သမီးဦးကလေး ရရှိပြီးနောက် မကြာခင် တခုသော နံနက်ခင်း၌ ကျနော်တို့ မိသားစုသည် အိမ်ရှေ့ရှိ ပန်းအိုးကလေးများ ဘေးတွင် လေပြည် မွှေးမွှေးကိုလည်း ရှူရင်း၊ နေခြည်နွေးနွေးကိုလည်း လှုံရင်း စကားလက်ဆုံ ကျနေကြပါသည်။
ထိုအခိုက် ကျနော်က စွပ်ခနဲ ပြောလိုက်မိပါသည်။
“သမီးကလေးကိုတော့ ပုံသွင်းရမယ်ဟေ့”
ကျနော်၏ ဇနီးနှင့် ညီမလေးတို့က ပြုံးတော်မူကြသည်။ သူတို့ပြုံးချင်ပြုံး မပြုံးချင်နေ ကျနော်ကတော့ ဆက်ပြောသည်။
“ကိုယ့်အိပ်ရာဘေးမှာ စာအုပ်တွေ တတန်းကြီး တွေ့တယ် မဟုတ်လား၊ ကိုယ့်ခေါင်းအုံးဘေးမှာ စာအုပ်တွေ တပုံကြီး မြင်တယ် မဟုတ်လား။ အေး သမီးကလေးကိုလည်း စာအုပ်တွေနဲ့ ဝိုင်းထားမယ်။ သမီးကလေး ကစားတတ်တဲ့ အရွယ်ကျရင် သူသဘောရှိ ဆုတ်ဖို့ စာအုပ်တွေပဲ ပေးထားမယ်”
စိတ်ထဲရှိသည့် အတိုင်း ကျနော် ပြောမိသည်ကို မယ်မင်းကြီးမများက ဘယ်လို သဘောထားသလဲ မသိ။ ပြုံးစိစိ လုပ်နေကြပါသည်။ တအောင့်နေမှ ညီမလေးက ဝေဖန်ချက် ပေးသည်။
“ကိုကိုကြီးက ဦးပုံစံကြီး လုပ်မလို့ပေါ့လေ”
သူတို့က ထိုသို့ ဝေဖန်ကြသော အခါကျမှပင် ကျနော်အား အဘိဓမ္မာ သင်ပေးဖူးသည့် ထင်ရှူးပင်ကလေးများကို ကျနော် ပြန်သတိရလာပါသည်။
တခါက ကျနော့်တွင် နံနက်စောစော ထ၍ လမ်းလျှောက်သည့် အလေ့ ရှိခဲ့ဖူးပါသည်။ ကျနော် လျှောက်သည့် လမ်းမှာ တိတ်ဆိတ်၏။ အေးချမ်း၏။
လမ်းတလျှောက်လုံးတွင် ဘယ်ဘက် ကြည့်လိုက်လျှင်လည်း ဝင်းနှင့်ခြံနှင့် ပန်းမန်နှင့် တိုက်များ၊ ညာဘက် ကြည့်လိုက်လျှင်လည်း ဝင်းနှင့် ခြံနှင့် ပန်းမန်နှင့် တိုက်များ။
ကျနော်သည် ဤလမ်းတွင် စ၍ လမ်းလျှောက်သည့် နေ့ကတည်းကပင် အချို့ ခြံဝင်းများမှာ အလှစိုက်ထားသော ထင်းရှူး ပင်ငယ်များကို သတိပြုမိခဲ့ပါသည်။
အချို့မှာ ဘောလုံးပုံ၊ အချို့မှာ စေတီပုံ၊ အချို့ကား ပုပု၊ အချို့ကား ရှည်ရှည် စသည့်ဖြင့် ပုံသဏ္ဌာန်ပုံ အမျိုးမျိုး ရှိကြပါသည်။
ဥယျာဉ်မှူးတို့သည် သူတို့ စိတ်ထဲမှ လှသည်ထင်သည့် ပုံကိုဖော်၍ ထင်းရှူး ပင်ငယ်များ၏ အခက်အကိုင်းကလေးများကို ဖြတ်ထားကြခြင်း ဖြစ်ပါသည်။
သူတို့ အလှစိုက်ထားသော ထင်းရှူး ပင်ကလေးများသည် ကျနော့်အား နှစ်သက်မှု ပေးကြောင်း ကျနော် ဝန်ခံပါသည်။
သို့ရာတွင် ခြံဝင်းတခုမှ ဥယျာဉ်မှူး မြင်သော အလှနှင့် အခြား ခြံဝင်းတခုမှ ဥယျာဉ်မှူး မြင်သော အလှသည် ခြားနားသည်ဟု ကျနော် ထင်၏။ အလှကို မြင်ပုံခြင်း ခြားနားသည်ဟု ကျနော် ထင်၏။
ကျနော်သည် လမ်းလျှောက်ရင်း အလှမြတ်နိုးသူ ဥယျာဉ်မှူးများနှင့် စိတ်ထဲက စကား ပြောသွားမိပါသည်။
“မင်းတို့က ကိုယ်ဖန်တီးထားတဲ့ ပုံသဏ္ဌာန်ကိုသာ လှတယ်၊ တခြားလူ ဖန်တီးထားတဲ့ ပုံသဏ္ဌာန် မလှဘူးလို့ တယူသန် မဖြစ်ချင်ကြနဲ့။ မင်းတို့ ဖန်တီးထားတဲ့ ပုံသဏ္ဌာန်တွေ အတိုင်း ထင်းရှူးပင်ကလေးတွေဟာ တမျိုးစီ လှနေခြင်းသာ ဖြစ်တယ်”
ကျနော်သည် ထိုလမ်းတွင် နေ့စဉ် လမ်းလျှောက်ပါသည်။ တနေ့သ၌ ကျနော်သည် ထိုထင်းရှူးပင်ငယ်များကို ကြည့်၍ တအံ့တသြ ဖြစ်မိပါ၏။
သူတို့၏ အကိုင်း အခက်ကလေးများသည် ဥယျာဉ်မှူးတို့ ဖြတ်ထားသည့် အတိုင်း မနေတော့ဘဲ ရှည်ထွက်လာကြသည့် အလျောက် လှသည်ဟူ၍ ဥယျာဉ်မှူးတို့ ဖန်တီးထားသည့် ပုံသဏ္ဌာန်များသည် ပီသခြင်း မရှိတော့ပါ။
ရှည်ထွက်လာကြသော အခက်အကိုင်းများကို ကြည့်ရသည်မှာ မာန်ကလေး ကိုယ်စီနှင့် ထင်ရပါသည်။
“အို ဥယျာဉ်မှူး သင်လှသည် ထင်သည့် ပုံသဏ္ဌာန် ဖြစ်အောင် ငါတို့ကို အဘယ်ကြောင့် ဖြတ်တောက် ဘိသနည်း။ သင် လှသည် ထင်သည့် ပုံသဏ္ဌာန် အတိုင်း ငါတို့ မနေချင်။ ငါတို့သည် ငါတို့၏ သဘာဝ အတိုင်းသာလျှင် လွတ်လွတ်လပ်လပ် လှနေချင်ကြပေသည်။ ငါတို့ သဘာဝသာလျှင် အလှဖြစ်သည်”ဟု အခက်အကိုင်းများက ဆိုနေသံကို ကျနော် ကြားနေ သကဲ့သို့ စိတ်မှာ ဖြစ်ပါသည်။
ကျနော်သည် အဘိဓမ္မာကိုလည်း သင်ယူလိုက်ရပြီ။ ကဗျာကိုလည်း မြင်လိုက်ရပြီ။
ဥယျာဉ်မှူးသည် သူတို့ လှသည်ထင်သည့် ပုံသဏ္ဌာန် ဖြစ်အောင် ထင်ရှူးပင်ငယ်များကို ပြန်၍ ဖြတ်ကြရပေဦးမည်။ အခက်အကိုင်း ကလေးများကလည်း ပြန်၍ ရှည်ထွက်ကြရပေဦးမည်။ ဖြတ်လိုက်၊ ရှည်ထွက်လိုက်၊ ရှည်ထွက်လိုက်၊ ဖြတ်လိုက်။
ကျနော်သည် သမီးလေးကို ချစ်လှသည် ဖြစ်၍ “ပုံသွင်းရမယ်ဟေ့” ဟု ပြောမိခဲ့ပါသည်။
ကျနော်သည် စာပေ၌ မွေ့လျော်ပါသည်။ စာပေလောက် နှလုံးမွေ့လျော်ဖွယ်ရာ ကောင်းသောနေရာကို ကျနော် မတွေ့ပါ။ ကျနော်သည် စာပေ ရေးသားနိုင်ရန် အားထုတ်ပါသည်။ စာပေ ရေးသားခြင်းလောက် မြင့်မြတ်သော အလုပ်ကို ကျနော် မသိပါ။
ချစ်လှစွာသော သမီးကလေးကိုလည်း ကိုယ်နှင့် ထပ်တူ ဖြစ်စေချင်မိပါသည်။ ထို့ကြောင့်-
“သမီးကလေးကို စာအုပ်တွေနဲ့ ဝိုင်းထားမယ်” ဟု ပြောမိခြင်း ဖြစ်ပါသည်။
ဤသို့ ပြောမိရာတွင် ပါသော စေတနာသည် မိဘတိုင်း၌ ရှိအပ်သည့် စေတနာပင် ဖြစ်ကြောင်း ယုံမှားဖွယ် မရှိပါ။ ထို့ပြင် ထိုစေတနာကို ဘယ်အခါမှ မလျော့သင့်ကြောင်း ယုံမှားဖွယ် မရှိပါ။
သို့သော် ကျနော်က စာအုပ်များနှင့် ဝိုင်းထားလျှင် စာအုပ်များ အလယ်တွင် နေရမည့်သူ ဖြစ်သည့် သမီးကလေးသည် ကြီးပြင်းလာသော အခါ စာပေ၌ မွေ့လျော်သူကလေး ဖြစ်လာပါမည်လော။ ကျနော် အတပ် မပြောနိုင်ပါ။
ထင်ရှူးပင်ကလေးတို့၏ အခက်အကိုင်း ကလေးများပင် ရှည်ထွက်တတ်ကြပါ၏။ ။
(စာရေးဆရာကြီး မောင်ဖေသန်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ် လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မောင်ဖေသန်း ကလောင်အမည်သည် ဘီဘီစီ သတင်းဌာန မြန်မာပိုင်းမှ အစီအစဉ် တင်ဆက်သူ တဦးဖြစ်သည့် ဦးလေးကြီး ဦးဖေသန်း ဖြစ်ကြောင်း သိရပါသည်။ ဦးလေးကြီး ဦးဖေသန်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် အသက် ၈၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)