မြန်မာ့အလင်း သတင်းစာကြီးက လစဉ် ၂၄ ရက်နေ့ ရောက်တိုင်း ဆင်ဖြူတော်လေး ရဋ္ဌနန္ဒကမှာ မိခင်နှင့်အတူ ကျန်းမာ ပျော်ရွှင်လျက်ရှိ ဆိုကာ ပြည်သူအား အသိပေးသလိုလို ဆင်ဖြူရှင်ဘွဲ့ခံချင်သူအား သံတော်ဦး တင်သလိုလိုနှင့် တလ တခါ သတင်းလုပ်၍ ပုံမှန် ရေးသားဖော်ပြနေသည်ကို တွေ့ရသည်။
ရဋ္ဌနန္ဒက ဆိုသည်မှာ ရခိုင်ပြည် တောင်ကုတ်မြို့ သစ်တောကြိုးဝိုင်းအတွင်းရှိ ဆင်မ ဇာနန်းလှက ၂၀၂၂ ခု ဇူလိုင်လအ တွင်း မွေးခဲ့ရာ ယခုဆိုလျှင် ၁ နှစ်သာသာ ရှိသည့် ဆင်လေးပင်ဖြစ်ပြီး ဆင်ဖြူတော်တို့ ရှိအပ်သည့် ကြန်အင်လက္ခဏာ ၈ ချက်အနက် ၇ ချက် ကိုက်ညီသည်ဟု စစ်ကောင်စီက ဆိုသည်။
လူသားစင်စစ်ဖြစ်သည့် မြန်မာပြည်သူ ပြည်သားများ ဖြစ်ရပ်အဖုံဖုံကြောင့် မပျော်ရွှင်နိုင်ဘဲ ရှိနေချိန် အဟိတ်တိရစ္ဆာန်တို့ ပျော်ရွှင်နေသည်ကို သတင်းလုပ် အရေးတယူဖော်ပြခြင်းက မြန်မာ့အလင်းသတင်းစာသည် စစ်ကောင်စီ ဝါဒဖြန့်ချိ ရေး သက်သက်သာ ဖြစ်သည်ကို ပြနေခြင်း ဖြစ်သည်။
လက်ရှိ မြန်မာပြည်သူတို့ အခြေအနေမှာ မြို့ကြီးပြကြီး၌ နေထိုင်သူတို့အတွက် ကုန်ဈေးနှုန်းက ခေါင်ခိုက်၊ စီးပွားရေး မပြေလည်၊ တဖက်တွင်လည်း ကြောက်မက်ဖွယ်ရာ ဒုစရိုက်သမားတို့ အန္တရာယ်အတိ သွားသတိ လာသတိ စားသတိ ဆိုသလို ရင်တထိတ်ထိတ်ဖြင့် အမြဲ နှလုံးသွင်းနေရသည်။
နယ်တွင်နေသူများ ကြည့်ပြန်တော့လည်း မသက်သာပေ။ စစ်ကိုင်း တတိုင်းလုံး မီးခိုးအူနေသည်မှာ ကြာပြီဖြစ်ပြီး ကိုယ့်အိမ်ကိုယ်မှ မပြန်နိုင် ပြန်ပါက အသက်ပါ ပေးလိုက်ရမည့် အခြေအနေ။
ထို့အတူ ကျားဖြန့်ခေါ် ငွေလိမ်ဂိုဏ်း အကြောင်းပြု၍ ပေါ်လာသည့် စစ်က ရှမ်းပြည်တခွင်၌ မီးခိုးမဆုံး မိုးမဆုံး အေး ချမ်းမည့် အရိပ်အယောင် မမြင်ရသေးပေ။ ရခိုင်ဘက် ကြည့်ပြန်တော့ မြို့ရွာတို့က ပြာပုံအတိ။ ထိုအခြေအနေက ကမ္ဘာသိ မြန်မာ အသိပင် ဖြစ်သည်။
ဆင်ဖြူလေးပေါ်ခဲ့သည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပင်လျှင် စစ်မီးစ ကူးစက်မည့်ဆဲဆဲကြောင့် ဖေဖော်ဝါရီလ အတွင်းပင် တောင်ကုတ်မှအစိုးရဝန်ထမ်းတို့ တောင်ကုတ်- ပန်းတောင်း လမ်းကြောင်းမှ မိုင် ၈၀ ကျော် ဝေးသော ပြည်ကို ပြေးကြောင်း သတင်းများ ထွက်ပေါ်နေသလို တောင်ကုတ်မြို့တဝိုက်ကိုလည်း AA က ပိတ်ဆို့၍ ထိုးစစ်ဆင်ရန် ပြင်နေပြီဖြစ်သည်။
ယခုဆိုလျှင် တပူပေါ် တပူဆင့်ဆိုသလို အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည်ဆိုသည့် ဥပဒေက လာပြန်သည့်အခါ လူငယ်တို့မှာ အနာဂတ်ကို ရိုက်ချိုးခံလိုက်ရသလို ဖြစ်ရပြီး ဘဝတိုးတက်ရာ တိုးတက်ကြောင်း ကြံစည်ထားသမျှကို စွန့်လွှတ်ကာ ပြည်ပသို့ထွက်၍ ရရာအလုပ် လုပ် ဖြစ်သလိုနေကာ ဖြေရှင်းရမည့်အခြေအနေ ရောက်နေသဖြင့် ငယ်ရွယ်သည့် သားသမီးရှိသော မိဘတို့မှာ နေ့စဉ် ပူပန်နေရ၏။
ဤသို့သော လူတို့ နေ့စဉ် ခံစားနေရသည့် အတိဒုက္ခကို အဟိတ်တိရစ္ဆာန် ဆင်ဖြူတော်လေးက သိမည်မဟုတ်၊ ထို့ အတွက် ဆင်ဖြူလေး ပျော်နေသည်မှာ သိပ်တော့ ဆန်းကြယ်သော ကိစ္စ မဟုတ်ပါ။
မြန်မာတို့သည် အတိတ်နိမိတ်ကို ယုံကြည်ကြ၏၊ အထူးသဖြင့် ဆင်ဖြူတော်ပေါ်လျှင် တိုင်းပြည်ဧချမ်း သာယာသည်၊ စိုးမိုးအုပ်ချုပ်သည့် မင်း ဘုန်းတန်ခိုးကြီးသည် စသည့် အစွဲအလန်းများက ရာဇဝင်တလျှောက်လုံး မြင်တွေ့နေရသည်။
ယင်း အယူအဆက မြန်မာသာမက ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သည့် တိုင်းပြည်များ၏ အယူအဆတရပ်လည်းဖြစ် နေသည်။
ဆင်ဖြူများရှင် ဘုရင်နောင်မင်းတြားကြီး လက်ထက်တွင် တိုင်းပြည်သာယာဝပြောသည်ဟု ရေးသားကြသော်လည်း အိမ်နီးချင်း သူတပါး၏ မြို့ပြနိုင်ငံများအပေါ် စစ်မက်ကျူးကျော်မှု အကြိမ်ကြိမ် နွှဲခဲ့သည်မှာ ငြင်းပွားစရာ မရှိပေ။
အလားတူ အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ပါတော်မူခဲ့ရသည့် သီပေါမင်းလက်ထက်တွင် ဆင်ဖြူတော်ပေါ်သော်လည်း အင်္ဂလိပ်က ထိုမင်းကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းသွားသည်ဟုပင် ရေးသားကြသည် မဟုတ်ပါလား။
၁၉၅၈ ခုနှစ် မတ်လကလည်း စစ်ကိုင်းတိုင်း အင်းတော်ကြီး နယ်မြေ သစ်တောကြိုးဝိုင်းရှိ ဆင်အုပ်မှ ဆင်ဖြူမလေး တကောင် မွေးဖွားခဲ့ဖူးပြီး ရှေးပညာရှိကြီးများက ရတနာကြန်စုံ ဆင်ဖြူတော်မျိုးဟု ဆိုကြသည်။
ထိုစဉ်က နာမည်ကျော် ဗေဒင်ပညာရှိ ပျဉ်းမနား ဦးသန်းမောင်ကပင် ဆင်ဖြူလေး၏ ဇာတာကို တွက်၍ မြန်မာ့အလင်း သတင်းစာ၌ ဗမာပြည်၏ နီးကပ်သောကာလအဖို့ အတိတ်ကောင်း နိမိတ်ကောင်း ယူဆယုံကြည်နိုင်ကြောင်း ရေးသား ခဲ့ပြီး နောင် ၄ နှစ်အကြာ ဝန်ကြီးချုပ် ဦးနုထံမှ ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်ပြီးနောက် တိုင်းပြည်သည် လည်း ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ခဲ့ရသည်က သာဓကပင် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်လက်ထက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ ဆင်ဖြူတော် များ ကျေးဇူးကြောင့်ဟု ၂၀၁၅ ခုနှစ် ဧပြီလ ၅ ရက် အစိုးရသတင်းစာများက ရေးသားဖော်ပြခဲ့ပြီး ၇ နှစ်ခန့်အကြာ လက်ရှိတွင် တနိုင်ငံလုံးအနှံ့ တိုက်ပွဲများဖြစ်ပွားနေသည်မှာ အများအမြင်ပင် ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်က ဆင်ဖြူတော် “ရဋ္ဌနန္ဒက” ၁ နှစ်ပြည့် မွေးနေ့ဆိုကာ နေပြည်တော်၌ ပြုလုပ်ခဲ့ရာ စစ်ခေါင်းဆောင်တို့ ဇနီးမောင်နှံအပြင် စစ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သတင်းစာများတွင်မူ ရတနာဆင်ဖြူတော်လေး “ရဋ္ဌ နန္ဒက” (တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ) ၏ အသက် ၁ နှစ်ပြည့် မွေးနေ့ မင်္ဂလာအခမ်းအနား ဟုဆိုကာ တင်စားခေါ်ဝေါ် ဖော်ပြခဲ့ကြသည်။
သို့သော် နိုင်ငံသာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည်ဟု စစ်ကောင်စီ ယူဆနေသည့် ဆင်ဖြူ ရတနာ “ရဋ္ဌနန္ဒက” နေပြည်တော်၌ ပျော်နေနိုင်သော်လည်း ကျန်အရပ်ရပ်ရှိ ပြည်သူများကမူ လက်ရှိတွင် ကျီးလန့် စာစား ဘဝဖြင့် မပျော်ရွှင်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆင်ဖြူ တနှစ်ပြည့် မွေးနေ့ကျင်းပ
ဆင်ဖြူတော်မှီကာ အကြံထုတ်ကြသူများ
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
ဆင်ဖြူတော်သယ်မည့် စစ်ကောင်စီ၏ အကြံ AA တားဖို့ လုပ်နေသလား
မြောက်ဦးနှင့်မင်းပြားတို့တွင် သတင်းထောက် ၁ ဦးအပါ အရပ်သား ၉ ဦး စစ်တပ်သတ်ဖြတ်