လူတွေဟာ ကဗျာ တပုဒ်ကို ဖတ်ပြီး နှစ်ခြိုက်ကြတယ်။ တယော တလက်ရဲ့ တေးသွားလေး တကျော့ကို ခံစားကြတယ်။ ကချေသည် တယောက်ရဲ့ ကကြိုးနဲ့ အတူ လွင့်မျောတတ်ကြတယ်။
ဘာကြောင့်လဲ…
ဘယ်လူသား ဖြစ်ဖြစ် အနုပညာ တရပ်ရပ်ရဲ့ နှိုးဆွမှုမှာ လွင့်မျောဖို့ အသင့်ပဲ။ အနုပညာရဲ့ နည်းနာ အသွယ်သွယ်တိုင်းမှာ ခံစားကြတယ်။
ဘာကြောင့် လူတွေဟာ အနုပညာကို ခံစားကြတာလဲ။ ဘာကြောင့် နှစ်သက် ခုံမင်ကြတာလဲ။ ဘာကြောင့် အနုပညာရဲ့ ဖန်တီးမှုတွေဟာ လူသားတွေကို စိုးမိုးနိုင်တာလဲ။
ဒါကို ဖြေရှင်းဖို့ ကျနော်တို့ လိုအပ်တယ်။
အနုပညာရဲ့ စွမ်းရည်ကို သိမှ စိတ္တဇပန်းချီရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မို့လို့ပဲ။
လူတွေဟာ အရသာ ဆိုတဲ့ သဘောကို ဘာကြောင့် နှစ်သက် ခုံမင်တာလဲ။ ဒါမှမဟုတ် အနုပညာ တရပ်ရပ်ဟာ ဘာကြောင့် လူတွေကို ဖမ်းချုပ်နိုင်စွမ်း ရှိတာလဲ ဆိုတာ ကျနော်တို့ စဉ်းစားကြည့်ရအောင်။
ဒီနေရာမှာ ကျနော်တို့ လေးလေးနက်နက် နားလည် ခံယူထားဖို့က ကျနော်တို့ လူသား အားလုံးဟာ ပတ်ဝန်းကျင် (သဘာဝ) ရဲ့ အတွင်းမှာ ရှင်သန် နေထိုင်ရတယ်။ ဒီပတ်ဝန်းကျင် (သဘာဝ) နဲ့ စက္ကန့် မပြတ် ဆက်ဆံကူးလူး နေရပြီး ဒီပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှုကို အဆက်မပြတ် ခံနေရတယ် ဆိုတဲ့ အကြောင်းတရားပဲ။
ဆိုရှယ်လစ် တွေးခေါ်ရှင် အိန်ဂျယ်က –
ယခုခေတ်၌ သဘာဝသည် အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုများ၊ ဖြစ်စဉ် ဖြစ်ရပ်များ စနစ်တကျ ဖြစ်ပေါ်မှုတို့ဖြင့် ကျွန်ုပ်တို့ ရှေ့၌ ဖြန့်ခင်းလျက် ရှိပေသည်။ (အိန်ဂျယ် – သဘာဝ ရဲ့ ဒိုင်ယာလက်တစ် ၂၀၂) လို့ ရေးခဲ့တယ်။
နောက်ပြီး စတာလင်က အနုပဋိလောမ ရုပ်ဝါဒ စာတမ်းမှာ –
အနုပဋိလောမက သဘာဝ အရာဝတ္ထုတွေနဲ့ အဖြစ်အပျက်တွေဟာ တခုနဲ့ တခု မဆက်မသွယ်ဘဲ၊ တခုနဲ့ တခု မှီခို အားထား မနေဘဲ၊ မတော်တဆ စုပုံ ဖြစ်ပျက်နေတယ်လို့ မယူဆဘဲ တခုနဲ့ တခု ဆက်စပ်နေတယ်။ စုစည်းနေတယ်။ အရာဝတ္ထုနဲ့ အဖြစ်အပျက်တွေဟာ အတွင်းသဘောနဲ့ ဆက်စပ် မှီခိုနေတယ်။ တခုကို တခုက ဆုံးဖြတ်နေတယ်လို့ ယူဆတယ်။ (စတာလင် – အနုပဋိလောမ ရုပ်ဝါဒ) လို့ ရေးသားခဲ့တယ်။
စတာလင်ရဲ့ စာပိုဒ်ထဲက အရာဝတ္ထုနဲ့ အဖြစ်အပျက်တွေဟာ တခုကို တခု ဆုံးဖြတ်နေတယ်လို့ ယူဆတယ် ဆိုတဲ့ စာကြောင်းဟာ သဘာဝရဲ့ ဆက်စပ်နေမှုမှာ ရေးပါတဲ့ အကြောင်းတရား တရပ်ပဲ။
ကျနော်တို့တွေဟာ သဘာဝ အတွင်းမှာ ရှိတဲ့ ပစ္စည်းတွေပဲ။ ဒါကြောင့် ကျနော်တို့တွေဟာ ကျနော်တို့ အချင်းချင်းရော၊ သဘာဝတရားနဲ့ရော၊ တခြား သဘာဝ အတွင်းက ပစ္စည်းတွေနဲ့ရော ဆက်နွှယ် မှီတည်နေပြီး တခုက တခုကို အဆုံးအဖြတ် ပေးနေတယ်။
ဒါဟာပဲ ကျနော်တို့ လူသားတွေရဲ့ အနုပညာ ခံစားတတ်မှု အာရုံရဲ့ အကြောင်းရင်းခံ ဖြစ်တယ်။
ကျနော်တို့ နဲ့ သဘာဝဟာ ဆက်နွှယ်နေတယ်။ ဒါကြောင့် သဘာဝက ကျနော်တို့ကို ဆုံးဖြတ်ပေးပြီး ကျနော်တို့ လူသားတွေက သဘာဝကို ပြန်ပြီး ဆုံးဖြတ်တယ်။
ဒီလို အညမည ဆက်စပ်နေမှုတွေဟာ ကျနော်တို့ရဲ့ အာရုံခံစားမှုကို နှစ်ပေါင်းများစွာ ရိုက်ခတ် သွန်သင်ခဲ့တယ်။
သဘာဝမှာ ဘာတွေရှိပြီး ကျနော်တို့ကို ဘာတွေ သွန်သင်ခဲ့သလဲ။
ဒါဟာ အဓိကကျတဲ့ မေးခွန်းတခုပဲ။ ဒီမေးခွန်း ပြဿနာကို ရှင်းလင်းသွားတဲ့ အခါမှာ ကျနော်တို့ လူသားတွေဟာ အနုပညာ အပေါ်မှာ ခုံမင် နှစ်သက်ရတဲ့ အကြောင်းရင်းဟာ ပေါ်လာမှာပဲ။
သဘာဝမှာ ဘာတွေရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လီနင်က –
သဘာဝတရားမှာ ရွေ့လျားနေတဲ့ ရုပ်ဒြပ်တွေပဲ ရှိတယ်။ ဒီရုပ်ဒြပ်တွေဟာလည်း ကာလနဲ့ အာကာသထဲမှာက လွဲလို့ တည်ရှိလို့ မရဘူး။ (လီနင် – စုပေါင်းကျမ်း အတွဲ – ၄ ) လို့ ရေးခဲ့တယ်။
လီနင် ဆိုလိုတာက ကျနော်တို့ လူသား အားလုံးနဲ့ သဘာဝ တရားကြီး တခုလုံးဟာ ကာလနဲ့ အာကာသ ဆိုတဲ့ အစီအစဉ်ကြီးထဲမှာ တည်ရှိနေတာ ဖြစ်တယ်။
ကာလနဲ့ အာကာသ သဘောတရားကို အာဖန်နက်ဆီယက်ဗ် က ရှင်းရှင်းလင်းလင်း တင်ပြခဲ့တယ်။
သဘာဝ အတွင်းမျာ ရှိတဲ့ ဝတ္ထုတွေဟာ ထုထည် ရှိရုံတင်မက တခုနဲ့ တခု ဆက်နွှယ်နေတဲ့ အစီအစဉ်တခုနဲ့ တည်ရှိနေတယ်။
တချို့ဟာ ကျနော်တို့နဲ့ ခပ်ဝေးဝေးမှာ ရှိပြီး၊ တချို့ဟာ တခြား ပစ္စည်းတွေထက် ကျနော်တို့နဲ့ ပိုပြီး နီးကပ်စွာ တည်ရှိနေတယ်။ အမြင့် ဒါမှမဟုတ် အနိမ့်၊ ဘယ်ဘက် ဒါမှမဟုတ် ညာဘက် စသည်ဖြင့် တည်ရှိတယ်။
ပစ္စည်းတွေဟာ အာကာသမှာ တည်ရှိနေရုံတင် မကဘူး။ တိကျတဲ့ ဆက်စပ်မှု ရှိစွာ ဖြစ်တည်နေမှုတွေ ရှိတယ်။ ပစ္စည်း တခုရဲ့ နေရာကို နောက်ပစ္စည်း တခုက နေရာယူယ်။
အဲဒီ ပစ္စည်းရဲ့ နေရာမှာ နောက်ပစ္စည်းက ဆက်ပြီး နေရယူမယ်။ ဒီလို ဆက်ပြီး ဖြစ်နေမယ်။
ဒီလို အာကာသနဲ့ ကာလသဘောကို ရှင်းပြခဲ့တယ်။
ဒီကာလနဲ့ အာကာသ သဘောကတော့ ပစ္စည်းတွေဟာ နေရာတခုကို ယူထားတယ်။ ဒီလို နေရာယူမှုတွေဟာ ညီညွတ်တယ်။ ပြည့်စုံတယ်။
ပစ္စည်းတွေဟာ ဘယ်နေရာမှာ ဖြစ်ဖြစ်၊ အစီအရီနဲ့ အနီး အဝေး အနိမ့် အမြင့် မှန်မှန်ကန်ကန် ရှိတယ်။
အဘိဓာန် စာအုပ် တအုပ် ပေါ်ကို စာအုပ် တအုပ် တင်လိုက်တဲ့ အခါ တင်လိုက်တဲ့ စာအုပ်ဟာ အဘိဓာန် ပေါ်မှာပဲ ရှိနေတယ်။ အဘိဓာန်နဲ့ အစီအစဉ် ညီညွတ်နေတယ်။
အစီအစဉ် မညီညွတ်ရင်လည်း ညီညွတ်အောင် စာအုပ်က အားထုတ်ပြီး ညီညွတ်တဲ့အခါမှ ရပ်တည်မှုဟာ ဖြစ်ပေါ်လာမယ်။ နောက်ပြီး ဒီလို အာကာသ သဘောနဲ့တွင်မက ကာလ ဆိုတဲ့ အချိန်သဘောလည်း ရှိတယ်။
စာအုပ် တအုပ် နေရာမှာ စာအုပ် တအုပ်ကို ထားလို့ရတာ အချိန် သဘောကြောင့်ပဲ ဖြစ်တယ်။ စာအုပ် တအုပ်ရဲ့ နေရာမှာ နောက်တအုပ် ထားမယ်ဆိုရင် ပထမ စာအုပ်ကို ရွှေ့ရဦးမယ်။ ပြီးမှ ထားလို့ရမယ်။
ဒီလို ရွှေ့ဖို့နဲ့ ထားဖို့ အတွက် အချိန် (ကာလ) မရှိလို့ မရဘူး။ ဒါလေးကို ပေါ့ပေါ့တွေးရင်တော့ ရယ်စရာပဲ။
ကျနော်တို့ရဲ့ သဘာဝမှာ အချိန်ဆိုတာဟာ အရာရာကို ညီညွတ်အောင် ဖန်တီးပေးနေတယ် ဆိုတာ ဘာမှ မဟုတ်သလိုဘဲ။
ဒါပေမယ့် ကျနော်တို့ရဲ့ သဘာဝ အတွင်းမှာ အချိန်ရဲ့ တသမတ်တည်း ရွေ့လျားမှုသာ မရှိရင် ကျနော်တို့ရဲ့ ရပ်တည်မှုဟာ လုံးဝ ဖြစ်နိုင်မှာ မဟုတ်ဘူး။
ဒါဟာ ရှင်းပြဖို့ တော်တော် ခက်တယ်။ ကာလ နဲ့ အာကာသ ရဲ့ သဘောဟာ စိတ္တဇ နာမ်တွေ ဖြစ်နေလေတော့ ကိုယ်တိုင် မစဉ်းစားရင် နားလည်ဖို့ မလွယ်ဘူး။
အဲဒီတော့ ကျနော်တို့တွေဟာ ကာလ နဲ့ အာကာသ ဆိုတဲ့ ဆက်စပ် ညီညွတ်မှုတွေ ထဲမှာ အသက်ရှင် နေထိုင်ကြတယ်။ ဒီ သဘောတရားကလည်း ကျနော်တို့ကို ရိုက်ခတ်နေတယ်။
ကျနော်တို့ရဲ့ အာရုံကို စိတ္တဇ နာမ်တွေ ဖြစ်ပေါ်စေတယ်။ ညီညွတ်မှု၊ ပြည့်စုံမှု၊ အစီအစဉ်ကျမှု၊ တလှည့်စီ ဖြစ်ပေါ်မှု၊ တဖြည်းဖြည်း ဖြစ်ပေါ်မှု၊ အလေးချိန် ကိုက်မှု စတဲ့ စိတ္တဇ နာမ်တွေကို ဖြစ်ပေါ်စေတယ်။ သဘာဝရဲ့ ကိုယ်ပိုင် ဖြစ်ရပ်တွေမှာ စိတ္တဇ နာမ်တွေ အပြည့်အဝ ရှိတယ်။
လူတွေဟာ ဒီစိတ္တဇ နာမ်တွေနဲ့ သဘာဝမှာ ရှိတဲ့ အဖြစ်အပျက်တွေ၊ ပစ္စည်းတွေကို ပြန်ပြီး ဆုံးဖြတ်ပြန်တယ်။
သဘာဝတရားရဲ့ ရွေးချယ်မှု Choice နဲ့ အလိုအလျောက် ဖြစ်ပေါ်မှု Chance တွေကို လူတွေဟာ အမြဲမပြတ် ကြုံတွေ့နေရတယ်။ စက္ကန့် မလပ် ကြုံတွေ့နေရတယ်။
အဲဒီ ရွေးချယ်မှု နဲ့ အလိုအလျောက် ဖြစ်ပေါ်မှု Chance တွေကို လူတွေဟာ ကိုယ်ပိုင် စိတ္တဇ နာမ် (ဒါကလည်း သဘာဝ တရားရဲ့ ထင်ဟပ်ချက် အဖြစ် ကျနော် တင်ပြခဲ့ခြင်း ဖြစ်တယ်) တွေနဲ့ ဆုံးဖြတ်ကြတယ်။
ရွေးချယ်မှု Choice ဆိုတာက လူတွေရဲ့ လုပ်ကိုင် ဖန်တီးမှုတွေပဲ။ ဒါဟာ ပြုလုပ်သူရဲ့ ဦးနှောက်နဲ့သာ သက်ဆိုင်တယ်။ အလိုအလျောက် ဖြစ်ပေါ်မှု Chance ကတော့ သဘာဝ အလျောက် ပြုလုပ်သူရဲ့ ဦးနှောက်နဲ့ မသက်ဆိုင်ဘဲ ဖြစ်ပေါ် လာတာတွေ ဖြစ်တယ်။
ဥပမာ အားဖြင့် လူတယောက်ရဲ့ ကိုယ်ခန္ဓာ အချိုးအစားနဲ့ မျက်နှာတို့ဟာ အလိုအလျောက် ဖြစ်ပေါ်မှု ဖြစ်ပြီး ဆင်ယင် ထုံးဖွဲ့မှုကတော့ ရွေးချယ်မှု Choice ပဲ ဖြစ်တယ်။ ဒီသဘာဝ နှစ်ခုလုံးကို လူတွေဟာ သဘာဝရဲ့ တုံ့ပြန်မှု စိတ္တဇ နာမ်တွေ နဲ့ ဆုံးဖြတ်ကြတယ်။
ဒီလို ဆုံးဖြတ်ကြရာမှာ လူသားတွေရဲ့ အာရုံခံ အင်္ဂါတွေ ဖြစ်တဲ့ နား၊ မျက်စိ၊ နှာခေါင်း နဲ့ လျှာ တို့က တဆင့် အတွင်း မသိစိတ် (စိတ္တဇ) ကနေပြီး စက္ကန့် နဲ့ မလပ် ဆုံးဖြတ်နေတယ်။ ဒါကို စိတ္တဗေဒ သမားတွေတော့ နားလည်နိုင်မှာပါ။
ကျနော်တို့ မြန်မာ လူမျိုးတွေဟာ မြန်မာ့ ယဉ်ကျေးမှုရဲ့ ရိုက်ခတ်ခြင်း ခံရတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ အတွင်း မသိစိတ်မှာ မြန်မာ့ ယဉ်ကျေးမှု စိတ္တဇ ဖြစ်ပေါ်နေတယ်။
ဒီ မြန်မာ့ ယဉ်ကျေးမှု စိတ္တဇနဲ့ ကျနော်တို့က ဆုံးဖြတ်တယ်။ ကျနော်တို့ ယဉ်ကျေးမှုနဲ့ မတူဘဲ ဥရောပ ယဉ်ကျေးမှု ဆိုရင် ကျနော်တို့ မကြိုက်ကြဘူး။ ဒီသဘောပဲ။
ခပ်ရှင်းရှင်း ပြောရရင် ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှု သဘာဝ ရိုက်ခတ်မှုကို ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာရဲ့ မူနဲ့ပဲ ကြည့်တတ်တယ်။
ဒီအခါမှာ ဗုဒ္ဓဘုရားကို ဝတ်မပြုရင် မကြိုက်ဘူး။ ခရစ်ယာန်လည်း ဒီလိုပဲ။ မွတ်စလင်လည်း ဒီလိုပဲ။
ဒါတွေဟာ လူတွေရဲ့ စိတ္တဇဟာ ပတ်ဝန်းကျင် သဘာဝရဲ့ ရိုက်ခတ်မှုနဲ့ ထပ်တူ အရာရာကို ပြန်ပြီး ဆုံးဖြတ်တတ်တယ် ဆိုတဲ့ အကြောင်း ဥပမာ လေးတွေပဲ။
သဘာဝရဲ့ ရိုက်ခတ်မှုကတော့ ဒီထက် ပိုပြီး အနုစိတ် ကျတယ်။ မွေးကတည်းက သေဆုံးကြတဲ့ အထိ စက္ကန့်မလပ် ရိုက်ခတ်နိုင်တာ သဘာဝပဲ ရှိတယ်။
ဒါကြောင့် လူတွေဟာ သဘာဝရဲ့ အရည်အချင်းတွေ ဖြစ်တဲ့ ညီညွတ်မှု၊ ပြည့်စုံမှု၊ အစီအစဉ်ကျနမှု၊ တလှည့်စီ ဖြစ်ပေါ်မှု၊ တဖြည်းဖြည်း ဖြစ်ပေါ်မှု၊ အလေးချိန် ကိုက်ညီမှု စတဲ့ စိတ္တဇ နာမ်တွေနဲ့ ဆုံးဖြတ်ကြတယ်။
အဲဒီ သဘောတရားတွေ ရှိရင် နှစ်သက်တယ်။ မရှိရင် မနှစ်သက်ကြဘူး။ ခပ်ပုပု အမျိုးသမီးနဲ့ ခပ်ရှည်ရှည် အမျိုးသား တယောက် တွဲသွားရင် မလိုက်ဘူးလို့ ဝေဖန်ကြမယ်။ နှစ်သက်ကြမှာ မဟုတ်ဘူး။
ညီညွတ်မှု နဲ့ အလေးချိန် ကိုက်မှု မရှိလို့ စိတ္တဇ က လက်ခံမှာ မဟုတ်ဘူး။
အနုပညာ ဆိုတာဟာ သဘာဝရဲ့ ပစ္စည်း တခုပဲ။ သဘာဝထဲက သဘာဝလေး တခုပဲ။ အနုပညာ သဘာဝပဲ။ သဘာဝ ထဲမှာ ဖြစ်ပေါ်နေတဲ့ ဖန်တီးမှုတွေပဲ။ ဒါတွေကိုလည်း ကျနော်တို့က တခြား သဘာဝ နည်းတူ သဘာဝ စိတ္တဇနဲ့ ဆုံးဖြတ် သုံးသပ်မှာပဲ။
အနုပညာ ဆိုတာဟာ သဘာဝ အတွင်းမှာ ရှိတဲ့ အရိပ်အယောင် တွေကို သဘာဝ ပိုမို ကျလာအောင် ဖန်တီးသူက ဖန်တီးထားတဲ့ သဘာဝတွေပဲ ဖြစ်တယ်။
ဥပမာ – တေးဂီတ။
ကျနော်တို့ တတွေဟာ စားပွဲကို လက်နဲ့ မတော်တဆ ရိုက်မိတယ်။ ဓားသွားချင်း ခုတ်မိကြတယ်။ ရေထဲ ကျောက်ခဲ တလုံး ကျသွားတယ်။ အဲဒီအခါမှာ အသံတွေ ဖြစ်ပေါ်လာတယ်။
ဒါပေမယ့် ဒါတွေဟာ အစီအစဉ် မကျနဘူး။ မညီညွတ်ဘူး။ မပြေပြစ်ဘူး။ သဘာဝ စိတ္တဇ နာမ်တွေ မရှိဘူး။ ဒါကြောင့် လူတွေက ဒီအရိပ်အယောင် အသံတွေကို မတော်တဆ ထွက်တဲ့ အသံမျိုး မဟုတ်ဘဲ ပိုမို ကောင်းမွန်တဲ့ နည်းနဲ့ အသံ ထွက်အောင် လုပ်ကြတယ်။
အဲဒီလို ဖန်တီးမှုတွေ ပြုလုပ်တဲ့အခါမှာ ဒီဖန်တီးမှုတွေမှာ သဘာဝရဲ့ စိတ္တဇ နာမ် အားလုံးပါအောင် ဖန်တီးကြတယ်။
ဒီဖန်တီးမှုတွေဟာ ညီညွတ်တယ်။ ပြည့်စုံတယ်။ အစီအစဉ် ကျနတယ်။ တလှည့်စီ ဖြစ်ပေါ်မှု၊ တဖြည်းဖြည်း ဖြစ်ပေါ်မှုတွေ ပါတယ်။ အလေးချိန် ကိုက်ညီတယ်။
ဒါကြောင့် ဖန်တီးမှုတွေဟာ လူတွေရဲ့ စိတ္တဇ အာရုံတွေကို ရိုက်ခတ်မှု အားကောင်းပြီး လူတွေကို ဖမ်းချုပ်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် အနုပညာရပ်တွေကို အာရုံခံစားဖို့ လူတွေက နှစ်သက် မက်မောကြတာပဲ ဖြစ်တယ်။
အနုပညာဆိုတာ သဘာဝမှာ ရှိတဲ့ အရိပ်အယောင်တွေကို ပိုမို ညီညွတ် ပြေပြစ်ပြီး သဘာဝရဲ့ စိတ္တဇ နာမ် အရည်အချင်းတွေ ရှိလာအောင် ဖန်တီးတဲ့ စနစ်ပဲ ဖြစ်တယ်။
အနုပညာ ဆိုတာ သဘာဝကို ထပ်တူ ကူးယူမှု အတတ်ပညာ မဟုတ်ဘူး။ ဖန်တီးမှု ဝိဇ္ဖာပညာပဲ ဖြစ်တယ်။
ဒီအချက်ကို လေးလေးနက်နက် သဘောပေါက်ဖို့ လိုတယ်။ အနုပညာဟာ ထပ်တူ ကူးယူမှု အတတ်ပညာ မဟုတ်ဘူး။ ဖန်တီးမှု အတတ်ပညာသာ ဖြစ်တယ်။ ပိုမို ပြည့်စုံအောင် ဖန်တီးမှုသာ ဖြစ်တယ်။ သဘာဝမှာ ရှိတဲ့ အရိပ်အယောင်တွေကို တုပပြီး ပိုမိုပြည့်စုံတဲ့ စနစ်တခုကို ဖန်တီးတာပဲ ဖြစ်တယ်။
သဘာဝမှာ အသံ ရှိတယ်။ အဲဒါကို တုပပြီး ပိုမို ပြည့်စုံတဲ့၊ ညီညွတ်တဲ့ တေးဂီတကို ဖွဲ့တယ်။
သဘာဝမှာ သက်ရှိတွေရဲ့ ကိုယ်လက် အင်္ဂါ လှုပ်ရှားမှု ရှိတယ်။ ဒါတွေကို အနုပညာက ထပ်တူ ကူးမချဘူး။ အဲဒီ အရိပ်အယောင်ကို ပိုမို ညီညွတ် ပြည့်စုံအောင် ဖန်တီးပြီး ကကြိုး ကကွက် အဖြစ် ဖန်တီးကြတယ်။
အနုပညာ ဆိုတာ သဘာဝထဲမှာ လူသားတွေက မြင်ကြားနေရတဲ့ သဘာဝရဲ့ စနစ်တွေကို ပိုမို ညီညွတ် ပြည့်စုံအောင် ဖန်တီးတဲ့ စနစ် ဖြစ်လို့ တွေ့ထိ မြင်ကြားမှုမှာ လူသားတွေ နှစ်သက် ခံစားကြတာ ဖြစ်တယ်။ ။
(တေးရေး၊ တေးဆို၊ မော်ဒန် ပန်းချီ အနုပညာရှင်ကြီး ခင်ဝမ်း ရေးသားခဲ့သည့် ဤဆောင်းပါးကို အလင်းသစ် စာပေတိုက်က ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “စိတ္တဇပန်းချီ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ အနုပညာရှင်ကြီး ခင်ဝမ်းသည် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၃ ရက် အသက် ၅၂ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)