လူအများ စစ်မှုထမ်းဥပဒေဘက်သို့ စိတ်ရောက်နေချိန် စစ်ကောင်စီက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် “ပုဂံ” ၌ ရှေးဟောင်း ရေကန်များ ပြန်လည်တူးဖော်ရန်ဆိုကာ ပါဝင်လှူဒန်းနိုင်ကြောင်း သတင်းစာများမှ တဆင့်ဖိတ်ခေါ် နေသည်။
ဧရာဝတီက စုံစမ်းသိရှိမှု အရ စစ်ကောင်စီ၏ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်လည်း ဖွားစော(အရှေ့)အနီး မင်္ဂလာကန်တော် ဆိုသည် ကန်တကန်ကို ဆယ်ရန် လှူဒါန်းပေးထားကြောင်း သိရသည်။
မြန်မာတို့၏ အယူအဆအရ ကန်ဆယ်သည်ဆိုသည်က “ကံကောင်းစေရန်”အတွက်ဖြစ်ပြီး နိုင်ငံတကာ မျက်နှာစာတွင် သာမက နေရာတိုင်းလိုလိုပင် ရှုံးပွဲတွေ့နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အတွက်မူ ကန်ဆယ်ခြင်းက ယတြာတခု ဖြစ်ပေလိမ့်မည်။
ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာသူဖြစ်၏
စစ်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းယူခဲ့ပြီး အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်အကြာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခံရသူဖြစ်သည်။ သူသည် ယခင် သီရိလင်္ကာ၊ စင်ကာပူနိုင်ငံနှင့် တောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သလို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ဖူးသည်။
သူ ဦးဆောင်ပြုလုပ်နေသည့် ရှေးဟောင်ရေကန်များ ပြန်လည်တူးဖော်အစီအစဉ်မှာ ပထမအဆင့် ၄၆ ကန်၊ ဒုတိယ အဆင့် ရှေးဟောင်းရေကန် ၄၅ ကန် တူးဖော်ရန် စီစဉ်ထားသည်ဟု သိရပြီး ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များ၊ ကမ္ဘာ့အမွေအနှစ် စံနှုန်းများနှင့်အညီ ပြန်လည် တူးဖော်ထိန်းသိမ်းမည်ဟု ဆိုထားသော်လည်း လက်တွေ့တွင် တန် ၂၀ ကျော် မြေတူးစက်ကြီးများ သုံးကာ ဆည်၊ တာတမံတည်ဆောက်ရေး လုပ်ငန်းခွင်သဖွယ် ဆောင်ရွက်နေခြင်းက မေးခွန်း ထုတ်စရာဖြစ်နေသည်။
တူးဖော်ရေးလုပ်ငန်းများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဦးဆောင်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က တာဝန်ယူကာ ဖေဖေါ်ဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ် အပေါ် ထိခိုက်မှု ရှိမရှိ လေ့လာ ဆန်းစစ်ချက် (HIA) မပြုဘဲ လုပ်ဆောင်နေကြောင်း ပညာရှင်တချို့က ထောက်ပြဝေဖန်မှ သာ ပြီးခဲ့သည့် မတ်လ ၁၃ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ သွားရောက်စစ်ဆေး ၍ စနစ်တကျ လုပ်ဆောင်ရန် ပြောခဲ့သည်ကို တွေ့ရ၏။
မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ဒေသ ပုဂံယဉ်ကျေးမှုဇုန်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် (World Heritage List ) အဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လက ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးက အသိအမှတ်ပြုခဲ့သည်။
ယင်းသို့ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းတွင် ပုဂံ၏ သမိုင်းဝင် ရေစီမံခန့်ခွဲမှုစနစ်ကြောင့်လည်းပါဝင်ပြီး “မြကန်”ကဲ့သို့ တိကျစွာ ဖော်ပြနိုင်၍ ဖြစ်သည်။ ထို့အတွက်လည်း ပုဂံ၏ သမိုင်းဝင်ဖြစ်သော ရေစီမံခန့်ခွဲမှုစနစ် အထောက်အထားများအား နောက်ထပ် သုတေသနပြုရန် ယူနက်စကို၏ အကြံပြုချက်များက အရင်ကတည်းက ရှိထားပြီးဖြစ်သည်။
ရှေးဟောင်းသုတေသနပညာရှင်တဦးက “ပုဂံခေတ်တုန်းက ရေစီမံခန့်ခွဲမှုက သေချာစနစ်တကျ လုပ်ခဲ့တာ။ မြကန်က တဆင့် အလံပုဂံတို့၊ အလယ်ကန်တို့ အဲဒီကမှ မင်းနန်သူတို့လို ရေကန်ကြီးတွေ၊ နောက်ဆုံးမှာ စူဠာမဏိ ဘေးနားက ဖိုးသူတော်ကန်၊ ကျုံးထဲကမှတဆင့် ဧရာမြစ်ရေထဲ စီးသွားဖို့အတွက် အဆင့်ဆင့်လုပ်ထားခဲ့တာ။ ကျောင်းတိုက်ကြီးတွေ ရှိတဲ့နေရာတိုင်းမှာ ရေကန်ကြီးတွေ ရှိတယ်။ မိုးများရင်လည်း ရေမကြီးအောင် ကာကွယ်တယ်၊ မိုးမရှိလို့ ရေရှား နေတဲ့ အခါမှာလည်း မြကန်ဆည်ကတဆင့် ရေကိုသုံးစွဲလို့ရအောင် စီမံထားတယ်” ဟုလည်း ရှင်းပြသည်။
သို့သော် ယခုအခါ အလှူရှင်များ စိတ်ကြိုက်ဖြစ်စေရန် စက်ယန္တရားကြီးများ သုံး၍ ကန်များတူးဖော်နေခြင်းက ပုဂံခေတ် အမွေအနှစ်များ ထိခိုက်စေမည်သာမက ပုဂံခေတ်လက်ရာ မူလရေထိန်း လွှာများ ပျက်စီးနိုင်ပြီး တူးဖော်ရာမှ ထွက်လာ သော မြေစာများကို ကန်ပေါင်များ ပြုလုပ်လိုက်သဖြင့် နဂိုမူလ မြေယာရှုခင်းများလည်း ပျက်စီးသွားစေမည် ဖြစ်၏။
ထို့အပြင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း စက်ယန္တရားကြီးများ မသုံးစွဲရဆိုသော စည်းကမ်းများကိုလည်း ဖောက်ဖျက်ရာကျပေသည်။
ရှေးဟောင်းသုတေသနပညာရှင်တဦးက “လုပ်သင့်လုပ်ထိုက်တာက ပုဂံခေတ်က ကန်ဟောင်းတွေကို သေသေချာချာ သုတေသနပြုပြီးတော့မှ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖော်ရမယ်။ ဖော်တဲ့အခါမှာလည်း စက်ယန္တရားအကြီးကြီးတွေ သုံးလိုက်လို့ မြေလွှာပျက်သွားမှာကို ကာကွယ်ပြီးတော့မှ လုပ်ရမှာ။ တလွှာချင်း ဖြည်းဖြည်းချင်း စမ်းသပ်ပြီးတော့မှ လုပ်ရမှာ။ တချို့ကန်တွေဆို အခုတူးလိုက်တဲ့အခါကျတော့မှ အထဲက အုတ်ရိုးတွေပေါ်လာတယ်၊ ရေကန်ဘောင်တွေ ပေါ်လာတယ်ဆိုတာမျိုးတွေ ရှိတယ်” ဟု ထောက်ပြသည်။
ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရ လက်ထက်ကလည်း ဤသို့ အလှူရှင်များ ဖိတ်ခေါ်၍ ဘုရားစေတီများကို စနစ်တကျ မဟုတ်ဘဲ ပြုပြင်စေရာ ပုဂံ၏ တန်ဖိုး ယုတ်လျော့ကျဆင်းခဲ့သဖြင့် ဝေဖန်စရာဖြစ် ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
“မြကန်ဆိုလည်း ပြန်ပြီး တည်ဆောက်ခဲ့တာပဲ။ ဒါပေမယ့် ရေမနေတော့ဘူး။ ဘာလို့လဲဆို စက်ကြီးတွေနဲ့ အကုန်တူးချ ပစ်လိုက်တော့ ရေထိန်းတဲ့အလွှာပါ ပျက်သွားတော့ ဗိုလ်ချုပ်မြင့်အောင် လက်ထက်ကတည်းက တူးထားပေမယ့် ရေမနေဘူး ဖြစ်ကုန်တယ်” ယခင်စစ်အစိုးရလက်ထက် လုပ်ကိုင်ခဲ့မှုများအပေါ် သင်ခန်းစာယူသင့်ကြောင်း အဆိုပါ ရှေးဟောင်း သုတေသနပညာရှင်က ထောက်ပြသည်။
ယခုလည်း ရှေးဟောင်းကန်များ ပြန်ဆယ်ခြင်း၊ မြောင်းများပြန်ဖော်ခြင်းဆိုသော ရည်ရွယ်ချက်မှာ ကောင်းသော်လည်း စနစ်တကျ သုတေသနပြုခြင်း မရှိဘဲ လုပ်နည်းလုပ်ဟန်မှားသဖြင့် ပုဂံ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စံတန်ဖိုးများ ထပ်ကာ လျော့နည်းပျက်စီး ထိခိုက်လာမည်ကို အများက စိုးရိမ်နေကြသည်။
ထို့လုပ်ရပ်နှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တိုက်ရိုက်တာဝန်ရှိသူ ရှေးဟောင်းသုတေသနဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမပြုဘဲ စီမံဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ထံ မေးမြန်းရန်သာ ဧရာဝတီသို့ ပြောသည်။
စီမံဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က“ဘေးမှာ ရှေးဟောင်းအဆောက်အအုံနဲ့ အနီးဆုံးနေရာတွေ၊ အောက်မှာ ရှေးဟောင်းအဆောက်အအုံ ရှိတဲ့နေရာတွေမှာ စက်ယန္တရားတွေ အသုံးမပြုဘဲနဲ့ လူအားကို အသုံးပြုဖို့ လုပ်နေပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေနဲ့လည်းဝေးပြီး မြေအောက်မှာလည်း စမ်းသပ်ကျင်းတွေ တူးဖော်မှုအရ၊ ကနဦး သုတေသနပြု လေ့လာချက်အရ ရှေးဟောင်းအဆောက်အအုံ မရှိဘူးဆိုရင် လိုအပ်တဲ့နေရာတွေကို စက်ယန္တရားတွေ အကူအညီနဲ့ ဆောင်ရွက်တာမျိုး ရှိပါတယ်။ အထူးသဖြင့် ဆည်မြောင်းတို့ လုပ်တဲ့ဟာမျိုးတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ရှေးဟောင်းအဆောက်အအုံတွေ မထိခိုက်အောင်လို့ ကျနော်တို့ဌာနက ဝန်ထမ်းတွေကလည်း အဓိက တာဝန်ယူပြီးတော့ ကြီးကြပ်ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။
ဤသို့ ရှေးရေကန်များ တူးဖော်ခြင်းက ပုဂံခေတ် ရေသုံးစွဲသည့် စနစ်ကို ပြန်လည်ဖော်ထုတ် ထိန်းသိမ်းရန်ဖြစ်သလို မိုးကြီးသည့် အခါ ရေဝပ်ရေလျှံခြင်းကို ကာကွယ်ရန်၊ မိုးနည်းဒေသဖြစ်သည့် ပုဂံအတွက် စိုက်ပျိုးရေ၊ သုံးရေရရှိရန်၊ ပတ်ဝန်းကျင် စိမ်းလန်းသာယာမှုကို အထောက်အကူဖြစ်စေရန်နှင့် ဂေဟစနစ်ကို ပြန်လည်ကောင်းမွန်ရေး တဖက်တလမ်းက အကူအညီပေးရန် ဖြစ်ကြောင်း၊ အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ပညာရှင် Dr. Massimo Sarti ကို ဖိတ်၍ ကွင်းဆင်းသုတေသနများ ပြုလုပ်ခဲ့ပြီး ၎င်း၏ အကြံပြုချက်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အတူ ညွှန်ကြားရေးမှူးအဆင့် ဦးဆောင်သည့် HIA အဖွဲ့ ၄ ဖွဲ့ဖြင့်လည်း စိစစ်ပြီးဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မတ် ၁၃ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ရေစီမံခန့်ခွဲမှုပညာရှင် Dr. Massimo Sarti တို့ ဖျောက်ဆိပ်ပင်ကန် အမှတ် (၁) (၂) (၃)၊ သမ္ဘူလကန်၊ အမနာကန်၊ လေးမျက်နှာကန်၏ သဲစစ်ကန် ထိန်းသိမ်းမှုလုပ်ငန်း၊ ဇယဝေရီကန်မှ ပို့ကျသဲနုန်းများ ဆယ်ယူထိန်းသိမ်းမှု လုပ်ငန်း၊ ပျားကြီးစွဲကန်နှင့် မင်္ဂလာကန် (၃) တို့ကို ကြည့်ရှုစစ်ဆေးကာ မြေအောက်၌ မမြင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံများ၊ အုတ်ရိုးတန်းများ တွေ့နိုင်သဖြင့် ဂရုပြုရန်၊ ရေကန်များတွင် ရေဝင်နိုင်စေရန် မူလရေလမ်းကြောင်းနှင့် ချိတ်ဆက်၍ စနစ်တကျဆောင်ရွက်ရန် စသည်ဖြင့် ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာများက ဖော်ပြသည်။
“အနည်ကျတဲ့ထုထည်က ကန်မဆယ်တာတွေ ကြာပြီဆိုတဲ့အတွက် deposit layer တွေကလည်းများတဲ့ အခါမှာ ပြန်ဆယ်ဖို့ဆိုတာ လူအားနဲ့ဆိုရင် အကြာကြီး အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ စက်အကူအညီလေးတွေ အသုံးပြုဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်။ အမွေအနှစ်ထိခိုက်အောင်လို့တော့ မလုပ်ပါဘူး။ အတတ်နိုင်ဆုံးနဲ့ ပုဂံဌာနခွဲက အနီးကပ်ကြီးကြပ်ပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု စီမံဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။
ကွင်းဆင်းမှတ်တမ်း ကောက်ယူထားသည့် စာရင်းအရ ကန်ပေါင်း ၁၀၆ ကန် ရှိသော်လည်း တချို့ကန်များမှာ အုတ်ရေကန် များဖြစ်နေခြင်း၊ တချို့သည် ဘုန်းကြီးကျောင်းဝန်း၊ ဌာနဆိုင်ရာဝန်းများအတွင်း ရှိနေခြင်းတို့ကြောင့် ပြုပြင်ထိန်းသိမ်းရမည့် ကန်စာရင်းအဖြစ် ၉၁ ကန် ရှိကြောင်း၊ ၂၀၂၃ ဒီဇင်ဘာလမှစ၍ ကွင်းဆင်းမှု၊ တိုင်းတာမှုများ၊ HIA လုပ်ငန်းများ စသည်ဖြင့် တဆင့်ပြီး တဆင့် ဆောင်ရွက်နေရာ ယခုဆိုလျှင် အဓိကလုပ်ရမည့်လုပ်ငန်းများအား ၇၅/၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီး ပြီဖြစ်ကြောင်း၊ အချိန်ကာလအားဖြင့် ယခုနှစ်မိုးရာသီအပြီးဟု သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။
ပုဂံကို ချစ်မြတ်နိုးသူများနှင့် ရှေးဟောင်းသုတေသနပညာရှင်များကတော့ ရှေးဟောင်းကန်များနှင့် မြောင်းများ ပြန်ဆယ် မည့် ရည်ရွယ်ချက်မှာ ကောင်းသော်လည်း စက်ယန္တရားကြီးများကို သုံး၍ လုပ်နည်းလုပ်ဟန်မှားသည့်အတွက် ပုဂံ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စံတန်ဖိုးများ ထပ်ပြီးလျော့ နည်းပျက်စီးကာ ထိခိုက်မည်ကို စိုးရိမ်ကြသည်။
ထို့အတူ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အများပြည်သူကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးခြင်းမရှိဘဲ ဘာသာရေးနှင့် ကုသိုလ်ရေး အကြောင်းပြ၍ ဘုရား၊ ပုထိုးများ၊ ရေတွင်းရေကန်ဟောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လှူဒါန်းဖို့ ဖိတ်ခေါ် နေခြင်းက ယခင် နဝတ၊ နအဖ စစ်အစိုးရများကဲ့သို့ “ထင်ရာစိုင်း” ပြုပြင်နေသည်ဟု နိုင်ငံတကာနှင့် ယူနက်စကိုက ထင်မှတ်သွားလျှင် အန္တရာယ်ရှိ အမွေအနှစ်စာရင်း (World Heritage in Danger) ဝင်သွားနိုင်ပေသည်။
ထို့အတွက် “အမွေအနှစ်ဒေသမှာ လူကိုစဉ်းစားမှာလား၊ အမွေအနှစ်ကို စဉ်းစားမှာလားဆိုတဲ့ မေးခွန်းရှိတယ်။ ဒီမှာရှိတဲ့ လူတွေ ရေရဖို့ အဓိကထားတဲ့အတွက် အမွေအနှစ်ဒေသမှာ လူကိုအဓိကထားပြီး စဉ်းစားတယ်ဆိုတာ ဖြစ်သွားလို့ ဒီလို အရမ်းတွေ တူးကြဖော်ကြတွေ ဖြစ်ကုန်ကြတာ။ လူကို အဓိကမထားရဘူးလား ပြောချင်တာမဟုတ်ဘူး။ အမွေအနှစ် ဒေသအတွင်းမှာ ရှိတဲ့ လူဆိုရင် အစကတည်းက အမွေအနှစ်ကို မထိခိုက်စေတဲ့ စည်းကမ်းတွေနဲ့နေရမှာ။ လူအတွက် စဉ်းစားရင် ပုဂံအမွေအနှစ်တွေ မထိခိုက်နိုင်တဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်တာတွေ လုပ်ခွင့်ရှိတယ်။ လူလား၊ အမွေအနှစ်လားဆိုရင် ပုဂံရဲ့ မိုင် ၂၀ ကိုတော့ အမွေအနှစ်ကိုပဲ ဦးစားပေးပါလို့ ပြောချင်တယ်” ဟု ရှေးဟောင်း သုတေသနပညာရှင်တဦးက တိုက်တွန်းသည်။
၂၀၂၃ခု မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရေချိန် ၁၅ လက်မကျော် ရွာသွန်းလိုက်သည့်အခါ ပုဂံဒေသနေရာ အတော် တော်များများ၌ ရေဝပ်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းအဆောက်အအုံပေါင်း ၅၉ ဆူခန့် ထိခိုက်မှု ဖြစ်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စာရင်းများက ဆိုသည်။
You may also like these stories:
မိုးများသဖြင့် ပုဂံဘုရားတချို့ ရေဝင်
တားမြစ်ထားသော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း တိုးချဲ့ဆောက်လုပ်မှုများ ရှိနေ
ပုဂံရှေးဟောင်းဇုန်အတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေ
မိုခါမုန်တိုင်းကြောင့် ပုဂံက ဘုရားစေတီများပျက်စီး