အကျဉ်းစံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လေလံတင်ရောင်းချရန် စစ်ကောင်စီ၏ မကြာသေးမီက မအောင်မြင်သော အားထုတ်မှုသည် မြန်မာပြည်သူများက အမေဟုခေါ်သူနှင့် သူ့ကိုထောင်ချထားသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာပြည်သူများက မည်သို့မြင်ကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည်။
ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ သုံးနှစ်ကျော်ကြာပြီး လူထုထောက်ခံမှု အများအပြား ဆက်လက်ရရှိနေသော်လည်း စစ်ကောင်စီခေါင်းဆောင်သည် မြန်မာပြည်သူ အများစု၏ အမုန်းခံဖြစ်လာသည်။
ရန်ကုန်မှ သမိုင်းဝင် အထိမ်းအမှတ် မိသားစုနေအိမ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယ်လီဖိုးနီးယား အခြေစိုက် အမေရိကန်နိုင်ငံသား သူ၏အကို ဦးအောင်ဆန်းဦးအကြား ပိုင်ဆိုင်မှု အငြင်းပွားရာတွင် ဗဟိုချက် ဖြစ်နေသည်။ ဦးအောင်ဆန်းဦးသည် နိုင်ငံခြားသားတဦးအဖြစ် ထိုနေအိမ်ကို ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့် မရှိသော်လည်း အမွေ အညီအမျှရစေရန် ရန်ကုန်ရှိ တရားရုံးတရုံးတွင် တရားစွဲဆိုခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တရားရုံးက ထိုအိမ်ကို မွေးချင်း နှစ်ဦးအကြား တဝက်စီခွဲဝေပေးခဲ့ပြီး ထိုစီရင်ချက်ကို ဦးအောင်ဆန်းဦးက အကြိမ်ကြိမ် အယူခံဝင်သည်။
နောက်ဆုံးတွင် စစ်ကောင်စီထိန်းချုပ် တရားရုံးတခုက ဦးအောင်ဆန်းဦးကို အနိုင်ပေးပြီး အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ ထိုနေအိမ်ကို မတ်လ ၂၀ ရက်နေ့တွင် ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ သန်း ၉၀ ဖြင့် လေလံတင်ရောင်းချရန် အမိန့်ချသည်။ စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်သင်္ကေတ အားလုံးကို ဖျောက်ဖျက်ရန် ကြိုးစားသည့် လုပ်ဆောင်မှုဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အစိုးရကို စစ်တပ်က ဖြုတ်ချသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ဖမ်းဆီးခံထားရပြီး ယခုအခါ နေပြည်တော် အကျဉ်းထောင်တွင် တဦးတည်း ချုပ်နှောင်ထားခံရသည်။ စစ်ကောင်စီက စွဲချက်အမျိုးမျိုးတင်ကာ ထောင် ၃၃ နှစ် ချခံထားရသော်လည်း ထိုစွဲချက်များသည် အတုအယောင်များသာ ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက် မပါဘဲ ရောင်းချခြင်း မပြုနိုင်ဟု သူ၏ရှေ့နေများက ပြောဆိုပြီး တရားရုံး၏ လေလံအမိန့်ကို ကန့်ကွက်သော်လည်း အောင်မြင်ခြင်း မရှိပေ။
ဖမ်းဆီးခံ အသက် ၇၈ နှစ်အရွယ် ခေါင်းဆောင်အပေါ် မတွန့်ဆုတ်သော ချစ်ခင်လေးစားမှုနှင့် ထောက်ခံမှုကို ပြသသောအားဖြင့် မည်သည့်ဝယ်ယူသူမှ လေလံတင်သည့်နေ့တွင် ရောက်မလာခဲ့ပေ။
“မည်သူမှ လေလံဆွဲခြင်းမရှိ” ဟု လေလံတင်သူတဦးက ခြံပေါက်ဝတွင် မတ်လ ၂၀ ရက်နေ့နံနက်က ကြေညာသည်။ ထို့နောက်တွင် လေလံအရာရှိများက လေလံမအောင်မြင်ကြောင်း ကြေညာသည်။
ထိုသမိုင်းဝင်နေအိမ်ကို စစ်ကောင်စီ၏ မအောင်မြင်သော လေလံတင်ရောင်းချမှုသည် ထိုနေအိမ်အနီးမှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ရန်ကုန်နေအိမ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လွန်ခဲ့သောနှစ်တွင် လေလံတင်ရောင်းချခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
“မည်သူမှ လေလံဆွဲခြင်းမရှိ” ဟု လေလံတင်သူတဦးက ခြံပေါက်ဝတွင် မတ်လ ၂၀ ရက်နေ့နံနက်က ကြေညာသည်။ ထို့နောက်တွင် လေလံအရာရှိများက လေလံမအောင်မြင်ကြောင်း ကြေညာသည်။
စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် NUG သည် စစ်ကောင်စီ ဆန့်ကျင်တော်လှန်ရေး ရန်ပုံငွေအဖြစ် ရန်ကုန်မှ ချမ်းသာကြွယ်ဝသူများရပ်ကွက် အမှတ် ၁၄ အင်းလျားလမ်းမှ မင်းအောင်လှိုင်၏ နေအိမ်ကို ဈေးကွက်ပေါက်ဈေး၏ ၃ ပုံ ၁ ပုံဖြစ်သည့် ဒေါ်လာ ၁၀ သန်းဖြင့် လွန်ခဲ့သော မေလက လေလံတင်ခဲ့သည်။ စစ်ကောင်စီ ဗိုလ်ချုပ်များ တရားမဝင် ရယူထားသည့် မြေနှင့် ပိုင်ဆိုင်မှုအားလုံးကို ပြန်လည် သိမ်းဆည်းမည်ဟု NUG က ကြေညာထားသည်။
ထိုသို့ ရောင်းချခြင်းအား မြန်မာပြည်သူများက ကြိုဆိုကြပြီး ထိုအိမ်သည် ဝယ်ယူသူများသည့်အိမ် ဖြစ်လာသည်။ ထိုအိမ်ကို အရောင်းကြေညာသည်မှ စတင်ပြီး အစုရှယ်ယာများကို ဝယ်ကြသည်။ ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံသား အများစုပါသော လူ ၁၂,၄၀၀ ကျော်က ထိုအစုရှယ်ယာများကို ဝယ်ယူပြီး ဇူလိုင်လ ၃၀ ရက်နေ့တွင် အရောင်းသတ်မှတ်ချက် ဒေါ်လာ ၁၀ သန်း ပြည့်သည်။
NUG အာဏာရလာပါက ထိုနေအိမ်ကို လေလံတင်ရောင်းချသောအခါ အစုရှယ်ယာပိုင်ရှင်များသည် အကျိုးအမြတ် တစိတ်တပိုင်းကို ရရှိကြမည်ဖြစ်သည်။ သို့သော် ဝယ်ယူသူများသည် ငွေကြေးအမြတ်အစွန်းအတွက် ဝယ်ယူခြင်း မဟုတ်ဘဲ ထိုနေအိမ်ကို တရားမဝင် ရယူထားပြီး အာဏာသိမ်းပြီးနောက်တွင် အရပ်သားပြည်သူများကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီခေါင်းဆောင်အား ဒဏ်ခတ်ပြီး တော်လှန်ရေးကို အကျိုးပြုသည့်အနေဖြင့် ဝယ်ယူခြင်းဖြစ်သည်။
“မင်းအောင်လှိုင် အမြန်ဆုံး ကျရှုံးတာကို မြင်ချင်လို့ အဲဒီအိမ်ရှယ်ယာတခု ဝယ်ထားတယ်” ဟု ဝယ်ယူသူတဦးက NUG ၏ လေလံနှင့် ပတ်သက်ပြီး ရေးသားထားသည်။
ခြံအမှတ် ၅၄ နှင့် ၁၄ အင်းလျားလမ်း
ခြံအမှတ် ၅၄ ဟုသာ ခေါ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် နေအိမ်သည် မြန်မာပြည်သူ အများအပြားအတွက် နိုင်ငံ၏ဒီမိုကရေစီတိုက်ပွဲ သင်္ကေတ တခုဖြစ်ပြီး အမှတ် ၁၄ အင်းလျားလမ်းမှ မင်းအောင်လှိုင်၏ အိမ်သည် စစ်အာဏာသိမ်းခေါင်းဆောင်၏ အကျင့်ခြစားမှုနှင့် လောဘ သင်္ကေတအဖြစ် သတ်မှတ်ကြသည်။
ခင်ပွန်းဖြစ်သူ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရပြီးနောက် တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုလိုနီခေတ် နှစ်ထပ်အိမ်ကို ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်အား ထိုစဉ်ကအစိုးရက ၁၉၄၇ ခုနှစ်တွင် ပေးခဲ့သည်။ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်တွင် ကွယ်လွန်သည်အထိ ထိုအိမ်တွင် နေထိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလှုပ်ရှားမှုကို ထိုနေအိမ်မှ စတင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမဆုံး ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။ ယခင် စစ်အုပ်စုများ၏ အကျဉ်းသားအဖြစ် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း အကြိမ်ကြိမ်သော နေအိမ်အကျယ်ချုပ် စုစုပေါင်း ၁၅ နှစ်တွင် ထိုနေအိမ်၌ နေထိုင်ခဲ့သည်။
ယခင် စစ်အုပ်စုခေတ်တွင် ပြည်သူထောင်ပေါင်းများစွာတို့သည် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနှင့် လွတ်လပ်စွာ ပြောဆိုခွင့် မိန့်ခွန်းပြောသည်ကို နားထောင်ရန် ထိုနေအိမ်အပေါက်ဝတွင် စုရုံးကြသည်။ နေအိမ် အကျယ်ချုပ်မှ လွတ်လာပြီးနောက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်တွင် အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် အပါအဝင် နိုင်ငံတကာမှ ဂုဏ်သရေရှိ ဧည့်သည်များကို ထိုအိမ်တွင် လက်ခံတွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလှုပ်ရှားမှုကို ထိုနေအိမ်မှ စတင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပထမဆုံး ဌာနချုပ်အဖြစ် အသုံးပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အမွေအနှစ် ထိုနေအိမ်ကို မိခင်အမည်ဖြင့် သူတည်ထောင်ထားသည့် ပရဟိတလုပ်ငန်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် အခြေစိုက်ရာနေရာအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သည်။
တချိန်တည်းတွင် ၁ ဒသမ ၈၆ ဧက ကျယ်သည့် အမှတ် ၁၄ အင်းလျားလမ်းမှ မင်းအောင်လှိုင်၏ နေအိမ်သည် တခါက စစ်တပ်ဧည့်ရိပ်သာဖြစ်ပြီး စစ်ထောက်လှမ်းရေး ဧည့်ရိပ်သာဟု အများအားဖြင့် ခေါ်ကြကာ ထိုနေရာတွင် ဗိုလ်ချုပ်များက ပြည်ပသံတမန်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များကို လက်ခံ တွေ့ဆုံသည်။ အရေးကြီး ပုဂ္ဂိုလ်များကိုလည်း ထိုဧည့်ရိပ်သာ မြက်ခင်းပြင်တွင် ကြိုဆိုခဲ့သည်။
၁၉၉၀ ပြည့်နှစ်များတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်သည် ထိုဧည့်ရိပ်သာတွင် စစ်အုပ်စု အဆင့်မြင့်အရာရှိများ၊ အနုပညာသမားများ၊ ဂီတသမားများနှင့်အတူ သင်္ကြန်ပွဲတော် ကျင်းပလေ့ရှိသည်။
မင်းအောင်လှိုင်သည် စစ်တပ်အကြီးအကဲဖြစ်လာသည့် ၂၀၁၁ သို့မဟုတ် ၂၀၁၂ ခုနှစ်တွင် အမှတ် ၁၄ အင်းလျားလမ်းကို သိမ်းယူသောကြောင့် ထိုလုပ်ရပ်သည် အခြားထိပ်တန်း စစ်အရာရှိများအကြား စိတ်ပျက်စရာ ဖြစ်ခဲ့သည်။
မြန်မာပြည်သူအများစုက သမိုင်းအရ အရေးပါမှုကို အသိအမှတ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ် ၅၄ နေအိမ်ကို အမျိုးသားအမွေအနှစ်နေရာအဖြစ် ထိန်းသိမ်းထားလိုကြပြီး အမှတ် ၁၄ အင်းလျားလမ်းကို မင်းအောင်လှိုင်ထံမှ ပြန်လည်သိမ်းဆည်း ဖျက်ဆီးပစ်လိုကြသည်။
မတ်လ ၂၀ ရက်နေ့က လေလံ မအောင်မြင်သော်လည်း ဦးအောင်ဆန်းဦး အလိုကျ တရားရုံး ဆုံးဖြတ်ချက်သည် တည်မြဲနေပြီး တရားရုံးသည် နောက်ထပ်လေလံပွဲတခုကို ထပ်မံကြေညာနိုင်သည်။
စစ်ကောင်စီခေါင်းဆောင်၏ နေအိမ် ရောင်းချခြင်းကို ပြည်သူလူထုက ကြိုဆိုခြင်းနှင့် ထိုအိမ် အစုရှယ်ယာများကို ဝယ်လိုအားများခြင်းသည် စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူလူထုက မနှစ်မြို့ မုန်းတီးမှုအင်အားကို ပြသနေသည်ဟု ထင်ရှားသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဒေါက်တာ တေဇာဆန်းက ပြောသည်။
မတ်လ ၂၀ ရက်နေ့က လေလံ မအောင်မြင်သော်လည်း ဦးအောင်ဆန်းဦး အလိုကျ တရားရုံး ဆုံးဖြတ်ချက်သည် တည်မြဲနေပြီး တရားရုံးသည် နောက်ထပ်လေလံပွဲတခုကို ထပ်မံကြေညာနိုင်သည်။
“လေလံတင်ဖို့ တရားမျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ပြည်သူလူထုက လက်မခံဘူး။ သေချာတာကတော့ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ ပြည်သူထဲက ဘယ်သူမှ အဲဒီအိမ်ကို ဝယ်မှာ မဟုတ်ဘူး။ ပြည်သူက လေးစားချစ်ခင်ပြီး လောလောဆယ် မတရားဖမ်းဆီးခံနေရတဲ့ နိုင်ငံခေါင်းဆောင်ရဲ့အိမ်ကို ဘယ်သူက ဝယ်မှာလဲ” ဟု ၎င်းကပြောသည်။
“အနာဂတ်မှာ တယောက်ယောက် ဝယ်ခဲ့ရင်လည်း အဲဒီလူဟာ စစ်ကောင်စီအုပ်စုထဲက ဒါမှမဟုတ် စစ်ကောင်စီ ခရိုနီနဲ့ သူတို့ကို ထောက်ခံသူတွေပဲ ဖြစ်လိမ့်မယ်။ ပြည်သူလူထုက ဒါကို သေသေချာချာ မှတ်ထားမှာ ဖြစ်တယ်” ဟုလည်း ဒေါက်တာ တေဇာဆန်းက ဆက်လက်ပြောကြားသည်။
NUG က အမှတ် ၅၄ နေအိမ်ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် နေရာအဖြစ် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ကြေညာခဲ့သည်။ ထိုအိမ်ကို ပိုင်ဆိုင်၊ ရောင်းချ၊ ဖျက်ဆီး၊ ပြောင်းလဲ သို့မဟုတ် တနည်းနည်းဖြင့် အသုံးပြုရန် ကြိုးစားသူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အရပ်သားအစိုးရ သတိပေးထားသည်။
စစ်ကောင်စီအောက်တွင် ဆောင်ရွက်သည့် မည်သည့်ရောင်းချမှုဖြစ်စေ၊ လေလံတင်ခြင်းဖြစ်စေ တရားမဝင်ကြောင်း NUG ပြောခွင့်ရသူ ဦးကျော်ဇောက ဧရာဝတီသတင်းဌာနနှင့် ပြောကြားစဉ် သတိပေးခဲ့သည်။
ထိုအိမ်ကို ဝယ်ယူရာတွင် ပါဝင်ပတ်သက်သူများသည် ၎င်းတို့၏ငွေကို ဆုံးရှုံးရုံသာမက ဥပဒေအရ အပြစ်ပေး ခံရမည်ဆိုသည့် NUG ၏ သတိပေးချက်ကို ၎င်းက ထပ်လောင်းပြောကြားသည်။
ထိုအိမ်ကို ဖျက်ဆီးရန် ကြိုးစားသူ မည်သူမဆို သမိုင်းတွင် နိုင်ငံတော်ထံမှ ခိုးယူသူနှင့် သစ္စာဖောက်အဖြစ် ကျဆုံးရမည်ဟု ပြည်သူအများအပြားက လူမှုကွန်ရက်မီဒီယာတွင် မှတ်ချက်ပေးပြီး ထိုအိမ်ကို အမျိုးသားအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်ကို မြင်လိုကြောင်း ဖော်ပြကြသည်။
This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Two Yangon Homes Become Emblems of the Myanmar People’s Dreams ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်
အမှတ် ၁၄ အင်းလျားလမ်း ရောင်းရန် ရှိသည်
အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ
စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား
အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ