ရှည်လျားလှသည့် သမိုင်းကြောင်း နောက်ခံများကြား အချင်းချင်း မသင့်မြတ်မှုများ၊ ပုန်ကန်မှုများ၊ စစ်ပွဲများ၊ အာဏာလုပွဲများ၊ အုပ်စိုးသူတို့၏ အာဏာ အတက်အကျများ စသည့် အဖြစ်အပျက်တို့ စုံလင်စွာနှင့် ဖြတ်သန်းလာခဲ့သည့် ကိုးကန့် ဒေသသည် ယခုနှစ်ဦးမှစ၍ အုပ်ချုပ်သူ အသစ်နှင့် ခေတ်သစ် သမိုင်းသစ် တခုကို စတင် ဖြတ်သန်းနေပြန်ပြီ ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲများနှင့် အတူ ကိုးကန့်ဒေသသည် MNDAA လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ (၁၀၂၇ စစ်ဆင်ရေး ၇၁ ရက်မြောက်နေ့) တွင်မှု ကိုးကန့်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ပြီဟု MNDAA က ကြေညာခဲ့ပြီး အုပ်ချုပ်ရေးပိုင်းကို စတင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး နှစ်လကျော်ကာလအတွင်း ကိုးကန့်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် အပြောင်းအလဲများက များပြားလှသည်။ စစ်ရေးအောင်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများသာ မဟုတ်ဘဲ တရုတ်နိုင်ငံ၏ အွန်လိုင်းလိမ်လည်ရေးလုပ်ငန်းများ နှိမ်နှင်းရေး ဆောင်ရွက်ချက်ကြောင့် ဝရမ်းထုတ်ခံ၊ ဖမ်းဆီးခံခဲ့ရသည့် ကိုးကန့်ဦးဆောင် မိသားစုများ၏ အဖြစ်အပျက်များကလည်း ကိုးကန့်သမိုင်းကို အဆိုးဖြင့် ကျော်ဇောစေခဲ့ပြန်သည်။
“ဗုံလုံတလှည့် ငါးပျံတလှည့်” ဖြင့် သူ့ခေတ်ကိုယ့်ခေတ် တည်ဆောက် စိုးမိုးလာခဲ့ကြသည့် ကိုးကန့် အင်ပါယာ၏ ဖြတ်သန်းခဲ့ရာလမ်းကို ပြန်ကြည့်ကြမည် ဆိုပါက ဦးဆောင်သူတို့၏ မျိုးဆက်များက အရေးပါသည့် အခန်းကဏ္ဍတွင် ရှိခဲ့ကြသည်။ ထိုမျိုးဆက်များအကြောင်းဟု ဆိုလိုက်ပြန်လျှင်မှု ၎င်းတို့ ဆင်းသက်လာရာ သမိုင်းနောက်ခံသည်ကား မပါမဖြစ် ဆိုသကဲ့သို့ ထည့်သွင်း ပြောဆိုရမည် ဖြစ်သည်။
အစောပိုင်း ကိုးကန့်
ကိုးကန့်၏ အစောပိုင်း ကာလများကို ကြည့်လျှင် ထိုဒေသများသည် တရုတ်နှင့် မြန်မာ နယ်မြေ ပိုင်စိုးမှု ယှက်ထွေးနေခဲ့ကြသည်။ သံလွင်မြစ်ကို အခြေပြု၍ တရုတ်နှင့် မြန်မာ နယ်ပယ်ခွဲခြားမှု ပြုခဲ့သည်များလည်း ရှိသည်။
မြန်မာနိုင်ငံ ကိုလိုနီခေတ် တရုတ်တို့ ဗြိတိသျှနှင့် ၁၈၉၄ မတ်လတွင် လက်မှတ်ရေးထိုးခဲ့သည့် လန်ဒန်သဘောတူညီမှု (London Convention) အရ ကိုးကန့်သည် တရုတ်တို့နယ်မြေ ဖြစ်ခဲ့သည်။
သို့သော် ၁၈၉၇ ခုနှစ်၊ ဖေဖော်ဝါရီတွင် လက်မှတ်ရေးထိုးသည့် ဘေဂျင်းသဘောတူညီမှုအရ ကိုးကန့်သည် ဗြိတိသျှနယ်မြေဖြစ်လာ ခဲ့သည်။ ထိုစဉ်က ကိုးကန့်ကို သိန္နီမြောက်ပိုင်း စော်ဘွား လက်အောက်ခံ ကိုးကန့် မြို့စားနယ်အဖြစ် သတ်မှတ်ထားပြီး ကိုးကန့်စော်ဘွားက အုပ်ချုပ်သည့်ဒေသ ဖြစ်ခဲ့သည်။
ဦးနေဝင်း ဝန်ကြီးချုပ် အဖြစ် တာဝန်ယူနေသည့် အိမ်စောင့်အစိုးရခေတ် ၁၉၅၈ ခုနှစ်တွင်မှု စော်ဘွားများအာဏာစွန့်ရေး ကို လုပ်ဆောင်ခဲ့ပြီး နောက်တနှစ် ၁၉၅၉ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်လွှတ်ခြင်း (ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချခြင်း) အခမ်းအနားကို တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သည်။
ဦးနေဝင်း ဝန်ကြီးချုပ် အဖြစ် တာဝန်ယူနေသည့် အိမ်စောင့်အစိုးရခေတ် ၁၉၅၈ ခုနှစ်တွင်မှု စော်ဘွားများအာဏာစွန့်ရေး ကို လုပ်ဆောင်ခဲ့ပြီး နောက်တနှစ် ၁၉၅၉ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် စော်ဘွားများ အာဏာစွန့်လွှတ်ခြင်း (ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချခြင်း) အခမ်းအနားကို တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သည်။
ကိုးကန့်တို့၏ ပုန်ကန်မှုသည်ကား ထိုစော်ဘွားများ အာဏာစွန့်ရေးကို လက်မခံကြရမှ စတင်ခဲ့ကြခြင်းဖြစ်ပြီး ကိုးကန့်၏ဘုရင်ဟု ပြောစမှတ်တွင်ခဲ့သည့် ဦးဖုန်ကြားရှင်နှင့် ၎င်း၏ညီ ဦးဖုန်ကြားဖူးတို့လည်း ထိုပုန်ကန်မှုတွင် စတင် ပါဝင်လာခဲ့ကြသည်။
ကိုးကန့်၏ အပြောင်းအလဲ ကာလများ
စော်ဘွားများ အာဏာစွန့်ရေးမှ စတင်ထွက်ပေါ်လာသည့် ကိုးကန့်တော်လှန်ရေးတပ်နှင့် နောင်တွင် ဦးဖုန်ကြားရှင် ပြန်ထောင်သည့် တော်လှန်ရေးတပ်တို့ ဖြတ်သန်းသည့် ကာလကို အစောပိုင်း တဖြတ်ဟု ပြော၍ရသည်။
ထို့နောက် ဦးဖုန်ကြားရှင်တို့ ညီအကို ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းခဲ့သည့် ၁၉၆၈ ခုနှစ်မှ ပြန်ခွဲထွက်ခဲ့သည့် ၁၉၈၉ ခုနှစ်အထိ ၂၁ နှစ်တာကာလ၊ ဗကပ မှ ခွဲထွက်သည့် ၁၉၈၉ ခုနှစ် (စစ်တပ်နှင့် ငြိမ်းချမ်းရေးယူသည့်နှစ်) မှ ဦးပယ်ဆောက်ချိန်တို့ အာဏာသိမ်းသည့် ၂၀၀၉ ခုနှစ်အထိ နှစ် ၂၀ ကာလ၊ စုစုပေါင်း ၄၁ နှစ်တာကာလကို ဦးဖုန်ကြားရှင်ခေတ်ဟု ဆိုရမည် ဖြစ်သည်။
ဦးပယ်ဆောက်ချိန် အာဏာရသည့် ၂၀၀၉ ခုနှစ်မှ ယခု လောက်ကိုင် ကျရှုံးသည့် ၂၀၂၃ ခုနှစ်အထိ ၁၄ နှစ်တာ ကာလကမူ ၎င်းနှင့် အပေါင်းအပါများ၏ ခေတ်ဖြစ်ခဲ့သည်။
ထိုမှ ကျားဖြန့်လုပ်ငန်းများကြောင့် တရုတ်က ဖမ်းခဲ့သည့် ဦးပယ်ဆောက်ချိန် အပါအဝင် ကိုးကန့် အကြီးအကဲ မိသားစုတို့၏ အဖြစ်အပျက်များနှင့် ဦးဖုန်ကြားရှင်၏သား ဦးဖုန်တဲရင် ဦးဆောင်မှုဖြင့် ကိုးကန့်ကို သိမ်းကာ အာဏာပြန်ယူမှုများသည်ကား နောက်ဆုံးဖြစ်ရပ်များ ဖြစ်ခဲ့သည်။
အထက်ပါ ဖြစ်စဉ်များက ကိုးကန့်အင်ပါယာ၏ အပိုင်းအခြားကာလများ (သို့မဟုတ်) အပြောင်းအလဲ ကာလများပင် ဖြစ်သည်။
စော်ဘွားများ အာဏာစွန့်ရေးနှင့် ဦးဖုန်ကြားရှင်
ဦးဖုန်ကြားရှင်ကို ၁၉၃၁ ခုနှစ်တွင် ကိုးကန့်ဒေသ၌ မွေးဖွားပြီး ငယ်စဉ်က ကိုးကန့်စော်ဘွား ယန်ဝမ်းပင်၏ ဒုတိယသား ယန်ကျင်စိုင် (Sao Edward Yang Kyein Tsai) နှင့် ညီမဖြစ်သူ ယန်ကျင်ရှုံ (ခ) အောလစ်ယန်း တို့ ဖွင့်သည့် ကိုးကန့် စစ်သင်တန်းကို တက်ရောက်ခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် စစ်သင်တန်းပြီးဆုံး ခဲ့ပြီး ယန်ကျင်စိုင်၏ ကိုးကန့်တပ်တွင် စတင် အမှုထမ်းခဲ့သည်။
ထိုစစ်သင်တန်းတွင် အာရှ၏ ဘိန်းဘုရင်ဟု ခေါ်ဝေါ်ခံခဲ့ရသည့် ဦးလော်စစ်ဟန် နှင့် ဦးလျူကွယ်ရှိ (ကိုးကန့်တို့ ငြိမ်းချမ်းရေးယူသည့်ခေတ် ရှမ်းပြည်နယ် မြောက်ပိုင်း အထူးဒေသ (၁) သတ်မှတ်စဉ်က အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး တာဝန်ယူခဲ့သူ) တို့လည်း တက်ခဲ့ကြသည်။ ဦးလျူကွယ်ရှိသည် နောင်တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုဥက္ကဋ္ဌ ဖြစ်လာပြီး ကိုးကန့်၏ အကြီးအကဲ မိသားစု ငါးစုထဲမှ ခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။
ကိုးကန့်စော်ဘွား ယန်းဝမ်းပင် ၁၉၄၉ ခုနှစ်တွင် ကွယ်လွန်ပြီး ၎င်း၏ ဒုတိယသား ယန်ကျင်စိုင်က ကိုးကန့်၏ အကြီးအကဲ စော်ဘွား ဖြစ်လာခဲ့သည် (ပထမသား ငယ်စဉ်ကပင် ဆုံးပါးသွားသည်)။ ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်ရေးတွင် စော်ဘွား ယန်ကျင်စိုင်က လက်မခံရာ ထိုစဉ်က ဝန်ကြီးချုပ် ဦးနေဝင်း ကိုယ်တိုင် ယန်းကျင်စိုင်နှင့် ညှိ၍ ကိုးကန့် အုပ်ချုပ်မှုအာဏာကို မထိပါးဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများ ဖွဲ့စည်းနိုင်သည်ဟု ဆိုခဲ့သည်။
ထို့အတွက် ကိုးကန့်အကြီးအကဲ ယန်ကျင်စိုင်က အာဏာကိုစွန့် ခဲ့ပြီး ထိုနှစ်မှာပင် ကိုးကန့်အုပ်ချုပ်ခွင့် ကောင်စီနှင့် ကိုးကန့်ဒေသနေရာများကို စုစည်းမှုဖြင့် ပူးပေါင်းတပ်ကို ဖွဲ့ခဲ့သေးသည်။ ထိုတပ်ကို ညီမဖြစ်သူ အောလစ်ယန်းက ဦးဆောင်ခဲ့သည်။ တောင်ကြီးမြို့၌ ၁၉၅၉ ခုနှစ်၊ ဧပြီတွင် ပြုလုပ်သည့် စော်ဘွားများ အာဏာစွန့်ရေး (ပြည်သူ့အုပ်ချုပ်ရေး ပန္နက်ချခြင်း) အခမ်းအနားကိုမှု စော်ဘွား ယန်ကျင်စိုင်က မတက်ခဲ့ပေ။
ဦးနေဝင်း အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်တွင်မှု စော်ဘွား ယန်ကျင်စိုင် ဖမ်းဆီးခံခဲ့ရပြီး နောက်တနှစ်တွင် ပြန်လွတ်ခဲ့သည်။ စော်ဘွားတွင် သားသမီး ၈ ဦးထွန်းကားခဲ့ပြီး သမီးတဦးဖြစ်သူ ယန်းလီက ၎င်းတို့ ယန်မိသားစု အကြောင်းများကို The House of Yang: Guardians of an Unknown Frontier အမည်ဖြင့် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီတွင် ၁၉၉၇ ခုနှစ်က စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။
စော်ဘွားများ အာဏာစွန့်ရေးကာလတွင် ကိုးကန့်၌ နေထိုင်ကာ ကိုးကန့်တပ်၏ ခေါင်းဆောင်ဖြစ်နေသူ အောလစ်ယန်းမှာ ဦးနေဝင်း အာဏာသိမ်းအပြီး နောက်တနှစ် ၁၉၆၃ တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ မန္တလေး ထောင်တွင် ငါးနှစ် ကျခဲ့သည်။
ဦးနေဝင်း အာဏာသိမ်းပြီး ၁၉၆၃ ခုနှစ်တွင်မှု စော်ဘွား ယန်ကျင်စိုင် ဖမ်းဆီးခံခဲ့ရပြီး နောက်တနှစ်တွင် ပြန်လွတ်ခဲ့သည်။ စော်ဘွားတွင် သားသမီး ၈ ဦးထွန်းကားခဲ့ပြီး သမီးတဦးဖြစ်သူ ယန်းလီက ၎င်းတို့ ယန်မိသားစု အကြောင်းများကို The House of Yang: Guardians of an Unknown Frontier အမည်ဖြင့် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီတွင် ၁၉၉၇ ခုနှစ်က စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။
စော်ဘွား ယန်ကျင်စိုင်နှင့် ညီမဖြစ်သူ အောလစ်ယန်းတို့ အဖမ်းခံထားရချိန်တွင် စော်ဘွား၏ညီဖြစ်သူ အောလစ်ယန်း၏မောင် ယန်ကျင်ရှန် (ခ) ဂျင်မီယန်းက ကိုးကန့်တပ်၏ ခေါင်းဆောင်အဖြစ်နှင့် ပုန်ကန်ခဲ့ကာ ဦးဖုန်ကြားရှင်က လက်ထောက်တပ်မှူးဖြစ်လာ ခဲ့သည်။ ဂျင်မီယန်းက ၁၉၆၄ ခုနှစ်တွင် ထိုင်းနယ်စပ်သို့ ထွက်ခွာသွားရာ ကိုးကန့်တပ် ဖရိုဖရဲ ဖြစ်ခဲ့ပြီး ၁၉၆၅ တွင် ဦးဖုန်ကြားရှင်က ကိုးကန့် ပြည်သူ့တော်လှန်ရေးတပ်ကို ထပ်၍ ထောင်ခဲ့သည်။ ထိုကာလများ အကျော်တွင်မှု ဂျင်မီယန်း လက်နက်ချကာ အလင်းဝင်သွားသည်။
ဦးဖုန်ကြားရှင် ဗကပနှင့် ပူးပေါင်းခြင်း
ဆက်လက် ပုန်ကန်နေခဲ့သည့် ဦးဖုန်ကြားရှင်နှင့် ဦးဖုန်ကြားဖူ တို့ ညီအကိုသည် ၁၉၆၇ ခုနှစ်တွင် တရုတ်ရှိ ဗကပ အချိတ်အဆက်များနှင့် အဆက်အသွယ်ရပြီး ၁၉၆၈ ခုနှစ်တွင် ပူးပေါင်းခဲ့သည်။ ထိုကာလတွင် ဦးဖုန်ကြားရှင်တို့သည် မြန်မာစစ်တပ်ကို ရင်ဆိုင်ရသကဲ့သို့ ဦးနေဝင်း စထောင်ပေးခဲ့သော လော်စစ်ဟန် ဦးဆောင်သည့် ကာကွယ်ရေးအဖွဲ့ တပ်သားများကိုလည်း ရင်ဆိုင်ရသည်။ သို့သော် ၁၉၆၉ ခုနှစ် နွေတွင်မှု ကိုးကန့်ဧရိယာကို ဦးဖုန်ကြားရှင်နိုင်ခဲ့သည်။
ဗကပမှ ခွဲထွက်ခြင်း
၁၉၈၉ ခုနှစ် နွေဦး မတ်လ ၈ ရက်နေ့ ညနေခင်းတွင် ကိုးကန့်တပ်ဖွဲ့၏ အရေးပါသော ခေါင်းဆောင် ၁၀ ဦး အထူး အစည်းအဝေး တခု ပြုလုပ်ခဲ့ကြသည်။ ဖုန်ကြားရှင် ၊ ဖုန်ကြားဖူ၊ ဖုန်ဂျာရွန်၊ ဖုန်တာရွှင်၊ ဝေရှောက်ရှင်၊ ဝေဟွိုင်ယင် (ခ) ဝေဆန်း၊ လျူကွယ်ရှိ၊ လိကျုံးချန်၊ ရန်မိုးလျံ၊ ရန်မောလျံ တို့ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေး သဘောတူ ဆုံးဖြတ်ချက်ဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟု အမည်ပေးခဲ့ကြပြီး ဦးဖုန်ကြားရှင်အား ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့သည်ဟု အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ၁၀ နှစ်ပြည့် အခမ်းအနား ညစာစားပွဲ မိန့်ခွန်းတွင် ဗိုလ်မှူးကြီး ဝေဆန်း (ဦးဝေရှောက်ရင်၏ညီ) က ထည့်သွင်းပြောဆို ခဲ့သည်။ ထို့နောက် မတ်လ ၁၂ ရက်နေ့တွင် ဗကပ မှ တရားဝင် ပုန်ကန် ခွဲထွက်ခဲ့ကြတော့သည်။
၁၉၈၉ ခုနှစ် နွေဦး မတ်လ ၈ ရက်နေ့ ညနေခင်းတွင် ကိုးကန့်တပ်ဖွဲ့၏ အရေးပါသော ခေါင်းဆောင် ၁၀ ဦး အထူး အစည်းအဝေး တခု ပြုလုပ်ခဲ့ကြသည်။ ဖုန်ကြားရှင် ၊ ဖုန်ကြားဖူ၊ ဖုန်ဂျာရွန်၊ ဖုန်တာရွှင်၊ ဝေရှောက်ရှင်၊ ဝေဟွိုင်ယင် (ခ) ဝေဆန်း၊ လျူကွယ်ရှိ၊ လိကျုံးချန်၊ ရန်မိုးလျံ၊ ရန်မောလျံ တို့ တက်ရောက်ခဲ့ကြသည်။
ကိုးကန့်ငြိမ်းချမ်းရေးတွင် အခရာကျခဲ့သူများ
ကိုးကန့် ငြိမ်းချမ်းရေးတွင် အခရာကျခဲ့သူများမှာ တချိန်က ကိုးကန့်စော်ဘွား စစ်သင်တန်းကျောင်းတွင် ဖုန်ကြားရှင်နှင့် အတူတက်ခဲ့ဖူးသူ လော်စစ်ဟန်၊ ကိုးကန့်စော်ဘွားညီမ ယန်ကျင်းရှုံ (ခ) အောလစ်ယန်းတို့ ဖြစ်ခဲ့သည်ဟု မြန်မာပြည် မြောက်ပိုင်းအရေး နှံ့စပ်ပြီး နှစ်များစွာ ရေးသားလာသော သတင်းစာဆရာ ဘာတေးလစ်တနာက ၎င်း၏ The Rise and Fall of the Communist Party of Burma စာအုပ်တွင် ထည့်သွင်းရေးသားခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ် ဗိုလ်မှူးချုပ် ခင်ညွန့်က ကိုးကန့် ငြိမ်းချမ်းရေးတွင် ကိုးကန့်သားများကို ပြန်လည် အသုံးချခဲ့ခြင်း ဖြစ်သည်။
၁၉၈၉ ခုနှစ်၊ မတ်လတွင် စတင်ခဲ့သည့် ဗကပ ပုန်ကန်မှုနောက်ပိုင်း မကြာသည့် ကာလအတွင်း ဗိုလ်မှူးချုပ် ခင်ညွန့်က ကိုးကန့် နှင့် ဝ ခေါင်းဆောင်များကို သွားရောက် တွေ့ဆုံသည်။ ထိုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကိုးကန့်ကိုယ်စားလှယ်များနှင့် လော်စစ်ဟန်၊ ဦးအောင်ကြီးတို့ လားရှိုးတွင် တွေ့ဆုံခဲ့ကြပြီး နှစ်ရက်အကြာတွင် ဗိုလ်မှူးချုပ် ခင်ညွန့် ၊ ဗိုလ်မှူးချုပ် မောင်သင့်တို့ ကွမ်းလုံသို့ သွားခဲ့ပြီး ဖုန်ကြားဖူနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှုမှ ယာယီအပစ် ရပ်စဲရေး သဘောတူမှုကို စတင်ရရှိ ခဲ့သည်။ စစ်တပ်ဘက်က တရားဝင် ထုတ်ပြန်ချက်များတွင်မှု ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ် ၂၁ ရက်တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်သည်ဟု သုံနှုန်းခဲ့သည်။
စစ်တပ်နှင့် ငြိမ်းချမ်းရေးရပြီး ထိုနှစ် ၁၉၈၉ ခုနှစ် နဝတခေတ် ဗိုလ်ချုပ်ကြီး စောမောင် လက်ထက်မှာပင် ကိုးကန့်ဒေသကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) ဟု သတ်မှတ်ပေးခဲ့သည်။ အုပ်ချုပ်ရေးကော်မတီတွင် ဦးဖုန်ကြားရှင်က ဥက္ကဋ္ဌ (စစ်ဦးစီးချုပ်)၊ ဦးပယ်ဆောက်ချိန် (နောင်တွင် ကိုးကန့် အကြီးအကဲ ဖြစ်လာသူ “ပယ်” မိသားစုခေါင်းဆောင်) က ဒုဥက္ကဋ္ဌ (ဒုစစ်ဦးစီးချုပ်)၊ ဦးလျူကွယ်ရှိ (နောင်တွင် ကိုးကန့်အကြီးအကဲ မိသားစုလေးစုထဲမှ “လျူ”မိသားစု ခေါင်းဆောင်) က အတွင်းရေးမှူး ၊ ဦးဝေရှောက်ရင် (နောင်တွင် ကိုးကန့် “ဝေ” မိသားစု၏ ခေါင်းဆောင်) က ကော်မတီအဖွဲ့ဝင် (စစ်ဦးစီးမှူး) တာဝန်တို့ကို ယူခဲ့ကြသည်။ အခြားအုပ်ချုပ်ရေး ရာထူးအမြင့်များတွင် ဦးဖုန်တာဖူး၊ ဦးဖုန်တဲရင်တို့ကလည်း ဒုဥက္ကဋ္ဌ တာဝန်များ ယူခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၂)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၃)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၅)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၆)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)
ကိုးကန့်ဒေသ လွတ်မြောက်ခြင်းအောင်ပွဲ ညီနောင်မဟာမိတ် ခေါင်းဆောင်များတက်
ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ
တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်