“ခင်စန်းကွ၊ ကျော်ဟိုးကွ” ဟူသော အားပေးသံများ တခေတ်တုန်းက ရုပ်ရှင်များတွင် ပဲ့တင်ထပ်စေခဲ့ပါသည်။
အယဉ်အနု ဇာတ်လမ်းလေးတွေ နည်းတူ လျှို့ဝှက်သည်းဖို ဇာတ်ကားများကလည်း တစခန်းထခဲ့ဖူးရာ မင်းသားထဲတွင် ဒိုင်ဗင်၊ ဖိုက်တင်၊ နောင်ဂျိန် ဗိန်းဗောင်း၌ နာမည်ကြီးခဲ့သော ဗစ်တာမိုးနင်း ခေါ် ပီမိုးနင်း၏သား ကျော်စိုးမှာ ပထမ စတန့် မင်းသား ဖြစ်သည်။
လူကြိုက်များ၍ ပရိသတ် အသည်းစွဲ ဖြစ်နေစဉ်တွင် ဓားထိုးခံရ၍ ၁၉၃၀ ပြည့်နှစ်က ကွယ်လွန်ခဲ့ရာ စတန့် ပရိသတ်ကြီးမှာ ဝမ်းနည်း ကြေကွဲ မဆုံးကြပေ။
ဤတွင် ဗြိတိသျှ ဘားမားက လူစားရရန် ကြော်ငြာခဲ့၏။ ဤတွင် မင်းသား ကျော်ဟိုးကို ရရှိခဲ့၏။
ကျော်ဟိုးသည် ငယ်စဉ်က သင်္ဘောနှင့် ဥရောပသို့ ပါသွားပြီး ကားမောင်း နှင့် ဆိုင်ကယ်စီး ပညာများ လေ့လာ တတ်မြောက်ခဲ့သူ ဖြစ်သည်။ ငယ်မည်မှာ လှမောင် ဟုလည်းကောင်း၊ ထွန်းမောင် ဟုလည်းကောင်း တွင်ခဲ့သည်။
သူဌေး ဦးညွန့်၊ ဒါရိုက်တာ ဆရာရွှေ နှင့် အခြား အကဲဖြတ်များ ရှေ့တွင် မော်တော်ဆိုင်ကယ်ကို နိုင်နင်းစွာ နည်းမျိုးစုံဖြင့် စွန့်စွန့်စားစား စီးပြနိုင်သည့် အတွက် စတန့် မင်းသား ဖြစ်လာသည့် အခါ ပထမဆုံး စတန့်ကား အဖြစ် ၁၉၃၀ ပြည့်နှစ်တွင် ဒါရိုက်တာ ဆရာရွှေ၏ တစ်သုံးလုံး ကား၌ စတန့်မင်းသမီး ခင်စန်း နှင့်ပင် တွဲဖက် ရိုက်ကူးခဲ့သည်။
ကျော်ဟိုးနှင့် ခင်စန်း တွဲဖက် ရိုက်ကူးသော ကားများမှာ ပထမဆုံး ဒါရိုက်တာ ဆရာရွှေ၏ “တစ်သုံးလုံး”၊ ဆရာရွှေ၏ “ဆင်ကြီး ဂဠုန်ချီ”၊ ဆရာရွှေ၏ “ဘသမီး” နှင့် ဒါရိုက်တာ ဦးအောင်မြတ် ၏ “သူခိုးမ” ဇာတ်ကားများ ဖြစ်သည်။
ကျော်ဟိုး စွန့်စားသလောက် ခင်စန်းကလည်း ကြိုးစား စွန့်စားခဲ့သည်။
“ဘသမီး” ရုပ်ရှင်ကားမှာ ခင်စန်းကို အသားပေးသော ကား ဖြစ်သည်။
ကျော်ဟိုးက လူတင်ဘေးတွဲ ပါသော သုံးဘီး မော်တော်ဆိုင်ကယ် ပေါ်တွင် ခင်စန်းကို တင်၍ မောင်းပြေးသော အခန်း၌ တောင်ကြား လမ်းကလည်း ဗြက် တပေသာသာ ရှိသော တံတားလေး ခင်းထားသဖြင့် လူတယောက် သွားသာရုံမျှ ရှိသည်။ ၎င်းကို ရန်သူ လိုက်လာသဖြင့် ဖြတ်ပြေးရမည့် အခန်း ဖြစ်သည်။
ကျော်ဟိုးက ဘေးတွဲ၏ ဘီးကို လမ်းခင်းမပါဘဲ စောင်းထောင်သွားအောင် မောင်း၍ ပြေးပုံမှာ အသည်း ယားစရာ ဖြစ်ရသည်။
ဘေးတွဲပေါ်က စီးနင်းလာသော ခင်စန်း၏ သတ္တိကိုလည်း အံ့သြကြရသည်။ ကျောက်ကမ္ဘား၏ အကျယ်မှာ ဆယ်ပေမျှ ရှိ၏။
ကင်မရာ လှည့်စားမှု မပါဘဲ အသက်စွန့် ရိုက်ကူးခဲ့ကြ၍ ထိုစတန့်ကားမှာ ထိုခေတ်တွင် အဆင့်အတန်း မြင့်လှသည်ဟု ဆိုရမည်။
ရုပ်ရှင် ရိုက်ကူးသည် ဆိုလျှင် ပွဲဈေးလေးတမျှ သောသောညံအောင် ပရိသတ်က အုံလေ့ရှိရာ တခါတရံ မီးရထားလာမည့် တံတား သံတန်းအောက်က မော်တော် ဆိုင်ကယ်ကို လွှတ်ကာ လူက သံတန်းပေါ်က မော်တော် ဆိုင်ကယ်ပေါ်သို့ လွှားခနဲ ခုန်သော စွန့်စားနည်းမျိုးလည်း ရိုက်ကူးခဲ့ကြဖူးသည်။
မော်တော် ဆိုင်ကယ်နှင့် ချောင်းကူး လှေကားပေါ်တက်၊ ဂျွမ်းဘား နွယ်ကြိုးနှင့် လွှဲကူး စသော သက်စွန့် ဆံဖျား အလုပ်များကိုလည်း ပရိသတ် လက်ခေါက်မှုတ်သံ တညံညံနှင့် သြဘာပေးခဲ့ရအောင် စွန့်စားခဲ့ကြသော ခေတ်ဖြစ်သည်။
ခင်စန်းမှာ စတန့် မင်းသမီး အဖြစ် ပထမဆုံး ထင်ရှားခဲ့သူ ဖြစ်သည်။
၁၉၃၃ ခုနှစ်တွင် ဗြိတိသျှ ဘားမား ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်မြတ်သည် လူစွမ်းကောင်း စတန့်ကားကို ထူးထူးခြားခြား ထုတ်လုပ်သည်။
၎င်းကားတွင် ဘလူး အိန်ဂျယ် အမည်ရှိ အတောင် နှစ်ထပ် လေယာဉ်ကို ထည့်သွင်း အသုံးပြုခဲ့ရာ မြန်မာ ရုပ်ရှင်လောက နှင့် ပထမဆုံး မိတ်ဆက်ပေးလိုက်သည့် သဘော ဖြစ်သည်။
လေသူရဲ မစ္စတာ ကပ်စတာထ တူတင်စပါတာ သည် ရုပ်ရှင် မင်းသား တင်ငွေအား လေယာဉ်မောင်း သင်ပေးခဲ့ရာ ရှစ်လ ကြာ၍ (အေ) လိုင်စင် ရခဲ့သည်။ အိန္ဒိယတွင် အလားတူ လိုင်စင်ရရန် ၂၁ နာရီ ပြည့်အောင် သင်တန်းလည်း တက်ခဲ့၏။
ရုပ်ရှင် ရိုက်သည့်အခါ လေယာဉ်ပေါ်မှ မြေပြင်ပေါ်သို့ ဒိုင်ဗင် ထိုးချခန်းကို တိုးကြောင်လေး သိမ်ကျောင်းဘက်တွင် ရိုက်ကူးခဲ့သည်။ ဓာတ်ဆီလောင်း၍ မီးရှို့ထားသော မီးတောက်ကြီးထဲသို့ မော်တော် ဆိုင်ကယ်နှင့် စီးနင်းဖြတ်သန်း ပြခဲ့သည်။
မင်းသမီး ခင်စန်းကလည်း တင်ငွေ နည်းတူ ကျားကျားလျားလျား စွန့်စား ပြခဲ့သည်။
တကယ့် လေယာဉ်ပေါ် မိနစ် ၃၀ မျှ တကယ် ပျံသန်းခဲ့သည်။ ယခုခေတ် ယူဘီအေ အဆင်းအတက်ကို အဝေးမှ ရိုက်ပြသော ကားမျိုး မဟုတ်ပေ။
တကယ် ငွေကုန်ကြေးကျ လူပင်ပန်း အသက်စွန့် ရိုက်ကူးပြီး မင်းသား၊ မင်းသမီး နာမည် ကြီးလာသူများ ဖြစ်သည်။
ဘလူး အိန်ဂျယ် လေယာဉ်ငယ်နှင့် လူစွမ်းကောင်း ဇာတ်ကား ရိုက်ရာတွင် မင်းသား ကျော်မိုး၊ ဒါရိုက်တာ ဦးအောင်မြတ်၊ လေသူရဲ မစ္စတာ ကပ်စတာထ တူတင်ပါစတာ၊ မင်းသမီး ခင်စန်း နှင့် ဒါရိုက်တာ ဘကွန်းတို့ ပါဝင်၍ ဦးတင်ငွေ ကိုယ်တိုင် မောင်းနှင် ပါဝင်ခဲ့သည်။
ခင်စန်းမှာ မော်တော်ကားမောင်း၊ မော်တော်ဆိုင်ကယ်စီး၊ မြင်းစီးရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်သည်။ ယောက်ျား မင်းသားများနှင့် အပြိုင် ကြမ်းနိုင်သူ စတန့် မင်းသမီး ဖြစ်သည်။
ပထမ ကျော်စိုး နှင့် ကျော်ဟိုး၊ တတိယ ကျော်မိုး (ဂျွန်) ဟု ပေါ်ထွက်လာခဲ့သည်။
ထိုစတန့် မင်းသား ကျော်မိုးနှင့် ခင်ခင်စန်းတို့မှာ ဇနီးမောင်နှံ ဖြစ်ခဲ့သည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)