှု က ဆက်ပြီးကျယ်ပြန့်လာမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကမ္ဘာဘဏ်အစီရင်ခံစာနဲ့ ဖီလာဆန့်ကျင်ဆိုသလို “မြန်မာ့စီးပွားရေးဟာ အပေါင်းလက္ခဏာ ပြခဲ့တယ်” လို့ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်က နေပြည်တော် မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

သူက အာဏာသိမ်းစဉ် နိုင်ငံ့စီးပွားရေးဟာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် ၂၀၂၂ -၂၀၂၃ ခုနှစ်မှာတော့ ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုထားပြန်ပါတယ်။

ဒါ့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာအထိ နိုင်ငံ့စီးပွားရေး တိုးတက်နှုန်းဟာ ၃ ဒသမ ၃ ရာခိုင် နှုန်း အထိ ရောက်နေပြီးတော့ ကချင်၊ ကယား(ကရင်နီ)နဲ့ ရခိုင်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ အပေါင်း လက္ခဏာဆောင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဆိုခဲ့သလို စီးပွားရေးနိမ့်ကျမှုတွေဟာ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် စီမံခန့်ခွဲမှု အလွဲတွေကြောင့်ပဲလို့လည်း စွပ်စွဲထားပါသေးတယ်။

သို့ပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှ လူထုတွေဟာ လမ်းပေါ်မှာ ဆန်၊ စားသုံးဆီနဲ့ စက်သုံးဆီ တန်းစီနေရ တယ် ဆိုတာတော့ ငြင်းမရတဲ့အချက်ပါ။

မြင့်တက်လာတဲ့ ဒေါ်လာဈေးနဲ့ ဖောင်းပွနေတဲ့ ကျပ်ငွေ

အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြားကပဲ အမေရိကန် ဒေါ်လာဈေးဟာ တရှိန်ထိုး တက်လာကာ ကျပ်ငွေတန်ဖိုးကလည်း ဆက်တိုက် ကျဆင်းလာရာ NLD အစိုးရ လက်ထက်မှာ ၁ ဒေါ်လာ ၁,၃၀၀ ကျပ် သာ ရှိရာကနေ အခု စစ်အစိုးရလက်ထက်မှာ တော့ ၃,၅၀၀ကျော်အထိ ရှိနေတာကြောင့် ၃ ဆနီးပါး မြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဒေါ်လာဈေးတွေ မြင့်လာတာဟာ စစ်တပ်အာဏာသိမ်ပြီးတဲ့နောက် ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းတာရယ် စစ်ကောင်စီရဲ့ မူဝါဒအလွဲတွေကြောင့် ဒေါ်လာလိုအပ်ချက် ကြီးမားနေတာရယ် တခြားသော အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာငွေ ရှားပါးလာတဲ့အတွက် ပို့ကုန်ရငွေကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ ဖြတ်ယူသလို ဈေးကွက်မှာ ရှိတဲ့ လုပ်ငန်းရှင်တွေကိုလည်း စစ်ဆေးတာ၊ ခံဝန်ထိုးခိုင်းတာ၊ ဖမ်းဆီးထိန်းသိမ်းတာစတဲ့ ထိန်းချုပ်မှုတွေ ဆက်တိုက် လုပ်ခဲ့တာ ကြောင့် ဒေါ်လာဈေးဟာလည်း စစ်ကောင်စီက သတ်မှတ်တဲ့ဈေးတမျိုး၊ ဘဏ်အချင်းချင်းကြား ရောင်း/ဝယ်တဲ့ အခါ ဈေးတမျိုး၊ ပြင်ပဈေးကွက် ပေါက်ဈေးတမျိုးနဲ့ နှုန်းအမျိုးမျိုး ဖြစ်ပေါ်ခဲ့ ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် ၁ဒေါ်လာဟာ ၁၃၀၀ကျပ်ရှိပေမယ့် အာဏာသိမ်းပြီး ၃နှစ်အကြာ ၂၀၂၄ခု ဇန်နဝါရီလမှာတော့ ၃၅၀၀ကျပ် အထိ ထိုးတက်လာပါတယ်။

စစ်ကောင်စီက ဒေါ်လာငွေ သုံးစွဲတာ လျှော့ချဖို့ ဆိုပြီး နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘတ်၊ တရုတ်ယွမ်နဲ့ အိန္ဒိယရူပီး တို့ကို တိုက်ရိုက်သုံးစွဲစေတာကြောင့် အဲဒီငွေဈေးတွေပါ လိုက်ပါမြင့်တက်လာခဲ့ပါတယ်။ နိုင်ငံခြားငွေဈေးတွေ မြင့်သထက် မြင့်လာချိန်မှာပဲ ကျပ်ငွေတန်ဖိုးကတော့ ကျသထက် ကျကာ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ ထိုးတက်လာခဲ့ပါ တယ်။

ဒေါ်လာငွေ ရှားလို့ ပြည်ပက တင်သွင်းရတဲ့ သွင်းကုန်သမားများရဲ့ ပါမစ်ကို ပို့ကုန်တင်ပို့သလောက်သာ တင်သွင်း ခွင့်ပြုတာနဲ့ သွင်းကုန်လိုင်စင်တွေအပေါ် ကန့်သတ်ချက်တွေ လုပ်ရပြန်ပါတယ်။

ကုန်ထုတ်လုပ်ငန်းတွေမှာ ကုန်ကြမ်းပြတ်တာ၊ ဈေးမြင့်တာနဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးမြေဆီ၊ ဓာတ်မြေဩဇာ စတဲ့ သွင်းကုန်တွေ ဈေးကြီးလာတာ၊ အတုအပတွေ များလာတာတွေအပြင် အခြား ကုန်ပစ္စည်းတွေ ပြတ်လပ်တာ နဲ့အတူ ဈေးနှုန်းတွေလည်း တရိပ်ရိပ်မြင့်တက်လာပြီး ဒီလိုနဲ့ပဲ ဂျာအေးသူ့အမေရိုက်သလို လုံးချာလည်လိုက်နေခဲ့ပါတယ်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက “ပို့ကုန်ပမာဏရငွေ အပေါ် မူတည်ပြီးတော့ သွင်းကုန်ပါမစ် ချပေးတာပေါ့။ ဒါပေမယ့် သွင်းကုန်လိုင်စင်တွေ ချပေးလိုက်ရင် ဒေါ်လာဈေးထပ် တက်လာမှာစိုးလို့ ချမပေးတာတွေလည်း အများကြီးပဲ။ ပုံမှန်လိုအပ်နေတဲ့ ပစ္စည်းတခုကို ထိန်းလိုက်တော့ ဈေးကွက်မှာ ရှားသွားတယ်။ ပြတ်လပ်တာတွေ ဖြစ်တယ်။ ဒေါ်လာဈေး ကလည်း ဈေးကွက်ပေါ် မူတည်ပြီး တက်နေတာပဲလေ”လို့ ပြောပါတယ်။

သွင်းကုန်ပစ္စည်းဖြစ်တဲ့ ကုန်ကြမ်းတွေ ပြတ်လပ်တာ၊ ဈေးနှုန်းကြီးမြင့်တာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်း တွေအပါ အဝင် အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာရှိတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

သွင်းကုန်ကို ထိန်းချုပ်သလို ပို့ကုန်ကျပြန်တော့လည်း သတ်မှတ်ဈေးနဲ့ ဖြတ်ယူတာကြောင့် တွက်ချေမကိုက်တဲ့အတွက် တင်ပို့နိုင်စွမ်း ကျဆင်းခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ပဲ ဒေါ်လာငွေကြေးက ရှားသထက်ရှားလာပြီး ဒေါ်လာဈေး တက်လေ ကျပ်ငွေတန်ဖိုး ကျဆင်းလေ ဖြစ်ပြီး ကုန်ဈေးနှုန်းတွေကလည်း တက်သထက် တက်လာတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း စစ်ကောင်စီက သွင်းကုန်လိုင်စင်တချို့ ပြန်ချပေးတဲ့အတွက် အမေရိကန် ၁ ဒေါ်လာဟာ ၃,၄၀၀ ကျပ် ကျော်က်ို ရှိခဲ့ပေမယ့်၊ သိပ်မကြာခင်မှာပဲ ၃,၅၀၀ ကျပ်ကျော်အထိ ပြန်မြင့်တက်ခဲ့ပါတယ်။

စစ်ကောင်စီကို အထိနာစေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့မှု

ပြည်တွင်းစီးပွားရေးကို ထိန်းမရဖြစ်နေချိန်မှာပဲ နိုင်ငံတကာ ပိတ်ဆို့မှုတွေက စစ်ကောင်စီကို အထိနာစေပြီး စီးပွားရေးမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ စစ်ခေါင်းဆောင် ဝန်ခံခဲ့ရပါတယ်။

အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) တို့က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတွေ အပါအဝင် သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ပိတ်ဆို့အရေးယူရာမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ပါဝင်ပါတယ်။ ဒီဘဏ်တွေဟာ စစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်ဆီဝယ် ယူဖို့ ပြည်ပငွေစာရင်းကို သုံးပြီး နိုင်ငံတကာဈေးကွက်ကို ဝင်ကာ နိုင်ငံခြားငွေအသုံးပြုမှု လွယ်ကူအောင်ပြုလုပ်ပေးရာမှာ အရေးပါတာကြောင့် ၂၀၂၃ ဇွန်လမှာ အရေးယူခဲ့ပြီး ဩဂုတ်လမှာ ဘဏ်နှစ်ခုနဲ့ ထိတွေ့ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်းခဲ့ တာပါ။

စစ်ကောင်စီအတွက် ဒေါ်လာဘီလီယံနဲ့ ချီရှာပေးနေတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) ရဲ့ အကျိုးအမြတ်တွေ အပါအဝင် နိုင်ငံခြားငွေ စီမံရေးမှာ အရေးပါတဲ့ ဘဏ်နှစ်ခု ဖြစ်တာကြောင့် အခုလိုပိတ်ဆို့ခံရတာက စစ်ကောင်စီအတွက် အကျပ်အတည်း ဆိုက်စေပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ၁လီတာကို ၇၅၀ ကျပ်သာရှိတဲ့ ဓာတ်ဆီဟာ ၂၀၂၄ ခု ဇန်နဝါရီလမှာတော့ ၂၈၀၀ ကျပ် ဖြစ်လာပါတယ်။

ဘဏ်နှစ်ခုကို အရေးယူပြီးတဲ့နောက် စင်ကာပူရဲ့ United Overseas Bank (UOB) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံပိုင် ကုန်သွယ်ရေးဘဏ် Sonali ဘဏ်တွေကနေ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နိုင်ငံခြားငွေ ဒေါ်လာသန်းချီတဲ့ အကောင့်တွေ ကန့်သတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတကာပိတ်ဆို့ အရေးမှုတွေကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်ကာ ကုန်သွယ်ရေးလုပ်ငန်းတွေမှာလည်း ငွေပေးချေဖို့ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ အစည်းဝေးတခုမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ဝန်ခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မှာပဲ ဗြိတိန်နဲ့ ဩစတြေးလျအစိုးရတို့က ပိတ်ဆို့ အရေးယူမှု အသစ်တွေ ထပ်မံချမှတ်ခဲပြန်ပါတယ်။ မြန်မာပြည်သူတွေကို ဖိနှိပ်ပြီး ကြီးလေးတဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ သတ္တုတွင်းလုပ်ငန်း ၁ နဲ့ ၂ တို့ကို ဗြိတိန် အစိုးရက အရေးယူပိတ်ဆို့လိုက်သလို ဩစတြေးလျ အစိုးရက လည်း စစ်ကောင်စီရဲ့ MFTB နဲ့ MICB ဘဏ်နှစ်ခုအပြင် စစ်တပ်ကို လေယာဉ်ဆီ တင်သွင်းပေးနေတဲ့ Asia Sun Group၊ Asia Sun Trading နဲ့ Cargo Link Petroleum Logistics စတဲ့ လုပ်ငန်းတို့ကို စီးပွားရေးအရ ဒဏ်ခတ်လိုက်ပါတယ်။

ကျဆင်းနေတဲ့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု

ကုန်သွယ်ရေးဘက်ကို ကြည့်ရင် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကရင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ- ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးဟာ ဖွင်တချီ ပိတ်တလှည့် ဖြစ်နေရာက အခုဆိုရင် လုံးဝပိတ်သွားပြီး ထို့ကော်ကိုးလမ်းဟောင်းကသာ သွားလာနိုင်တော့တဲ့အတွက် ခရီးလမ်းပန်းကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်တွေဟာ အဆမတန်မြင့်တက်လာပါတယ်။

အလားတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ ချင်းရွှေဟော်၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်းခဲ့ ရပြန်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ နိုဝင်ဘာအတွင်း စစ်မီးပြန်တောက်ခဲ့တာကြောင့် စစ်ကောင်စီက ပြည်နယ်အတွင်း ဝင်/ ထွက် နိုင်တဲ့လမ်းတွေကို ပိတ်ဆို့ထားလို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးဟာလည်း ရပ်တန့်နေသလို အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ကြည့်ရင်လည်း ရိဒ်နယ်စပ်ကုန်သွယ်ရေး၊ တမူးနယ်စပ် ကုန်သွယ်ရေးတွေ ရပ်ဆိုင်းလို့နေပါတယ်။

ဒါကြောင့် ပင်လယ်ရေကြောင်းတခုကိုသာ အားကိုးနေရပြီး ပဲ၊ ပြောင်း၊နှမ်း၊ ဆန် အပါအဝင် တခြားပို့ကုန်တွေပါ စုပြုံနေ တာကြောင့် သင်္ဘောတင် ကွန်တိန်နာငှားမရတဲ့ ပြဿနာတွေလည်း ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပို့ကုန်လုပ်ငန်းရှင် ဦးအောင်(အမည်လွှဲ)က “နယ်စပ်ကသွားလို့ ရတဲ့ လမ်းကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ တွေရှိတော့ မမြင်ရတဲ့ ကုန်ကျစရိတ်တွေက ပိုများတယ်။ ဒီ‌တော့ ပို့ကုန်သမားတွေက အခက်အခဲ ဖြစ်ကြတယ်။ ပင်လယ် ရေကြောင်းက ပို့ဖို့ကျတော့လည်း သင်္ဘောက အရင်က ကွန်တိန်နာတလုံးကို ဒေါ်လာ ၁,၀၀၀ ကျော်ပဲ ရှိတာ။ အခု ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက် ဈေးတက်သွားတယ်။ ဒါကြောင့် ပင်လယ်ရေကြောင်းဘက်မှာလည်း ကုန်ကျစရိတ်များပြီး ခက်ခဲ နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းတွေမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်က နိုဝင်ဘာအထိ အမေရိကန်ဒေါ်လာ ၃၃၉၇၂ ဒသမ ၈၉၉ သန်း ရှိပြီး အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကာလတူ မှာတော့ ဒေါ်လာ ၂၀၆၅၁ ဒသမ ၅၁၄ သန်း ပဲရှိတာကြောင့် ဒေါ်လာ ၁၃၃၂၁ ဒသမ ၃၈၅ သန်းအထိ ကုန်သွယ်မှု ကျဆင်း နေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘက်ကို ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်းကာလအတွင်း ကမာ္ဘကျော် ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ထွက်ခွာနေသလို ရင်းနှီးမြှုပ်နှံမှုတွေကလည်း ကျဆင်းနေတာပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံကျော် ဝင်ရောက်ခဲ့တာ ဖြစ်ပြီးတော့ အာဏာသိမ်း နှစ်နှစ်ကျော် ကာလဖြစ်တဲ့ ၂၀၂၂ ခုနှစ် မတ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်သာ ရှိခဲ့တာပါ။ဒါကြောင့် အာဏာသိမ်း နှစ်နှစ်ပေါင်းကာလ ရင်းနှီးမြှုပ်နှံမှုက အရပ်သားအစိုးရ လက်ထက် ဝင်ရောက်တဲ့ တနှစ်စာပင် မပြည့်ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP )က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာအထိ အသင်းဝင် စက်ရုံပေါင်း ၂၉၈ ရုံ ရပ်နားထားတာကြောင့် အရင်နှစ်ထက် ၅၂ ရုံ တိုးလာပြီး အသင်းဝင် စက်ရုံစုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းထိ မြင့်တက်လာတာဖြစ်ပါတယ်။

တက်မြဲ တက်ဆဲ ကုန်ဈေးနှုန်း

စစ်တပ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်း ဆန်ကြမ်း ၁ ပြည် ၈၀၀ ကျပ်ကျော်ကနေ အခု ၄,၀၀၀ ကျော်၊ စားအုန်းဆီ ၁ ပိဿာ,၂၃၀၀ ကျပ် ကနေ အခု ၇,၀၀၀ ကျော်အထိ အဆပေါင်းများစွာ တက်နေတာပါ။

မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ နေထိုင်စရိတ်တွေကို မတက်နိုင်တော့တာကြောင့် ရန်ကုန်မှာ အထည်ချုပ်လုပ်သားဘဝ ကနေ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းကိုပြန်ပြီး ဈေးသည်ဖြစ်နေတဲ့ မအေး (အမည်လွှဲ)က “ကိုယ့်ဝမ်းကိုယ် မသထာတာ အခု ပို ပိုဆိုးလာတယ်။ ဆန်ကြမ်း ၁ ပြည် ၄,၀၀၀ ကျော်တယ်။ ကျမတို့ အိမ်က မနက် ၅ လုံး၊ ည ၅ လုံး ဆိုတော့ ဆန်ဖိုးမှာ တင် ပိုက်ဆံ ၅,၀၀၀ နဲ့ ၆.၀၀၀ လောက်က သွားပြီ။ တခြားကလေးကျောင်းမုန့်ဖိုး စရိတ်နဲ့ဆို အိမ်စရိတ် က ၁၅,၀၀၀ လောက် ရှိတယ်။ ဈေးရောင်းတာက အဲဒီလောက် ဘယ်ရမလဲ”လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မအေးဟာ စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တရုံရဲ့ ကျွမ်းကျင် ဝန်ထမ်း တဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်း ၂ နှစ်နီးပါး ရှိလာတဲ့အချိန် စက်ရုံအလုပ်တွေက အိုတီမရှိသလို ဝင်ငွေနဲ့ ထွက်ငွေမမျှ တာကြောင့် အလုပ်ထွက်ပြီး ဇာတိပြန်ကာ ကုန်စိမ်းရောင်းတဲ့ အခြေအနေကို ရောက်ခဲ့ရတာပါ။

နိုင်ငံကိုသာ အာဏာနဲ့ထိန်းပေမယ့် စီးပွားရေးကို မထိန်းနိုင်တဲ့ စစ်ကောင်စီ

အာဏာသိမ်း ၃ နှစ်ပြည့်တဲ့အထိ တိုင်းပြည်စီးပွားရေးကို အာဏာနဲ့ အကျပ်ကိုင်တာ၊ ဈေးတက်ရင် လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်တာ၊ ဈေးနှုန်းသတ်မှတ်တာ၊ မူဝါဒတွေ အမျိုးမျိုး ချမှတ်ခဲ့ပေမယ့် ဘယ်နည်းလမ်းမှ မအောင်မြင်ဘူးလို့ စီးပွား ရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေက ထောက်ပြ ပြောဆိုပါတယ်။

အမည်မဖော်လိုတဲ့ စီးပွားရေးပညာရှင်တဦးက “ထိခိုက်သွားပြီဆိုရင် ပြန် ကုစားရခက်တယ်။ ဥပမာ ဒေါ်လာကို ဈေးထိန်း ချုပ်ပြီး ရအောင်ယူဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ပို့ကုန်တွေ အများကြီး ကျသွားတယ်။ ဒေါ်လာကို ပြန် ဖြေလျှော့ ပေးတယ်။ ဒါပေမယ့် အများထင်သလို ပေါက်ဈေးနဲ့ ပေးတာတော့ မဟုတ်ဘူး။ စကစဆီကို မတင်ပြဘဲ မရဘူး။ ကြားထဲက ဘဏ်တွေကလည်း ငွေအမြတ် ထုတ်တယ်။ အဲဒီတော့ လျှော့ပေးပေမယ့် နင်လား ငါလား မပြေလည်သေးဘူး”လို့ သုံးသပ် ပြောပါတယ်။

ပို့ကုန် သွင်းကုန်ဆိုတာ တခုနဲ့တခု ဆက်စပ်နေတာကြောင့် ပို့ကုန်ကို ဖြတ်တောက်တဲ့အတွက် တဖက်က သွင်းကုန်ကို လည်း ထိခိုက်သလို သွင်းကုန် လိုင်စင်ကို ကန့်သတ်တဲ့အတွက်ကြောင့်လည်း ကုန်ထုတ်လုပ်ငန်းတွေကိုပါ ရိုက်ခတ် သွားတယ်လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီးတော့ သူက “ထိပ်ဆုံးက မိုးမြင့်ထွန်း (ဒုဗိုလ်ချုပ်ကြီးဟောင်း) လိုလူကို အရေးယူတာတောင်မှ ပြန်ပြီးတော့ ကောင်းမလာဘူး။ အဲဒီလို အကုန်လုံး ကမောက်ကမတွေ ဖြစ်ပြီးတော့ လည်ပတ်နေရတဲ့အခြေအနေပေါ့။ ဒါက ကုန်သွယ် ရေး အပိုင်း၊ စီးပွားရေးဆိုတာ အစတစကို ထိရင် ကျန်တဲ့အစတွေ အကုန် ထိတာဆိုတော့ ကျန်တဲ့ကဏ္ဍတွေပါ ထိခိုက်ကုန်တယ်”လို့ ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် မစိုက်ပျိုးနိုင်တဲ့ဒေသတွေ များလာတာ ကလည်း ထုတ်ကုန်တွေ လျော့နည်းပြီး ပို့ကုန်လျော့ကျစေတဲ့ အကြောင်းတခုလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စီးပွားရေးကျဆင်းမှုဒဏ်ကို အခြေခံလက်လုပ်လက်စား ပြည်သူကစလို့ စီးပွားရေး သမားတွေ၊ လုပ်ငန်းရှင်တွေအထိ ကြီးတဲ့သူက ကြီးသလို၊ ငယ်တဲ့သူက ငယ်သလို ခံစားနေကြရတာပါ။

ပြည်သူတွေဟာ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို အများဆုံးခံရပြီးတော့ လျှပ်စစ်မီး မရတဲ့ ပြဿနာက ဒုတိယ အများဆုံး ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ လျှပ်စစ်မီးလုံလောက်အောင် မရတာရဲ့ နောက်ဆက်တွဲက စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်နိုင်တာ ၊ အလုပ်လက်မဲ့ဦးရေ တိုးလာတာ၊ ခိုးဆိုးလုနှိုက်လို့ဆိုတဲ့ တရားဥပဒေစိုးမိုးမှု နည်းလာတာစတဲ့ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဦးအောင်က “စီးပွားရေးကတော့ ကျနေတာကို ပိုဆိုးမသွားအောင်း ထိန်းထားနိုင်ဖို့ တော်တော်လေး ရုန်းကန်ရမယ့် အခြေ အနေဖြစ်တယ်၊ သီးနှံဈေးကောင်းပေမယ့် မစိုက်ပျိုးနိုင်တာရှိတယ်။ တခြားကုန်ဈေးနှုန်းတွေကလည်း အဆပေါင်း များစွာ တက်လာတဲ့အတွက် အကျပ်အတည်းကြား လုပ်နေရတာ။ ဒီနှစ်မှာတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား အပြောင်းအလဲကို မျှော်လင့်မထားဘူး”လို့ ဆိုပါတယ်။

You may also like these stories:

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း

စီးပွားရေးမှာ သုံးစားမရခြင်းက စစ်တပ်၏ တကယ့် အားနည်းချက်

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

မြန်မာတွင် ရင်းနှီးမြုပ်နှံနေသည့် သြစတြေးလျကုမ္ပဏီများ၏ သတ္တုမိုင်း အရှုပ်တော်ပုံ

Your Thoughts …
Tags: Sliderငွေကြေးဖောင်းပွမှုစစ်ခေါင်းဆောင်စီးပွားရေးပို့ကုန်သွင်းကုန်မူဝါဒအာဏာသိမ်း ၃ နှစ်ပြည့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်

ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate