သိပ္ပံ၏ ကျေးဇူး
ဘာသာစကားကို တွေ့လိုက်ခြင်းသည် လူသားတို့၏ လောကကို တဆင့် မြှင့်လိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ထို့အတူ စက်ဝန်းဘီးကို တွေ့လိုက်ခြင်းသည်လည်း လူ့လောကကြီးကို နောက်တဆင့် ပြောင်းလဲ တိုးတက်လာစေသည် ဟု ဆိုကြပြန်ပါသည်။
ကျနော်တို့ မျက်မှောက်ခေတ်ကို ကြည့်ပြီး ပြောလိုက်ရလျှင်တော့ ကွန်ပျူတာကို တွေ့လိုက်ခြင်းသည် နောက်တဆင့် တက်သွားစေပြန်သည်ဟု ပြောရတော့မည် ထင်မိသည်။
ကွန်ပျူတာ၏ စွမ်းရည်သည် နောက်ထပ်မည်မျှထိအောင် မြင့်တက်လာဦးမည်၊ ကွန်ပျူတာကြောင့် လူ့လောကကြီး မည်သို့ အပြောင်းအလဲတွေ ဖြစ်လာဦးမည်ကို သိပ္ပံပညာရှင်များပင် မှန်းဆလို့ မရနိုင်အောင် ရှိနေသည်ဟု ပြောကြသည်။
ကွန်ပျူတာ ဆိုသည်ကလည်း သူ့ဘာသာသူ သန့်သန့်လေး ပြောင်းလဲ တိုးတက်နေတာမျိုး မဟုတ်။
သူ့ကို အမှိပြုပြီး အခြား ကိစ္စအရပ်ရပ်ကို ပြောင်းလဲ တိုးတက်သွားအောင်၊ စွမ်းရည် မြင့်တက်အောင် လုပ်ဆောင်ပေးသော ပစ္စည်း ဖြစ်လေရာ ကမ္ဘာကြီး တခုလုံး ရှေ့လျှောက် ဘာတွေ ပြောင်းလဲကုန်ဦးမည်ကို စိတ်ကူး မြင်ယောင်လို့ပင် မရနိုင်အောင် ဖြစ်နေလေတော့သည်။
ရှေးလူ ခေတ်လူ
ခက်နေသည်က လူတွေ လုပ်လိုက်သော ပစ္စည်းတွေက တဆင့်ပြီး တဆင့် ပြောင်းလဲ တိုးတက် လာသော်လည်း လူတွေရဲ့ သဘာဝက ကမ္ဘာဦးက အတိုင်း ကျန်နေရစ်ခဲ့ခြင်း ဖြစ်သည်။
ဝိဇ္ဖာ၊ သိပ္ပံ စသော ပညာရပ်တွေမှာတော့ ရှေ့လူတွေ တွေ့ရှိခဲ့ပြီးကို အခြေခံပြီး နောက်တဆင့် ထပ်မံ တိုးတက်အောင် ကြံစည်လို့ ဖြစ်နိုင်သည်။
သမိုင်း ဘာသာရပ်ကို လေ့လာပြီ ဆိုလျှင် ရှေ့သွား သမိုင်းပညာရှင်များ၏ တွေ့ရှိချက်ကို အခြေခံပြီး နောက်ထပ် သုတေသန ပြုလုပ်နိုင်သည်။
ပုဂံခေတ် အကြောင်းကို လေ့လာ သုတေသန ပြုတော့မည် ဆိုလျှင် စာကြည့်တိုက်သို့ သွားပြီး ပုဂံခေတ် ဆိုင်ရာ စာအုပ် စာတမ်းတွေကို အခြေခံအဖြစ် လေ့လာနိုင်သည်။ ပြီးမှ နောက်တဆင့် တက်ပြီး ကြံစည် ပြုစုနိုင်သည်။
ထို့အတူ သိပ္ပံပညာ ဘက်တွင်လည်း အက်ဒီဆင် တွေ့ခဲ့သော လျှပ်စစ် မီးလုံးကို အခြေခံပြီး မီးချောင်းတွေ၊ မီးဝိုင်းတွေ၊ မျက်တောင်ခတ် မီးတွေ စသည်အားဖြင့် အမျိုးမျိုး ထွင်လိုက်နိုင်သည်။
ခက်နေသည်က လူပဲ ဖြစ်သည်။ ဘယ်သူ့ ဘဝ မဆို အစကချည်း ပြန်ပြန်စနေရသည်။ မွေးလာလိုက်ပါပြီ ဆိုလျှင် ကမ္ဘာဦးက လူအတိုင်းပဲ မွေးလာရတော့သည်။ ဘာမျှ ထူးထူးခြားခြား ပါမလာ။
နောက်မှ ပတ်ဝန်းကျင်အလျောက် တိုးတက် သယောင်ယောင် ဖြစ်လာသည်။ ဒါမှာလည်း နေပုံထိုင်ပုံတွေ လောက်ကိုသာ ပြောနေရခြင်း ဖြစ်သည်။
မွေးကတည်းက တထွေးကြီးပါလာသော လောဘ၊ ဒေါသ၊ မောဟ ဆိုတာတွေကတော့ ကမ္ဘာဦး လူသားနှင့် ဘာမျှ မထူးဟု ဆိုရတော့မည် ဖြစ်သည်။
လူသား တဦးက တဦးကို၊ လူအုပ်စု တစုက နောက်တစုကို လွှမ်းမိုးလိုခြင်း၊ ဗိုလ်ကျလိုခြင်း၊ တဦး ပစ္စည်းကို တဦးက အနိုင် အထက် လုယူလိုခြင်း စသည်တို့မှာ ကမ္ဘာဦး ကျောက်ခေတ် လူသားနှင့် ဘာမျှ မခြားဟုသာ ဆိုလိုက်ချင်မိတော့သည်။
ကမ္ဘာဦးကတော့ တယောက်နှင့် တယောက် တိုက်ကြခိုက်ကြပြီ ဆိုလျှင် ကျောက်ခဲနှင့် ပစ်ကြပေလိမ့်မည်။ အခုတော့ ဒုံးတွေ၊ ဗုံးတွေနှင့် ပစ်ကြသည်။
လူလုပ် ပစ္စည်းတွေက တိုးတက်လာသလောက် လူကလိုက်ပြီး မတိုးတက်နိုင်လေတော့ ကမ္ဘာကြီး တခုလုံးတွင် ဝုန်းဒိုင်း ကျဲနေသော အသံကို တရံမပြတ် ကြားနေရတော့သည်။
လူသား မြှင့်တင်ရေး
တခါ ဖတ်ခဲ့ဖူးသော ဟာသကလေးကို ပြန်ပြီး သတိရနေမိသေးသည်။
လူသားစား လူရိုင်းတဦးကို လူသားအချင်းချင်း သတ်စားသည်မှာ ရိုင်းလှကြောင်း ပြောပြတော့ ထိုလူက မင်းတို့လည်း စစ်တွေ ဘာတွေ ဖြစ်တော့ တဦးကိုတဦး သတ်တာပါပဲ။
ဘာထူးသလဲဟု ပြန်ပြောသည်။
ဒီတော့ ငါတို့က သတ်ပေမယ့် အသားကို မစားဘူးဟု ပြောသည်။
ဒီတော့ လူရိုင်းက “ဟ ငါတို့က အသားစားဖို့လို့ သတ်တာ၊ မင်းတို့က အသားလည်း စားတာမဟုတ်ဘဲနဲ့ ဒီအတိုင်း သက်သက်မဲ့ လိုက်သတ်နေတာ၊ ဒီထက် ရိုင်းတာ ဘာရှိသေးလဲ” ဟု ချေပလေသည်။
ထိုချေပချက်မှာ ဟာသဟု ဆိုလိုက်ရသော်လည်း စဉ်းစား ဆင်ခြင်စရာတွေ ပါနေကြောင်း စာဖတ်သူ သတိထားမိ ပါလိမ့်မည်။
သမိုင်းတလျှောက်တွင် လူသားကို တိုးတက်လာအောင် “လူသားမြှင့်တင်ရေး” လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ပါ၏။
ထင်ထင်ရှားရှားကို ပြောလိုက်ရလျှင်တော့ ဗုဒ္ဓ မြတ်ရှင်လို၊ ခရစ်တော်လို သူတော်စင် ဘာသာရေး ခေါင်းဆောင်များပင် ဖြစ်ပါသည်။
ထိုထိုသော ပုဂ္ဂိုလ်တို့သည်ကား ပစ္စည်း တိုးတက်ရေး မဟုတ်၊ တိုးတက်သော လူသား ဖြစ်မြောက်ရေး အတွက် မီးကုန် ယမ်းကုန် ဆောင်ရွက်သော သူများ ဖြစ်ကြပါပေသည်။
သို့သော် ဖြစ်လာခဲ့ရပုံက သိပ္ပံ၏ တွေ့ရှိချက်များသည် ဘာသာရေး ဟူသမျှ၏ အခြေကို လိုက်နှဲ့နေသကဲ့သို့ ဖြစ်လာရပြန်လေသည်။
ငရဲပြည်၊ နတ်ပြည် ဆိုတာ၊ အဘ ဘုရားသခင်၊ ကောင်းကင်ဘုံ ဆိုတာတွေကို သို့လော သို့လော ဖြစ်လာကြပြန်သည်။
ဒီကြားထဲတွင် သိပ္ပံဖြင့် ထုတ်သော ပစ္စည်း လက်နက်တွေကို သုံးပြီး ဘာသာရေး စစ်ပွဲကိုတောင် တိုက်ကြခိုက်ကြ သေးသည် ဆိုလိုက်တော့ “ဘယ်လိုတွေ ဖြစ်ကုန်တာလဲဟ” ဟု မျက်စိလည်စရာပင် ဖြစ်လာပြန်တော့သည်။
သိပ္ပံ သိပ္ပံ ဟု ပြောနေရသော်လည်း၊ သိပ္ပံ၏ တွေ့ရှိချက်ကို တန်ဖိုး ထားနေရသော်လည်း သိပ္ပံပညာရှင်ကြီးများ ကိုယ်တိုင် ကပင်လျှင် “ယနေ့ သိပ္ပံပညာ၏ တွေ့ရှိချက်များသည် တဧကလောက် ရှိသော လယ်ကွက်ထဲ ကျနေသည့် ပဲစေ့ တစေ့ ပမာဏမျှသာ ရှိသေးသည်” ဟု ဆိုလိုက်ပြန်တော့ ဘာကို ဆက်ပြီး တွေးလိုက်ရမှန်းကို မသိတော့။
ယန္တရား အသစ်
တခု ရှိသည်က သိပ္ပံကို အခြေခံသော အယူဝါဒများက ဘာသာရေးကို လုံးဝ ပစ်ပယ်လိုက်သော်လည်း ဘာသာရေး ကဲ့သို့ ခွန်အားကောင်းသော “ပုထုဇဉ် ထိန်းသိမ်းရေး” ယန္တရား တခုခုကို လုပ်မပေးနိုင်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ လူ့အဖွဲ့အစည်း ကြီးကြီးငယ်ငယ် တို့သည်လည်း ဖရိုဖရဲ ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေသည်။
လာမည့် ရာစု ခေတ်တွင် လူသား အားလုံးသည် သိပ္ပံ ရှာဖွေမှုများကို အာရုံ စိုက်ခြင်းထက် သိပ္ပံက ပေးလိုက်သော ပစ္စည်းများကို မည်သို့ သုံးစွဲကြမည်ကို အလေးအနက် စဉ်းစားကြရတော့မည် ဖြစ်သည်။
လူသည် မွေးလာရာတွင် ကမ္ဘာဦး လူနှင့်မခြား လောဘ၊ ဒေါသ၊ မောဟတွေ တထွေးကြီး ပါလာခဲ့သည်ဟု အထက်တွင် ဆိုခဲ့ပါသည်။
ထိုလူကို သိပ္ပံပညာတွေကိုချည်းသာ ဖိသင်ပေးနေခဲ့လျှင် ကမ္ဘာဦး လူသားကို စွမ်းရည် မြှင့်ပေးနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
ညာရေးစနစ်က အစ ပြန်လည် သုံးသပ်ကြရတော့မည်ဟု ထင်မိသည်။
အလှကို ခံစားတတ်အောင်၊ လောကကို ချစ်တတ်အောင်၊ လောဘ၊ ဒေါသကို နုံ့စေမည့် သင်ရိုးညွှန်းတမ်းများ၊ ဘာသာရပ်များကို အားစိုက် ခွန်စိုက် လုပ်ကြမှသာလျှင် ပျော်စရာကောင်းသော၊ နေချင့်စဖွယ် ရှိသော လူ့လောကကြီး ဖြစ်လာပေလိမ့်မည်။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် ၂၁ ရာစုသည် “ပုထုဇဉ် ထိန်းသိမ်းရေး ယန္တရား”ကို အပြင်းအထန် တီထွင် ဆောက်လုပ်ရမည့် ရာစုကြီးဟု ထင်နေမိပါသည်။ ။
(စာရေးဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇွန်ပွင့် စာအုပ်တိုက်က ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ဝေသော “အနာဂတ်ကို မကြောက်နဲ့” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)