မြန်မာပြည် စစ်မြေပြင်အခြေအနေကို တရုတ်နှစ်သစ်ကူး အချိန်အခါကာလနှင့် တိုက်ဆိုင် သုံးသပ်ရသည်မှာ အခိုင်အမာ အကြောင်းအချက်ရှိ၍ ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီကြား ဟိုင်ဂင်သဘောတူညီချက်ဆိုသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ကို တရုတ်တို့က ဖိအားပေးပြီး ဇွတ်အတင်းဖန်တီးခဲ့၏။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်တွင်းသို့ ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရပြီး အဓိက တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နယ်စပ်တလျှောက်တိုက်ပွဲများ မဖြစ်ပွားရန် ဖိအားပေး တောင်းဆိုသည်ဆိုသည့်သတင်းများ ထွက်ပေါ်ခဲ့၏။
သို့ဖြစ်ရာ တရုတ်နှစ်သစ်ကူး ကာလတွင် တရုတ်နယ်စပ်တလျှောက် တိုက်ပွဲများ ငြိမ်သက်ခဲ့၏။ တရုတ်နှစ်သစ်ကူးသည် မြန်မာပြည်စစ်ပွဲအပေါ် သက်ရောက်မှုရှိခဲ့၏။ သို့သော်လည်း တရုတ်နယ်စပ်နှင့်ဝေးရာ ဒေသများတွင် တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသကဲ့သို့ စစ်ကောင်စီဘက်မှလည်း စစ်ပွဲများကို ရပ်တန့်ခြင်း မရှိပေ။ တရုတ်နှစ်သစ်ကူးပြီးစ မြန်မာပြည်စစ်မြေပြင်အား အောက်ပါအတိုင်း တွေ့ရ၏။
ရခိုင်စစ်မျက်နှာ
တရုတ်တို့ ဇွတ်အတင်းဖန်တီးသည့် ဟိုင်ဂင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) က စစ်ပွဲကို ဆက်လက်ဆင်နွှဲသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA အား တရုတ်တို့ အကျပ်ကိုင်၍ မရပေ။ ထို့ပြင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် အိမ်မရှိ၊ ရွာမရှိတော့သည့် ရခိုင်လူထုက အပစ်မရပ်ဘဲ စစ်ကောင်စီအား အပြုတ်တိုက်ပေးရန် တောင်းဆိုချက်အား AA လွန်ဆန်၍ မရပေ။
တရုတ်နှစ်သစ်ကူး ကာလတွင် တရုတ်နယ်စပ်တလျှောက် တိုက်ပွဲများ ငြိမ်သက်ခဲ့၏။ တရုတ်နှစ်သစ်ကူးသည် မြန်မာပြည်စစ်ပွဲအပေါ် သက်ရောက်မှုရှိခဲ့၏။ သို့သော်လည်း တရုတ်နယ်စပ်နှင့်ဝေးရာ ဒေသများတွင် တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသကဲ့သို့ စစ်ကောင်စီဘက်မှလည်း စစ်ပွဲများကို ရပ်တန့်ခြင်း မရှိပေ။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ရခိုင်တွင် စစ်ဆင်ရေး စတင်ခဲ့ပြီး ဟိုင်ဂင်သဘောတူညီချက် စတင်သည့် ဇန်နဝါရီလဆန်းတွင်လည်း စစ်ရှိန် ဆက်လက်မြှင့်တင်ခဲ့၏။ ယခု တရုတ်နှစ်သစ်ကူးပြီးစ ကာလတွင် AA သည် ပလက်ဝ၊ ဆမီးဒေသ သာမက ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ စသည့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်ဝှမ်းရှိ မြို့ရွာများကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၏။
မယူတောင်တန်းမြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြိုလက်ဝဲ၊ တောင်ပြိုလက်ယာ ဗျူဟာစခန်းများကို သိမ်းပိုက်ပြီး မယူတောင်တန်း တောင်ဘက်ရှိ အငူမော်၊ ချိန်ခါလီ၊ ဒုံပိုက်၊ ကိုးတန်ကောက်တို့အား သိမ်းပိုက်ပြီး မောင်တောဒေသအား ဝိုင်းပတ်ထားသည်။
မယူမြစ်ဖျားရှိ ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းများအား ပတ်လည် ဝိုင်းပတ်ထားသည်။ မယူကမ်းရှိ ရသေ့တောင် အခြေစိုက်တပ်များကို ဝိုင်းပတ်ထား၏။
ပုဏ္ဏားကျွန်း အခြေစိုက်တပ်ရင်းနှင့် စစ်တွေမြို့ကို ဝိုင်းပတ်ထား၏။ အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တပ်များနှင့် နှစ်မိုင်ခန့်အကွာမှ ဝိုင်းပတ်ထား၏။ ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်တို့တွင် AA က ဝင်ရောက် တိုက်ခိုက်လျက်ရှိသည်။ တောင်ကုတ်၊ သံတွဲ၊ ဂွတို့အားလည်း AA က ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး မာန်အောင်ကျွန်းတခုသာ စစ်ရိပ်စစ်ငွေ့ အနည်းဆုံးမြို့နယ် ဖြစ်နေ၏။
သုံးလတာ ရခိုင်စစ်ဆင်ရေးအတွင်း အနည်းဆုံး မြို့နယ်အဆင့် ခြောက်မြို့နယ်ကို AA က အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး စကခ ၁၉၊ စကခ ၉၊ တပ်မ ၁၁ ဟူ၍ တပ်မ သုံးခုနှင့် တပ်မ ၂၂ မှ တပ်အချို့၊ နပခမှ တပ်ရင်း နှစ်ရင်း၊ အမြောက်တပ်ရင်း တရင်း၊ ရဲတပ်ရင်း တရင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အများအပြားတို့အား ချေမှုန်းနိုင်ခဲ့၏။ စကခနှင့် တပ်မ ဌာနချုပ် သုံးခု၊ တပ်ရင်းဌာနချုပ် ၁၂ ခု၊ ရဲတပ်ရင်းဌာနချုပ် တခု၊ အမြောက်တပ်ရင်းဌာနချုပ်တခု အပါအဝင် စစ်စခန်းပေါင်း ၄၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့၏။
ထို့ပြင် ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပြီး ရေတပ်သင်္ဘော လေးစီးအား နှစ်မြှုပ်ပစ်နိုင်ခဲ့ကာ တစီးသိမ်းပိုက်ခဲ့သည်။ သင်္ဘော လေးစီးအား ရေမချနိုင်အောင် ဖျက်ဆီးနိုင်ခဲ့၏။ ထို့ပြင် သံချပ်ကာကားများ၊ ဒုံးပစ်စင်များ၊ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့၏။
သုံးလတာ ရခိုင်စစ်ဆင်ရေးအတွင်း အနည်းဆုံး မြို့နယ်အဆင့် ခြောက်မြို့နယ်ကို AA က အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး စကခ ၁၉၊ စကခ ၉၊ တပ်မ ၁၁ ဟူ၍ တပ်မ သုံးခုနှင့် တပ်မ ၂၂ မှ တပ်အချို့၊ နပခမှ တပ်ရင်း နှစ်ရင်း၊ အမြောက်တပ်ရင်း တရင်း၊ ရဲတပ်ရင်း တရင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အများအပြားတို့အား ချေမှုန်းနိုင်ခဲ့၏။
လက်ရှိတွင် စစ်တွေရှိ နပခ နှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေမှ အိမ်ထောင်သည်များ၊ စစ်တွေမှ အရပ်ဘက်အရာရှိများ၏ အိမ်ထောင်သည်များ၊ ပိုင်ဆိုင်မှုများကို ပြည်မသို့ပြန်ပို့ပြီး စစ်တွေအား ခံစစ်ပြင်နေ၏။ စစ်တွေကို ကားလမ်းမှ ဝင်ရောက်နိုင်သည့် မင်းချောင်းတံတားအား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးထားခဲ့သည်။ လက်ရှိ ရခိုင်စစ်မျက်နှာ အခြေအနေမှာ မနက်ဖြန် ရက္ခိုင့်တပ်တော်က ဘယ်မြို့၊ ဘယ်စခန်းကို သိမ်းမည်နည်းကို ထိုင်စောင့်နေရသည့် အချိန်ကာလဖြစ်၏။
ကချင်စစ်မျက်နှာ
ကချင်စစ်မျက်နှာသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ပုံမှန် တိုက်ပွဲဝင်နေသည့် စစ်မျက်နှာဖြစ်၏။ ၂၀၂၃ ခုနှစ် မိုးရာသီတွင် နန်ဆန်ယန် ဒေသသည် စစ်ကောင်စီ၏ထိုးစစ်အား ကောင်းစွာ တုံ့ပြန်နိုင်ပြီး နန်ဆန်ယန်ဒေသရှိ အခိုင်အမာ စစ်စခန်းများကိုပါ ပြန်လည်သိမ်းပိုက်ကာ စစ်ကောင်စီထိုးစစ် ရပ်တန့်သွားသည်။ မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အခါတွင်လည်း KIA နှင့် သူ၏မဟာမိတ်များသည် သူတို့နယ်မြေအလိုက် စစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲသည်ကို တွေ့ရ၏။
လက်ရှိတွင် KIA နှင့် သူ၏ မဟာမိတ်များ၏ စစ်ဆင်ရေးနယ်မြေများကို အောက်ပါအတိုင်းတွေ့ရ၏။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းကတည်းက KIA နှင့် PDF များသည် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ရွှေပြည်အေး၊ မော်ဟန်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထီးချိုင့်ကို တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခြင်း မရှိသော်လည်း ဝိုင်းရံထားနိုင်ခဲ့၏။ ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် ရွှေပြည်အေးကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်သော်လည်း ကောင်းစွာခုခံနိုင်ခဲ့၏။ ဖေဖော်ဝါရီလဆန်းမှစ၍ ကောလင်းကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ ကောလင်းမြို့ပေါ်သို့ စစ်ကောင်စီတပ်များ ဝင်ရောက်နိုင်ခဲ့သော်လည်း အကြိတ်အနယ် တိုက်ခိုက်နေကြဆဲဖြစ်၏။
KIA ၏ ဒုတိယစစ်မျက်နှာတခုမှာ ဖားကန့်ဒေသဖြစ်၏။ ဖားကန့်၊ ဝှေခါ၊ ကာမိုင်းဒေသတို့တွင် စစ်ကောင်စီက တပ်မ ၃၃ ချထားပြီး ထိန်းချုပ်ထားသည်။ ယခုအခါ KIA သည် ဝှေခါဒေသစစ်စခန်းများအား အောင်မြင်စွာ သိမ်းပိုက်ခဲ့၏။ ဖားကန့်၊ လုံးခင်းနှင့် ကာမိုင်းကြားရှိ နန်တိန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်ပြီး နန်တိန်းသို့ ပြန်လည် ထိုးစစ်ဆင်လာသည့် ဖားကန့်မှ တပ်မ ၃၃ စစ်ကြောင်းအား အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့၏။ ထို့ပြင် တာမခန်လမ်းရှိ ဆယ်ဇင်း၊ ကသိုင်းတောင် စခန်းများအားလည်း KIA က သိမ်းပိုက်ထားရာ ဖားကန့်ရှိ တပ်မ ၃၃ တပ်များအား KIA က ဝိုင်းပတ်ထားနိုင်ပြီဖြစ်၏။
KIA ၏ တတိယစစ်မျက်နှာတခုမှာ ဗန်းမော်အရှေ့တောင်ဘက်၊ မန်စီ၏အရှေ့ဘက်ရှိ ပလောင်ဒိန်ဆာ၊ ကိုက်ထိပ်၊ မန်ဝိန်းကြီးဒေသရှိ စကခ ၇ မှ တဗျူဟာ တပ်ရင်း သုံးရင်းနှင့် ရဲများထိုင်နေသည့် စခန်းများကို သိမ်းပိုက်ပြီး သုံ့ပန်း ၂၀၀ ကျော် ဖမ်းမိခဲ့၏။ ဤဒေသကို KIA သိမ်းပိုက်ခြင်းသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နမ့်ခမ်းနှင့် တဆက်တစပ်တည်း ဖြစ်သွားသည့်အပြင် ကိုက်ထိပ်မြောက်ဘက်ရှိ လွယ်ဂျယ်ဒေသနှင့် ဗန်းမော်မြို့တို့ကို ခြိမ်းခြောက်နိုင်သွား၏။ လက်ရှိအချိန် ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်များ ခံစစ်ပြင်နေသည်ဟု ကြားသိရ၏။
KIA ၏ နောက်စစ်မျက်နှာတခုမှာ ယေဘုယျဆိုလျှင် ဝိုင်းမော်စစ်မျက်နှာဟု ဆိုရမည်။ နန်ဆန်ယန်မှ ရှေ့တိုးလာသည့် KIA တပ်ဖွဲ့များသည် ဝိုင်းမော်ကို ဗဟိုပြု၍ ဆင်ဘို၊ တာလောကြီး၊ ရွှေညောင်ပင်၊ ဝါးရှောင်၊ ဆဒုံးဒေသတလျှောက် လှုပ်ရှားနေသည်ကို တွေ့ရ၏။
နောက်စစ်မျက်နှာတခုမှာ မိုးမိတ်၊ မဘိန်းဒေသဖြစ်၏။ မဘိန်းအား KIA နှင့် သူ၏မဟာမိတ်များက သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း မိုးမိတ်အား အပြင်းအထန် တိုက်တိုက်ခိုက်ဆဲကာလတွင် ပြန်ဆုတ်ပေးထားသည်ကို တွေ့ရ၏။ လက်စမသတ်ရသေးသည့် စစ်မျက်နှာတခု ဖြစ်၏။
KIA ၏ နောက်စစ်မျက်နှာတခုမှာ ယေဘုယျဆိုလျှင် ဝိုင်းမော်စစ်မျက်နှာဟု ဆိုရမည်။ နန်ဆန်ယန်မှ ရှေ့တိုးလာသည့် KIA တပ်ဖွဲ့များသည် ဝိုင်းမော်ကို ဗဟိုပြု၍ ဆင်ဘို၊ တာလောကြီး၊ ရွှေညောင်ပင်၊ ဝါးရှောင်၊ ဆဒုံးဒေသတလျှောက် လှုပ်ရှားနေသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် KIA သည် နန့်ဖတ်ကာမြို့နှင့် ခလရ ၁၂၃ ၊ မုန်းပေါ်ဒေသတို့အား တိုက်ခိုက်သိမ်းပိုက်ထားသည်ကို တွေ့ရ၏။
ကချင်ပြည်နယ် မြစ်ဆုံအထက်ဘက် အင်ဂျားယန်မြို့ရှိ စစ်တပ်နှင့်ဌာနဆိုင်ရာများ ဆုတ်ခွာသွားသဖြင့် သေနတ်တချက် မဖောက်ရဘဲ အင်ဂျားယန်မြို့ကို KIA က သိမ်းပိုက်နိုင်၏။ မြစ်ကြီနား – တနိုင်းလမ်း၊ မြစ်ကြီးနား – ပူတာအိုလမ်းနှင့် မြစ်ကြီးနား – မိုးကောင်း – မိုးညှင်း သံလမ်းရိုးတလျှောက် ယခုလပိုင်းများအတွင်း တိုက်ပွဲကြီးဖော်သည် မတွေ့ရသေးပေ။ ဤသည်မှာ လက်ရှိတွေ့နေရသည့် KIA ၏ စစ်မျက်နှာအခြေအနေဖြစ်၏။
ချင်းစစ်မျက်နှာ
ချင်းပြည်နယ်တွင် ၂၀၂၃၊ ၂၀၂၄ ခုနှစ်များအတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးများ လျော့ကျသွား၏။ လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ချင်းပြည်နယ်ရှိ ရိဒ်ခေါ်ဒါရ်၊ ဝေဘူလ၊ နှာရိန်း၊ ဆူခွါး၊ ရေဇွာ၊ လိုင်းလန်းပီ၊ မကွီအိမ်နူးတို့ကို သိမ်းပိုက်ထား၏။
စစ်ကောင်စီက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တို့တွင်သာ စခန်းထိုင်နိုင်ပြီး မြို့ပြင်ထွက်နိုင်ခြင်း မရှိပေ။ ထန်တလန်မြို့မှာ မြို့ပျက်ဖြစ်နေပြီး စစ်တပ်ရော၊ ချင်းဒေသကာကွယ်ရေးတပ် (CDF) ပါ စခန်းထိုင်ပြီး ရင်ဆိုင်ထား၏။ ကျင်ဒွေးအား CDF များက ဝိုင်းထားသည်။ ချင်းပြည်နယ်ရှိ ကျေးလက်အများစုကို ချင်းတော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များက မြို့များရှိ တပ်စခန်းများတွင်သာရှိ၏။ ထောက်ပို့ စစ်ကြောင်းမှန်သမျှကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်နေပြီး ချင်းတပ်ဖွဲ့များ လက်နက်ခဲယမ်း ပြည့်စုံပါက အခိုင်အမာစခန်းများကို ထိုးစစ်ဆင်ရန်သာရှိ၏။
ကရင်နီစစ်မျက်နှာ
ကရင်နီသည် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့်နယ်မြေ ဖြစ်သည်။ လက်ရှိအချိန်တွင် မယ်စဲ့၊ ရွာသစ်၊ မော်ချီး၊ နန့်မယ်ခုံတို့အပြင် ရှားတောကိုလည်း သိမ်းပိုက်နိုင်ပြီဖြစ်၏။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ အပြည့်အဝ မအောင်မြင်ခဲ့သော်လည်း မြို့တဝက်ကို ထိန်းချုပ်ထားနိုင်၏။ လက်ရှိ ကရင်နီပြည်နယ်နှင့် ဖယ်ခုံ၊ မိုးဗြဲဒေသများတွင် ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားနိုင်ပြီး မြို့များရှိ စစ်တပ်စခန်းများမှ စစ်ကောင်စီတပ်များမှာလည်း စခန်းတွင်သာ တပ်စွဲထားပြီး မြို့ကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ကရင်နီပြည်နယ်တခုလုံး စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြားနေပြီဖြစ်၏။
ထိုင်းနယ်စပ်တလျှောက် ကရင်နီနယ်နိမိတ်ရှိ နယ်စပ်မှတ်တိုင် BP ၉ မှ ကရင်ပြည်နယ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ နယ်စပ်တလျှောက် စစ်တပ်စခန်းအားလုံး ဆုတ်ပေးခဲ့ရပြီဖြစ်၏။ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်သည်နှင့်အမျှ ကရင်နီစစ်မျက်နှာ အရှိန်မြင့်လာဖွယ်သာရှိ၏။
ထို့ပြင် ထိုင်းနယ်စပ်တလျှောက် ကရင်နီနယ်နိမိတ်ရှိ နယ်စပ်မှတ်တိုင် BP ၉ မှ ကရင်ပြည်နယ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ နယ်စပ်တလျှောက် စစ်တပ်စခန်းအားလုံး ဆုတ်ပေးခဲ့ရပြီဖြစ်၏။ လက်နက်ခဲယမ်း ဖြည့်တင်းနိုင်သည်နှင့်အမျှ ကရင်နီစစ်မျက်နှာ အရှိန်မြင့်လာဖွယ်သာရှိ၏။
ရှမ်းတောင်စစ်မျက်နှာ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ နှစ်ကုန်ပိုင်းတွင် ပေါ်ပေါက်လာသည့် စစ်မျက်နှာသစ်ဖြစ်၏။ နောင်ထော်၊ ဆီဆိုင်မြို့နှင့် ဆီဆိုင်အခြေစိုက် ခမရ ၄၂၄ တို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO) နှင့် ကရင်နီအင်အားစုများ၊ ရှမ်းတောင် PDF များ ပူးပေါင်းတိုက်ခိုက်ပြီး ရှမ်းတောင်စစ်မျက်နှာ ပေါ်ပေါက်ခဲ့သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့မှစ၍ ဆီဆိုင်မြို့အား သိမ်းပိုက်ထားပြီး ဘန်းယဉ်အထိ စစ်မျက်နှာများ တိုးချဲ့နေ၏။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ ပူးပေါင်းပြီး ပြန်လည် ထိုးစစ်ဆင်နေသော်လည်း ယခုတိုင် တိုက်ပွဲပြင်းထန်ဆဲ ဖြစ်သည်။ PNLO နှင့် မဟာမိတ်များသည် ဆီဆိုင်မြို့အား ပြန်လည် လက်လွှတ်ရလျှင်ပင် အရေးပါသည့် နောင်ထော်နှင့် မဲနယ်တောင်ကြောအား ထိန်းချုပ်ထားနိုင်တော့မည်ဖြစ်ပြီး ရှမ်းပြည်ရှိ တော်လှန်ရေးအင်အားစုများနှင့် ကရင်နီ၊ ကရင်ရှိ အင်အားစုများကြား ဆက်သွယ်မှု ပိုမိုကောင်းမွန်သွားမည် ဖြစ်၏။
ကရင်စစ်မျက်နှာ
ကရင်စစ်မျက်နှာသည် နွေဦးတော်လှန်ရေးအင်အား စကတည်းက ပါဝင်လာသည့် စစ်မျက်နှာဖြစ်သည်။ အစောပိုင်း တိုက်ပွဲဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်တွင် စစ်တပ်က စခန်းအများစု စွန့်လွှတ်သွားပြီဖြစ်၏။
လက်ရှိ အဓိက တိုက်ပွဲဖြစ်ပွားသည့် နေရာနှစ်ခုရှိ၏။ တခုမှာ စစ်တောင်မြစ်ရိုးတလျှောက် ဖြစ်သည်။ မုန်း၊ ဇရပ်ကြီးတို့တွင် အခြေပြုသည့် အခြေစိုက်တပ်ရင်းများကို ဝင်ရောက် တိုက်ခိုက်နေကြောင်း တွေ့ရ၏။ ထို့အတူ လိပ်သို၊ သံတောင်နှင့် ရေတာရှည်ဘက်တွင်လည်း တိုက်ခိုက်နေသည်။ KNU တပ်မဟာ ၁၊ ၂၊ ၃၊ ၅ တို့မှ ပူးပေါင်းတပ်များ၊ PDF တပ်များနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေသည်ကို တွေ့ရ၏၊၊ ရန်ကုန်-မန္တလေး ကားလမ်း၊ ရထားလမ်းကို ကောင်းစွာ ခြိမ်းခြောက်နေသည်ဖြစ်ရာ စစ်တပ်က အသည်းအသန် ကာကွယ်နေသည်ကို တွေ့ရ၏။
KNU ၏ နောက်စစ်မျက်နှာတခုမှာ သင်္ကန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး တလျှောက် တိုက်ပွဲဖော်ပြီး မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ထား၏။ တပ်မ ၄၄ တပ်မမှူးအပါအဝင် အများအပြားကို ချေမှုန်းထားနိုင်၏။
ကရင်စစ်မျက်နှာတွင် စစ်ကောင်စီ၏ အားထားရာဖြစ်သည့် BGF တပ်များ ခွဲထွက်သွားခြင်းသည် စစ်ကောင်စီအတွက် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အထိနာခဲ့၏။ စစ်ရေးအရ လက်မောင်းတဖက် ပြုတ်သွား၏။
ကရင်စစ်မျက်နှာတွင် လတ်တလောတွေ့ရသည့် အလှည့်အပြောင်းမှာ စစ်ရေးတိုက်ပွဲထက် နိုင်ငံရေး အလှည့်အပြောင်း ဖြစ်သည်။ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသည့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၃ ရင်းသည် စစ်တပ်လက်အောက်ခံအဖြစ်မှ ခွဲထွက်ကာ သီးခြားရပ်တည်လိုက်ခြင်းဖြစ်ပြီး ကရင်အချင်းချင်း တိုက်ခိုက်ရာတွင် မပါဝင်တော့ဟု ကြေညာသည်ကို တွေ့ရ၏။
ကရင်စစ်မျက်နှာတွင် စစ်ကောင်စီ၏ အားထားရာဖြစ်သည့် BGF တပ်များ ခွဲထွက်သွားခြင်းသည် စစ်ကောင်စီအတွက် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အထိနာခဲ့၏။ စစ်ရေးအရ လက်မောင်းတဖက် ပြုတ်သွား၏။ တဖက်ကလည်း KNU သည် ကရင်အင်အားစုများ ညီညွတ်ရေးကို စည်းရုံးလှုံ့ဆော်နေပြီး ဤအချက်သာ အကောင်အထည်ပေါ်လာပါက ကရင်စစ်မျက်နှာ၏ စစ်ရေးအပြောင်းအလဲသည် လွန်စွာကြီးမားပေလိမ့်မည်။
မွန်စစ်မျက်နှာ
နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် မွန်တော်လှန်ရေး အင်အားစုများက ၂၀၂၁ ခုနှစ်ကတည်းက တော်လှန်တိုက်ခိုက်နေသော်လည်း ဝါရင့်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) က ပါဝင်ခြင်း မရှိပေ။
သို့သော် တွေ့ဆုံဆွေးနွေးရေးမှ မည်သည့်ရလဒ်မျှ မထွက်သည့်အပြင် အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်တော့မည်ဟု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ကြေညာသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ မွန်စစ်မျက်နှာ ပို၍ အားကောင်းလာတော့မည် ဖြစ်၏။
PDF နှင့် အခြားအင်အားစုများ
PDF တို့သည် စစ်ကိုင်း၊ မန္တလေး၊ ကရင်၊ ကရင်နီ စစ်မျက်နှာတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတူတကွ တိုက်ခိုက်နေကြသည်။ စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ရွှေပြည်အေး၊ မော်ဟန်၊ ခမ်းပါတ်တို့အား တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းသိမ်းပိုက်ထားသကဲ့သို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း သီးခြား ပြောက်ကျားနယ်မြေများ၊ တပ်ရင်းများဖွဲ့စည်းပြီး ပုံမှန် လှုပ်ရှားတိုက်ခိုက်နေကြ၏။ စစ်ရှိန်လျော့ကျသွားမှု မရှိကြချေ။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့တွင်လည်း ပြောက်ကျားတပ်ရင်းများ ဖွဲ့စည်း၍ ထိုးဖောက်တိုက်ခိုက်ရန် ကြိုးစားနေသည်ကို တွေ့ရ၏။
PDF မဟုတ်သည့် အခြား BPLA, ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) စသည့် လက်နက်ကိုင်အဖွဲ့များသည်လည်း ရှမ်းမြောက်၊ ရခိုင်၊ ကရင်စသည့် စစ်နယ်မြေများတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေ၏။
ရှမ်းမြောက်စစ်မျက်နှာ
ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ပန်လုံ၊ တာမိုးညဲ၊ မုန်းကိုး၊ ကြူကုတ်-ပန်ဆိုင်း၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ စသည့် အရေးပါသည့် မြို့များအားလုံး မြောက်ပိုင်းသုံးဖွဲ့၊ KIA နှင့် UWSA တို့က သိမ်းပိုက်ခဲ့၏။
တိုက်ပွဲများတွင် အခြေစိုက်တပ်ရင်း ၂၁ ရင်း၊ အမြောက်တပ် နှစ်ရင်း၊ စစ်လက်ရုံးတပ်ရင်းတပ်ဖွဲ့ ငါးခု၊ ဒကစ၊ စကခ ဌာနချုပ်များ၊ အခြေချစစ်ဗျူဟာ ဌာနချုပ်များ ကျဆုံးပြီး စကခ ၁၊ စကခ ၁၂၊ စကခ ၁၆၊ စကခ ၇၊ စကခ ၁၇၊ တပ်မ ၅၅၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့ အထိနာခဲ့ပြီး ဗိုလ်မှူးချုပ် တယောက်သေ၊ တယောက်အဖမ်းခံရပြီး ခုနစ်ယောက် လက်နက်ချကာ စုစုပေါင်းစစ်အင်အား ၁ သောင်းခန့် သေဆုံး၊ ဖမ်းမိ၊ လက်နက်ချခဲ့ကြ၏။ သံချပ်ကာကား၊ တင့်ကား၊ ဟောင်ဝစ်ဇာအမြောက်များ၊ ဒုံးပစ်စင်များအပါအဝင် လက်နက်ခဲယမ်း အမြောက်အများ ဆုံးရှုံးသွားခဲ့၏။
လက်ရှိ မူဆယ်တွင် စစ်တပ် စစ်အင်အား ၁၂ ရင်းအထက် ပိတ်မိနေသည်။ တပ်မ ၉၉ ၊ စကခ ၇၊ စကခ ၁၇ နှင့် ရမခ တိုင်းတပ်များ စသည်ဖြင့် စုပေါင်းစပ်ပေါင်းတပ်များ ဖြစ်သည်။ စစ်တပ်က မူဆယ်တွင် ခံစစ်ယူထားသည်ဟု ဆိုလိမ့်မည်။ မူဆယ်တွင် ပိတ်မိနေပြီး မူဆယ်မှလွဲ၍ ဘယ်မှထွက်ခွာ၍ မရသော စစ်ကောင်စီ စစ်သားများ၏ စိတ်ဓာတ်အခြေအနေမှာ ကောင်းနိုင်ဖွယ်မရှိ။ သက်သောင့်သက်သာ မရှိနိုင်သကဲ့သို့ စိတ်ဓာတ်တက်ကြွဖွယ် မရှိပေ။
ရှမ်းမြောက် ရမခ တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တွင် စစ်တပ်က အဓိကခံစစ် ပြင်ထားသည်။ တိုင်းတပ်များအပြင် စကခ ၁၀၊ စကခ ၁၈ မှ တပ်အချို့ရှိသည့်အပြင် လောက်ကိုင်မှ လက်နက်ချပြီး ပြန်လာသည့်တပ်မ ၅၅၊ စကခ ၁၆၊ စကခ ၁ မှ တပ်များရှိ၏။
စစ်တပ်က မူဆယ်တွင် ခံစစ်ယူထားသည်ဟု ဆိုလိမ့်မည်။ မူဆယ်တွင် ပိတ်မိနေပြီး မူဆယ်မှလွဲ၍ ဘယ်မှထွက်ခွာ၍ မရသော စစ်ကောင်စီ စစ်သားများ၏ စိတ်ဓာတ်အခြေအနေမှာ ကောင်းနိုင်ဖွယ်မရှိ။ သက်သောင့်သက်သာ မရှိနိုင်သကဲ့သို့ စိတ်ဓာတ်တက်ကြွဖွယ် မရှိပေ။
လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် ကားလမ်းတလျှောက်နှင့် လားရှိုး၊ နန့်ပေါင်၊ တန့်ယန်း၊ မိုင်းရယ် ကားလမ်းတလျှောက် အင်အားဖြည့်တင်းထား၏။ သို့သော် နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ မြို့များ လက်လွှတ်ထားရ၍ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် လမ်းကြောင်းနှင့်မြို့များ လုံခြုံရေးအရ အာမခံချက် မရှိသကဲ့သို့ မုန်းကျက်၊ မုန်းယော်ဂွင် လက်လွှတ်ရသဖြင့် လားရှိုး၊ နန့်ပေါင်၊ တန့်ယန်းလမ်းကြောင်းနှင့်မြို့များ ခြိမ်းခြောက်ခံနေရ၏။
လက်ရှိအချိန်တွင် ရှမ်းမြောက်တွင်ရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ TNLA, AA နှင့် မဟာမိတ်တပ်များသည် တလခန့်အနားရပြီး အင်ပြည့်အားပြည့် ဖြစ်နေ၏။ အောင်မြင်မှုကြောင့် စိတ်အားတက်ကြွနေကြ၏။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ထံမှ လက်နက်ခဲယမ်း တောင်ပုံရာပုံ ရရှိထား၏။ ရှမ်းမြောက်တွင် စုစည်းထားသော စစ်အင်အား၊ လက်နက်အင်အားနှင့်ဆိုလျှင် မူဆယ်မဆိုထားနှင့် လားရှိုးသည်လည်း ခံနိုင်ဖွယ်မရှိသည့်အပြင် ပြင်ဦးလွင်အား ကောင်းစွာ ခြိမ်းခြောက်နိုင်သည်။
ထို့ကြောင့် တရုတ်နှစ်သစ်ကူးကာလတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ကို အတင်းဖိအားပေး စစ်ရပ်ခိုင်းထားသော တရုတ်တို့သည် တရုတ်နှစ်ကူးအလွန်ကာလတွင် မြောက်ပိုင်းသုံးဖွဲ့ကို ဆက်လက် တားဆီး၍ ရပါဦးမည်လော ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။ လက်ရှိ စစ်ရေးအခြေအနေအရ မြောက်ပိုင်းသုံးဖွဲ့၏ ရှမ်းမြောက်စစ်ဆင်ရေး ပြန်လည်စတင်သည်နှင့် ရှမ်းမြောက်တိုက်ပွဲများသည် မြန်မာပြည်အနှံ့တွင် ချက်ချင်းဆိုသလို စစ်ရေးအရ ပြင်းထန်စွာ သက်ရောက်ပေလိမ့်မည်။ အရာအားလုံးကို ဆွဲချသွားနိုင်၏။ ယခု နဂါးနှစ်တွင် မြန်မာစစ်တပ်ကို အပြီးသတ်ချေမှုန်းမည်ဟု ထုတ်ပြန်ထားသည့် မြောက်ပိုင်းသုံးဖွဲ့၏ ကြေညာချက်သည် စိတ်ဝင်စားဖွယ်ဖြစ်၏။
သို့ဖြစ်ပေရာ တရုတ်နှစ်သစ်ကူးအပြီး တရုတ်တို့၏ခြေလှမ်းနှင့် မြောက်ပိုင်းသုံးဖွဲ့ ရှမ်းမြောက်ခြေလှမ်းသည် စိတ်ဝင်စားဖွယ်ဖြစ်၏။ သို့သော်လည်း မြန်မာပြည်၏ နိုင်ငံရေးအခြေအနေအား တရုတ်သာမက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများက အထူးအာရုံစိုက်ကြသည်။ ဒေသတွင်း အရေးပါသည့် နိုင်ငံရေးပြဿနာအဖြစ် ကြည့်မြင်ကြ၏။ မြန်မာပြည် နိုင်ငံရေးပြဿနာသည် အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေပြီဟု သုံးသပ်ရှုမြင်ကြ၏။ အလေးထားကြ၏။ မြန်မာပြည်၌ စစ်ရေးတိုက်ပွဲများ မြင့်တက်လာခြင်းကို စိုးရိမ်နေကြပုံရ၏။ သို့ဖြစ်ရာ မြန်မာပြည်ပြဿနာသည် ရိုးစင်းလှမည်တော့ မဟုတ်ပေ။
စစ်ရေးအရ အသာစီးရနေသည့်၊ အခွင့်အလမ်းကောင်းများရှိနေသည့် မြောက်ပိုင်းသုံးဖွဲ့၊ အဓိကအားဖြင့် MNDAA နှင့် TNLA အနေနှင့် ရှမ်းမြောက်စစ်ဆင်ရေးကို ဆက်လက် ရပ်တန့်ထားပါက ရရှိထားသည့် အခွင့်အခါကောင်းကို လက်လွှတ်ဆုံးရှုံးပြီး စစ်ကောင်စီကို အင်အား ပြန်လည်ဖြည့်တင်းခွင့်ပေးရာ ရောက်ပေလိမ့်မည်။ ရေရှည်တွင် MNDAA နှင့် TNLA တို့ နောင်တရမည့်ဖြစ်ရပ်မျိုး ဖြစ်လာနိုင်သည်
သို့သော် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်း၍ ပြည်သူအားလုံးကို စစ်ထဲဆွဲသွင်းရန် ကြိုးစားနေ၏။ စစ်အင်အား ဖြည့်တင်းရန် ကြိုးစားနေ၏၊၊ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် စစ်အင်အား ၅,၀၀၀ စတင်လေ့ကျင့်မည်ဟု စစ်ကောင်စီပြောခွင့်ရသူက ဆိုသည်။ ဤကဲ့သို့သော အချိန်ကာလတွင် စစ်ရေးအရ အသာစီးရနေသည့်၊ အခွင့်အလမ်းကောင်းများရှိနေသည့် မြောက်ပိုင်းသုံးဖွဲ့၊ အဓိကအားဖြင့် MNDAA နှင့် TNLA အနေနှင့် ရှမ်းမြောက်စစ်ဆင်ရေးကို ဆက်လက် ရပ်တန့်ထားပါက ရရှိထားသည့် အခွင့်အခါကောင်းကို လက်လွှတ်ဆုံးရှုံးပြီး စစ်ကောင်စီကို အင်အား ပြန်လည်ဖြည့်တင်းခွင့်ပေးရာ ရောက်ပေလိမ့်မည်။ ရေရှည်တွင် MNDAA နှင့် TNLA တို့ နောင်တရမည့်ဖြစ်ရပ်မျိုး ဖြစ်လာနိုင်သည်ကို အထူးသတိပြုရန်လို၏။
တရုတ်နှစ်သစ်ကူး၍ နဂါးနှစ်တွင်း ဝင်ရောက်ခဲ့ပေပြီ။ နဂါးနှစ်အတွင်း မြန်မာပြည်၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေကား စိတ်လှုပ်ရှားဖွယ်အပြည့်ဖြစ်၏။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ
မြန်မာ့အာဏာသိမ်းမှု ၃ နှစ်အကြာ တရုတ်သာ အမြတ်ထွက်
ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ
အပြင်းအထန် ဆန့်ကျင်ခံနေရသည့် အတင်းအကျပ် စစ်သားစုဆောင်းမှု
ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ