ကွဲပြားခြားနားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သုံးလကြာ ထိုးစစ်သည် လွန်ခဲ့သော သုံးနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့်အချိန်ကထက်မဆို စစ်ကောင်စီကို ပိုမိုအင်အားချိနဲ့သွားစေသည်။ ထိုအချက်က နိုင်ငံတကာ မူဝါဒချမှတ်သူများအတွက် မေးခွန်းတခုကို မီးမောင်းထိုးပြနေသည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုများသည် မြန်မာကို တည်ငြိမ်အောင် လုပ်နိုင်သလားဆိုသည့် မေးခွန်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ထိုကဲ့သို့သော အားထုတ်မှုကို ဦးဆောင်ရန် ခိုင်မာသော အခြေခံရှိပြီး မြန်မာမှ များပြားလှသော တိုင်းရင်းသားအုပ်စုများအကြား ခိုင်မာသော လူထုထောက်ခံမှု ရမည်ဆိုသည့် အထောက်အထားကို ကျားကန်ပေးသည့် လူထုသဘောထား အချက်အလက်သစ်များက ပြသနေသည်။ ထိုကဲ့သို့သော တည်ငြိမ်မှုသည် NUG ၏ အားလုံး အကျုံးဝင်မှုနှင့် တုန့်ပြန်ဆောင်ရွက်နိုင်မှု ပိုမိုလေးနက်အောင် ပြုလုပ်ကာ နိုင်ငံရေးမဟာမိတ်ကို ကျယ်ပြန့်အောင် လုပ်နိုင်သည့် စွမ်းရည်ပေါ် မူတည်သည်။
အမျိုးမျိုးသော တိုင်းရင်းသားများ ပါဝင်သည့် မြန်မာမှ အရွယ်ရောက်ပြီးသူ ၄,၆၁၂ ဦးကို စာရေးသူများက မေးမြန်းသည့် သုတေသနစစ်တမ်းသစ်တွင် အမျိုးသားပြည်ထောင်စုအား ကျယ်ပြန့်သော လူထုထောက်ခံမှုကို ပြသနေသည်။ (စစ်တမ်း ကောက်ယူထားသောသူများသည် သုတေသီများ ထိတွေ့ဆက်ဆံနိုင်သည့် အဆင်ပြေသလို ကောက်ယူထားသော နမူနာများသာ ဖြစ်သောကြောင့် မြန်မာပြည်သူများ အားလုံးကို ညီမျှစွာ ကိုယ်စားမပြုကြောင်း အသိပေးအပ်ပါသည်။)
NUG သည် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီဖြင့် အကောင်းဆုံး ဖော်ဆောင်နိုင်မည့် ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းသော လူမျိုးစုံနိုင်ငံအဖြစ် ပြန်လည် တည်ဆောက်ခြင်းကို ဦးဆောင်ရန် အနေအထားကောင်းတွင် ရှိကြောင်း ထိုစစ်တမ်းက ပြသနေသည်။ ထိုသို့သော လုပ်ငန်းအဆင့်ဆင့်အရ NUG နှင့် စစ်အုပ်ချုပ်ရေးကို တိုက်ခိုက်နေသည့် အမျိုးမျိုးသော တိုင်းရင်းသားအခြေစိုက် အင်အားစုများသည် လက်ရှိအချိန်အထိ နှေးကွေးနေဆဲဖြစ်သော လေးနက်သည့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်စေမည်ဖြစ်သည်။
ခုခံတော်လှန်ရေး အင်အားစုများ၏ တိုးတက်မှုသည် စစ်ကောင်စီ ပြိုလဲနိုင်ခြေကို မြင့်မားစေသောကြောင့် အနာဂတ် နိုင်ငံရေးအုပ်ချုပ်မှုစနစ်နှင့် ပတ်သက်သည့် ထိုသို့သော ဆွေးနွေးမှုသည် ပိုမိုအရေးပါလာနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ NUG အတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုရအောင် ဆောင်ရွက်ခြင်းနှင့်အတူ ဖြစ်နိုင်ခြေရှိသော အန္တရာယ်တခုကို မီးမောင်ထိုးပြနေသည်။
မြန်မာမှ လူနည်းစု တိုင်းရင်းသားများသည် လူများစု ဗမာလွှမ်းမိုးသည့် မည်သည့်အစိုးရမဆို ဖြစ်လာမည့် အလားအလာကို စိုးရိမ်မှု ဆက်ရှိနေပြီး ပြည်သူများက NUG ကို ဗမာလွှမ်းမိုးသည်ဟု အများအားဖြင့် မြင်သည်။ ထိုအချက်ကြောင့် NUG နှင့် စစ်အုပ်ချုပ်ရေးကို တိုက်ခိုက်နေသည့် တိုင်းရင်းသားအခြေပြု အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရေးနှင့် ယုံကြည်မှု တည်ဆောက်ရေး အရေးပေါ် လိုအပ်ချက်ကို ပိုမိုကျယ်ပြန့်စေသည်။ ထိုသို့ တောင့်တင်း ကြံ့ခိုင် ခံနိုင်ရည်ရှိပြီး အားလုံး အကျုံးဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မရှိဘဲ စစ်ကောင်စီကို လက်နက်ကိုင် ဖြုတ်ချခြင်းသည် အလွန်ကြီးမားသော မရေရာမှုကို ဖြစ်စေပြီး အစိတ်စိတ်အမွှာမွှာ ဖရိုဖရဲဖြစ်နိုင်ခြေ တိုးလာစေသည်။
နိုင်ငံတကာ အသိုက်အဝန်းသည် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုနှင့် အကျပ်အတည်းဖြစ်နေသော ပြည်သူများထံရောက်သည့် နည်းပါးလှသော လူသားချင်းစာနာမှု၊ နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီများကို သိသိသာသာ တိုးမြှင့်သင့်သည်။ တော်လှန်ရေး အင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေး အားထုတ်မှုများကို နိုင်ငံတကာ အသိုက်အဝန်းက အားပေးသင့်ပြီး လှုပ်ရှားမှုကို သွေးကွဲစေမည့် အားထုတ်မှုများကို ရှောင်ကျဉ်သင့်သည်။
အချက်အလက်အသစ်နှင့် လေ့လာစရာ
သုတေသီများနှင့် မူဝါဒချမှတ်သူများတွင် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးတရားဝင်မှုနှင့် ပတ်သက်သော ပြည်သူလူထုအမြင် ခိုင်မာသော အချက်အလက် ကင်းမဲ့နေသည်။ ထိုသို့ကင်းမဲ့ခြင်းသည် လှုပ်ရှားမှုအပေါ် နိုင်ငံတကာထောက်ခံမှုနှင့် အနာဂတ် တည်ငြိမ်မှုအတွက် အရေးပါသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အကန့်အသတ်ဖြစ်စေသည်။ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ ပံ့ပိုးမှုဖြင့် စာရေးသူများသည် အွန်လိုင်း စစ်တမ်းတခုကို ၂၀၂၃ ခုနှစ် ဧပြီလနှင့် ဩဂုတ်လ ကြားတွင် ပြုလုပ်ခဲ့သည်။
(ယခု စစ်တမ်းစီမံချက်သည် သုတေသီများက snowball sampling ဟု ခေါ်သည့် စစ်တမ်းတွင် ဖြေကြားသူများက သုတေသီများကို ဝင်ရောက်ကူညီစေသည့် နည်းလမ်းကို အသုံးပြုသည်။ ထိုစီမံချက်က စစ်တမ်းတွင် ကြော်ငြာလိုက်ပြီး စစ်တမ်းကို အမျိုးမျိုးသော တိုင်းရင်းသား အုပ်စုများထံ ဖြန့်ချိပေးမည့် သုတေသန လက်ထောက်များကို ခေါ်ယူခဲ့သည်။)
သုတေသီများနှင့် မူဝါဒချမှတ်သူများတွင် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးတရားဝင်မှုနှင့် ပတ်သက်သော ပြည်သူလူထုအမြင် ခိုင်မာသော အချက်အလက် ကင်းမဲ့နေသည်။ ထိုသို့ကင်းမဲ့ခြင်းသည် လှုပ်ရှားမှုအပေါ် နိုင်ငံတကာထောက်ခံမှုနှင့် အနာဂတ် တည်ငြိမ်မှုအတွက် အရေးပါသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အကန့်အသတ်ဖြစ်စေသည်။
နိုင်ငံပေါင်း ၂၀ မှ မြန်မာများ ပါဝင်ကြပြီး ၎င်းတို့အနက် ၄၇ ရာခိုင်နှုန်းနီးပါးသည် မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများတွင် နေထိုင်ကြသည် (ဇယား-၁)။ ၎င်းတို့သည် လူမျိုးစု လူမှုအသိုက်အဝန်း နှစ်ဒါဇင်နီးပါးမှ ဖြစ်ပြီး ထက်ဝက်က ၎င်းတို့သည် ဗမာများဖြစ်သည်ဟု ပြောသည် (ဇယား-၂)။
အဝေးရောက် မြန်မာများ၏ သဘောထားသည် မိခင်နိုင်ငံ အနာဂတ်ကို အလွန်အရေးထားသည်။ ပြည်ပရောက် မြန်မာများသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် စိတ်ပြတ်သားသည့် ပါဝင်လုပ်ဆောင်သူများ ဖြစ်သည်။ (စစ်တမ်းကို ဖြေဆိုသူများ၏ ၇၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများဖြစ်သည်။ ကျန်သူများမှာ နိုင်ငံမဲ့ သို့မဟုတ် ခိုလှုံရာ နိုင်ငံများ၏ နိုင်ငံသားများဖြစ်ကြသည်။) အဝေးရောက် မြန်မာများသည် တော်လှန်ရေး လှုပ်ရှားမှုအတွက် တခုတည်းနှင့် အရေးအပါဆုံး ရန်ပုံငွေရင်းမြစ်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို တုံ့ပြန်ရာတွင် လှုပ်ရှားမှု၏ တပ်ဦးဖြစ်သည်ဆိုသည့်အချက်ကို သတင်းများက ထင်ဟပ်နေသည်။
စစ်တမ်း၏ မှတ်သားစရာအချက် ၅ ချက်
၁။ NUG ကို ထောက်ခံမှု ခိုင်မာကျယ်ပြန့်သည်။ ဖြေဆိုသူများ၏ ၉၂ ရာခိုင်နှုန်းနီးပါး (ဗမာများ၏ ၉၃ ရာခိုင်နှုန်းနှင့် လူနည်းစုတိုင်းရင်းများ၏ ၉၁ ရာခိုင်နှုန်း) သည် NUG ကို အတိုင်းအတာတခုအထိ သို့မဟုတ် အလွန် နှစ်သက်ကြပြီး မြန်မာနိုင်ငံတွင်းနှင့် အဝေးရောက်များထံမှ ထောက်ခံမှုနှင့် နှိုင်းယှဉ်လျှင် မြင့်မားသည်။
ထိုထောက်ခံမှုကို လက်တွေ့လုပ်ရပ်အဖြစ် ပြောင်းလဲလိုက်သောအခါ NUG ကို ထောက်ခံသူများသည် တော်လှန်ရေးနှင့် လူသားချင်းစာနာမှု အားထုတ်မှုများသို့ ငွေကြေးလှူဒါန်းနိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုမိုများပြားပြီး NUG က ထုတ်ဝေသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူနိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုမိုများပြားကာ မနှစ်သက်သူများသည် ထိုသို့လုပ်နိုင်ခြေ ၈ ရာခိုင်နှုန်းသာ ရှိသည်။
ထိုသို့ NUG ကို အကြီးအကျယ် ထောက်ခံမှုသည် မြန်မာပြည်သူများက စစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်မှုကို ပြသနေသည်။ စစ်တမ်းတွင် ဖြေဆိုသူတဦးပြောသည့် အတိုင်းပြောရပါက “မြန်မာပြည်သူတွေဟာ ပြည်တွင်း မတည်ငြိမ်မှုနဲ့ ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ချင်နေကြပြီ” ဟုသာ ပြောရမည် ဖြစ်သည်။
၂။ NUG ကို ထောက်ခံမှုသည် NUG နှင့် တရားဝင် မဟာမိတ်ဖွဲ့မထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ရှိသည့် တိုင်းရင်းသား လူမှုအသိုက်အဝန်းများတွင်ပင် လွန်စွာမြင့်မားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် NUG နှင့် ပူးပေါင်းကြသော်လည်း မပူးပေါင်းသည့် အဖွဲ့အစည်း အများအပြား ရှိသည်။ NUG နှင့် မဟာမိတ်ဖွဲ့ထားသည့် လူမှုအသိုက်အဝန်းများအကြားတွင် NUG အပေါ် ထောက်ခံမှုများသကဲ့သို့ NUG နှင့် မဟာမိတ် ဖွဲ့မထားသည့် အဖွဲ့များ၏ဒေသများမှ လူမှုအသိုက်အဝန်းများတွင်လည်း ၈၆ ဒသမ ၄ ရာခိုင်နှုန်းသည် NUG ကို အတိုင်းအတာတခုအထိ သို့မဟုတ် လွန်စွာ နှစ်သက်သည်ဟု ဖော်ပြကြသည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်တိုင်းရင်းသား အသိုက်အဝန်းမှ တုံ့ပြန်မှုများသည်လည်း မှတ်သားစရာကောင်းသည်။ ထိုဒေသမှ တိုင်းရင်းသားတပ်ဖြစ်သော ရက္ခိုင့်တပ်တော် (AA) သည် အချုပ်အခြာအာဏာပိုင် အာရက္ခနိုင်ငံတော် ထူထောင်မည်ဟု ကြေညာထားပြီး ခုခံတော်လှန်ရေးလှုပ်ရှားမှုကို တိတ်တဆိတ် ထောက်ခံသော်လည်း NUG နှင့် ပွင့်ပွင့်လင်းလင်း မဟာမိတ်ဖွဲ့မထားပေ။
သို့သော် မိမိတို့စစ်တမ်း၏ အချက်အလက်များအရ ရခိုင်လူမျိုးများ၏ တုံ့ပြန်ဖြေဆိုသူများသည်လည်း ချင်း၊ ကချင်နှင့် ကရင်နီ လူမျိုးစုများကဲ့သို့ပင် NUG ၏ ရန်ပုံငွေ ရှာဖွေရေး အားထုတ်မှုသို့ ထည့်ဝင်နိုင်သည်ကို တွေ့ရသောကြောင့် တရားဝင် မဟာမိတ်ဖွဲ့မထားသည့် တိုင်းရင်းသားများသည်ပင် NUG အပေါ် ခိုင်မာသော ထောက်ခံမှုကို ထင်ဟပ်နေသည်။
၃။ တိုင်းရင်းသား အမှတ်လက္ခဏာများသည် သွေးကွဲမှု မဖြစ်စေပေ။ မြန်မာ့နိုင်ငံရေးကို ပုံဖော်ရာတွင် တိုင်းရင်းသား အမှတ်လက္ခဏာ၏ သမိုင်းအရ သြဇာကြီးမားသည့် အခန်းကဏ္ဍကို စစ်တမ်းတွင် ထင်ဟပ်နေသည်။ လူနည်းစု တိုင်းရင်းသားများ၏ ၈၃ ဒသမ ၃ ရာခိုင်နှုန်းက ၎င်းတို့၏ တိုင်းရင်းသား အမှတ်လက္ခဏာသည် တစုံတရာ သို့မဟုတ် လွန်စွာ အရေးပါကြောင်း ပြောကြားသည်။
ချင်း၊ ကချင်နှင့် ကရင်ကဲ့သို့သော တိုင်းရင်းသားအုပ်စု အချို့အကြား ထိုသို့ယူဆသူ အရေအတွက်သည် ၉၀ ရာခိုင်နှုန်းအထက်တွင် ရှိသည်။ အမျိုးသားရေးနှင့် ပတ်သက်သော စာပေများအရ တိုင်းရင်းသား အမှတ်လက္ခဏာနှင့် အမျိုးသားအမှတ်လက္ခဏာကို စွဲကိုင်မှုသည် တခုနှင့်တခု အားပြိုင်နေသည်ဟု ယူဆရသော်လည်း ယခုစစ်တမ်းတွင် အပြုသဘော အပြန်အလှန် ဆက်စပ်နေကြောင်း ပြသသည်။
တုံ့ပြန်ဖြေကြားသည့် မြန်မာ့လူနည်းစု တိုင်းရင်းသားများ၏ ၇၇ ဒသမ ၃ ရာခိုင်နှုန်းစလုံးက မြန်မာအမှတ်လက္ခဏာသည် တိုင်းရင်းသားအမှတ်လက္ခဏာနှင့် အလားတူ သို့မဟုတ် ပိုမိုအရေးပါကြောင်း ဖော်ပြသည်။
တနည်းအားဖြင့်ဆို ရပါက ၎င်းတို့၏တိုင်းရင်းသား အမှတ်လက္ခဏာကို လွန်စွာထိန်းသိမ်းသော တိုင်းရင်းသား လူနည်းစုများသည် ၎င်းတို့၏ မြန်မာအမှတ်လက္ခဏာကိုလည်း လွန်စွာဆုပ်ကိုင်ထားကြသည်။ ထိုအချက်က မြန်မာ့နိုင်ငံရေးမှ တိုင်းရင်းသား အမှတ်လက္ခဏာသည် သွေးကွဲစေသော အဖျက် မဟုတ်ကြောင်း ပြသနေသည်။
၄။ လူနည်းစုတိုင်းရင်းသား နိုင်ငံသားများက လူမျိုးစုအရ ကွဲပြားသော နိုင်ငံရေးအခင်းအကျင်းကို မလိုလားကြပေ။ တိုင်းရင်းသားလူနည်းစု အများအပြားသည် ၎င်းတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထက် NUG ကို ပိုမိုလိုလားကြသည်။
တုံ့ပြန်ဖြေကြားသည့် တိုင်းရင်းသား လူနည်းစုများ၏ ၇၈ ရာခိုင်နှုန်း အပြည့်အဝက NUG ကို တိုင်းရင်းသားလူနည်းစု လက်နက်ကိုင် အဖွဲ့အစည်းများထက် ၅၁ ဒသမ ၄ ရာခိုင်နှုန်း သို့မဟုတ် ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထက် ၂၆ ဒသမ ၆ ရာခိုင်နှုန်း ပိုမို နှစ်သက်ကြသည်။
၂၂ ရာခိုင်နှုန်းကသာ ၎င်းတို့၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကို NUG ထက် ပိုမိုနှစ်သက်သည်။ (တရုတ်နှင့် အိန္ဒိယ လူမှုအသိုက်အဝန်းများ အပါအဝင်) လက်နက်ကိုင်အဖွဲ့အစည်း မရှိသော လူနည်းစု တိုင်းရင်းသားများအကြားတွင် ၁၂ ရာခိုင်နှုန်းကသာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို NUG ထက် ပိုမိုနှစ်သက်သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ထိုအချက်က တိုင်းရင်းသားလူနည်းစု နိုင်ငံသားအများစုသည် လူမျိုးစုအရ ကွဲပြားနေသည့် နိုင်ငံရေးအခင်းအကျင်းထက် ပြည်ထောင်စုကို လိုလားသည့် ထိထိရောက်ရောက် ကျယ်ပြန့်သော ကြေညာချက် ဖြစ်သည်။
၅။ ဖြစ်နိုင်ခြေရှိသော နိုင်ငံရေးအန္တရာယ်မှာ မြန်မာနိုင်ငံသားအများစုက NUG ကို ဗမာလွှမ်းမိုးသည်ဟု မြင်ကြသည်။ စစ်တမ်းကို တုံ့ပြန်ဖြေကြားသူ အများစုက NUG ကို နှစ်သက်ကြသော်လည်း ၎င်းတို့တွင် အဓိက ကွဲပြားခြားနားချက် ရှိသည်။
ဗမာများအကြားတွင် ၎င်းတို့၏ တိုင်းရင်းသားအမှတ်လက္ခဏာ၏ အရေးပါမှု တိုးလာသည်နှင့်အမျှ NUG ကို ထောက်ခံမှု တိုးလာသည်။ သို့သော် ထိုသို့သော သက်ရောက်မှုသည် လူနည်းစု တိုင်းရင်းသားများအကြားတွင် ဆန့်ကျင်ဘက်ဖြစ်နေပြီး လူနည်းစု တိုင်းရင်းသားများသည် NUG ကို ထောက်ခံမှုနည်းလေ ၎င်းတို့၏ တိုင်းရင်းသား အမှတ်လက္ခဏာအပေါ် အလေးထားမှု များလေပင်ဖြစ်သည်။
ဖြစ်နိုင်ခြေရှိသော နိုင်ငံရေးအန္တရာယ်မှာ မြန်မာနိုင်ငံသားအများစုက NUG ကို ဗမာလွှမ်းမိုးသည်ဟု မြင်ကြသည်။ စစ်တမ်းကို တုံ့ပြန်ဖြေကြားသူ အများစုက NUG ကို နှစ်သက်ကြသော်လည်း ၎င်းတို့တွင် အဓိက ကွဲပြားခြားနားချက် ရှိသည်။
၎င်းတို့တိုင်းရင်းသား အမှတ်လက္ခဏာသည် အရေးပါသည်ဟု မှတ်ယူသူများ (တိုင်းရင်းသား လူနည်းစုများ၏ ၈၃ ရာခိုင်နှုန်းနှင့် ဗမာများ၏ ၆၉ ရာခိုင်နှုန်း) အနက် တိုင်းရင်းသားလူနည်းစုများသည် NUG ကို ဗမာများလောက် မနှစ်သက်ကြပေ။ ထိုသို့သော ပြောင်းလဲမှုများသည် သိမ်မွေ့သော်လည်း NUG ကို ဗမာလွှမ်းမိုးသည့် အင်စတီကျူးရှင်းအဖြစ် မြင်၊ မမြင် မေးခွန်းထုတ်စရာ ဖြစ်စေသည်။
ထိုသို့သော အနေအထားမျိုးကို ကိုးကွယ်ရာဘာသာအရလည်း တွေ့ရသည်။ ဘာသာရေး လူနည်းစုများသည် NUG ကို အခိုင်အမာ ထောက်ခံကြသော်လည်း (ဘာသာရေး လူနည်းစုများ၏ ၉၁ ရာခိုင်နှုန်းသည် NUG ကို အတိုင်းအတာတခုအထိ သို့မဟုတ် လွန်စွာ လိုလားကြသည်) အမြင့်မားဆုံး ထောက်ခံမှုသည် ဗမာဗုဒ္ဓဘာသာများထံမှ ဖြစ်သည်။
မြန်မာ့အနာဂတ်အပေါ် သက်ရောက်မှုများ
မြန်မာလူ့အဖွဲ့အစည်း အစိတ်အပိုင်းအားလုံးက NUG ကို ငြင်းပယ် မရအောင် အခိုင်အမာ ထောက်ခံခြင်းသည် မြန်မာကို လူမျိုးစုံနိုင်ငံတော်အဖြစ် ပြန်လည်တည်ဆောက်သည့် လုပ်ငန်းစဉ်ကို ဦးဆောင်ရန် NUG သို့မဟုတ် မည်သည့် ဆက်ခံသူမဆို၏ အလားအလာကို ဖော်ပြနေသည်။ သို့သော် အများပြည်သူအမြင်သည် မည်မျှခိုင်မာသည်ဖြစ်စေ ဖက်ဒရယ် ဒီမိုကရေစီကို မဖေါ်ဆောင်နိုင်ပေ။ ထိုသို့လုပ်ရန် NUG နှင့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပူးပေါင်းဆောင်ရွက်ရေး လိုအပ်မည်ဖြစ်သည်။
NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ထင်ရှားသော်လည်း နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု နည်းသည်။ ထိုသို့သော အဖွဲ့အစည်း လေးခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) တို့သာ NUG နှင့် ဗြောင်ကျကျ မဟာမိတ်ဖွဲ့သည်။
တနိုင်ငံလုံး၌ စစ်ရေးအောင်မြင်မှုများ ရလာချိန်တွင် စစ်ကောင်စီပြိုလဲရေးကို မည်သည့် အချိန်ကထက်မဆို ပိုမို လက်တွေ့ဖြစ်လာအောင် အဓိကကျသည့် အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးပွဲသည် အရေးပါသည်။ မြန်မာ့အနာဂတ် တည်ငြိမ်ရေးအတွက် NUG နှင့် အမျိုးမျိုးသော တိုင်းရင်းသားအဖွဲ့အစည်းများအကြား စစ်ပြီးကာလ နိုင်ငံရေးအစီအစဉ်ဆိုင်ရာ သဘောတူညီချက်တခု လိုအပ်သည်။
ဗမာလွှမ်းမိုးသော အစိုးရနှင့်ပတ်သက်သည့် လူနည်းစုတိုင်းရင်းသားများ၏ စွဲထင်နေသော စိုးရိမ်ပူပန်မှုနှင့် NUG ကို ဗမာလွှမ်းမိုးသည်ဟု မြင်ခြင်းကြောင့် NUG သည် ထိုလူမှုအသိုက်အဝန်းများနှင့် ယုံကြည်မှု တည်ဆောက်ရန်နှင့် ၎င်းတို့ အကျိုးစီးပွားများကို မည်သို့နေရာပေးမည်ကို အမြန် အကဲဖြတ်သုံးသပ်သင့်သည်။
စစ်တမ်းတွင် တုံ့ပြန်ဖြေကြားသူ တဦးက “NUG သည် မိမိတို့တွင် လတ်တလောရှိသည့် ခေါင်းဆောင်မှုဖြစ်သောကြောင့် မိမိတို့ တတ်နိုင်သမျှ ထောက်ခံရသည်ကို ဝမ်းမြောက်သော်လည်း ၎င်းတို့သည် ပြတ်သားသော လုပ်ရပ်အချို့ လုပ်ရန်လိုနိုင်ပြီး ၎င်းတို့အပေါ် လူထုထောက်ခံမှုရှိချိန်တွင် အလျင်အမြန် လုပ်သင့်သည်” ဟု ဖြေသည်။
“NUG သည် မိမိတို့တွင် လတ်တလောရှိသည့် ခေါင်းဆောင်မှုဖြစ်သောကြောင့် မိမိတို့ တတ်နိုင်သမျှ ထောက်ခံရသည်ကို ဝမ်းမြောက်သော်လည်း ၎င်းတို့သည် ပြတ်သားသော လုပ်ရပ်အချို့ လုပ်ရန်လိုနိုင်ပြီး ၎င်းတို့အပေါ် လူထုထောက်ခံမှုရှိချိန်တွင် အလျင်အမြန် လုပ်သင့်သည်”
ယခုစစ်တမ်းသည် လူနည်းစုတိုင်းရင်းသားများ၏ ဘုံရည်မှန်းချက်ကို ထင်ဟပ်ပါက အချက်အလက်များက အစိတ်စိတ်အမွှာမွှာ ကွဲခြင်းကို မထောက်ခံဘဲ အမျိုးသား ပြည်ထောင်စုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာ့အနာဂတ်အကြောင်း ဆွေးနွေးရန်နှင့် ၎င်းတို့ လူမှုအသိုက်အဝန်းများက လိုလားသည့် ပြည်ထောင်စုမျိုးအတွက် ညှိနှိုင်းရန် ၎င်းတို့ကိုယ်စားပြုသည့် လူ့အဖွဲ့အစည်းများအတွက် တာဝန်ရှိသည်။
အာဏာသိမ်းပြီး သုံးနှစ်ထဲသို့ ရောက်လာသောအခါ မြန်မာတွင် နိုင်ငံရေးစနစ်သစ်တခုသည် ခက်ခဲသည့် စိတ်ကူးယဉ် အိပ်မက် မဟုတ်တော့ပေ။ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြတ်သားသော လုပ်ဆောင်မှုများသည် နိုင်ငံကို တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် ရှင်းလင်းသော လမ်းကြောင်းဆီသို့ ပို့ဆောင်ပေးနိုင်သည်။
(USIP ပါ Jangai Jap နှင့် Amy H. Liu တို့၏ Myanmar: New Data Show Wide Support for Unity Government ကို ဘာသာပြန်သည်။ ဒေါက်တာ ဂျန်ဂိုင် ဂျက်ပ်သည် အမေရိကန် ပြည်ထောင်စု၊ အော်စတင်ရှိ တက္ကဆက်တက္ကသိုလ် စီမံအုပ်ချုပ်မှုဌာနတွင် ပါရဂူဘွဲ့လွန် သုတေသီဖြစ်သည်။ ဒေါက်တာ အေမီ အိတ်ချ် လျှူသည် တက္ကဆက်တက္ကသိုလ် စီမံအုပ်ချုပ်မှုဌာန ပါမောက္ခ ဖြစ်သည်။ စာရေးသူများအနေဖြင့် ယခုသုတေသနအတွက် ရန်ပုံငွေထောက်ပံ့သည့် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ကို ကျေးဇူးတင်ပါသည်။ သုတေသနအတွက် အကူအညီပေးခဲ့သည့် ဂျမွန်းလတ်၊ ဂျန်ဂျန်၊ နော်ရို့စ်မင်း၊ ဥမ္မာဇင်၊ ဖြိုးအိထွေး၊ ဆရာတင်ဦး၊ ဆုန်ချင်းပါနှင့် အောင်မျိုးဟိန်းတို့ကိုလည်း ကျေးဇူးတင်ပါသည်။)
You may also like these stories:
စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ
NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း
NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း
NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ