(နိုင်ငံရေးအကျဉ်းသူ မနိုဘယ်အေးကို စစ်ကောင်စီတပ်တွေက အခုလအစောပိုင်း ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ဖမ်းထားစဉ် သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီက သူနဲ့အခြား နိုင်ငံရေးအကျဉ်းသား မိသားစုတခုအကြောင်း ၂၀၀၈ ခုနှစ်က ရေးသားခဲ့တာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။)
ဒီဇာတ်လမ်းကတော့ အချစ်ရေးထက် တိုင်းပြည်အရေးကို ရှေ့တန်းတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ချစ်သူ နှစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ဟာ ထောင်တွေကျကြ၊ ပြည်ပမှာ သွားရောက် နေထိုင်ရတာတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူတို့တွေဟာ နက်နက်ရှိုင်းရှိုင်း ချစ်ခင်နေကြဆဲဖြစ်ပြီး အရေးတော်ပုံထဲက အခြားချစ်သူတွေလိုပဲ မြန်မာနိုင်ငံ ဒုက္ခရောက်တဲ့အချိန်တွေမှာ ကြေကွဲစွာ ခွဲခွာရပြီး ထောင်ထဲထည့်ခံရ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးကြရပါတယ်။
ဒါပေမယ့် အံ့သြစရာကောင်းတာက သူတို့ဘဝတွေမှာ ချစ်ခြင်းမေတ္တာတရားဟာ ခံနိုင်ရည်ရှိပြီး နက်နက်ရှိုင်းရှိုင်း စီးဆင်းနေဆဲ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့မှာ ချစ်သူရည်းစားဘဝ တနှစ်ပြည့်တဲ့အခါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်အေးက သူ့ချစ်သူ တက်ကြွလှုပ်ရှားသူ မနိုဘယ်အေးကို မေးခွန်းတခု မေးခဲ့တယ်။
“မင်းကိုယ့်ကို တကယ်ချစ်တာလား” လို့ ကိုတင်အေးက မေးပါတယ်။
“ချစ်တယ်” လို့ မနိုဘယ်အေးက ရှက်ပြုံးနဲ့ ပြောပါတယ်။
ဒီလို ချိုမြိန်တဲ့စကားတွေဟာ သူတို့နောက်ဆုံးပြောခဲ့တဲ့ စကားတွေထဲကတခု ဖြစ်မယ်ဆိုတာကို အဲဒီအချိန်တုန်းက အသက် ၄၄ နှစ် ရှိပြီဖြစ်တဲ့ တက်ကြွလှုပ်ရှားသူ ကိုတင်အေး မသိပါဘူး။
နောက်တနေ့မှာတော့ မနိုဘယ်အေးရဲ့အိမ်ကို စစ်အာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး သူ့ကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ကိုတင်အေးဟာ ရန်ကုန်မှာ လအနည်းငယ်နေထိုင်ပြီး နိုင်ငံထဲမှာ နိုင်ငံရေးလှုပ်ရှားမှု ဆက်လုပ်ရတာ အန္တရာယ်ကြီးတဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုတင်အေးနဲ့ သူ့ချစ်သူ အသက် ၃၃ နှစ်အရွယ် မနိုဘယ်အေး ခေါ် မနှင်းမေအောင်ဟာ စစ်တပ်က အုပ်ချုပ်နေတဲ့ နိုင်ငံအတွက် ဒီမိုကရေစီအပေါ် နက်ရှိုင်းတဲ့ သန္နိဋ္ဌာန် ချထားသူတွေဖြစ်ပြီး ဖြစ်နိုင်ရင် သူတို့ တဦးနဲ့တဦးချစ်တဲ့ အချစ်ထက်တောင် ပိုမိုနက်ရှိုင်းနေနိုင်ပါတယ်။
မနိုဘယ်အေးဟာ ၁၉၉၈ ခုနှစ်မှာ ပထမဆုံးအကြိမ် အဖမ်းခံရပြီး ၂၀၀၅ ခုနှစ်အထိ ထောင်အမျိုးမျိုးမှာ နေထိုင်ခဲ့ရပါတယ်။ သူ့ရဲ့မိခင်ဟာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်အဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အဲဒီနှစ်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။
ကိုတင်အေးကတော့ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီး ထောင် အနှစ် ၂၀ ချခံရပါတယ်။ အင်းစိန်ထောင်မှာ သူထောင်ချခံခဲ့ရတဲ့ ပထမနှစ်အတွင်းမှာပဲ သူရဲ့ ပထမဆုံးချစ်သူက သူ့ကို စွန့်ခွာသွားပါတယ်။
ကိုတင်အေးနဲ့ သူ့ချစ်သူ အသက် ၃၃ နှစ်အရွယ် မနိုဘယ်အေး ခေါ် မနှင်းမေအောင်ဟာ စစ်တပ်က အုပ်ချုပ်နေတဲ့ နိုင်ငံအတွက် ဒီမိုကရေစီအပေါ် နက်ရှိုင်းတဲ့ သန္နိဋ္ဌာန် ချထားသူတွေဖြစ်ပြီး ဖြစ်နိုင်ရင် သူတို့ တဦးနဲ့တဦးချစ်တဲ့ အချစ်ထက်တောင် ပိုမိုနက်ရှိုင်းနေနိုင်ပါတယ်။
“ကျနော်တို့ဘဝတွေက ဒီလိုပဲ” လို့ ကိုတင်အေးက ပြောပါတယ်။ သူထောင်ထဲမှာ ၁၆ နှစ်နီးပါး နေခဲ့ရပါတယ်။
မနိုဘယ်အေးနဲ့ ကိုတင်အေးတို့ နှစ်ယောက်စလုံးဟာ ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်လာပါတယ်။ နောက် တနှစ်လောက်ကြာတဲ့အခါ သူတို့ နှစ်ဦးဟာ ရန်ကုန်က မဂ္ဂဇင်းရုံခန်းတခုမှာ အယ်ဒီတာအဖွဲ့ဝင်တွေအဖြစ် လုပ်ကိုင်ရင်း ပထမဆုံး ဆုံတွေ့ကြပါတယ်။ အဲဒီတုန်းက မနိုဘယ်အေးဟာ ဒဂုံတက္ကသိုလ်မှာ ရူပဗေဒမေဂျာ တက်နေပါတယ်။
သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်တွေနဲ့ လှုပ်ရှားမှုနဲ့ ထောင်တွင်းက တူညီတဲ့အတွေ့အကြုံတွေဟာ သူတို့တွေကို ပိုမိုနီးကပ်သွားစေတယ်ဆို သူတို့သိလိုက်ကြတယ်။ သူတို့တဦးနဲ့တဦး လေးစားချစ်ကြည်တဲ့အချစ်နဲ့ နက်နက်ရှိုင်းရှိုင်း ချစ်လာကြတယ်ဆိုတာဟာ လွှဲရှောင်လို့မရတဲ့ ကိစ္စလို့ ဆိုနိုင်ပါတယ်။
သူတို့ကို ခွဲခွာစေနိုင်တဲ့ တခုတည်းသောအရာကတော့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။ သူတို့တဦးစီဟာ စစ်အုပ်စုကို ဆန့်ကျင်တဲ့ နိုင်ငံရေးဆန့်ကျင်မှုကို ဆက်လက် လုပ်ကိုင်နေကြပါတယ်။
“သူ့ကို ကျနော်ချစ်လို့ သူ့နိုင်ငံရေးကို အနှောင့်အယှက် မဖြစ်စေချင်ဘူးလို့ ကျနော်သူ့ကိုတခါက ပြောခဲ့ဖူးတယ်။ နိုင်ငံအရေးနဲ့ပတ်သက်ရင် မင်းကကိုယ့်ရဲ့ ဒုတိယဦးစားပေးပဲလို့ ကျနော်သူ့ကို ပြောထားတယ်” လို့ ကိုတင်အေးက ပြောပြပါတယ်။
နောက်တော့ တံခါးခေါက်သံ၊ ဖမ်းဆီးမှု၊ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတာတွေ ဖြစ်လာမယ်။ ချစ်သူ နှစ်ဦးရဲ့ခွဲခွာမှု ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ မနိုဘယ်အေးကို ထောင်ဒဏ်မချရသေးပါဘူး။
မနိုဘယ်အေးနဲ့ နိုင်ငံကို ဒီမိုကရေစီဆောင်ယူပေးဖို့ သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှုအတွက် ဂုဏ်ယူတယ်လို့ ကိုတင်အေးက ပြောပါတယ်။ မနိုဘယ်အေးဟာ ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ အဲဒီတုန်းက ကိုမင်းကိုနိုင်ဟာလည်း အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံနေရပါတယ်။ အဲဒီကျောင်းသားအဖွဲ့ဟာ ၂၀၀၇ ခုနှစ်၊ သြဂုတ်လမှာ စစ်အုပ်စုက လောင်စာဆီဈေးနှုန်း မြှင့်တင်လိုက်တာကို ဆန့်ကျင်ချီတက်ကြပြီး အဲဒီလှုပ်ရှားမှုကြောင့် စက်တင်ဘာလမှာ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်လာပါတယ်။
အဲဒီကျောင်းသားအဖွဲ့က အများအပြားဟာ သြဂုတ်အတွင်း ဖမ်းဆီးထောင်ချခံရပြီး အဲဒီအချိန်က စတင်ကာ ကျန်တဲ့သူတွေလည်း ပုန်းအောင်းနေကြပြီး သူတို့ရဲ့ လျှို့ဝှက်နိုင်ငံရေး လှုပ်ရှားမှုကို ဆက်လက် လုပ်ကိုင်ကြပါတယ်။
တကယ်တော့ ကိုတင်အေးနဲ့ မနိုဘယ်အေးတို့ အချစ်ဇာတ်လမ်းဟာ စစ်အာဏာရှင်စနစ်အောက်က တက်ကြွလှုပ်ရှားသူတွေကြားမှာ တွေ့နေကျထုံးစံပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရှင် တက်ကြွလှုပ်ရှားသူတွေနဲ့ ချစ်သူစုံတွဲတွေဟာ ၁၉၈၈ ခုနှစ်မှာ စစ်အုပ်စု အာဏာသိမ်းပြီးနောက် သံယောဇဉ်နဲ့ ခွဲခွာရခြင်းတွေကို ခံစားရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာအနက် အားလုံးနီးပါးမှာ သံယောဇဉ်နဲ့ ခွဲခွာရခြင်းတွေ ကြုံတွေ့ရပါတယ်။ ချစ်သူတွေ၊ မိဘတွေ၊ သားတွေ၊ သမီးတွေ၊ ခင်ပွန်းသည်နဲ့ ဇနီးသည်တွေ ခွဲခွာကြရပါတယ်။
အခုပြောပြမယ့် နောက်ထပ် ဇာတ်လမ်းတပုဒ်ကတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဖခင်နဲ့ ဖခင်ကို ထောင်ထဲမှာ နှစ်ပေါင်းများစွာချထားလို့ သူ မရှိဘဲ လူလားမြောက်ခဲ့တဲ့ သူ့သမီးအကြောင်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာအနက် အားလုံးနီးပါးမှာ သံယောဇဉ်နဲ့ ခွဲခွာရခြင်းတွေ ကြုံတွေ့ရပါတယ်။ ချစ်သူတွေ၊ မိဘတွေ၊ သားတွေ၊ သမီးတွေ၊ ခင်ပွန်းသည်နဲ့ ဇနီးသည်တွေ ခွဲခွာကြရပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ နေဝင်းဟာ ၁၉၈၉ ခုနှစ်မှာ ကိုတင်အေး အပါအဝင် တခြား တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးသမား ၂၀၀ လောက်နဲ့အတူ အဖမ်းခံရပါတယ်။ သူ အဖမ်းခံရချိန်မှာ အသက် ၈ လအရွယ် သမီးငယ်လေး ကျန်ရစ်ခဲ့ပါတယ်။ သူဟာ ထောင် အနှစ် ၂၀ အချခံရပြီး ၂၀၀၅ ခုနှစ်မှာ ပြန်မလွတ်မီအထိ ထောင်အမျိုးမျိုးမှာ ၁၅ နှစ် နေခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်၊ ဇွန်လမှာ ဒေါက်တာ နေဝင်း ထပ်မံအဖမ်းခံရတဲ့အခါ သူ့သမီး မနှင်းပွင့်ဝေပါ အဖမ်းခံရပါတယ်။ အဲဒီအချိန်မှာ သူဟာ ရန်ကုန်က အစိုးရနည်းပညာကောလိပ်ကျောင်းသူ ဖြစ်နေပါပြီ။
အဖေတူသမီး အသက် ၂၀ အရွယ် မနှင်းပွင့်ဝေဟာ ၂၀၀၇ ခုနှစ်မှာ လျှို့ဝှက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ သမိုင်းဝင် ကျောင်းသားအဖွဲ့အစည်းဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက သံဃာ့အရေးအခင်းအတွင်းမှာ ပြောခွင့်ရသူအဖြစ် တာဝန်ယူခဲ့ပါတယ်။
အဲဒီနောက်တော့ အဖေရော သမီးပါ အင်းစိန်ထောင်ကို ရောက်သွားကြပါတယ်။
ဒါတွေကတော့ မြန်မာနိုင်ငံက ကြေကွဲစရာ မေတ္တာနဲ့ ဆုံးရှုံးမှု ဇာတ်လမ်းတွေထဲက နှစ်ပုဒ်မျှသာ ဖြစ်ပါတယ်။
နိုင်ငံကိုချစ်တဲ့အချစ်၊ နိုင်ငံကိုဆုံးရှုံးရတဲ့ ဆုံးရှုံးမှု။ အမျိုးသမီးတဦးအတွက် သို့မဟုတ် အမျိုးသားတဦးအတွက် ချစ်ခြင်းမေတ္တာ။ အမျိုးသမီးတဦး သို့မဟုတ် အမျိုးသားတဦးကို ဆုံးရှုံးမှု။
ဒါတွေအားလုံးမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုရဲ့ မျက်ရည်တွေ စီးဆင်းနေပါတယ်။
“နိုဘယ်ကို ဘယ်တော့ပြန်တွေ့နိုင်မလဲ ကျနော်မသိဘူး” လို့ ကိုတင်အေးက ပြောပါတယ်။ “ဒါပေမယ့် သေချာတာတခု ရှိတယ်။ သူ့ကို ဘယ်လောက်ပဲကြာကြာ ဖမ်းထားပါစေ။ ကျနော် စောင့်မယ်။ ဒါက ကျနော့်ရဲ့ သံမဏိစည်းမျဉ်းပဲ” လို့ သူကဆက်ပြောပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် ကျော်စွာမိုး၏ Imprisonment Fails to Dim Love ကို ဘာသာပြန်သည်။)
You may also like these stories:
မအူပင်ထောင်မှ နိုင်ငံရေးအကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ
စစ်အာဏာသိမ်းမှုကို ဆက်လက် အာခံနေသော နိုင်ငံရေးအကျဉ်းသူများ
နိုင်ငံရေးအကျဉ်းသူများ ခံစားခဲ့ရသည့်ဒုက္ခများကို အသိအမှတ်ပြုရန်တောင်းဆို
နိုင်/ကျဉ်း အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခံနေရ