လူ့ဘဝ ဆိုတာ ရခဲသည်ဟု ဆိုကြသည်။
မှန်ပါသည်။ လူနှင့် တိရစ္ဆာန်၏ ကွာဟချက်ကို သင်တို့လည်း ဖတ်ဖူးကြမည်။
လူဖြစ်ရသည်မှာ မြတ်သည်ဟု ကျနော်တို့ သိခဲ့၊ နားလည်ခဲ့၊ ခံယူခဲ့ပါသည်။ လူသား ဘဝကို ပိုင်ဆိုင်ခွင့် ရသည်ကိုလည်း ဂုဏ်ယူ ကျေနပ်မိပါသည်။
လူ့ဘဝ ဆိုတာ ရခဲသည့် ဒုလ္လဘ ပဲဟု ကြားနာဖူးသည်။ မနုသတ္တဒုလ္လဘ။ ရှေးဘဝ ကုသိုလ် ကောင်းခဲ့လို့ လူ့ဘဝ ရတာဟု မိဘ လူကြီးများက ဆိုဆုံးမကြသည်။
ဟုတ်ပါသည်။ လက်ခံပါသည်။ ကျေနပ်မိပါသည်။
လူ့ဘဝကို ပြန်ပြီး ရဖို့ ဆုတောင်းကြသည်။ နောင်ဘဝကူး ကောင်းပြီး လူ့ဘဝကို ပြန်လိုချင်ကြသည်။
တချို့ကလည်း အထွန့်တက်ပြီး နောင်ဘဝမှာ လူပြန်ဖြစ်ရင် ဘယ်လိုမျိုး ပြန်ပြီး မွေးချင်သည် ဆိုသည့် စိတ်ကူး ဆုတောင်း တွေလည်း ရှိသည်။
ရုပ်ရည်၊ ဥစ္စာဓန၊ အာဏာ၊ ယောက်ျား မိန်းမတောင် ပါလိုက်သေး။
အခုတလော ကြားရတဲ့ စကားဝိုင်းတွေမှာတော့ “ငါတို့ ဘာလို့ ဒီတိုင်းပြည်မှာ လာပြီး လူဖြစ်ရတာလဲ” ဆိုသည့် ညည်းတွားသံများ ဖြစ်ပေတော့သည်။
ဒီတိုင်းပြည် ဆိုတာ မြန်မာပြည်။
ကျနော်ကတော့ ဝေးလေ ကောင်းလေပဲ ဟု ပြည်ပကို ထွက်လာသော လူငယ်လေးက ပြောသည်။ သူ့အသက်က ၂၁ နှစ်။
ကျမက လူ့ဘဝတော့ ပြန်ရချင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ လူပြန်မဖြစ်ချင်တော့ဘူး…။ အသက် ၄၀ အရွယ် စာရေးဆရာမလေးက အဝေးကို ငေးကြည့်ရင်း လေးလေးတွဲ့တွဲ့ ပြောသည်။
ကျနော်ကရော…
မြန်မာပြည်မှာ ဘာကြောင့် လူဖြစ်ရတာလဲ ဆိုတာကို တွေးခဲ့မိတာ အကြိမ်ပေါင်း များစွာ ရှိခဲ့ပြီ။ သုံးနှစ်ခန့် ရှိခဲ့ပါပြီ။
သူငယ်ချင်းကို မေးကြည့်တော့ ဝဋ်ပေါ့ကွာ ဟု ခပ်တိုတိုပဲ ဖြေပါသည်။ ထိုအဖြေသည် လုံလောက်ခြင်း မရှိပါ။ ကျနော်က ဗီတိုဖြင့် ပယ်ချလိုက်ပါသည်။
“ရှေးဘဝ ကုသိုလ် မကောင်းလို့ပေါ့ကွာ” သူငယ်ချင်းက ထပ်ပြီး တင်ပြပါသည်။
ကျနော်သည် ကုသိုလ် ဆိုသော ဘိဇနက် လုပ်ငန်းထဲတွင် ကာလ အတန်ကြာ အငြိမ်းစား ယူခဲ့ပြီး ဖြစ်သည့် အတွက် သူပြောသည့် စကားကို လက်မခံပါ။
ဗုဒ္ဓဘာသာကို အများစုက ကိုးကွယ် နေထိုင်သော မြန်မာတွင် ရှေးဘဝ ကုသိုလ် မကောင်းလို့ ဆိုသော တင်ပြချက်ကို ကျနော် ဘဝင်မကျပါ။
မြန်မာပြည်တွင် နေ့စဉ် အသံမစဲ မဟာပဌာန်း ရွတ်ဆိုပွဲ လော်စပီကာ သံများနှင့် ကြီးပြင်းခဲ့သော ကျနော်တို့သည် ဖက်ဆစ် အယုတ်တမာများ လက်ထက်မှာ ဘာကြောင့် လူလာဖြစ်ရသလဲ ဆိုတဲ့ မေးခွန်းပင် ဖြစ်သည်။
နေရာတိုင်း စေတီပုထိုး ဘုရား ကျောင်းကန် ရှိသော တိုင်းပြည် ရှေးဘဝက ကမ္ဘာမှာ ကုသိုလ် အကောင်းဆုံး နိုင်ငံ ဖြစ်သင့်ပါသည်။
ဒီလိုဆိုလျှင် သန်းပေါင်းများစွာသော မြန်မာပြည်သူ ပြည်သားများသည် ရှေးဘဝ ကုသိုလ် မကောင်းခဲ့သူများ ဖြစ်ပါသလား…။
သူတို့ မြန်မာပြည်မှာ ဒီလို အချိန်ကြီးမှာ လူဖြစ်လာရခြင်းကို ဘယ်လို ရှုမြင် သုံးသပ်ကြသလဲ…။
ဒီမေးခွန်းကို ကျနော့်နည်းတူ လိုက်ပြီး မေးနေသူတွေ ထောင်နဲ့ သောင်းနဲ့ချီ ရှိနိုင်ပါသည်။
“ဗမာပြည်ကတော့ မလွယ်ပါဘူး…ပျက်ပါပြီ”
ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်နေသော ရှမ်းမလေးသည် နိုင်ငံရေး သုတေသီ မဟုတ်ပါ။ သူ ဒီလို လက်လွတ်စပယ် ပြောချင်းကို နိုင်ငံရေး သုခမိန်များက သဘော မတူနိုင်ပါ။
သီအိုရီများနှင့် ချေဖျက် ငြင်းဆိုနိုင်ပါသည်။
ကျနော်ကတော့ ခေါင်းညိတ် လိုက်ပါသည်။
ထိုရှမ်းမလေးသည် စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးချိန်တွင် ရှမ်းပြည်မှ မိသားစုပေါင်း ၅ စုကို ထိုင်းဘက်ကို ရွှေ့ခဲ့ပြီး ဖြစ်သည်။
“အမေကတော့ မရွှေ့ဘူး ပြောတယ်”
သူသည် အသစ် ရောက်လာသော၊ အိမ် မပြန်ရန် ဆုံးဖြတ်ထားသော သူ၏ ဧည့်သည် အသစ်များ နေရာ ပြန်လည် ချထားရေး၏ အကြီးအကဲ ဖြစ်ပြီး အလုပ်များနေတော့သည်။
မြန်မာပြည်မှာ လူပြန်ဖြစ်ချင်သည့် မိတ်ဆွေ အမျိုးသမီး တဦးကလည်း ပြောသည်။ သူလည်း မိသားစုလိုက် ရွှေ့ပြောင်း လာသူ ဖြစ်သည်။ မြန်မာပြည်ကို ချစ်သည့်စိတ် အပြည့်။ စစ်ကိုင်းချောင်မှာ ကျောင်းထိုင်ပြီး နောက်ဆုံး အချိန်တွေကို ဖြတ်သန်းချင်လို့။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်သည်။
စစ်မှု ထမ်းရမည့်သူများမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံး၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ အာလုံး စစ်မှုထမ်းရမည် ဖြစ်သည်။
အသက် ၁၈ နှစ်မှ ၄၅ နှစ် အတွင်း ပညာရှင် အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ပညာရှင် အမျိုးသမီးများလည်း အကျုံးဝင်သည်ဟု ဆိုထားသည်။
စစ်မှုထမ်းရမည့် သက်တမ်းမှာ နိုင်ငံ၏ အရေးပေါ် အခြေအနေအရ ၅ နှစ်ဟု ဖော်ပြထားသည်။
ထို စစ်မှုထမ်း ဥပဒေ အသက်သွင်းပြီးနောက် နိုင်ငံအတွင်းရှိ လူငယ် လူရွယ်များနှင့် မိဘများကြားတွင် အကြီးအကျယ် ဂယက်ရိုက်ကုန်တော့သည်။
အထူးသဖြင့် မိဘများ ခေါင်းမီး တောက်ကြရသည်။
ကျနော် စောစောက တွေးဖူးသည်။ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် အဲဒီ နိုင်ငံတွေမှာ လူဖြစ်ချင်သည်ဟု။ ပေါက်ပေါက်ရှာရှာ အတွေး။ လူတွေလို ခံစားနေထိုင်နိုင်ခွင့် ရှိလို့ဟု ဆိုရမလား…။
ဘီယာဝိုင်းမှာ ထိုင်တော့ အယုတ်တမာ ဂုဏ်းချုပ်ကြီးကို တိရစ္ဆာန်ရုံထဲ ထည့်ပြီး Fund Raising လုပ်မယ့် အကြောင်း ရယ်စရာ ပြောကြတော့ ခုနက အတွေးများသည် ရယ်မောသံများ၊ ဘီယာခွက် တိုက်သံများ အကြား ပျောက်သွားတော့သည်။
“သူ့ကို ရာထူး အဆောင်အယောင်တွေ မချွတ်ဘဲ ဒီအတိုင်း ထားပြီး ရုံထဲမှာ ထည့်ထားမယ်”
“လူတွေက နေ့စဉ် လာကြည့်၊ ပြစားရမယ်၊ မိန့်ခွန်းတွေ ပြောခိုင်းမယ်” ဟု တယောက်က ဝင်ထောက်သည်။
(တိရစ္ဆာန်တွေကို စော်ကားသလိုတော့ ဖြစ်သွားပါသည်။)
ထို အတွေးနှင့်ပင် ကျနော်တို့၏ စိတ်သည် ပေါ့ပါးလာသည်။
လူ့ဘဝမှာ မျှော်လင့်ချက် ရှိရသည်။ ရှေးဘဝ၊ နောက်ဘဝ၊ လူ့ဘဝ ဆိုတာတွေကတော့ ထီထိုးလို့ မရပါ။
မြန်မာပြည်နဲ့ ဝေးဝေးနေချင်သူတွေ၊ မြန်မာပြည်မှာ လူပြန်မဖြစ်ချင်တော့ပါဘူး ဆိုသော သူများကို တွေ့ရဖန်များလာသော ကျနော်သည် ဤစာစုကို ရေးမိခြင်း ဖြစ်ပါသည်။
ကျနော်တို့ လူပြန် ဖြစ်ရင်လည်း အယုတ်တမာများ တိရစ္ဆာန်ရုံထဲ ရောက်နေချိန် ဆိုရင်လည်း မြန်မာပြည်မှာ လူပြန် ဖြစ်ရတာ အိုခေ ပါတယ် ဟု ဆိုချင်ပါသည်။ ။