“ရှမ်းဗေထုံ၊ မီးဆာလှုံ၊ မီးဆာလှုံ၊ ရှမ်းဗေထုံ” ဟု
ဟစ်အော် ကြွေးကြော်ရင်း မျက်စိက မိုးကိုမျှော်၍ လက်က အိုးစည်ကို ထုလျက် ကျနော်တို့သည် ငယ်စဉ်အခါက ပျော်ပါးခဲ့ကြ၏။
ရွာလမ်းမတွင် ကျနော်တို့၏ အိုးစည်သံနှင့် တေးသံတို့သည် သူသာ ငါနိုင် ပြိုင်ဆိုင်ခဲ့ကြ၏။
သစ်ရိပ်ကောင်းကောင်းမှနေ၍ ကျနော်တို့သည် အိုးစည်သံနှင့် တေးသံတို့ဖြင့် နေမင်းကို ပူဇော်ခဲ့ကြ၏။ တလင်း ပြောင်ပြောင်မှ နေ၍ လမင်းကို ပူဇော်ခဲ့ကြ၏။
နေမင်း၊ လမင်းတို့ ပေးသော ဆုတွင် ခိုလှုံလျက် ကျနော်တို့သည် ခုန်ပေါက်သီဆိုကာ ပျော်ပါးခဲ့ကြ၏။ ကျန်းမာခဲ့ကြ၏။ သန်စွမ်းခဲ့ကြ၏။
ထိုသို့ဖြင့် အမိ နို့ရည်သည် ကျနော်တို့၏ သွေးသားနှင့် ရောနှော ပေါင်းစပ်နေသကဲ့သို့ အိုးစည်သံ၊ တေးသံတို့သည်လည်း ကျနော်တို့၏ သွေးသားနှင့် ရောနှော ပေါင်းစပ်လျက် ရှိလေတော့သည်။
နေ့ရော ညပါ ရွာလမ်းတွင် ပျော်ပါးသော အိုးစည်ကလေး လက်သီးဆုပ်၏ အသံကို အားကျသည့် အလား ဝါလ သီတင်းကျွတ်တွင် အိုးစည်ကြီးများ၏ အသံသည် ပေါ်ထွက်လာလေသည်။
ရွာထိပ်မှလည်း ပေါ်ထွက်လာသည်။ ရွာတောင်မှလည်း ပေါ်ထွက်လာသည်။ ရွာမြောက်မှလည်း ပေါ်ထွက်လာသည်။ ရွာကလေးတွင် အိုးစည်သံသည် မိုးမွှန်လေပြီ။
ညဦး လရောင် အောက်တွင် ထုတ်ချင်းခတ် မြည်ဟိန်းသွားသော မုံ့ဆန်းထောင်း လက်ဆုံသံသည် အိုးစည်သံနှင့် ဇနီးမောင်နှံပမာ ဘုရားသွား ကျောင်းတက်အတူ ထွက်ပေါ်လာလေသည်။
အိုးစည်သံကြီးတို့သည် ပုလွေ နှင့် လင်းကွင်း၊ လက်ခုပ်နှင့် မောင်းတို့ကိုလည်း အဖော်ခေါ်ခဲ့ကြသေးသည်။ ၎င်း ရဲဘော်တစု တို့သည် သီတင်းကျွတ် လပြည့်နေ့၌ ပဒေသာပင်များတွင် ရံ၍ ဘုန်းကြီး ကန်တော့ သွားကြသည်။
တန်ဆောင်မုန်း လပြည့်နေ့တွင် ကထိန် သင်္ကန်း ကပ်ရန် ထွက်ကြပြန်၏။
တောင်ပိုင်း အိုးစည် နှင့် မြောက်ပိုင်း အိုးစည်၊ အရှေ့ပိုင်း အိုးစည် နှင့် အနောက်ပိုင်း အိုးစည် တို့သည် ကျောင်းပရဝဏ် အတွင်းတွင် ပျော်ပွဲကို ကျင်းပကြ၏။
ထို့နောက် တန်တော်၊ ပြာသို ၂ လတွင် အိမ်တွင်း၌ ခဏကွေး၍ တပို့တွဲ လပြည့်ဆီသို့ ရောက်ပြန်သောအခါ ထွက်လာကြပြန်၏။
ထိုအခါတွင်ကား ကျောင်းသို့ မသွား။ ည လသာသာ အိမ်ရှေ့ တလင်းတွင်ရှိ မီးဖိုနား၌ ပျော်ပါး ကြွေးကြော်ကြလေသည်။
ထမနဲ ထိုးသောသူများ၊ ဝေသောသူများ၊ စားသောသူများသည် အိုးစည်သံဖြင့် ကရတော့မလိုလို၊ ခုန်ရတော့မလိုလို၊ တရိုးရိုးတရွရွ ဖြစ်နေကြကုန်၏။
သီတင်းကျွတ်၊ တန်ဆောင်မုန်း လဆီတွင် လွှတ်ခဲ့သော မီးပုံးပျံကြီး မှိုင်းဝသော အခါ တရွရွ တလှုပ်လှုပ် ဖြစ်နေသည်နှင့် တူလေတော့သည်။ တပေါင်းလတွင် ခဏ အနားယူကြပြန်၏။
တန်ခူးလ သင်္ကြန်တွင်းသို့ ရောက်သောအခါ တစုတဝေးကြီး ထွက်လာကြပြန်၏။ ထိုအချိန်ကား နွေခေါင်ခေါင်တည်း။
ရေလည်း ပူ၏။ လေလည်း ပူ၏။ သစ်ပင်တို့သည်လည်း ကျိုးတိကျိုးတဲ နှင့် ခပ်မွဲမွဲပင် ရှိကြ၏။ ရွာလမ်းတို့သည် ဖုတ်တထောင်းထောင်းနှင့် ဖြစ်လေသည်။
အထက်ပူ အောက်ပူ၊ ရှေ့ပူ နောက်ပူ၊ ဝဲယာ နှစ်ဖက်လည်း ပူသော တန်ခူးလ အပူထဲတွင် အိုးစည် အသံ စီညံညံသည် ရွာရိုးတွင် မြည်ဟိန်းပြန်၏။
သင်္ကြန်ထမင်း ကြွေးသော အိမ်ရှေ့ဆီကလည်း မြည်၏။ လူမျောက်ပွဲ ဆီကလည်း မြည်၏။ ဘေးမဲ့ နွားကြီး အတွက် အလှူခံသည့် ဆီကလည်း မြည်၏။
ဤသို့ဖြင့် ညိုသော အသားရောင်သည် မြန်မာတို့၏ အမျိုးသားအရောင် ဖြစ်သကဲ့သို့ အိုးစည်သံသည်လည်း မြန်မာတို့၏ အမျိုးသား တူရိယာသံ ဖြစ်လေသည်။
အိုးစည်သံကို ကြားရ၍ စိတ်မတုန်လှုပ်သော မြန်မာကား ရှားလေမည်။ ဤ မြေမျက်နှာပေါ်တွင် အိုးစည်သံ မပျောက်သေးသမျှ မြန်မာအမျိုး တိမ်ကော ပျောက်ပျက်ရန် ခဲယဉ်းလေမည်။
“အိုးစည် အိုးစည် အိုးစည်သားဗျ။ လူရေ့ လူရေ့ လူရေခြားစ” ဟူသော ပျော်ရေး ရွှင်ရေး လမ်းကြောင်းကြီးသည် ဖြူးလျက်ပင် ရှိလေဦးတော့မည်တည်း။ ။
(စာပေပညာရှင် ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားသည့် ဤ ရသစာတမ်းကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး မင်းသုဝဏ်သည် ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက် အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)