“လူမျိုးစုသုတ်သင်မှု ဖတ်စာအုပ် ဥပမာ” ဟု ကုလသမဂ္ဂက ဖော်ပြသည့်ဖြစ်ရပ်တွင် ထောင်နှင့်ချီသော ရိုဟင်ဂျာ မွတ်ဆလင်များ သတ်ဖြတ်ခံရပြီးနောက် ၇ နှစ်နီးပါးကြာသောအခါ စစ်တပ်သည် ထိုရိုဟင်ဂျာများထံမှ အကူအညီ လိုချင်နေသည်။
ဒုက္ခရောက်နေသော စစ်ကောင်စီအတွက် တိုက်ခိုက်ပေးရန် ရိုဟင်ဂျာ အနည်းဆုံး ၁၀၀ ခန့် မကြာသေးမီက အတင်းအကျပ် စစ်သားစုဆောင်းခံရကြောင်း ရခိုင်ပြည်နယ်တွင် နေထိုင်သော ရိုဟင်ဂျာများနှင့် တွေ့ဆုံမေးမြန်းပြီးနောက် BBC က သိရသည်။ တွေ့ဆုံမေးမြန်းခဲ့သူများကို ကာကွယ်ရန် ၎င်းတို့အမည်များ အားလုံးကို ပြောင်းလဲထားပါသည်။
“ကျနော် ထိတ်လန့်သွားပေမယ့် ကျနော်လိုက်သွားရတယ်” ဟု ကလေး သုံးဦးဖခင် အသက် ၃၁ နှစ်အရွယ် မိုဟာမက်က ပြောသည်။
သူသည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ဘောဒူဖစခန်းတွင် နေထိုင်သည်။ ပြည်တွင်းနေရပ်စွန့်ခွာ ရိုဟင်ဂျာ အနည်းဆုံး ၁၅၀,၀၀၀ သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြည်တွင်း နေရပ်စွန့်ခွာစခန်းများတွင် နေထိုင်နေရသည်။
ဖေဖော်ဝါရီလလယ် ညနှောင်းပိုင်းတွင် စခန်းခေါင်းဆောင် သူ့ထံသို့ ရောက်လာပြီး စစ်သင်တန်းတက်ရမည်ဟု ပြောကြောင်း မိုဟာမက်က ပြောပြသည်။ “ဒါတွေက စစ်တပ်ရဲ့အမိန့်တွေ။ မင်း ငြင်းပယ်ရင် မင်းမိသားစုကို အန္တရာယ်ပေးမယ်လို့ သူတို့ ခြိမ်းခြောက်တယ်” ဟု ထိုခေါင်းဆောင်က ပြောသည်။
စစ်တပ်အရာရှိများ ပြည်တွင်း နေရပ်စွန့်ခွာစခန်းများသို့ ရောက်လာပြီး စစ်သင်တန်းအတွက် သတင်းပို့ရန် လူငယ်များကို အမိန့်ပေးကြောင်း အတည်ပြုသည့် ရိုဟင်ဂျာများစွာနှင့် BBC က စကားပြောခဲ့သည်။
မိုဟာမက်ကဲ့သို့သော သူများအတွက် ရှေ့နောက်မညီသည့်အချက်မှာ မြန်မာမှ ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး ၎င်းတို့ လူမှုအသိုက်အဝန်းပြင်ပသို့ သွားလာခွင့်မရှိခြင်း စသည့် ခွဲခြားဆက်ဆံ ကန့်သတ်ခံနေရသည်ဆိုသောအချက်ပင် ဖြစ်သည်။
မိုဟာမက်ကဲ့သို့သောသူများအတွက် ရှေ့နောက်မညီသည့်အချက်မှာ မြန်မာမှ ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရပြီး ၎င်းတို့ လူမှုအသိုက်အဝန်းပြင်ပသို့ သွားလာခွင့်မရှိခြင်း စသည့် ခွဲခြားဆက်ဆံ ကန့်သတ်ခံနေရသည်ဆိုသောအချက်ပင် ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် သောင်းနှင့်ချီသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ စုပေါင်းနေထိုင်သည့် လူမှုအသိုက်အဝန်းများမှ မောင်းထုတ်ခံရပြီး စုတ်ပြတ်နေသော စခန်းများတွင် နေထိုင်ကြရသည်။ နောက် ၅ နှစ်ကြာသည့် ၂၀၁၇၊ သြဂုတ်လတွင် စစ်တပ်က ရက်စက်ကြမ်းကြုတ်သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးလုပ်ပြီး ထောင်နှင့်ချီသော ရိုဟင်ဂျာများကို သတ်ဖြတ်၊ အဓမ္မပြုကျင့်ကာ ရွာများကို မီးရှို့သောကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။ ရိုဟင်ဂျာ ၆ သိန်းခန့် ဘင်္ဂလားဒေ့ရှ်တွင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
ရိုဟင်ဂျာများအား ထိုသို့လုပ်သောကြောင့် မြန်မာသည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်ကို ရင်ဆိုင်နေရသည်။
ယခုအခါ ထိုစစ်တပ်သည်ပင် ရက္ခိုင့်တပ်တော် (AA) ထံ နယ်မြေအများအပြား ဆုံးရှုံးပြီးနောက် မျှော်လင့်ချက် ကင်းမဲ့ကြောင်း ထင်ရှားသည့် လက္ခဏာဖြင့် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းနေသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာသည် စစ်တပ်က အမြောက်များဖြင့် ပစ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် သေဆုံးရသည်။
မိုဟာမက်ကို သင်တန်း နှစ်ပတ် တက်စေပြီး အိမ်ပြန်လွှတ်သည်။ သို့သော် နောက် နှစ်ရက်ကြာသောအခါ သူ့ကို ပြန်လည်ခေါ်ယူပြီး အခြားစစ်သား ၂၅၀ ခန့်နှင့်အတူ သင်္ဘောဖြင့် ၅ နာရီ ခရီးသွားရသည့် ရသေ့တောင်သို့ ပို့လိုက်သည်။
စစ်တပ်သည် နိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင်လည်း အတိုက်အခံများကို အကြီးအကျယ် ရှုံးနိမ့်နေသည်။ ဧပြီလ ၆ ရက်တွင် ထိုင်းနယ်စပ်မှ မြို့တမြို့ဖြစ်သော မြဝတီကို ဆုံးရှုံးသည်။ မြန်မာ၏ ကုန်းလမ်းမှ ကုန်သွယ်မှုအများစုသည် ထိုအရေးပါသည့် လမ်းကြောင်းမှ ဖြတ်သန်းရသည်။
စစ်ကောင်စီသည် စစ်သားအများအပြားကိုလည်း ဆုံးရှုံးသည်။ ထိုစစ်သားများသည် သေဆုံး၊ ဒဏ်ရာရ၊ လက်နက်ချ သို့မဟုတ် အတိုက်အခံဘက်သို့ ပြောင်းသွားပြီး အစားထိုးရန် ခက်ခဲနေသည်။ လူထုထောက်ခံမှု မရှိသော စစ်အုပ်စုကို ကျားကန်ပေးရန် မည်သူမျှ အသက်မစွန့်လိုကြပေ။
ထို့ကြောင့်ပင် စစ်ရှုံးနေပုံရသော စစ်ကောင်စီအတွက် ဓားစာခံအဖြစ် ၎င်းတို့အား ပစ်မှတ်ထားသည်ကို ရိုဟင်ဂျာများ စိုးရိမ်နေသည်။
သူ့ကို စစ်တွေရှိ အမှတ် (၂၇၀) ခြေမြန်တပ်ရင်းစခန်းသို့ ခေါ်သွားသည်ဟု မိုဟာမက်က ပြောသည်။ ၂၀၁၂ ခုနှစ်က လူမှုအသိုက်အဝန်းချင်း ပဋိပက္ခအတွင်း မောင်းထုတ်ခံရပြီး ရိုဟင်ဂျာများကို ထိုမြို့တွင် မနေထိုင်ရန် တားမြစ်ထားသည်။
“ကျည်ဆန် ဘယ်လိုထည့်ပြီး ဘယ်လို ပစ်ရတယ်ဆိုတာ ကျနော်တို့ကို သင်ပေးတယ်။ သေနတ်ကို ဘယ်လို ဖြုတ်ပြီး ဘယ်လို ပြန်တပ်ဆင်ရတယ် ဆိုတာလည်း ကျနော်တို့ကို သင်ပေးတယ်” ဟု ၎င်းက ပြောသည်။
BBC က ကြည့်ရှုခဲ့သည့် ဗီဒီယိုတခုတွင် အခြား ရိုဟင်ဂျာ စစ်သားသစ်အုပ်စုတခုကို မြန်မာစစ်တပ်သုံး စံ လက်နက်ဟောင်း BA 63 ရိုင်ဖယ်များအား မည်သို့အသုံးပြုရသည်ကို သင်ကြားပေးနေသည်။
မိုဟာမက်ကို သင်တန်း နှစ်ပတ်တက်စေပြီး အိမ်ပြန်လွှတ်သည်။ သို့သော် နောက် နှစ်ရက်ကြာသောအခါ သူ့ကို ပြန်လည်ခေါ်ယူပြီး အခြားစစ်သား ၂၅၀ ခန့်နှင့်အတူ သင်္ဘောဖြင့် ၅ နာရီ ခရီးသွားရသည့် ရသေ့တောင်သို့ ပို့လိုက်သည်။ ရသေ့တောင်တွင် စစ်တပ်စခန်း တောင်ကုန်း ၃ ခုကို သိမ်းပိုက်ရန် ကြိုးစားနေသည့် AA နှင့် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပွားနေသည်။
“ကျနော် ဘာကြောင့် စစ်တိုက်ရတယ်ဆိုတာကို နားမလည်ဘူး။ ရခိုင်ရွာတရွာကို သူတို့က ပစ်ခိုင်းတော့ ကျနော် မပစ်ဘူး” ဟု ၎င်းက ပြောသည်။
သူသည် ထိုနေရာတွင် ၁၁ ရက်ကြာ တိုက်ပွဲဝင်ရသည်။ ထောက်ပို့ ဂိုထောင်နေရာကို ဗုံးကျသောအခါ သူတို့ စားနပ်ရိက္ခာ ပြတ်လပ်ကုန်သည်။ အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် ရိုဟင်ဂျာများ အမြောက်ဒဏ်ကြောင့် သေဆုံးကုန်သည်ကို မြင်ခဲ့ရပြီး မိုဟာမက် ကိုယ်တိုင်လည်း ခြေနှစ်ဖက်လုံးတွင် ဒဏ်ရာရသောကြောင့် စစ်တွေသို့ ပြန်ပို့ခံရသည်။
ထိုစခန်း ၃ ခုကို သိမ်းပိုက်ပြီးနောက် မတ်လ ၂၀ ရက်တွင် AA က ယင်းတိုက်ပွဲမှ အလောင်း အများအပြားပါသည့် ဓာတ်ပုံများ ထုတ်ပြန်သည်။ ထိုအလောင်းများအနက် အနည်းဆုံး ၃ ဦးမှာ ရိုဟင်ဂျာများ ဖြစ်သည်။
“တိုက်ပွဲဖြစ်နေတုန်း တချိန်လုံးကြောက်နေတယ်။ မိသားစုအကြောင်းကိုပဲ စဉ်းစားနေမိတယ်။ ကျနော် ဒီလိုမျိုး စစ်တိုက်ရမယ်လို့ တခါမှ မထင်ခဲ့ဘူး။ ကျနော် ဆေးရုံကနေ အိမ်ပြန်ရောက်လာတော့ ကျနော့်အမေကို ဖက်ပြီး ငိုတယ်။ ကျနော့်ကို အမေက အခုမှ ဗိုက်ထဲကနေ ထပ်ပြီး မွေးပေးလိုက်သလို ခံစားရတယ်” ဟု မိုဟာမက်က ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူတဦးမှာ စစ်တွေမြို့အနီး အုန်းတောကြီးစခန်းမှ ဟူစိန် ဖြစ်သည်။ သူ့ကို ဖေဖော်ဝါရီလတွင် ခေါ်ဆောင်သွားပြီး စစ်သင်တန်း တက်စေခဲ့သော်လည်း ရှေ့တန်းမပို့မီ ပုန်းအောင်းနေခဲ့ကြောင်း သူနှင့် ညီအစ်ကိုတော်စပ်သူ မာမွတ်က ပြောသည်။
ချီတက်လာသော AA ကို တိုက်ခိုက်သည့် တိုက်ပွဲများတွင် ရိုဟင်ဂျာများအား အသုံးပြုခြင်းဖြင့် စစ်ကောင်စီသည် AA ထောက်ခံသူအများစုပါသည့် ရခိုင်လူမျိုးစု ဗုဒ္ဓဘာသာဝင်များနှင့် လူမှုအသိုက်အဝန်းများကြား ပဋိပက္ခပြန်လည် မီးမွှေးရန် ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများတွင် ရိုဟင်ဂျာများကို အသုံးပြုသည်ဆိုသည့် သတင်းများကို စစ်တပ်က ငြင်းသည်။
ရိုဟင်ဂျာများကို ရှေ့တန်းပို့ရန် အစီအစဉ်မရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက BBC သတင်းဌာနသို့ ပြောသည်။ “သူတို့ကို လုံခြုံစေချင်တယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့၊ ကူညီဖို့ပဲ ကျနော်တို့ပြောတယ်” ဟု ၎င်းက ပြောသည်။
သို့သော် BBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုများတွင် စစ်တွေအနီး ပြည်တွင်းနေရပ်စွန့်ခွာစခန်း ငါးခုမှ ရိုဟင်ဂျာ ၇ ဦးက တူညီသော အကြောင်းအရာများကိုသာ ပြောသည်။ ရိုဟင်ဂျာ အနည်းဆုံး ၁၀၀ ကို အတင်းအကျပ် စစ်သားစုဆောင်းပြီး တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။
စစ်သားများနှင့် ဒေသအုပ်ချုပ်ရေး အရာရှိများသည် ဖေဖော်ဝါရီလတွင် စခန်းများသို့ ရောက်လာပြီး လူငယ်များကို စစ်သား စုဆောင်းမည်ဖြစ်ကြောင်း ကြေညာကာ ထိုသို့ပါဝင်ပါက အစားအစာ၊ အခကြေးငွေနှင့် နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ပြောသည်။ ထိုကိစ္စများသည် လွန်စွာဆွဲဆောင်မှုရှိသော ကိစ္စများဖြစ်သည်။
ရက္ခိုင့်တပ်တော်နှင့် ပဋိပက္ခမြင့်မားလာစဉ် နိုင်ငံတကာထောက်ပံ့မှုများ ပြတ်တောက်သွားသောကြောင့် စခန်းများတွင် အစားအသောက်ရှားပါးပြီး ဈေးကြီးလာသည်။ ထို့ပြင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရခြင်းသည်လည်း မြန်မာတွင် လက်ခံရေးအတွက် ရိုဟင်ဂျာများ၏ ကာလကြာမြင့်စွာ ရုန်းကန်မှု၏ အဓိက အကြောင်းရင်းဖြစ်ပြီး စနစ်တကျ ခွဲခြား ဆက်ဆံခံရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ထိုခွဲခြားဆက်ဆံမှုသည် အသားအရောင်ခွဲခြားမှုနှင့် အလားတူသော ခွဲခြားဆက်ဆံမှု ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။
သို့သော် အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို ခေါ်ယူရန် စစ်သားများ ပြန်ရောက်လာသောအခါ နိုင်ငံသားဖြစ်ခွင့် ကမ်းလှမ်းမှုကို ၎င်းတို့က ပြန်လည်ရုပ်သိမ်းသည်။ စခန်းများတွင် နေထိုင်သူများက ၎င်းတို့သည် နိုင်ငံသားများ မဟုတ်လျှင် မည်သည့်အတွက် စစ်မှုထမ်းရမည်နည်းဟု မေးသောအခါ ရိုဟင်ဂျာများသည် ၎င်းတို့ နေထိုင်သောနေရာကို ကာကွယ်ရန် တာဝန်ရှိကြောင်း ထိုစစ်သားများက ပြောသည်။
ထို့ပြင် ရိုဟင်ဂျာများသည် စစ်သားမဟုတ်ဘဲ ပြည်သူ့စစ်သာ ဖြစ်ကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်မှာ နားလည်မှု လွဲခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။
ယခုအခါ စစ်ကောင်စီတပ်က ထပ်မံ စစ်သားစုဆောင်းမည့် လူစာရင်းသစ် တောင်းဆိုနေကြောင်း စခန်းကော်မတီဝင် တဦးက ပြောသည်။ ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသည့် ပထမအုပ်စုကို မြင်တွေ့ကြားသိပြီးနောက် မည်သူမှ အတင်းအကျပ် စစ်သားစုဆောင်းမခံလိုကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် စခန်းခေါင်းဆောင်များသည် အဆင်းရဲဆုံးလူများနှင့် အလုပ်မရှိသူများကို လိုက်သွားရန် ဖျောင်းဖျနေပြီး ၎င်းတို့ မရှိသည့် ကာလအတွင်း စခန်းတွင် နေထိုင်သူများ၏ လှူဒါန်းမှုဖြင့် မိသားစုကို ထောက်ပံ့မည်ဟု ကမ်းလှမ်းနေသည်။
“ဒီအတင်းအကျပ် စစ်သားစုဆောင်းမှုဟာ ဥပဒေနဲ့မညီဘဲ အတင်းအကျပ် လုပ်အားစေခိုင်းမှုပုံစံနဲ့ ပိုတူတယ်” ဟု Fortify Rights လူ့အခွင့်အရေးအဖွဲ့မှ မစ္စတာ မက်သရူး စမစ်က ပြောသည်။
“အခုဖြစ်နေတာက ရက်စက်ကြမ်းကြုတ်ပြီး တမင်ထိခိုက်အောင် လုပ်နေတာ။ စစ်တပ်ဟာ တနိုင်ငံလုံး ကျယ်ပြန့်တဲ့ ဒီမိုကရေစီ တော်လှန်ရေးကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရတဲ့သားကောင် ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်သားစုဆောင်းနေတယ်။ ဒီစစ်ကောင်စီက လူ့အသက်ကို ဂရုမစိုက်ဘူး။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး အပြစ်ဒဏ်လွတ်နေတဲ့ ရှည်လျားတဲ့သမိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံကျူးလွန်တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ချီတက်လာသော AA ကို တိုက်ခိုက်သည့် တိုက်ပွဲများတွင် ရိုဟင်ဂျာများအား အသုံးပြုခြင်းဖြင့် စစ်ကောင်စီသည် AA ထောက်ခံသူအများစုပါသည့် ရခိုင်လူမျိုးစု ဗုဒ္ဓဘာသာဝင်များနှင့် လူမှုအသိုက်အဝန်းများကြား ပဋိပက္ခပြန်လည် မီးမွှေးရန် ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် သောင်းနှင့်ချီသည့် ရိုဟင်ဂျာများကို စစ်တွေကဲ့သို့သော မြို့များမှ မောင်းထုတ်ခြင်းကြောင့် ဖြစ်လာသည့် ထိုလူမှုအသိုက်အဝန်းများကြား ပွတ်တိုက်မှု ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရခိုင်လူမျိုးစုမှ အမျိုးသားများသည် ရိုဟင်ဂျာများကို စစ်တပ်က တိုက်ခိုက်မှုတွင် ပါဝင်ကြသည်။ ထိုနောက်ပိုင်းတွင် လူမှုအသိုက်အဝန်းနှစ်ခုကြား တင်းမာမှု လျော့ကျလာသည်။
AA သည် စစ်ကောင်စီကို ဖြုတ်ချပြီး မြန်မာတွင် ဖက်ဒရယ်စနစ်သစ် ထူထောင်မည့် အခြားတိုင်းရင်းသား တပ်မတော်များနှင့် အတိုက်အခံများ၏ ပိုမိုကျယ်ပြန်သောလှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် အောင်ပွဲရလုနီးအချိန်၌ AA သည် ထိုဒေသတွင် နေထိုင်သူများကို နိုင်ငံသားဖြစ်ခွင့် ပေးမည့်အကြောင်း မကြာသေးမီက ပြောလာသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူများကို လက်ခံမည့်သဘော သက်ရောက်သည်။
ယခုအခါ ထိုသို့သော စိတ်ခံစားမှုသည် ပြောင်းလဲသွားပြီ ဖြစ်သည်။ စစ်ကောင်စီအတွက် တိုက်ခိုက်ပေးရန် အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် ရိုဟင်ဂျာများသည် မကြာသေးမီက လူမျိုးတုံးသတ်ဖြတ်ခံရသူများနှင့် စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး တိုက်ပွဲဝင်သူများကို အဆိုးရွားဆုံး သစ္စာဖောက်သူများဖြစ်သည်ဟု မြင်ကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက BBC သတင်းဌာနသို့ ပြောသည်။
စစ်တပ်ထောက်ခံသည့် မီဒီယာများကလည်း AA ကို ရိုဟင်ဂျာများက ဆန့်ကျင်ကန့်ကွက်သည့်ပုံစံ ဘူးသီးတောင်မှ ဆန္ဒပြပွဲများကို လူသိအောင် လုပ်နေသည်။ သို့သော် ထိုသို့လုပ်ခြင်းသည် ထိုလူမျိုးအုပ်စုနှစ်ခုကြား သွေးခွဲရန် စစ်တပ်က စီစဉ်သည့် ဆန္ဒပြပွဲများဖြစ်သည်ဟု သံသယရှိကြောင်း ဒေသခံများက BBC သို့ ပြောသည်။
ယခုအခါ ရိုဟင်ဂျာများသည် ၎င်းတို့ကို မြန်မာတွင် နေထိုင်ခွင့် အသိအမှတ်မပြုသည့် စစ်တပ်အတွက် တိုက်ခိုက်ပေးရန် အတင်းအကျပ် လုပ်ဆောင်ခံနေရပြီး မကြာမီ ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်တော့မည့် AA နှင့် ဆန့်ကျင်ဘက် အနေအထားသို့ တွန်းပို့ခံနေရသည်။ တချိန်က နှစ်ဖက်လုံးက ပစ်မှတ်ထားခံခဲ့ရသည့် ရိုဟင်ဂျာများသည် ယခုအခါ ထို နှစ်ဖက်ကြားတွင် ညပ်နေပြန်သည်။
မိုဟာမက်ကို စစ်တပ်က လက်မှတ်တခု ထုတ်ထားပေးပြီး သူသည် တိုက်ပွဲတွင် ၎င်းတို့ဘက်မှ တိုက်ခဲ့သူဖြစ်ကြောင်း ဖော်ပြသည်။ ထိုလက်မှတ်က မည်သည့်တန်ဖိုးရှိသည်ကို သူ မသိသလို ထပ်မံစစ်မှုထမ်းရန် ကင်းလွတ်ခွင့် ရ၊ မရလည်း သူ မသိပေ။ AA က စစ်တွေမြို့သို့ ဆက်လက်ချီတက်လာပြီး သူ၏ စခန်းသို့ရောက်လာလျှင် ထိုလက်မှတ်သည် သူ့ကို ဒုက္ခပေးနိုင်သည်။
သူသည် ဒဏ်ရာမှ နာလန်ထရန် ကြိုးစားနေရဆဲဖြစ်ပြီး ထိုအတွေ့အကြုံကြောင့် ညဘက် အိပ်မပျော်ကြောင်း ပြောသည်။
“သူတို့ထပ်ပြီး ရောက်လာမှာကို ကျနော် ကြောက်နေတယ်။ ဒီတကြိမ်မှာတော့ ကံကောင်းလို့ ပြန်ရောက်လာတယ်။ နောက် တကြိမ်ကျရင် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူး” ဟု မိုဟာမက်က ပြောသည်။
(BBC ပါ Jonathan Head ၏ Myanmar’s army massacred Rohingyas. Now it wants their help ကို ဘာသာပြန်သည်။)
You may also like these stories:
ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို
မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး
ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ