ရေပွဲသဘင်၏ လက္ခဏာ စစ်စစ်ကား ခင်မင်သူ အပေါင်းအသင်း မိတ်ဆွေများကို ရေပက်ဖျန်း၍ ဖြူစင်သန့်ရှင်းသော ပျော်ရွှင်မှုကို ခံစားရန် ဖြစ်ပေသည်။
သူငယ်ချင်း အချင်းချင်း စကြ၊ နောက်ကြ၊ ကစားကြခြင်းသည်ကား ထိုရာသီ၏ လက္ခဏာ ဖြစ်ပေသည်။ ပျော်စရာ ကစားဖို့တွေချည်းနှင့်ပင် ပြည့်နေသည်ကားတော့ မဟုတ်ပါပေ။
တခြားသော ဝတ္တရားတွေကလည်း ရှိနေသေး၏။
ဥပမာ အားဖြင့် ခေါင်းလျှော်ရည် ပြင်ဆင်ခြင်း၊ လူကြီးများ၏ ဝေရာဝစ္စများ ဝိုင်းကူလုပ်ခြင်းတို့ ဖြစ်၏။
အိုးစည်သံ တညံညံ၊ စည်ဗြောသံ၊ ပုလွေသံ မစဲဘဲ ထိုအသံများက ရှိရှိသမျှသော အလုပ်တွေနှင့် အတူ လိုက်ပါနေလေသည်။
မြင့်မြတ်သော ကုသိုလ် အလုပ်များသည် ငြီးငွေ့ရန် အချိန်မရဘဲ ပျော်ရွှင် ချမ်းမြေ့မှု အသွင်ဖြင့် ရေပွဲသဘင်ကို ပို၍ အဓိပ္ပာယ် ရှိစွာ၊ ပို၍ ကြည်နူးစွာဖြင့် ကုန်လွန်ရပေသည်။
ဤကဲ့သို့သော ရေအတာသဘင်၏ သွင်ပြင် လက္ခဏာသည် ရန်ကုန် ကဲ့သို့သော မြို့များတွင်တော့ တွေ့မြင်ချင်မှ တွေ့မြင်ရပေမည်။ ထိုနေရာမှာ ကြမ်းတမ်းသော ရေကစားမှုများကိုသာ တွေ့ရလိမ့်မည်။
ရေကစား မြူးထူးနေသူများကို ကြည့်ရသည်မှာ ရေသဘင်ပွဲကို ပျော်ရွှင် ခံစားနေသည်ထက် ရှက်ဖွယ် ဖြစ်သော၊ မယဉ်ကျေးသော ဘက်သို့ ယိမ်းယိုင်နေသည်ကို တွေ့ကြရ၏။
တောရွာများတွင်တော့ ရေသဘင် သွင်ပြင်တွေကို တွေ့နိုင်ပေသည်။
မြို့ကြီးတွေမှာ ကြမ်းတမ်းသော ရေကစားမှုများ ရှိနေသော်လည်း ဘုန်းကြီးကျောင်းများနှင့် ဘုရား ပရိဝုဏ်တို့တွင် အသက်အရွယ် ကြီးငယ်မရွေး စည်ကားနေသည်ကို တွေ့ကြရသည်။
အများစုမှာ ကုသိုလ် ကောင်းမှုကို အလေးအနက် ထား၍ လုပ်ကြ၏။ လူငယ်များက တံမြက်စည်း လှည်းကြ၊ အဆောက် အအုံတွေ ဆေးကြောကြ၊ လူကြီးတွေက သံဃာ ရဟန်းများ အတွက် ဆွမ်းဟင်း ချက်ပြုတ်ရာတွင် ကူညီကြနှင့် ဖြစ်၏။
ဤကား ထိုသုံးရက်တာတွင် ဆင်နွှဲကြသော ပျော်ရွှင်မှု ကောက်ကြောင်းပင် ဖြစ်ပေသည်။
အလှူပွဲ ရာသီ
ထို ဧပြီ ရက်များတွင် တေးသီချင်းသံတို့ မိုးယံသို့ ညံကြကုန်၏။
ဘယ်နေရာကို သွားသွား မဏ္ဍပ်တွေကို တွေ့ကြရ၏။ မဏ္ဍပ်တွင်း၌ အဝါရောင် သင်္ကန်းများ၊ အနက်ရောင် သပိတ်များ၊ ထီး နှင့် ဖိနပ်များကို ပန်းများနှင့် အရောင်စုံ ပန်းစက္ကူများ ချည်နှောင်၍ ထားထားသည်ကို တွေ့ကြရ၏။ မဏ္ဍပ် ရှေ့တွင် ကြော်ငြာ သင်ပုန်း တချပ်ကို တွေ့ရပေမည်။
ထိုသင်ပုန်း ပေါ်၌ “ရှင်သာမဏေ ဆက်ခံသူများ အတွက် စုပေါင်း အလှူကို ရေအတာသဘင် အတွင်း ပြုလုပ်မည် ဖြစ်ပါ၍ အလှူငွေများကို လက်ခံလျက် ရှိနေပါကြောင်း” ဟု ကြော်ငြာထားသည်ကို တွေ့ကြရပေသည်။
ဤမဏ္ဍပ်များကား ရေသဘင် ပွဲတော်အတွင်း အဓိကကျသော နေရာများ အလိုက် လှုပ်ရှားမှု တခုပင် ဖြစ်ပေသည်။
အဓိကကျသော လမ်းအလိုက်၊ ရပ်ကွက် အလိုက် ထိုနေရာ ဌာနဆိုင်ရာ ဈေးဆိုင်ခန်း၊ စတိုးဆိုင်များမှ လူများ၊ ဘတ်စ်ကား မောင်းသမား၊ တက္ကစီ ဒရိုင်ဘာက အစ ဦးဆောင် ဦးရွက် ပြုကြခြင်း ဖြစ်၏။
ရှင်သာမဏေ ပြုခြင်းတည်း ဟူသော ကုသိုလ် ကောင်းမှု ပြုလုပ်ခြင်းသည် ထိုမဏ္ဍပ်တွေ၏ စုပေါင်း အလှူပင် ဖြစ်ပါတော့သည်။
မိသားစုတွင်းက အရေးပါသော ဘာသာရေးပွဲ
ရှင်သာမဏေ ပြုခြင်းသည် ဗုဒ္ဓဘာသာဝင် မိသားစု အတွင်း၌ အသက်တမျှ အရေးကြီးသော အလုပ် ဖြစ်၏။ ယောက်ျားလေးများကို ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ကြ၏။
တပတ်မှ တပတ်ကျော်ကြာ ဘုန်းကျောင်း၌ နေကြရ၏။
သူတို့၏ ဦးခေါင်းများကို ရိတ်၍ အဝါရောင် သင်္ကန်းကို ဝတ်ဆင်ကာ သပိတ်ကို လွယ်၍ ဥပုသ် စောင့်ကြရ၏။
မိဘများက သူတို့၏ သားများကို ရှင်သာမဏေ အဖြစ် သွတ်သွင်းရခြင်းကို အခွင့်ထူး ရဘိသကဲ့သို့ သဘောပိုက်ကြ၏။
ဗုဒ္ဓ မြတ်စွာ၏ တရားတော်နှင့် အညီ ဘုရား၏ သားတော်အဖြစ် မိမိတို့၏ သားများကို ပေးပို့လိုက်ရခြင်းသည် အလွန် ထူးမြတ်သော အခွင့်အရေးပင် ဖြစ်ပေသည်။
သားမရှိသူ မိဘများ အနေနှင့်လည်း တပါးသူ၏ သားများကို ရှင်သာမဏေ အဖြစ် လှူဒါန်း ပို့ဆောင်ပေးခြင်းဖြင့် ထူးကဲလှသည့် ကုသိုလ် ကောင်းမှုတွင် မပါရ မရှိရလေအောင် ကုသိုလ် ယူနိုင်ပေသည်။
ရှင်သာမဏေ အဖြစ် သွတ်သွင်း ခံရသူသည်လည်း ဗုဒ္ဓ၏ ဆုံးမသြဝါဒ အောက်တွင် နေထိုင်ခြင်းဖြင့် ထူးမြတ်သော ကုသိုလ်ကို ရပေသည်။
သူသည် ထို သုံးရက်တာ အချိန်တိုကလေးပင် ဖြစ်လင့်ကစား အပျော်အပါးကို စွန့်လွှတ်၍ နည်းစနစ် စည်းများနှင့် အညီ နေထိုင်ရပေသည်။
ရှင်သာမဏေ အဖြစ်သို့ မသွတ်သွင်းဖူးသည် ယောက်ျား ဖြစ်လျက် လူဖြစ်ရှုံးဘိသကဲ့သို့ ယူဆထားကြလေသည်။
မိမိ၏သားများကို ရှင်သာမဏေ အဖြစ် သွတ်သွင်းရန် မေ့လျော့ခဲ့သည် ရှိသော် ဤသည်ကား ကြီးမားသော နစ်နာမှုပင် ဖြစ်လေသည်။
မိမိတို့သားများကို ရှင်သာမဏေပြုသော် ကုသိုလ်ကောင်းမှု အတွက် ကူညီ ကုသိုလ်ယူသူများ ရှားပါးသည် ဟူသည် မရှိပေ။
နှစ်သစ်ကို ကြိုဆိုသည့် နည်းလမ်းများထဲတွင် “ရှင်သာမဏေ ပြုချင်သူတို့ အတွက် အလှူပွဲ မင်္ဂလာ” ကလည်း တခု အပါအဝင် ဖြစ်၏။
အလှူရှင်များက ငွေကြေးအရ လည်းကောင်း၊ လှူဖွယ် ပစ္စည်းအရ လည်းကောင်း ပါဝင် ထည့်ဝင်ကြပြီး ရှင်သာမဏေ လောင်းလျာတို့၏ အလိုကို ဖြည့်ဆည်းပေးကြလေသည်။
ဤသို့ဖြင့် စေတနာရှင်များ၊ ကြီးကြပ်သူများ၏ “ရှင်သာမဏေ ပြုချင်သူတို့ အတွက် အလှူပွဲ” သည် ဗုဒ္ဓဘာသာဝင် ယောက်ျားလေးများ အတွက် အကြောင်းအမျိုးမျိုးကြောင့် မပြုနိုင်သူများကို မပြုရ မရှိရလေအောင် ဖြစ်စေသော ကောင်းမှု ကုသိုလ်ပင် ဖြစ်ပေသည်။
ရှင်သာမဏေ ပြုပွဲကို ခပ်ရိုးရိုး ကျင်းပကြသလို၊ ရိုးရာ တေးသီချင်း တီးမှုတ်ပွဲများ၊ စီတန်း လှည့်လည်မှုများ နှင့် ကြီးကြီး ကျယ်ကျယ် ကျင်းပတတ်ကြလေသည်။
ဤပွဲသည်ကား သင်္ကြန် ရေသဘင်ပွဲတော် မြင်ကွင်း၏ တစိတ်တပိုင်း ဖြစ်၍ ကြည်နူးစရာ ကောင်းလှသော ဘာသာရေး တရား ထုံးတမ်းစဉ်လာ တခု ဖြစ်ပါတော့သည်။ ။
(စာရေးဆရာမကြီး ခင်မျိုးချစ် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၂၀၀၄ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ဂျူနီယာဝင်း မြန်မာပြန် “ဆယ့်နှစ်လ ရာသီ ပန်းများနှင့် ပွဲတော်များ” စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီး ခင်မျိုးချစ် အင်္ဂလိပ် ဘာသာဖြင့် ရေးသားသည့် Flower and Festivals round the Myanmar Year စာအုပ်ကို မြေးဖြစ်သူ စာရေးဆရာမ ဂျူနီယာဝင်းက မြန်မာ ဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)