၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး၏ စစ်ရေးအရထိုးနှက်မှုကို ကနဦးအစပိုင်းကတွင် စစ်တပ်နှင့် သူ၏လော်ဘီများ၊ နိုင်ငံရေးဇာတ်ပျက်များသည် အထင်အမြင် သေးခဲ့ကြ၏။ မမှုလောက်ဟု ယူဆခဲ့ကြ၏။ နွေဦးတော်လှန်ရေး အင်အားစုများ၏ ရည်မှန်းချက်၊ ကြွေးကြော်သံများကို ပြက်ရယ်ပြုခဲ့ကြ၏။
ထိုသူတို့နှင့် အလားတူပင် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံပါသည်ဆိုသည့် နိုင်ငံတကာနှင့် မြန်မာ့အိမ်နီးချင်း နိုင်ငံများသည်လည်း မြန်မာပြည်အခြေအနေကို နောက်ဆုံး၌ မြန်မာစစ်တပ်ကသာ ထိန်းချုပ်သွားနိုင်လိမ့်မည်ဟု ယူဆနေကြသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ခုခံစစ်ပွဲ စတင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာသောအခါ စစ်တပ်နှင့် လော်ဘီများက ရယ်ပွဲဖွဲ့ခဲ့ကြ၏။
ခုခံတော်လှန်မှု အများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းကို ခြောက်လအတွင်း အပြတ်ရှင်းမည်ဟု ကြုံးဝါးခဲ့ကြ၏။ “ရန်ကုန်မှာ ပြန်ဆုံမည်”၊ “စစ်ခွေးနိဂုံး ၂၀၂၃”၊ “လမ်းများအားလုံး နေပြည်တော်သို့” စသည့် နွေဦးတော်လှန်ရေး အင်အားစုမျာ၏ ကြွေးကြော်သံများကို စစ်တပ်နှင့် အပေါင်းအပါများက လှောင်ပြောင်သရော်ခဲ့ကြ၏။ နိုင်ငံရေးဇာတ်ပျက်များကလည်း ခနဲ့ခဲ့ကြ၏။
သို့သော်လည်း နွေဦးတော်လှန်ရေး အခြေအနေသည် တရှိန်ရှိန်မြင့်တက်နေ၏။ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် NUG / PDF တို့သည် နိုင်ငံရေးအရ၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို အတိအလင်း စတင်ခဲ့သည်။
ထို့အပြင် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စသည့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်လည်း NUG / PDF အပါအဝင် ပြည်မ ဒီမိုကရက်တစ်အင်အားစုများ ဆက်ဆံရေး စတင်ခဲ့သကဲ့သို့ ဆက်ဆံရေးလည်း ကောင်းမွန်ခဲ့၏။
ပြည်မတွင် PDF အင်အားစုများသာမက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) စသဖြင့် လက်နက်ကိုင်အင်အားစုများ ပေါ်ပေါက်လာပြီး ထိုအင်အားစုများနှင့်လည်း တိုင်းရင်းသားအင်အားစုများ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့သည်။
PDF နှင့် အခြား ပြည်မလက်နက်ကိုင် အင်အားစုများ၊ ကရင်နီ၊ ချင်း၊ ကချင်၊ ရှမ်းဒေသတို့မှ နွေဦးတော်လှန်ရေး အင်အားစုများသည် အချိန်တိုအတွင်း လေ့ကျင့်ဖွဲ့စည်းနိုင်သကဲ့သို့ ရရာလက်နက်နှင့် တိုက်ပွဲဝင်ခဲ့ကြ၏။
PDF နှင့် အခြား ပြည်မလက်နက်ကိုင် အင်အားစုများ၊ ကရင်နီ၊ ချင်း၊ ကချင်၊ ရှမ်းဒေသတို့မှ နွေဦးတော်လှန်ရေး အင်အားစုများသည် အချိန်တိုအတွင်း လေ့ကျင့်ဖွဲ့စည်းနိုင်သကဲ့သို့ ရရာလက်နက်နှင့် တိုက်ပွဲဝင်ခဲ့ကြ၏။
သို့သော်လည်း နွေဦးလက်နက်ကိုင် တော်လှန်ရေး အင်အားစုများအတွက် ရင်ဆိုင်ရသည့်ပြဿနာမှာ ဘဏ္ဍာရေးပြဿနာ၊ လက်နက်ခဲယမ်း တပ်ဆင်မှု ပြဿနာများဖြစ်၏။ ဘဏ္ဍာငွေ ရှာဖွေရသည်မှာ အခက်အခဲတခု ဖြစ်သကဲ့သို့ ငွေရှိခဲ့လျှင်လည်း လိုအပ်သည့် လက်နက်ခဲယမ်းကို အလုံအလောက် ဝယ်ယူရရှိနိုင်ရေးမှာလည်း အခက်အခဲတခု ဖြစ်၏။
ထို့ကြောင့် ပြည်မ လက်နက်ကိုင် အင်အားစုများအတွက် လေ့ကျင့်မှုစည်းရုံးဖွဲ့စည်းမှု၊ ရိက္ခာနှင့် တိုက်စိတ်ခိုက်စိတ်တို့မှာ ပြဿနာ မကြီးမားသော်လည်း လက်နက်ခဲယမ်း ဝယ်ယူရရှိဖြည့်တင်းရန် အချိန်လိုအပ်ခဲ့၏။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အများစုက ဤအချိန် အခြေအနေသည် အခွင့်အခါကောင်း ဖြစ်သည်ကို အားလုံးသိကြ၏။ စစ်ကောင်စီ၏ ပြည်မနှင့် တိုင်းရင်းသားများအား ခွဲခြား၍ အုပ်ချုပ်သည့် ပေါ်လစီဖြစ်သည့် “ပြည်မ၌ တည်ငြိမ်နေလျှင် တိုင်းရင်းသားအင်အားစုများကို ဖိနှိပ်မည်။ ပြည်မ၌ နိုင်ငံရေး အခြေအနေတင်းမာလျှင် တိုင်းရင်းသားများကို ခေတ္တအလျော့ပေး ဆက်ဆံမည်” ဆိုသည်ကို ကောင်းစွာ အတွေ့အကြုံရှိကြပြီး စစ်တပ်ကို အယုံအကြည် လုံးဝမရှိကြပေ။
ထို့ကြောင့် ဝါရင့်အတွေ့အကြုံရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် နွေဦးတော်လှန်ရေး တပ်ဖွဲ့များကို ကူညီသကဲ့သို့ တဖက်ကလည်း ၎င်းတို့အင်အားကို ကောင်းစွာ တည်ဆောက်ပြီး အခွင့်အခါကောင်း ရယူရန် ပြင်ဆင်ခဲ့ကြ၏။
၁၀၂၇ စစ်ဆင်ရေး မတိုင်မီ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြလူထုအား အကြမ်းဖက်ဖိနှိပ်သည်နှင့် စစ်ကောင်စီအား ရရာလက်နက်ဖြင့် ကိုင်စွဲကြသည့် နွေဦးတော်လှန်ရေး ပေါ်ထွက်လာခဲ့ကြ၏။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် လက်နက်ကိုင်ပုန်ကန်မှုများ အများအပြား ပေါ်ပေါက်ခဲ့၏။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ကြ၏။ ပြည်မတိုင်းများတွင် ဧရာဝတီတိုင်းတခုသာ လက်နက်ကိုင်တိုက်ပွဲ ဖော်ဆောင်ရန် ခက်ခဲစွာ ရုန်းကန်ခဲ့ရ၏။
ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်တို့တွင် မူလတိုင်းရင်းသားအင်အားစုများနှင့် ပေါင်း၍ စစ်ရေးအရ ကောင်းစွာ တိုက်ခိုက်နိုင်သကဲ့သို့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန်တို့တွင်လည်း လူထုထောက်ခံမှု၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ကူညီမှုတို့ဖြင့် ကျယ်ပြန့်သည့် ပြောက်ကျားစစ်ပွဲကို ဆင်နွှဲနိုင်ခဲ့ကြ၏။
၁၀၂၇ စစ်ဆင်ရေး မစခင်အထိ ကရင်နီတွင် မယ်စဲ့မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့သည်မှအပ မြို့သိမ်းတိုက်ပွဲ အများအပြား မဆင်နွှဲနိုင်ခဲ့သေးပေ။ သို့သော်လည်း ချင်း၊ ကရင်နီ၊ ကချင်၊ စစ်ကိုင်းတို့တွင် ကျေးလက်ဒေသ အများအပြားကို ထိန်းချုပ်ထားနိုင်သကဲ့သို့ ကရင်၊ ကရင်နီ၊ ချင်းတို့တွင် ကျေးလက်ဒေသသာမက အဓိက ဆက်သွယ်ရေး လမ်းမကြီးများကို ထိန်းချုပ်ထားနိုင်လာသည်ကို တွေ့ရ၏။
စစ်ကောင်စီတပ်ဖွဲ့များ အမှည့်ခြွေ အခြွေခံနေသကဲ့သို့ ချေမှုန်းရေးတိုက်ပွဲများ စတင်ကြုံနေရပြီး စခန်းများလည်း တခုပြီးတခု စတင်လက်လွှတ်နေရပြီ ဖြစ်၏။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ နှစ်နှစ်ကျော်အတွင်း နွေဦးတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုကြောင့် တပြည်လုံးအနှံ့ တိုက်ပွဲပေါင်း ထောင်သောင်းချီ၍ ဖြစ်ပွားခဲ့၏။ စစ်တပ်၏ တပ်များ အားလုံးသည် စစ်ဆင်ရေးဝင်နေရပြီး အနားမရကြပေ။
ထို့ပြင် နေ့စဉ် တပ်အင်အား အသေအပျောက် အဆုံးအရှုံး များပြားပြီး အထိနာစပြုလာ၏။ စစ်ကိုင်း၊ ချင်း၊ ကရင်နီတို့တွင် မြေလှန်စနစ်ကျင့်သုံးပြီး အရပ်သားအိုးအိမ် အဆောက်အအုံများ၊ မြို့ရွာများကို ဖျက်ဆီးခြင်း၊ အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြပြီး အကြောက်တရားသွင်း၍ အနိုင်ယူရန် စစ်အုပ်စုက ကြိုးစားလာခဲ့ကြ၏။
သို့သော်လည်း လူထုနှင့် နွေဦးတော်လှန်ရေး အင်အားစုများက ကြောက်ရွံ့မသွားဘဲ စစ်အုပ်စုကို ပို၍ စက်ဆုတ်ရွံရှာသွားကြပြီး ပို၍ ဆန့်ကျင်တိုက်ခိုက်လာကြသည်။ သို့နှင့် ခြောက်လအတွင်း စစ်ကိုင်းတိုင်းအား အပြတ်ချေမှုန်းမည်ဆိုသည့် စစ်အုပ်စု၏ လေပူပေါင်း ပေါက်ကွဲသွား၏။
ပြောက်ကျားတိုက်ပွဲများသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလပထိ တိုး၍တိုး၍ လာသည်။ နွေဦးတော်လှန်ရေး အင်အားစုများ၏ လက်နက်တပ်ဆင်မှု ပို၍ အားကောင်းလာသည်။
၁၀၂၇ စစ်ဆင်ရေး
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းနှင့်ပြည်နယ် အများစုတွင် စစ်အုပ်စုအား လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်နေခဲ့ကြသော်လည်း ပြည်နယ်များတွင် ရခိုင်နှင့်ရှမ်းပြည်နယ်နှစ်ခု၌ တိတ်ဆိတ်နေခဲ့၏။ သို့သော် ထိုပြည်နယ်နှစ်ခုတွင် အင်အားတောင့်တင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှိကြ၏။ ထိုအဖွဲ့များသည် အတွေ့အကြုံ ရှိကြသကဲ့သို့ လက်နက်လူသူအင်အား တောင့်တင်းကြ၏။
ထိုပြည်နယ်နှစ်ခုတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား၊ AA, TNLA, MNDAA, ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) စသည့် အဖွဲ့များရှိကြ၏။ ထိုအဖွဲ့အများစုသည် စစ်တပ်အာဏာသိမ်းသည့်အခြေအနေကို ကောင်းစွာစောင့်ကြည့်နေခဲ့ကြ၏။ တိတ်ဆိတ်စွာ အင်အား စုဆောင်းပြင်ဆင်နေကြသည်။ နွေဦးတော်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် ကူညီပေးကြ၏။
စစ်တပ်က ထိုအခြေအနေကိုသိသော်လည်း ထိုးစစ်ဆင်ရန် အားမရှိဘဲ တဖက်က ခံစစ်ပြင်ရင်း တဖက်က ၎င်းတို့ဘက်ပါအောင် ဆွဲဆောင်နိုင်ရန်သာ ကြိုးစားနေခဲ့ကြ၏။
သို့နှင့် မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့၏။ ရှမ်းမြောက်နှင့် ရခိုင်တွင် ထိုးစစ်စတင်ခဲ့၏။ ၁၀၂၇ စစ်ဆင်ရေးသည် မြောက်ပိုင်းသုံးဖွဲ့၏ ထိုးစစ်ဖြစ်၏။
ယခင် ပြောက်ကျားစစ်ပွဲ၊ လှုပ်ရှားစစ်၊ ချေမှုန်းရေးစစ်ပွဲများနှင့် ကွာခြားသွား၏။ ရှမ်းမြောက်နှင့် ရခိုင်ရှိ စစ်ကောင်စီ၏ စခန်းများ၊ တပ်ရင်း၊ စကခ/တပ်မ ဌာနချုပ်များ၊ ဗျူဟာကုန်းများ၊ မြို့များအား တောက်လျှောက် ထိုးစစ်ဆင်သည်။ မရမချင်း တိုက်ခိုက်သိမ်းပိုက်သည်။ စစ်ကောင်စီတပ် ပြိုဆင်းသွားသည်။
ယခင် ပြောက်ကျားစစ်ပွဲ၊ လှုပ်ရှားစစ်၊ ချေမှုန်းရေးစစ်ပွဲများနှင့် ကွာခြားသွား၏။ ရှမ်းမြောက်နှင့် ရခိုင်ရှိ စစ်ကောင်စီ၏ စခန်းများ၊ တပ်ရင်း၊ စကခ/တပ်မ ဌာနချုပ်များ၊ ဗျူဟာကုန်းများ၊ မြို့များအား တောက်လျှောက် ထိုးစစ်ဆင်သည်။ မရမချင်း တိုက်ခိုက်သိမ်းပိုက်သည်။ စစ်ကောင်စီတပ် ပြိုဆင်းသွားသည်။
စစ်အုပ်စုသည် လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူမှအပ မြေပြင်ပစ်ကူ ပေးနိုင်ခြင်း မရှိတော့။ ရှမ်းမြောက်နှင့် ရခိုင်တွင် စခန်းတခုပြီး တခုကျသည်။ မြို့တမြို့ပြီး တမြို့ကျသွားသည်။ လားရှိုးအား တိုက်ခိုက်ခါနီးတွင် တရုတ်၏ ဖိအားပေးမှုကြောင့် ရှမ်းမြောက်တွင် အပစ်အခတ်ရပ်ပြီး စစ်အုပ်စု အသက်ရှူချောင်သွားခဲ့၏။ သို့သော် ရခိုင်တွင်ရော အခြားဒေသများမှာပါ AA က အပစ် မရပ်ခဲ့သဖြင့် AA နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ၏။
ရှမ်းမြောက်တွင် မြို့များစွာနှင့် စစ်တပ်စခန်းပေါင်း ၄၀၀ ကျော်၊ ၅၀၀ နီးပါးအား မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့၏။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ
၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးအတွက် စစ်ရေးအလှည့်အပြောင်းတခု ဖြစ်ခဲ့ပြီး စစ်အုပ်စုကို အရှိုက်ကို ထိုးနိုင်ခဲ့၏။ ထိုအခွင့်အလမ်းကို အမိအရယူပြီး ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့တွင်လည်း စခန်းသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်ပြီး စစ်ကောင်စီကို ထိုးနှက်ခဲ့၏။ ၂၀၂၃ ခုနှစ် အကုန်တွင် စစ်ကောင်စီ၏ နိဂုံးအစပြုခဲ့ပြီဖြစ်၏။
ရှမ်းမြောက်တိုက်ပွဲများအလွန်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းမှစ၍ ရှမ်းမြောက်တွင် အပစ်ရပ်ထားသော်လည်း စစ်ပွဲသည် ကျန်ဒေသများတွင် အရှိန်ဟုန်နှင့် ဆက်သွားသည်။
ရခိုင်
ရက္ခိုင့်တပ်တော်က အပစ်ရပ်ရာတွင် မပါဝင်ဘဲ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ ၊ ရသေ့တောင် အစရှိသည့် မြို့နယ်အဆင့်များအပြင် တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ)၊ တပ်ရင်းဌာနချုပ်များအပါအဝင် စခန်းပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါးအား သိမ်းပိုက်နိုင်ခဲ့၏။ ဆက်လက်၍လည်း ရခိုင်ရှိ တိုင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စကခ၊ ဗျူဟာနှင့် တပ်ရင်းဌာနချုပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်၏။
လက်ရှိ ရခိုင်တွင် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ အမ်း၊ ကျောက်ဖြူနှင့် တောင်ကုတ်၊ သံတွဲ၊ ဂွမြို့များသည် အသီးသီး ပိတ်ဆို့ခံနေရသကဲ့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဌာနချုပ်၊ ဒကစ (စစ်တွေ)၊ စကခ ၁၅၊ စကခ ၅ နှင့် အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှူးဌာနချုပ် လက်အောက်ခံ တပ်များသည် အသီးသီး ဝိုင်းပတ်ပိတ်ဆို့ခံနေရပြီး ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်ချေမှုန်းမည့်နေ့အား လက်ချိုးရေတွက်ခါ စောင့်ဆိုင်းနေရသည့် အခြေသို့ဆိုက်နေ၏။
စစ်ကိုင်း
ရှမ်းမြောက်တိုက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းတွင် သိမ်းပိုက်ထားခဲ့သည့် ကောလင်း၊ ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးတို့ကို ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် စစ်အုပ်စုက အင်အားစုစည်း၍ ပြန်လည် ထိုးစစ်ဆင်သော်လည်း ကောလင်းတမြို့သာ စစ်ကောင်စီတပ်များက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ကျန်မြို့များမှာ ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာရ၏။ ပြန်လည် ထိန်းချုပ်နိုင်သော ကောလင်းသည်ပင်လျှင် လွတ်လွတ်ကင်းကင်း မထိန်းချုပ်နိုင်ဘဲ PDF များ၏ တိုက်ခိုက်ခံနေရ၏။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ကလေးမြို့ တပ်နယ်အား တောင်နှင့်မြောက် နှစ်ဖက်ညှပ်တိုက်ပြီး စခန်းအချို့သိမ်း ပိုက်သည်ကို တွေ့ရ၏။ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းအား ဝင်ရောက်စီးနင်းသိမ်းပိုက်ခြင်း၊ ထီးချိုင့်မြို့အား ပြန်လည် တိုက်ခိုက်လာခြင်းကို တွေ့ရ၏။ စစ်ကိုင်းတိုင်းတွင် စစ်ရေးအရှိန်က ကျမသွားဘဲ ပြောက်ကျားတိုက်ခိုက်မှုမှသည် နယ်မြေထိန်းချုပ်ရန် ရည်ရွယ်သည့် စစ်ရေးလှုပ်ရှားမှုများကို တွေ့ရ၏။
ကနီတိုက်ပွဲကို မတ်လ ၁ ရက်နေ့ဝန်းကျင်တွင် စတင်ခဲ့ပြီး ၁၀ ရက်ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာပေးခဲ့၏။ သို့သော် ကလေးနှင့် ထီးချိုင့်တိုက်ပွဲက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်၏။
ကရင်နီ
ရှမ်းမြောက်တိုက်ပွဲကာလတွင် ၁၁၁၁ စစ်ဆင်ရေး စတင်ခဲ့ပြီး လွိုင်ကော်မြို့တဝက်ကို ထိန်းချုပ်ခဲ့၏။ နန့်မယ်ခုံနှင့် မယ်စဲ့မြို့နယ် တခုလုံးကိုလည်း ထိန်းချုပ်ခဲ့၏။ ရှမ်းမြောက်တွင် အပစ်ရပ်သွားသော်လည်း ကရင်နီအင်အားစုများ နယ်မြေသိမ်းပိုက်ရေး စစ်ရေးထိုးစစ်များ ဆက်လက် ဆင်နွှဲခဲ့ပြီး ရှားတောမြို့နယ်နှင့် ရွာသစ်တို့အား သိမ်းပိုက်ပြီး ကရင်နီပြည်နယ်အတွင်း နန်ပွန်ချောင်း အရှေ့ဘက်ခြမ်းကို ထိန်းချုပ်နိုင်ခဲ့၏။
မော်ချီးကို ဆက်လက် ထိန်းချုပ်နိုင်ပြီးနောက် ယခုအခါ သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ ဖားဆောင်းမြို့ကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိ၏။ မြို့၏အစိတ်အပိုင်း အချို့အား သိမ်းပိုက်ရရှိထား၏။ ဖယ်ခုံနှင့်ပင်လောင်းကြားတွင်လည်း ထိုးစစ်ဆင်လျက်ရှိ၏။
ကရင်
၂၀၂၄ ခုနှစ်ဆန်းတွင် ကရင်တို့၏ စစ်ရေးလှုပ်ရှားမှုသည် ပုံစံပြောင်းလာ၏။ KNU တပ်မဟာ ၆ နယ်မြေရှိ KNU / PDF ပူးပေါင်း ဗျူဟာ သုံးခုသည် ဗျူဟာမြောက် လှုပ်ရှားလာသည်။ လက်ခတ်တောင်ကို သိမ်းပိုက်ထားရာမှ ဗျူဟာတခုသည် ကော့ကရိတ်အားတိုက်ပြီး မြို့တဝက်ကို သိမ်းပိုက်ထား၏။ မြဝတီ အာရှလမ်းမပေါ်ရှိ တံတားတခုကို ချိုးပြီး အာရှလမ်းမအား ဖြတ်တောက်ထား၏။ နောက်ထပ်ဗျူဟာတခုက သင်္ကန်းညီနောင်ရှိ တပ်ရင်းတရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်သောတပ်ရင်းနှစ်ရင်းနှင့် ဗျူဟာကုန်းအား ဆက်လက်တိုက်ခိုက် ရင်ဆိုင်ထားပြီး ဖလူးစခန်းအား သိမ်းပိုက်သည်။
တချိန်တည်းတွင် နောက်ထပ်ဗျူဟာ တခုက ကျိုက်ဒုံစခန်းအား ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ရာ ဗျူဟာမှူးအပါအဝင် အများအပြား လက်နက်ချသည်။ KNU သည် ကော့ကရိတ်၊ သင်္ကန်းညီနောင်တို့ ထိန်းချုပ်ထားပြီး ယခင် လက်လွှတ်ခဲ့ရသည့် စခန်းများ၊ နယ်မြေများကို ပြန်လည် သိမ်းပိုက်ရန် ရည်ရွယ်ပုံရ၏။
စစ်ကောင်စီက ကော့ကရိတ်နှင့် သင်္ကန်းညီနောင်လည်း လက်မလွှတ်ချင်၊ ကျန်သောနေရာများလည်း လက်မလွှတ်ချင်သဖြင့် နောက်ဆုံး အားလုံးဆုံးရှုံးမည့် အလားအလာများ၏၊၊ ကရင်တို့၏ စစ်ဆင်ရေးကိုလည်း စစ်ကောင်စီ လက်တုန့်ပြန်နိုင်ခြင်း မရှိပေ။ ထို့ပြင် KNU ၏ အခြား တပ်မဟာများသည်လည်း မိမိနယ်အလိုက် စစ်ရေးလှုပ်ရှားမှု ရှိနေ၏။
ကချင်ထိုးစစ်
ကချင်မှ KIA နှင့် ပူးပေါင်းအင်အားများသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းမှစ၍ ဗန်းမော်အရှေ့ဘက် မန်ဝိန်းကြီး၊ ကိုက်ထိပ်၊ မဂျီဂုံ ဗျူဟာစခန်းများ၊ ဗန်းမော်တောင်ဖက် စီခန်း (ဂျယ်ခန်း) ဗျူဟာကုန်း၊ မဘိန်းမြို့၊ ဖားကန့်တောင်ဘက် ဝှေခါ၊ ဖားကန့်အရှေ့ဘက် နန်တိန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖားကန့်အနောက်ဘက် တာမခန်တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့၏။
ထို့နောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက် နေ့မှစ၍ လိုင်ဇာထိုးစစ်ကို စတင်ခဲ့၏။ လိုင်ဇာကို ရင်ဆိုင်ထားသည့် ဗျူဟာကုန်း၊ တပ်မ/စကခ ကုန်းများ၊ ဒေါဖုန်းယန်အခြေပြု ခြေလျင်တပ်ရင်းဌာနချုပ်၊ မိုးမောက်အခြေပြု တပ်ရင်းဌာနချုပ်များကို ဆက်တိုက် ထိုးစစ်ဆင်ခဲ့၏။ ထို့ပြင် ဖားကန့်ဒေသ တာမခန်စခန်းများအား အပြီးသတ် သိမ်းယူခဲ့သည့်အပြင် ဆိုင်းတောင်အထိ စစ်နယ်ချဲ့ခဲ့ပြီး ဖားကန့်အား ခြိမ်းခြောက်နိုင်ခဲ့၏။
ဆွမ်ပရာဘွမ်ကိုလည်း ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်နေဆဲ ဖြစ်၏။ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်တို့အား ကုန်းလမ်းဆက်သွယ်မှု ဖြတ်တောက်ထားနိုင်ခဲ့၏။ ထို့ပြင် ငါးအိုးအခြေစိုက် ခြေလျင်တပ်ရင်းဌာနချုပ်နှင့် ထီးချိုင့်တိုက်ပွဲများတွင်လည်း ကချင်ဘက်မှ အားဖြည့်ပေးခဲ့၏။
ကချင်ထိုးစစ်တွင် ၁၀ ရက်ခန့်အတွင်း ရှေ့တန်း စကခ/တပ်မ ဌာနချုပ်၊ ဗျူဟာကုန်း၊ အခြေစိုက်တပ်ရင်း ဌာနချုပ်များအပါ စခန်း ၃၀ ခန့်အား သိမ်းပိုက်နိုင်ခဲ့၏။ ကချင်ထိုးစစ်တွင် KIA, KNDF, ABSDF, AA နှင့် PDF တပ်ဖွဲ့များ ပါဝင်ကြသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် မြောက်ပိုင်းသုံးဖွဲ့မှ TNLA နှင့် MNDAA တို့ အကြောင်းကြောင်းနှင့် အပစ်ရပ်ထားစဉ် KIA နှင့် စစ်ရေးမဟာမိတ်ဖွဲ့ လှုပ်ရှားလာပြီး KIA နှင့်သာမက PDF အပါအဝင် နွေဦးတော်လှန်ရေးတွင် ပေါ်ထွက်လာသည့် လက်နက်ကိုင်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးများကို စတင်တွေ့မြင်ရပြီ ဖြစ်၏။
ရက္ခိုင့်တပ်တော်အနေဖြင့် မြောက်ပိုင်းသုံးဖွဲ့မှ TNLA နှင့် MNDAA တို့ အကြောင်းကြောင်းနှင့် အပစ်ရပ်ထားစဉ် KIA နှင့် စစ်ရေးမဟာမိတ်ဖွဲ့ လှုပ်ရှားလာပြီး KIA နှင့်သာမက PDF အပါအဝင် နွေဦးတော်လှန်ရေးတွင် ပေါ်ထွက်လာသည့် လက်နက်ကိုင်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးများကို စတင်တွေ့မြင်ရပြီ ဖြစ်၏။
ရှမ်းတောင် တိုက်ပွဲများ
ရှမ်းပြည်တောင်ပိုင်းတွင် အပစ်ရပ် NCA ရေးထိုးထားခဲ့သော PNLO တပ်ဖွဲ့သည် KNDF တပ်ဖွဲ့များ၊ ရှမ်းပြည်တောင်ပိုင်းမှ PDF များနှင့် ပူးပေါင်း၍ ဇန်နဝါရီလကုန် ပိုင်းမှစ၍ နောင်ထော်၊ ဆီဆိုင်မြို့တို့ကိုသိမ်း၍ ရှမ်းပြည်တောင်ပိုင်းတွင် ထိုးစစ်စတင်၏။ စစ်ပွဲသည် မိုင်းပွန်နှင့် ဟိုပုန်းကြား၊ မဲနယ်တောင်ကြောများဆီသို့ ပြန့်နှံ့သွား၏။ တလကျော်သည်အထိ စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိဘဲ စစ်ရှိန်မြင့်တက် နေဆဲဖြစ်၏။
တလှိုင်းပြီးတလှိုင်း
ရှမ်းမြောက်စစ်ရေး လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးတွင် အလှည့်အပြောင်းဖြစ်ခဲ့၏။ ယခု ရပ်တန့်နေပြီ ဆိုသော်လည်း ရခိုင်၊ ကချင်၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်း စစ်မျက်နှာများမှ စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာသည့်နှင့်အမျှ ဆက်စပ်နေသည့် မကွေး၊ ချင်း၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ မွန်နှင့် တနင်္သာရီတို့တွင်ပါ စစ်ရှိန်မြင့်တက်လာခြင်း၊ ရှမ်းမြောက်နှင့် ရှမ်းတောင် စစ်ရေးလှုပ်ရှားမှုများက ရှမ်းလက်နက်ကိုင် အဖွဲ့များအား ရိုက်ခတ်နေခြင်းတို့ကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။ ထို့ပြင် ရှမ်းမြောက်စစ်ပွဲအား လုံးဝ ပြီးဆုံးသွားပြီဟု ကြည့်မြင်ပါက မိုက်မဲရာကျပေလိမ့်မည်။
စစ်တပ်သည် တနိုင်ငံလုံးတွင် တပ်ရင်းဌာနချုပ်များ၊ အခြေစိုက်စခန်းများ၊ စခန်းငယ်များ စုစုပေါင်း ၅,၂၈၀ ခန့်ရှိရာမှ ယခု စခန်း ၂,၅၀၀ ခန့်လက်လွှတ်ရပြီဟု စစ်ရေးအရင်းအမြစ်များထံမှ သိရ၏။ စခန်း တထောင်ကျော်ခန့်မှာ တိုက်ခိုက်သိမ်းပိုက်ခံရပြီး ကျန်စခန်းများမှာ သူ့သဘောနှင့်သူ ဆုတ်ခွာ ပူးပေါင်းသွားခြင်း ဖြစ်သည်ဟု သိရ၏။
“တလှိုင်းပြီးတလှိုင်း လာမည်” ဆိုသည် လက်တွေ့အမှန်တကယ် အကောင်အထည် ပေါ်လာပြီဖြစ်၏။ စစ်တပ်ပြိုဆင်းနေသည့် မြေပြင်ကတိ စစ်ရေးအခြေအနေများသည် လိမ်ညာ၍ မရပေ။
You may also like these stories:
၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ
အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ
မြောက်ပိုင်းစစ်မျက်နှာမှ တိုက်ပွဲခေါ်သံ
ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ
စစ်တမ်း ကောက်ခံချက်အရ NUG ကို တခဲနက် ထောက်ခံ