ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်း သီးခြားတည်ရှိနေတဲ့ အဆင့်မြင့်လူနေအိမ်ရာဝင်းတခုထဲက မိုးပြာရောင် နှစ်ထပ် တိုက်အိမ်ကြီးထဲမှာ ဆိုဖီယာတို့လူတစု တယ်လီဖုန်း၊ ကွန်ပျူတာကိုယ်စီနဲ့ လူမှုဆက်သွယ်ရေးကွန်ရက်တွေကတဆင့် စကားပြောစည်းရုံးရမယ့် သားကောင်တွေကို အာရုံစိုက်ရှာဖွေရင်း တိတ်ဆိတ်နေကြပါတယ်။
လူမှုကွန်ရက်ပေါ်က စကားပြောအက်ပလီကေးရှင်းတခုကို ဖွင့်လိုက်ပြီးတာနဲ့ တပြိုင်နက်တည်း ဆိုဖီယာဟာ အမေရိကား၊ စပိန်၊ ကနေဒါ စတဲ့ နိုင်ငံတွေက အမျိုးသားတွေဆီ မိတ်ဆက်စကားတွေ ဆက်တိုက်ပို့ကာ သူ့ နေ့စဉ်အလုပ်ကို စတင် လိုက်ပါတယ်။
သူဟာ အမေရိကားမှာနေထိုင်တဲ့ မြန်မာပြည်ဖွား မိန်းကလေးတဦးဖြစ်ကြောင်းနဲ့ တဖက်က လက်ခံစကားပြောသူ နေထိုင်တဲ့နိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်နေတာဖြစ်ကြောင်း မိတ်ဆက်တာကနေ Crypto လို့ခေါ်တဲ့ ဒီဂျစ်တယ်ငွေ ကြေးရင်းနှီးမှုလုပ်ငန်း အကြောင်းပြ ငွေကြေးထည့်ဝင်လာရေး စည်းရုံးလိမ်လည်ဖို့အတွက် ခြေလှမ်းစတင်လိုက်ပါတယ်။
အမေရိကန်ရောက် မြန်မာအမျိုးသမီးတဦးအဖြစ် ပြောဆိုနေရတဲ့ ဆိုဖီယာဟာ တကယ်တော့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်ခန့်အရွယ် ကိုဦးဆိုတဲ့ လူငယ်အမျိုးသားတဦးဖြစ်ပြီး နိုင်ငံရပ်ခြားက အမျိုးသားတွေကို ပစ်မှတ်ထား လိမ်လည်နိုင်ဖို့ အမျိုးသမီးတယောက်လို ဟန်ဆောင်ပြောဆိုနေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ တောင်ပိုင်းခရိုင်အခြေစိုက် ငွေချေးလုပ်ငန်းတခုမှာ အလုပ်လုပ်ကိုင်နေခဲ့တဲ့ ကိုဦးအနေနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ချေးငွေပြန်တောင်းရာမှာ ခက်ခဲတာရယ်၊ လုယက်မှုသတင်းတွေရယ်ကြောင့် အလုပ်ကနေ ရပ်နားခဲ့ရပါတယ်။
နောက်ပိုင်း စားဝတ်နေရေးအတွက် အလုပ်တခု ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပေမဲ့ အတော်လေး ခက်ခဲခဲ့တာကြောင့် သူ့အနေနဲ့ ရန်ကုန်ကိုစွန့်ခွာပြီး ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းထဲက စားသောက်ဆိုင်တခုမှာ လစာ ကျပ် ၄ သိန်းဝန်းကျင်ရရှိတဲ့ စားပွဲထိုးဝန်ထမ်းအဖြစ် သွားရောက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မြဝတီမြို့က ရွှေကုက္ကိုလ်ဆိုတဲ့နေရာဟာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာဒေသဖြစ်လို့ စားသောက်ဆိုင်မှာ လုပ်ကိုင်နေရင်း ကိုဦးတယောက် ငွေလိမ်ဂိုဏ်းအကြောင်း ပိုသိလာသလို ကျားဖြန့်လုပ်ကိုင်သူ တချို့နဲ့လည်း တွေ့ဆုံရင်းနှီးခဲ့ပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်မှာ ၅ လကြာ လုပ်ကိုင်ခဲ့ပြီးနောက် မိသားစုအရေးကိစ္စကြောင့် ရန်ကုန်မြို့ကို ပြန်လာခဲ့ပေမယ့် အလုပ်အကိုင်ရှားပါးမှုကပဲ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ သူက ဆိုပါတယ်။
“ရွှေကုက္ကိုလ်မှာတုန်းက ကျားဖြန့်မှာလုပ်မလား လစာ ဘတ် ၁၅,၀၀၀ လောက်ရတယ်။ ၆ လစာချုပ်နဲ့ လုပ်ရမယ်။ အဲဒီနေရာတွေမှာ နှိပ်စက်တာတွေရှိလို့ မလုပ်ဖို့ မိတ်ဆွေတချို့ကပြောလို့ မလုပ်ဖြစ်ခဲ့တာ။ ဒါပေမယ့် ရန်ကုန်ပြန်ရောက် တော့ အလုပ်ကရှာမရဘူး။ အဲဒါနဲ့ပဲ နဝဒေးအိမ်ရာထဲက ဒီအလုပ်မှာ လုပ်ဖို့ဖြစ်လာတာပဲ” လို့ ကိုဦးက ဧရာဝတီကို ပြောပြပါတယ်။
ရန်ကုန်မြို့အခြေစိုက် ကျားဖြန့်ဂိုဏ်းမှာ လုပ်ကိုင်ခဲ့တဲ့ မိန်းကလေးတယောက်လို ဟန်ဆောင်ထားတဲ့ ဆိုဖီယာ (ခေါ်) ကိုဦးဟာ အမ်မလီ၊ မေ စတဲ့ နာမည်အမျိုးမျိုးနဲ့ လူမှုကွန်ရက်အကောင့်တွေကနေတဆင့် နေ့စဉ် သားကောင်ဖြစ်နိုင်ခြေ ရှိသူ ၂၈ ဦးရဲ့ ဖုန်းနံပါတ်တွေကို ရအောင် ရှာဖွေပေးရပါတယ်။
ကျားဖြန့်ဂိုဏ်းမှာ သူတာဝန်ယူရတဲ့အပိုင်းက အမေရိကားနဲ့ ဥရောပဘက်ကလူတွေကို အဓိကပစ်မှတ်ထား ရှာဖွေပေးရပြီး အွန်လိုင်းကတဆင့် ရင်းနှီးခင်မင်လာအောင် ပြောဆိုကာ WhatsApp နံပါတ်နဲ့ အကောင့်ရယူပေးရတာ ဖြစ်ပါတယ်။
ကိုဦးက “အာရှနိုင်ငံတွေက နံပါတ်တွေဆို သူတို့ အလုပ်မလုပ်ဘူး။ နောက်ပြီး တရုတ်ကိုတော့ သူတို့ရှောင်တယ်။ နံပါတ်ရပြီးရင်တော့ သူတို့ကို ဆက်ပြီးပြောဆိုစည်းရုံးဖို့ ပိုပြီးအတွေ့အကြုံရှိတဲ့ စီနီယာတွေဆီ အချက်အလက် ပို့ပေးလိုက်ရတာပဲ” လို့ ရှင်းပြပါတယ်။
လတ်တလော အခြေအနေမှာ တရုတ်အစိုးရရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဖိအားပေးမှုဟာ ပြင်းထန်လွန်းတာကြောင့် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်ဖို့ လက်ရှောင်ထားတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
ကိုဗစ်အကျပ်အတည်း ပြီးလုပြီးခင်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် စီးပွားပျက်ကပ်လှိုင်းလုံးနဲ့အတူ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှု စတာတွေကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် မြင့်မားတဲ့ လစာငွေနဲ့ မက်လုံးပေးနေတဲ့ ကျားဖြန့်တွေဟာ အခက်အခဲကြားက ထွက်ပေါက်တခုအဖြစ် ရွေးချယ်စရာ ဖြစ်လာနေပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ Global Cyber 8 လို ကုမ္ပဏီတွေသာမကဘဲ ရွှေကုက္ကိုလ်၊ လောက်ကိုင်တို့က ငွေလိမ်ဂိုဏ်းတွေမှာ ဒေသအသီးသီးက လူငယ်အများအပြား ဝင်ရောက်လုပ်ကိုင်နေကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ကျားဖြန့် ဝန်ထမ်းဟောင်းတွေ ပြောပြချက်အရ သိရပါတယ်။
အိပ်မက်ဆိုး (သို့) ရွှေကုက္ကိုလ်မြိုင်
ဒီလိုလူငယ်တွေထဲ ရန်ကုန်မှာနေထိုင်တဲ့ ကိုအာကာဆိုသူလည်း တယောက်အပါအဝင်ဖြစ်ပြီး ရွှေကုက္ကိုလ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းခွင်ထဲ ရောက်နှင့်နေတဲ့ မိတ်ဆွေတဦးရဲ့ ချိတ်ဆက်ပေးမှုနဲ့ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းဝန်ထမ်း ဖြစ်ခဲ့ပါတယ်။
ကိုအာကာကို ချိတ်ဆက်ပေးသူဟာ ရန်ကုန်မြို့ Time City စင်တာမှာရှိတဲ့ ကျားဖြန့်ကုမ္ပဏီတခုမှာ လုပ်ကိုင်ဖို့ အင်တာဗျူး ဖြေဖူးသလို လောက်ကိုင်နဲ့ ရွှေကုက္ကိုလ်မှာလည်း ကျားဖြန့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
ငွေကြေးအခက်ကြုံနေတဲ့ ကိုအာကာဟာ လစာ ကျပ် ၁၅ သိန်းခန့်ရတဲ့ ရွှေကုက္ကိုလ်မြို့သစ်က Yilu Hong Co.,Ltd ဆိုတဲ့ ကျားဖြန့်မှာ ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့တဲ့အကြောင်း “၃ လလောက် အလုပ်လုပ်မယ်၊ ပြီးရင်ပြန်လာမယ်ပေါ့။ ဒီအလုပ်က အမည်းစက်တခု ဖြစ်ရင်တောင် ကိုယ်လုပ်ခဲ့တာ ဘယ်သူမှ မသိလောက်ပါဘူးပေါ့နော်” လို့ ကိုအာကာက ပြောပြပါတယ်။
အခြားကျားဖြန့်ဝန်ထမ်းတွေလိုပဲ ကိုအာကာအနေနဲ့ လူမှုကွန်ရက် အပလီကေးရှင်းတွေကနေတဆင့် သားကောင် ရှာဖွေရပြီး Bella ဆိုတဲ့နာမည်နဲ့ အဝတ်အထည် ထုတ်လုပ်ရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ထိုင်း-အီတလီ ကပြားမလေးအဖြစ် ဟန်ဆောင်ချဉ်းကပ်ရတယ်လို့ သူက ပြောပြပါတယ်။
ငွေကြေးအခက်အခဲကြောင့် ကျားဖြန့်အလုပ်ကို မြူဆွယ်ငွေလိမ်ရတဲ့အလုပ်မှန်းသိသိနဲ့ သွားရောက်လုပ်ကိုင်ခဲ့ပေမယ့် တဖက်လူ ဘဝပျက်ဒုက္ခရောက်သွားမယ့်အဖြစ်က အိပ်မက်တွေထဲအထိ သူ့ကို ခြောက်လှန်နေခဲ့ပါတယ်။
“တကယ်တမ်း ထဲထဲဝင်ဝင်စလုပ်တော့မှ ငါရှာပေးလိုက်တဲ့သူက ဒုက္ခရောက်ခဲ့ရင်လို့ တွေးမိပြီး ပြန်ထွက်ဖို့ဖြစ်လာတာ။ ကျနော် တပတ်တောင် မခံပါဘူး” လို့ ၄ ရက်ကြာ လုပ်ကိုင်ပြီးနောက် ဘတ် တထောင် (ကျပ်ငွေ ၁ သိန်းခန့်) လျော်ကြေးပေးပြီး အလုပ်ထွက်ခဲ့ပုံကို သူက ကိုအာကာက ပြန်လည်ပြောပြပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်ထဲက Yilu Hong Co.,Ltd ကျားဖြန့်ငွေလိမ်ဂိုဏ်းဟာ ကိုအာကာတို့လို လူငယ်တွေ အပါအဝင် အယောက် ၆၀ လောက်နဲ့ လည်ပတ်နေပြီး တခြားကျားဖြန့်ကုမ္ပဏီတွေမှာ အသက် ၂၀ ကျော်အရွယ် လူငယ် အများအပြား လုပ်ကိုင်နေကြတာ တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။
“ဒီအလုပ်လုပ်နေရတာ ကိုယ့်ကိုယ်ကိုယ် ရွံလို့အလုပ်ထွက်လိုက်တာ။ ရွှေကုက္ကိုလ်မြိုင်ဆိုတာ ကျနော့်အတွက်တော့ အိပ်မက်ဆိုးကြီးပဲ” လို့ သူက ပြောပါတယ်။
“မြန်မာပြည်ကလူငယ်တွေ အခုအချိန်မှာ နောင်တမရဘူးဆိုပေမယ့် တချိန်ချိန်မှာ နောင်တတခုအနေနဲ့ လုံးဝ ကျန်ခဲ့ပြီး သေသွားရမယ်ဆိုတာ သူတို့မတွေးမိတာ။ အဲဒါကို တွေးမိကြစေချင်လို့ ကျနော် အခုလို မီဒီယာတွေကနေ ထုတ်ပြောရတာ” လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာတော့ ခဏတာကြုံတွေ့ခဲ့ရတဲ့ ရွှေကုက္ကိုလ်ရဲ့ အိပ်မက်ဆိုးတွေကို ကိုအာကာတယောက် မေ့ပစ်နိုင်ဖို့ ရန်ကုန်မြို့မှာ ပြန်လည်အခြေချပြီး ရိုးရိုးသားသား အလုပ်တခုကနေ ဝင်ငွေရရှိနိုင်ဖို့ ကြိုးစားနေပါတယ်။
အခုနှစ်ပိုင်းအတွင်းမှာဆိုရင် နယ်စပ်မြို့မှာရှိတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေသာမက ရန်ကုန်မြို့အခြေစိုက် ကျားဖြန့်တွေရဲ့ အလုပ်ခေါ်စာ ကြော်ငြာတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပိုမြင်တွေ့လာရပါတယ်။
‘မြဝတီ၊ ရွှေကုက္ကိုလ် အလုပ်အကိုင်’ ဆိုတဲ့ အမည်နဲ့ တယ်လီဂရမ်ဂရုမှာလည်း Yilu Hong လို ကျားဖြန့် အလုပ်ခေါ်ကြော်ငြာတွေ နေ့စဉ်အချိန်နဲ့အမျှ တင်လျက်ရှိပါတယ်။
ရန်ကုန်မြို့က Global Cyber 8 အမည်ခံ ငွေလိမ်ဂိုဏ်း
ရန်ကုန်မြို့ အခြေစိုက် ကာလတို ငွေလိမ်ဂိုဏ်းသားဖြစ်ခဲ့သူ ကိုဦး အပါအဝင် ဝန်ထမ်းဦးရေ ၄၀ ခန့်နဲ့ လည်ပတ်နေတဲ့ Global Cyber 8 နည်းပညာကုမ္ပဏီအမည်ခံ ကျားဖြန့်ဂိုဏ်းကို ဦးဆောင်သူဟာ အသက် ၂၈ နှစ်ခန့်အရွယ် ပိန်ပိန်သွယ်သွယ် အမျိုးသမီးတဦး ဖြစ်ပါတယ်။
မြန်မာစကားကို ရေရေလည်လည် သိပ်မပြောတတ်တဲ့ သူမရဲ့ စကားပြောပုံနဲ့ ပုံပန်းသွင်ပြင်အရ ရှမ်းတရုတ်လူမျိုးလို့ ကိုဦးက မှန်းဆပါတယ်။
ကိုဦး အသုံးပြုနေတဲ့ ဆိုဖီယာ အပါအဝင် အခြားလူမှုကွန်ရက်အကောင့်တွေမှာ သူမရဲ့ဓာတ်ပုံကို အသုံးပြုပြီး ပြောဆိုရပေမယ့် ကျားဖြန့်ငွေလိမ်ဂိုဏ်း လည်ပတ်ရေး ဦးဆောင်နေတဲ့ သူမ အမည်ကစလို့ သူမနဲ့ သက်ဆိုင်တဲ့ အချက်အလက်အားလုံး ကိုဦးတို့လို ဝန်ထမ်းတွေ သိခွင့်မရ၊ ဖုံးကွယ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ ဘလောက် ၄၄၊ အိမ်နံပါတ် ၁၀ မှာ တည်ရှိပြီး Global Cyber 8 လို့ အမည်ပေးထားတဲ့ ကိုဦးတို့ရဲ့ ကုမ္ပဏီဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက မှတ်ပုံတင်ထားပါတယ်။
Global Cyber 8 ကုမ္ပဏီဟာ ကွန်ပျူတာပရိုဂရမ် ရေးဆွဲတာနဲ့ အကြံပေးတာ၊ သတင်းအချက်အလက်ဝန်ဆောင်မှု၊ သိပ္ပံနှင့်နည်းပညာဝန်ဆောင်မှု စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီအဖြစ် DICA ရဲ့ တရားဝင် အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာမသိမ်းမီက တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ဒါရိုက်တာစာရင်းနဲ့ အခြေခံအချက်အလက်တချို့ကို ပွင့်လင်းမြင်သာစွာ ဖော်ပြခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ ကုမ္ပဏီနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရယူခွင့်၊ သိရှိခွင့်တွေကို ပိတ်ထားတာကြောင့် Global Cyber 8 (ခေါ်) ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ ဘယ်သူတွေ ဦးဆောင် ပါဝင်နေသလဲဆိုတာ မသိရပေ။
Global Cyber 8 (ခေါ်) ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူတွေဟာ အမျိုးသားအများစုဖြစ်ကြပြီး နဝဒေးအိမ်ရာထဲက သီးခြားပေးထားတဲ့ အိမ်တလုံးမှာ အဆောင်အဖြစ် စုနေထိုင်ကြရပါတယ်။
အလုပ်ချိန်အနေနဲ့ ညနေ ၄ နာရီကနေ နောက်တနေ့ နံနက် ၄ နာရီထိ သတ်မှတ်ထားပြီး ကိုယ်ပိုင်ဖုန်း၊ ကွန်ပျူတာ သုံးခွင့်မရှိဘဲ ကုမ္ပဏီကစီစဉ်ပေးတဲ့ စက်တွေကိုသာ အသုံးပြုရပါတယ်။
အလုပ်စဝင်တဲ့ အစမ်းခန့်ကာလမှာ လစာငွေ ကျပ် ၃ သိန်း ရရှိပြီး အပလီကေးရှင်း အသုံးပြုပုံတွေနဲ့ ပြောဆိုမိတ်ဆက် ရမယ့် စကားလုံးတွေ၊ သားကောင်တွေကို လှည့်စားငွေလိမ်ဖို့ တဦးချင်းရဲ့ တာဝန်ကျရာကဏ္ဍကို အလုပ်ထဲက အတွေ့အကြုံရှိ ဝန်ထမ်းတွေက ပြန်သင်ပေးတယ်လို့ ကိုဦးက ရှင်းပြပါတယ်။
အပလီကေးရှင်းတွေသုံးပြီး သားကောင်ရှာဖွေရာမှာ နေ့စဉ် သတ်မှတ်ထားတဲ့ လူအရေအတွက်ရဲ့ WhatsApp နံပါတ်ကို မရခဲ့ရင် ဒဏ်ငွေပေးဆောင်ရသလို ရှာဖွေပေးထားတဲ့ သားကောင်ရဲ့ ယုံကြည်မှုကိုရရှိပြီး ကုမ္ပဏီဘက်က ဖန်တီးထားတဲ့ လုပ်ငန်းတွေမှာ အကောင့်ဖွင့်တာ၊ ငွေကြေးထည့်ဝင်တာတွေ ရှိလာရင်တော့ အပိုဆုကြေး ရလေ့ရှိပါတယ်။
ကိုဦးကတော့ Global Cyber 8 မှာ တလခန့် လုပ်ကိုင်ခဲ့ပြီးနောက် အလုပ်ဆက်လုပ်ဖို့ အနည်းဆုံး ၃ လ စာချုပ်ရမယ်လို့ ဆိုလာတဲ့အချိန်မှာပဲ အလုပ်ကနေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ သူ လုပ်ကိုင်ခဲ့တဲ့ကာလအတွင်း လိမ်လည်ဖို့အတွက် လူဘယ်နှစ်ယောက်အထိ ရှာပေးခဲ့တယ်ဆိုတာတော့ ထုတ်ပြောခြင်း မရှိပါဘူး။
နယ်စပ်ဒေသအခြေစိုက် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ရာထောင်ချီတဲ့ ဝန်ထမ်းတွေကို ပြန်ပေးဆွဲခံရ သူလို နေထိုင်ရာအဆောက်အအုံ ပြင်ပထွက်ခွာခွင့် မပေးတာ၊ ဖမ်းချုပ်ထားပြီး အဓမ္မခိုင်းစေတာတွေအပြင် အလုပ်လုပ်ဖို့ ငြင်းဆန်ခဲ့ရင် ညှဉ်းပန်းနှိပ်စက်တာ၊ အသက်ရန်ရှာခံရတဲ့အထိ ဖြစ်စဉ်တွေရှိနေပေမယ့် ရန်ကုန်မြို့က ငွေလိမ်ဂိုဏ်းတွေ မှာတော့ ညှဉ်းပန်းနှိပ်စက်ခံရတာမျိုးတွေ မရှိသေးဘူးလို့ လုပ်ကိုင်ဖူးသူတွေက ပြောပါတယ်။
သို့ပေမယ့် DICA မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ Global Cyber 8 ကုမ္ပဏီလို ရန်ကုန် အခြေစိုက်လုပ်ကိုင်နေတဲ့ ကျားဖြန့်တွေဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေကုက္ကိုလ်နဲ့ တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ လုပ်ကိုင်ပုံနဲ့ တထပ်တည်းတူညီတာကြောင့် ဆက်စပ်မှုရှိတယ်လို့ ယူဆလို့ရပါတယ်။
ရန်ကုန်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းအတွက် ဝန်ထမ်းခေါ်ယူမှု ကြေညာတခုပါ တယ်လီဂရမ်အကောင့်ကို ဧရာဝတီက အလုပ်ရှာဖွေသူအနေနဲ့ စာပို့ဆက်သွယ်စုံစမ်းခဲ့ရာမှာတော့ ဒီယူဆချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။
စမ်းချောင်းမြို့နယ်မှာရှိတဲ့ ကုမ္ပဏီအတွက် အမျိုးသားဝန်ထမ်းဦးရေ ပြည့်ပြီဖြစ်လို့ လောက်ကိုင်မြို့မှာ သွားရောက်လုပ်ကိုင်မယ်ဆိုပါက အလုပ်ရနိုင်မှာဖြစ်တယ်လို့ အကြောင်းပြန်ပါတယ်။
ဧရာဝတီသတင်းဌာနအနေနဲ့ Global Cyber 8 ကုမ္ပဏီအမည် ဗီနိုင်းတခုချိတ်ဆွဲထားတဲ့ လှိုင်သာယာမြို့နယ်၊ နဝဒေး အိမ်ရာမှာရှိတဲ့ ကိုဦးတို့ ကုမ္ပဏီခြံဝန်းကို ယမန်နှစ် အောက်တိုဘာလအတွင်းက စလို့ စောင့်ကြည့်ခဲ့ရာမှာ ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှာတော့ ချိတ်ဆွဲထားတဲ့ ကုမ္ပဏီအမည်ပါဗီနိုင်း ဖြုတ်သိမ်းလိုက်တာ တွေ့ရပါတယ်။ ရုံးခြံဝန်း အတွင်းမှာတော့ လူတွေနေထိုင်မှု ရှိနေဆဲပါ။
ရာဇဝတ်မှုနဲ့ဆက်စပ်ပြီး အရေးယူခံရတဲ့ကုမ္ပဏီတွေကို ကုမ္ပဏီမှတ်ပုံတင် ဆိုင်းငံ့တာ (သို့မဟုတ်) ဖျက်သိမ်းပယ်ဖျက် တာမျိုး DICA က ဆောင်ရွက်လေ့ရှိပေမယ့် DICA ရဲ့ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှာ ဖော်ပြထားတဲ့ Global Cyber 8 ကုမ္ပဏီအနေနဲ့ ဆက်လက် လည်ပတ်ဆဲ၊ တည်ရှိနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ မျက်စိဒေါက်ထောက်စောင့်ကြည့်မှုအောက်က ရန်ကုန်လိုမြို့တော်ကြီးအတွင်း DICA တရားဝင်မှတ်ပုံတင်အမှတ်နဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လည်ပတ်ရပ်တည်နေနိုင်တာကြောင့် လက်ရှိ အာဏာရယူထားတဲ့ စစ်ကောင်စီရဲ့ ဥပဒေစိုးမိုးရေးဟာ ရယ်စရာပြက်လုံးတခု ဖြစ်လို့နေပါတယ်။
Global Cyber 8 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မေးမြန်းဖို့နဲ့ မှတ်ချက်တောင်းဆိုဖို့ DICA ကုမ္ပဏီပိုင်းဆိုင်ရာ ကိစ္စရပ်တွေကိုင်တွယ်တဲ့ ညွှန်ကြားရေးမှူး ဦးမျိုးမင်းထံ ဧရာဝတီက တယ်လီဖုန်းမှတဆင့် သုံးကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
အာဏာသိမ်းစစ်တပ်လက်အောက် တိုးပွားလာနေတဲ့ ကျားဖြန့်ဂိုဏ်းတွေ
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ တရုတ်-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံတွင်း အခြေချတဲ့ ငွေလိမ်ဂိုဏ်း အနည်းဆုံး ၁,၀၀၀ ကျော်ကနေပြီး အွန်လိုင်းကတဆင့် နေ့စဉ် လိမ်လည်မှုပေါင်း ၁ သိန်းကျော် ဖြစ်ပွားနေကာ နှိမ်နင်းဖို့ကြိုးစားနေတယ်လို့ တရုတ်နိုင်ငံက ထုတ်ပြန်ပါတယ်။
ဒါဇင်နဲ့ချီတဲ့ဘဏ္ဍာငွေ ထည့်ဝင်ရင်းနှီးမြုပ်နှံသူတွေ၊ ရာဇဝတ်သား လူမိုက်ခေါင်းဆောင်တွေနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ကြီးမားတဲ့ ငွေလိမ်ဂိုဏ်းကွန်ရက်ကို ပူးပေါင်းတိုက်ဖျက်ပေးဖို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ကို ဖိအားပေးလျက် ရှိပါတယ်။
ငွေကြေးလိမ်လည်ဖို့ စနစ်တကျ လေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကြောင့် ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ အာရုံစိုက်မှုပါ ခံလာရပါတယ်။
နိုင်ငံတကာရာဇဝတ်မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်) က ၅ လကြာ ပြုလုပ်ခဲ့တဲ့ Operation Storm Makers II အချက်အလက်တွေအရ ၂၀၂၁ နောက်ပိုင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ဟာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ လူကုန်ကူးမှုတွေကို အဓိက ကျူးလွန်ရာနေရာတွေအဖြစ် စာရင်းဝင်လာတယ်လို့ ယမန်နှစ် ဒီဇင်ဘာလမှာ ထုတ်ဖော်ကြေညာခဲ့ပြီး ကမ္ဘာတဝှမ်း ပျံ့နှံ့လာနေပြီလို့ သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတချို့က အလုပ်အကိုင်ရှာဖွေသူ လူငယ်တွေကို လူကုန်ကူးအမြတ်ထုတ်တဲ့၊ အနိုင်ကျင့်အဓမ္မခိုင်းစေတဲ့ သတင်းဆိုးတွေနဲ့အတူ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာ ဒေသတွင်း နယ်စပ်ဖြတ်ကျော် လုံခြုံရေးဆိုင်ရာ ပြဿနာတရပ်အဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။
မြန်မာတနိုင်ငံထဲမှာပင် အနည်းဆုံး နိုင်ငံပေါင်း ၂၂ နိုင်ငံကလာတဲ့ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်နိုင်ခဲ့ပြီး အများစုဟာ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်တယ်လို့လည်း အင်တာပိုလ်က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ငွေလိမ်ဂိုဏ်းတွေဟာ အရင်အခြေချတဲ့ မြန်မာနယ်စပ်က ရွှေကုက္ကိုလ်နဲ့ လောက်ကိုင်တို့မှာသာမက အခုဆို စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်းမှာပါ တစတစ ပြန့်ပွားလာနေပါတယ်။
ရန်ကုန်မှာ လည်ပတ်နေတဲ့ ဒီလုပ်ငန်းတွေအကြောင်း ပိုမိုသိရှိနိုင်ဖို့ Finding၊ Chatting လို့ ခေါင်းစဉ်တပ်ထားတဲ့ ရန်ကုန် အခြေစိုက် ကျားဖြန့် အလုပ်ခေါ်စာတွေကို ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက်က အလုပ်ရှာဖွေသူအနေနဲ့ လိုက်လံ ဆက်သွယ်ကြည့်ခဲ့ပါတယ်။
DICA တရားဝင်လက်မှတ်ရ နဝဒေးအိမ်ရာမှာရှိတဲ့ Global Cyber 8 (ခေါ်) ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း တခုတည်း သာမကဘဲ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ကမာရွတ်မြို့နယ်တွေမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေ၊ လုံးချင်းအိမ်ရာတွေမှာလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်လုပ်ကိုင်တာတွေ ရှိနေတယ်လို့ ဧရာဝတီသတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ဒီလို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အမျိုးသမီးတယောက် ပုံတင်ထားတဲ့ လူစုဆောင်းသူက ကုမ္ပဏီရုံးဟာ စမ်းချောင်း မြို့နယ်မှာဖြစ်ပြီး ယောက်ျားလေးအတွက် လူပြည့်ပြီဖြစ်လို့ လောက်ကိုင်မြို့မှာ လုပ်ကိုင်ချင်ပါက အလုပ် ရရှိနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
အခြားအမျိုးသမီးတဦးပုံနဲ့ တရုတ်အမည်ပေးထားတဲ့ တယ်လီဂရမ်အကောင့်တခုကို ထပ်မံဆက်သွယ်ခဲ့ရာမှာလည်း ရုံးလိပ်စာကို သင်္ဃန်းကျွန်း၊ ဇဝနမှာ ရှိတယ်လို့ ပြန်ပြောပြီး အမှန်တကယ် အင်တာဗျူးလာမယ့်နေ့မှသာ လိပ်စာ အတိအကျပေးမယ်လို့ ဆိုပါတယ်။
အလုပ်လျှောက်လိုသူအနေနဲ့ ကိုယ်ရေးအချက်အလက်တွေ ဦးစွာပေးပို့ရပြီး အင်္ဂလိပ်စာနဲ့ကွန်ပျူတာ အခြေခံ တတ်မြောက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံအလိုက် ပြောဆိုရမယ့် အပြန်အလှန်စကားလုံးတွေကို ဂူဂယ်ဘာသာပြန်နဲ့ရော ဘာသာစကား ကျွမ်းကျင်သူတွေက ပြင်ဆင်ပေးထားတဲ့ ဝါကျတွေနဲ့ပါ ပြောဆိုဖို့ လေ့ကျင့်ပေးတယ်လို့ သိရပါတယ်။
လတ်တလော ဖမ်းဆီးမှုတွေရှိလာတာကြောင့် ရန်ကုန်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ နေရာရွှေ့ပြောင်းတာ၊ ဝန်ထမ်းခေါ်ယူတာတွေကို အရင်လို လူမှုကွန်ရက်စာမျက်နှာတွေမှာ ပေါ်ပေါ်ထင်ထင် မလုပ်တော့တာတွေ ရှိပေမယ့် လုပ်ငန်းတွေကတော့ လုံးဝ ရပ်ဆိုင်းသွားတာမျိုးမဟုတ်ဘဲ ဆက်လက်လုပ်ကိုင်နေမြဲဆိုတာ တွေ့ရပါတယ်။
ကျားဖြန့်တွေကို စစ်ကောင်စီ တမင်လျစ်လျူရှုထားသလား
ယမန်နှစ် အောက်တိုဘာလဆန်းပိုင်းအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းကို နိုင်ငံဖြတ်ကျော် လူရောင်းစားခဲ့သူ မြန်မာအမျိုးသမီးတဦးကို လူကုန်ကူးမှုဥပဒေ ပုဒ်မ ၂၄၊ ၂၅ အရ ထောင်ဒဏ် ၂၅ နှစ် ချလိုက်တဲ့ သတင်းတပုဒ် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့မှာနေထိုင်တဲ့ မစိုးစိုး(ခ) မချစ်ချစ်(ခ) မမိုးမိုးဦးဆိုသူက နေပြည်တော်၊ တပ်ကုန်းမှာနေထိုင်တဲ့ အသက် ၂၂ နှစ်အောက် လူငယ်အမျိုးသား ၆ ဦးနဲ့ အမျိုးသမီးတဦးကို လာအိုနိုင်ငံရှိ ဂိမ်းဆိုင်တခုမှာ တလကို လစာ ကျပ် ၁၅ သိန်းခန့်နဲ့ အလုပ်ရမယ်လို့ စည်းရုံးခေါ်ယူပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းထံ ရောင်းစားခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒါဇင်ချီတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်သူတွေကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့မှုအချို့ ရှိပေမယ့် ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖမ်းမိခဲ့တယ်၊ ဘယ်လိုဘယ်ပုံ သူတို့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို လည်ပတ်နေကြတယ်ဆိုတာတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတိအကျ ထုတ်ပြန်ထားခြင်း မရှိပေ။
မကြာသေးခင်က တာမွေမြို့နယ်မှာ ဖမ်းမိခဲ့တဲ့ Supportfix အွန်လိုင်းငွေလိမ်ဂိုဏ်းဟာဆိုရင် ပြည်ပနိုင်ငံသားတွေရဲ့ အချက်အလက်တွေနဲ့ Whatsapp အကောင့်နံပါတ်ကို စည်းရုံးရယူကာ ငွေကြေးလိမ်လည်မယ့်သူတွေထံ ပြန်ရောင်းချနေ တာဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် နောက်ဆက်တွဲ အရေးယူမှု၊ ပြစ်ဒဏ်ချမှတ် မှုတွေနဲ့ ပတ်သက်လို့တော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါ့ပြင် ခုချိန်ထိလည်း Supportfix က အချက်အလက် ရောင်းချပေးခဲ့တဲ့ ငွေလိမ်ဂိုဏ်းတွေကို ဆက်လက် ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးမှုတွေ ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တားဆီးကာကွယ်ရေးနဲ့ အသွင်ယူဖော်ထုတ် အရေးယူနိုင်ရေးအတွက် ဗဟိုဘဏ်ပါဝင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ယမန်နှစ် အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။
လူမှုကွန်ရက် (Social Media)၊ ဝက်ဘ်ဆိုက် (Website)၊ ဖုန်းဆော့ဝဲလ် (Mobile Application) တွေ သုံးပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို အသွင်ယူစုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖမ်းဆီးရေး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်း လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။
Global Cyber 8 ကုမ္ပဏီ အခြေစိုက်ရာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်မှာ အရင်ကတည်းက အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ကြီးစိုးပြီး ထိရောက်တဲ့ဖမ်းဆီးမှုတွေမရှိဘဲ ဒီလို လောင်းကစား၊ ငွေလိမ်လုပ်ငန်းတွေ ဆက်လက်ရပ်တည်နေနိုင်တာဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေတဲ့ အခြေအနေကို ထင်ဟပ်နေတယ်လို့ သတင်းရဲတပ်ဖွဲ့မှာ ၂၄ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ CDM ရဲအရာရှိတဦးဖြစ်သူ ဦးဇာနည်က သုံးသပ်ပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွေနဲ့ အရှိန်မြှင့်တက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးတွေကြောင့် စစ်ကောင်စီ အင်အားယိုင်နဲ့နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် သူတို့ လုံခြုံရေးစိုးရိမ်နေရတဲ့အပြင် အောက်ခြေရဲတပ်ဖွဲ့ဝင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို အရေးမယူနိုင်ဘဲ မျက်ကွယ်ပြုပေးထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဦးဇာနည်က ဆိုပါတယ်။
သူက “အခုအခြေအနေအရ အပေါ်ကလူတွေက သူတို့ဘက် သေနတ်ပြောင်း ပြန်မလှည့်ရင်ပြီးရော ကျန်တာ လုပ်ချင်ရာလုပ်ဆိုပြီး လွှတ်ထားပေးရတဲ့ အနေအထားဖြစ်တယ်” လို့ ပြောပါတယ်။
တရုတ်အစိုးရအနေနဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေဖြစ်တဲ့ ပယ်ဆောက်ချိန်နဲ့ ဝေဆန်းတို့ အပါအဝင် ဒေသထိပ်တန်းလုပ်ငန်းရှင်တွေနဲ့ နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကို ကျားဖြန့်ဂိုဏ်း အဓိက ခေါင်းဆောင်တွေအဖြစ် ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
လောက်ကိုင်မြို့က ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ တရုတ်ရဲ့ စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေကြားကပဲ စစ်ကောင်စီအနေနဲ့ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ငြင်းဆိုထားပေမယ့် သူတို့ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေကိုယ်တိုင် ကျားဖြန့်လုပ်ကိုင်နေတာတွေကို အရေးယူမှုမလုပ်ဘဲ လစ်လျူရှုထားခဲ့ပါတယ်။
အထူးသဖြင့် ကိုးကန့်ဒေသကို ထိန်းချုပ်ခဲ့တဲ့ ပယ်ဆောက်ချိန်နဲ့ ဝေဆန်းတို့ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းတို့ဟာ ကျားဖြန့်နဲ့ပတ်သက်လို့ ထင်ရှားတဲ့ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။
သို့သော် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ပြီး ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံ သားတွေကို ဖမ်းဆီးလွှဲပြောင်းတာတွေ လုပ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီအနေနဲ့လည်း လောက်ကိုင်ရောက် ထောင်နဲ့ချီတဲ့ ကျားဖြန့်သမားတွေကို ဖမ်းဆီးတာ၊ သက်ဆိုင်ရာ နိုင်ငံထံ လွှဲပြောင်းတာတွေ လုပ်လာပါတယ်။
ယခုနှစ်အစောပိုင်းမှာဆိုရင် ကျားဖြန့်ဂိုဏ်း အဓိကခေါင်းဆောင်တွေဖြစ်တဲ့ ပယ်ဆောက်ချိန်နဲ့ ဝေဆန်းကိုလည်း တရုတ်အစိုးရထံ နေပြည်တော်ကနေတဆင့် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ ရက် တရုတ် ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ တရုတ်အစိုးရ ဝရမ်းထုတ်ထားတဲ့ ပယ်ဆောက်ချိန်တို့လို အာဏာသိမ်းစစ်တပ်သစ္စာခံ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်စပ်လို့ သံသယရှိသူ ၄၄,၀၀၀ ဦးကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီကတော့ သူတို့အနေနဲ့ ၂၀၂၃ အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ဖေဖော်ဝါရီ ၈ ရက်ထိ တရုတ်နိုင်ငံသား ၄၈,၈၀၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁,၀၇၁ ဦး၊ ထိုင်းနိုင်ငံသား ၅၃၇ ဦး၊ မလေးရှားနိုင်ငံသား ၁၃၃ ဦးနဲ့ တောင်ကိုရီးယား၊ လာအို၊ ယူဂမ်ဒါ၊ ထိုင်ဝမ်၊ အိန္ဒိယနိုင်ငံသားတွေ အပါအဝင် စုစုပေါင်း ၅၀,၆၁၉ ဦးကို သက်ဆိုင်ရာနိုင်ငံတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံချီ လည်ပတ်နေတဲ့ ပြည်သူ့စစ်လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေ ပါဝင်နေတဲ့ ဒီလုပ်ငန်းတွေရဲ့နောက်ကွယ်က လာဘ်ပေးလာဘ်ယူမှုတွေရဲ့ အသေးစိတ်ကိုတော့ ဧရာဝတီသတင်းဌာနအနေနဲ့ သတင်းဖော်ထုတ်ပြနိုင်ဖို့ရာ အခက်အခဲတွေ ရှိပါတယ်။
အခုဆိုရင် နယ်စပ်ဒေသတွေတင်မကဘဲ DICA မှာ တရားဝင် ကုမ္ပဏီမှတ်ပုံတင်လျှောက်ထားပြီး ရန်ကုန်မြို့ပေါ်ထိ အခြေချလုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီအနေနဲ့ ဘယ်လို အရေးယူဖော်ထုတ်သွားမလဲ။
ဒါ့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” နဲ့ တိုက်ထုတ်ရှင်းလင်းမှုနဲ့အတူ လောက်ကိုင်ဒေသကနေ ဖမ်းဆီးမခံရဘဲ တိမ်းရှောင်သွားကြတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေဟာ သူတို့ရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဘယ်အရပ်ဒေသမှာ ပြန်လည်အခြေချ လည်ပတ်နေကြသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ။
You may also like these stories:
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
စစ်ကောင်စီ ဝှက်ပေးထားသော ရာဇဝတ်သားများ တရုတ်ထံ လွှဲပေး
တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ
ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ