ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် (၁) တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ နိုင်ငံသားကောင်းများ စစ်မှုထမ်းခြင်းကို ကြိုဆိုသည်ဟု ရေးထားသည့် စာတန်းအောက်တွင် လူငယ်များ တန်းစီနေသည့် ပုံစံကို ပြန်လည် ပြောကြားရင်း ခံစားချက်ကြောင့် ဒေါ်ခင်မြင့် တုန်ခါနေသည်။
အတင်းအကျပ် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် တန်းစီနေသူများတွင် သူ၏ သားလည်း ပါဝင်သည်။ ထိုတပ်သားသစ်များကို သန်းနှင့်ချီသော အမျိုးသား၊ အမျိုးသမီးများ အကျုံးဝင်သည့် ဥပဒေသစ်အရ အတင်းအကျပ် စစ်သားစုဆောင်းခြင်း ဖြစ်သည်။
နိုင်ငံတဝန်းမှ မိဘများကို ခြောက်လှန့်နေသည့် ထိုအတင်းအကျပ် စစ်သားစုဆောင်းရေး အိပ်မက်ဆိုးသည် ဒေါ်ခင်မြင့်ကိုလည်း ခြောက်လှန့်နေပြီး သူ၏သားကို အတင်းအကျပ် စစ်သား စုဆောင်းသွားပြီးနောက် အခြားမိခင်များကဲ့သို့ပင် နေ့စဉ် ငိုကြွေးနေရသည်။
“ကျမသားကို အတင်းအကျပ် စစ်သာစုဆောင်းတာကို မြင်နေရတာထက် ကိုယ့်ကိုယ်ကိုသာ သတ်သေလိုက်ချင်တယ်” ဟု ဒေါ်ခင်မြင့်က ပြောကြားစဉ် သူ၏အသံသည် စိတ်ခံစားမှုဖြင့် တုန်ခါနေသည်။
မိဘကို ထောက်ပံ့ရန် အလုပ်လုပ်နေသော သူ၏ ၂၇ နှစ်အရွယ် သားသည် အတင်းအကျပ် စစ်မှုထမ်းရမည့် စာရင်းတွင်ပါဝင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကြောင်းကြားသည့်နေ့သည် သူ့ဘဝတွင် ဝမ်းအနည်းဆုံးနေ့ဖြစ်ကြောင်း ပြောသည်။
“ဒါကို ကျမ သဘောမတူဘူး။ ကျမတို့ ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကျပ် လုပ်တာဖြစ်တယ်” ဟု ပြောသည်။
“စစ်တပ်ထဲကို ဝင်ရင် သူသေသွားနိုင်တယ်” ဟုလည်း ဒေါ်ခင်မြင့်က ပြောသည်။
သွေးစစ်ပြီးလျှင် ပြန်ပို့ပေးမည်ဟုပြောကာ စစ်အရာရှိများက သူ၏သားကို ဆေးစစ်ရန်အတွက် မတ်လ ၂၇ ရက်နေ့တွင် ခေါ်ဆောင်သွားသည်။ သို့သော် ပြန်လည် ပို့ဆောင်ပေးခြင်း မရှိဘဲ အခြားသူများကဲ့သို့ပင် သူ့ကို အမှတ် (၁) တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့တိုက်ရိုက် ပို့ဆောင်လိုက်သည်။
သွေးစစ်ပြီးလျှင် ပြန်ပို့ပေးမည်ဟုပြောကာ စစ်အရာရှိများက သူ၏သားကို ဆေးစစ်ရန်အတွက် မတ်လ ၂၇ ရက်နေ့တွင် ခေါ်ဆောင်သွားသည်။ သို့သော် ပြန်လည် ပို့ဆောင်ပေးခြင်း မရှိဘဲ အခြားသူများကဲ့သို့ပင် သူ့ကို အမှတ် (၁) တန်းမြင့်လေ့ကျင့်ရေးကျောင်းသို့တိုက်ရိုက် ပို့ဆောင်လိုက်သည်။
ဧပြီလ ပထမပတ်တွင် စီစဉ်ထားသည့် စစ်သင်တန်း ပထမအသုတ်တွင် သူ့သားပါဝင်နေကြောင်း သိလိုက်ရသောအခါ နွေရာသီ အပူဒဏ်သည် သူ၏ရင်တွင်းမှ ပူလောင်နာကျင်မှုကို မယှဉ်နိုင်တော့ပေ။
“ကျမ စိတ်ပူတယ်။ စားလို့ အိပ်လို့တောင် မရတော့ဘူး” ဟု ဒေါ်ခင်မြင့်က ငိုကြွေးလျက် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ချေမှုန်းခံနေရသော စစ်ကောင်စီတပ်
အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော် ကြာလာသောအခါ စစ်တပ်သည် တနိုင်ငံလုံးမှ တော်လှန်ရေးတပ်များ၏ အဓိက ချေမှုန်းခံရမှု အများအပြားတွင် ထိခိုက်သေဆုံးမှု အကြီးအကျယ် ရင်ဆိုင်လာရသည်။ တပ်အင်အား ပြန်လည် ဖြည့်တင်းရန်အတွက် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်မှုမထမ်းမနေရဥပဒေကို ကျင့်သုံးလိုက်သည်။
ထိုဥပဒေကို စစ်အာဏာရှင်ဟောင်း သန်းရွှေက ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော်လည်း စစ်အစိုးရနှင့် အရပ်သားအစိုးရ အဆက်ဆက်သည် ထိုဥပဒေကို ကျင့်သုံးခြင်း မရှိခဲ့ပေ။
တသုတ်လျှင် လူ ၅,၀၀၀ နှုန်းဖြင့် စစ်သားသစ် ၅၀,၀၀၀ ကို နှစ်စဉ်စုဆောင်းပြီး ဧပြီလတွင် စစ်သင်တန်း စတင်မည်ဖြစ်ကြောင်း လက်ရှိ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကြေညာသည်။ ထိုစီမံကိန်း အကောင်အထည်ဖော်ရန် အရပ်သားများကို မတ်လတွင် စစ်သားစုဆောင်းသည်။
ပထမအသုတ် တပ်သားသစ်များတွင် အသက် ၂၄ နှစ်မှ ၃၀ အထိရှိသူ အများစု ပါဝင်ကြောင်း ဧရာဝတီ သတင်းဌာက သိရသည်။
ဒေါ်ဝိုင်းမြသန်းသည် သူ့သား၏အမည် စစ်သားသစ်စုဆောင်းခံရမည့် စာရင်းတွင် ပါဝင်လာပြီးနောက် သွေးရူးသွေးတန်း ပူပန်နေရသည့် နောက်ထပ် မိခင်တဦးဖြစ်သည်။ သူ၏ အသက် ၂၄ နှစ်အရွယ် သားဖြစ်သူ စစ်သင်တန်းတက်ရန် ပျက်ကွက်ပါက သူနှင့် သူ့ခင်ပွန်းကို ဖမ်းဆီးမည်ဟု စစ်ကောင်စီအရာရှိများက ခြိမ်းခြောက်သည်ဟု ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့တွင် နေထိုင်သူတဦးဖြစ်သော ဒေါ်ဝိုင်းမြသန်းက ပြောသည်။
သူ၏သားသည် ကျောင်းသားတဦးသာဖြစ်ပြီး သူ့ကို ရှေ့တန်းစစ်မျက်နှာသို့ ပို့မည့်အတွေးကို သူ ကြောက်နေသည်။
“သူစစ်တပ်ထဲဝင်ရရင် ရှေ့တန်းကို သွားရမယ်။ ဒါဟာ သူ့ကိုသေခိုင်းတာနဲ့ အတူတူပဲ” ဟု ဒေါ်ဝိုင်းမြသန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“သူ စစ်တပ်ထဲဝင်ရရင် ရှေ့တန်းကို သွားရမယ်။ ဒါဟာ သူ့ကို သေခိုင်းတာနဲ့ အတူတူပဲ” ဟု ဒေါ်ဝိုင်းမြသန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ငရဲကျနေသလိုမျိုးပဲ” ဟု ဒေါ်ဝိုင်းမြသန်းက ပြောသည်။
ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားသည့် ပြည်နယ်မြောက်ပိုင်းနှင့် မတူဘဲ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်များက သွားလာမှု ကန့်သတ်ထားသောကြောင့် ပြေးစရာနေရာ မရှိပေ။
“စစ်တပ်ထဲ မဝင်ရအောင် တခြားသူတွေ လာဘ်ထိုးသလို လာဘ်ထိုးရမယ်ဆိုရင်တောင် ကျမတို့က မတတ်နိုင်ဘူး” ဟုလည်း ၎င်းကပြောသည်။
စစ်ကောင်စီအရာရှိများသည် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွနှင့် စစ်တွေမြို့နယ်များတွင် စတင် စစ်သားစုဆောင်းနေပြီ ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ အခြားမြို့ကြီးများမှ လူငယ်များကိုလည်း စစ်သင်တန်းကျောင်းများနှင့် တပ်ဖွဲ့များသို့ ဆင့်ခေါ်သည်။ နေရာအများအပြားတွင် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများသည် စစ်သားသစ်စာရင်းများကို ကြုံသလို သို့မဟုတ် မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်ပြီး စစ်တပ်ထဲသို့ မဝင်ရောက်လိုသူထံမှ ငွေညှစ်ရန် အခွင့်အလမ်းများ ဖန်တီးသည်။
စစ်သားသစ်များ လေ့ကျင့်ပေးခြင်းကို နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီနှင့် မကွေးတိုင်းများ၊ ရှမ်းနှင့်မွန် ပြည်နယ်များ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုန်းမြို့နယ်နှင့် တိုင်းစစ်ဌာနချုပ် လေ့ကျင့်ရေး ကျောင်းများတွင် ပြုလုပ်နေသည်ဟု စစ်ကောင်စီ လူမှုကွန်ရက်များအရ သိရသည်။
ဒေါ်ကြည်ပြာသည်လည်း အိပ်မပျော်သော ညများကို ရင်ဆိုင်နေရသည့် မိခင်တဦးဖြစ်သည်။ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို စတင်ကျင့်သုံးပြီးနောက် ရက်အနည်းငယ်တွင် သူ၏ တဦးတည်းသောသမီး အသက် ၁၈ နှစ်ပြည့်သည်။
ထိုဥပဒေအရ အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်သော်လည်း ပထမဆုံးအသုတ်များတွင် အမျိုးသမီးများကို ခေါ်ယူမည် မဟုတ်သေးကြောင်း စစ်ကောင်စီက ပြောသည်။ သို့သော် ထိုသို့ပြောခြင်းကြောင့် အသက် ၅၀ ကျော်အရွယ် ရန်ကုန်ဒေသခံ ဒေါ်ကြည်ပြာအနေဖြင့် သမီးဖြစ်သူ၏ အနာဂတ်ကို စဉ်းစားတိုင်း ငိုကြွေးရသည်သာ ဖြစ်သည်။
“တိုက်ပွဲမှာ သေပေးမယ့်လူလိုလို့ စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းနေတယ်လို့ ကျမ ခံစားရတယ်” ဟု ဒေါ်ကြည်ပြာက ပြောသည်။
မိဘများသည် ၎င်းတို့၏ သားသမီးရတနာများကို အကြမ်းဖက်စစ်တပ်အတွက် မစတေးလိုကြောင်း ၎င်းကပြောသည်။
“စစ်တပ်က ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး သူတို့ကိုယ်ကျိုးအတွက် စစ်သားစုဆောင်းရေး ဥပဒေကို ကျင့်သုံးတယ်” ဟု ဒေါ်ကြည်ပြာက ပြောသည်။
“စစ်ကောင်စီအဖွဲ့ဝင် သားသမီးတွေကို အတင်းအကျပ် စစ်မှုထမ်းစာရင်းကနေ ဖယ်ထားတယ်” ဟု ဒေါ်ကြည်ပြာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သူ့သမီးကို အတင်းအကျပ် စစ်သားစုဆောင်းပါက လွတ်မြောက်ဒေသသို့ စေလွှတ်မည်ဖြစ်ကြောင်း၊ သမီးဖြစ်သူအစား ဖခင်ဖြစ်သူကို အတင်းအကျပ် စစ်သားစုဆောင်းခံရန် ဆုံးဖြတ်ထားကြောင်းလည်း ပြောသည်။
“သားသမီးတွေကို မိဘတွေက ပြုစုစောင့်ရှောက်လာတာ စစ်တပ်အတွက် မဟုတ်ဘူး” ဟု ဒေါ်ကြည်ပြာက ပြောသည်။
ထွက်ပြေးပြီး တော်လှန်ရေး အင်အားစုနှင့် ပူးပေါင်း
စစ်တပ်က အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းလာသောအခါ လူငယ် အများအပြားသည် လွတ်မြောက်ဒေသများတွင် ခိုလှုံရန် ကြိုးစားကြသည်ဟု အမေ့ရင်ခွင် ဖောင်ဒေးရှင်းက ပြောသည်။
အမေ့ရင်ခွင် ဖောင်ဒေးရှင်းနှင့် နယူးမြန်မာဖောင်ဒေးရှင်း နှစ်ခုလုံးသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်ရှားလိုသူများအား ကူညီနေသည်။
စစ်မှုမထမ်းမနေရ ဥပဒေကို စတင်ကျင့်သုံးပြီးနောက် လူ ၆၀၀ ကျော်ကို ကူညီပြီးဖြစ်ကြောင်းနှင့် ၄၀၀ ကျော်သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူကာကွယ်ရေးတပ် (PDF) သို့ ဝင်ရောက်ခဲ့ကြောင်း အမေ့ရင်ခွင် ဖောင်ဒေးရှင်းက ပြောသည်။
စစ်မှုမထမ်းမနေရ ဥပဒေကို စတင်ကျင့်သုံးပြီးနောက် လူ ၆၀၀ ကျော်ကို ကူညီပြီးဖြစ်ကြောင်းနှင့် ၄၀၀ ကျော်သည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူကာကွယ်ရေးတပ် (PDF) သို့ ဝင်ရောက်ခဲ့ကြောင်း အမေ့ရင်ခွင် ဖောင်ဒေးရှင်းက ပြောသည်။
“အများအပြားက ပြည်ပကို ဒုက္ခသည်အဖြစ် ထွက်မပြေးဘဲ PDF ထဲကို ဝင်ရောက်ကြတယ်” ဟု အမေ့ရင်ခွင် ဖောင်ဒေးရှင်း တည်ထောင်သူ ဦးသန်းမြိုင်အောင်က ပြောသည်။
ယခုအခါ ဖောင်ဒေးရှင်းသို့ နေ့စဉ် ဆက်သွယ်ပြီး အတင်းအကျပ် စစ်သားစုဆောင်းခြင်းအား မည်သို့ ရှောင်ရှားရမည်ကို မေးမြန်းသူအရေအတွက် ၈၀ မှ ၁၀၀ အထိရှိသည်။ စစ်တပ်သည် စစ်မှုထမ်းရန် ပျက်ကွက်သော သားများနေရာတွင် ဖခင်များကို အစားထိုး ခေါ်ယူသည်ကို သိသောကြောင့် အချို့သည် မိသားစုလိုက် ပြေးလာကြောင်း ဦးသန်းမြိုင်အောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
စစ်တပ်သည် ရှေ့တန်း စစ်မျက်နှာတွင် အကြီးအကျယ် အထိနာနေခြင်းကို ပြန်လည်ဖြည့်တင်းရန် အရပ်သားများကို ဆက်လက် စစ်သားစုဆောင်မည်ဖြစ်သောကြောင့် ရှောင်ရှားလိုသူများအနေဖြင့် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။
“စောစောစီးစီး ဆုံးဖြတ်မှရမယ်။ နောက်ကျရင် ထွက်ရခက်လိမ့်မယ်” ဟု ဦးသန်းမြိုင်အောင် ပြောသည်။
လွတ်မြောက်ဒေသသို့ ထွက်မပြေးနိုင်သည့် စစ်မှုထမ်းအရွယ်များအတွက် လမ်းကြောင်းတခု ဖွင့်ထားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရကို စစ်တပ်မှ ဘက်ပြောင်းလာသူတဦးက တိုက်တွန်းသည်။
“ပြည်သူတွေ စစ်သင်တန်းမတက်ခင် ကုတ်နံပါတ်တခု ပေးထားလို့ရတယ်။ အခွင့်အရေးရတာနဲ့ ကျနော်တို့ကို ဆက်သွယ်ပြီး ကျနော်တို့ အကူအညီပေးနိုင်အောင် ကုတ်နံပါတ်နဲ့ အတည်ပြုလို့ရတယ်” ဟု ၂၀၂၁ ခုနှစ်၊ ဇွန်လက ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဗိုလ်ကြီး ထက်မြတ်က ပြောသည်။
တချိန်တည်းတွင် ပထမသုတ် အတင်းအကျပ် စုဆောင်းထားသည့် တပ်သားသစ်များကို လေ့ကျင့်မှု စတင်နေပြီဖြစ်သည်။
စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင် စစ်သင်တန်းကျောင်းမှ ဓာတ်ပုံများကို နေ့စဉ်တင်နေကြသည်။ စစ်ကောင်စီသည် တနိုင်ငံလုံးတွင် စစ်သင်တန်းစတင်သည့် အခမ်းအနားများကို ဧပြီလ ၈ ရက်နေ့တွင် ကျင်းပသည်။
ရန်ကုန်မှ ဒေါ်ခင်မြင့် ကဲ့သို့သော မိခင်များသည် နေ့စဉ် ပူဆွေးသောကရောက်နေစဉ် စစ်ကောင်စီ လိုလားသော ချန်နယ်များက တပ်သားသစ် သင်တန်းသားများသည် နိုင်ငံအတွက် ထမ်းဆောင်ရန် စိတ်အားထက်သန် ပျော်ရွှင်နေကြောင်း ဝါဒဖြန့်သည်။
တွေ့ဆုံမေးမြန်းသည့် တချိန်လုံး ငိုကြွေးနေသည့် ဒေါ်ခင်မြင့်ကို ဘဝတွင် မည်သည်ကို အလိုချင်ဆုံး ဖြစ်သနည်းဟု ဧရာဝတီ သတင်းဌာနက မေးမြန်းခဲ့သည်။
“ကျမသားကို အိမ်ပြန်ခေါ်ချင်တယ်” ဟု မျက်ရည်စက်လက်ဖြင့် တုံ့ပြန်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ယုဇန၏ Myanmar’s Mothers Describe Agony as Embattled Junta Snatches Sons for Military Service ကို ဘာသာပြန်သည်။)
You may also like these stories:
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ
ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ
မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း