အာဏာသိမ်းစစ်ကောင်စီထံမှ တော်လှန်ရေးအင်အားစုများက လွန်ခဲ့သော သီတင်းပတ်တွင် သိမ်းယူလိုက်သည့် အရေးပါသော ကုန်သွယ်ရေးစခန်းမြို့ မြဝတီသည် စစ်မြေပြင် ရှုံးနိမ့်မှုများကြောင့် ဒယိမ်းဒယိုင်ဖြစ်နေသော စစ်တပ်နှင့် မြန်မာတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကို တစေ့တစောင်း ပြသနေသည်။
မြဝတီမြို့၏ တိုက်ပွဲအပြင်းထန်ဆုံး မြို့စွန်တွင် ကျည်ဆန်ရာများ ပြည့်နေသည့် အဆောက်အအုံများ၊ ပေါက်ကွဲပျက်စီးသွားသည့် ဓာတ်ဆီဆိုင်များ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျသွားသည့် အဆောက်အအုံများနှင့်အတူ စွန့်ပစ်ထားသည့်နေအိမ်များ ရှိနေကြောင်း Reuters သတင်းထောက်များ ထိုမြို့သို့ ယခုအပတ်အတွင်း သွားရောက်သောအခါ တွေ့ခဲ့ရသည်။
စစ်ကောင်စီတပ်များသည် မြေပြင်ကို ထိန်းချုပ်ထားရန် စိတ်အားထက်သန်ခြင်း မရှိတော့လောက်အောင် စိတ်ဓာတ်ပျက်ပြားနေကြောင်း မြဝတီတွင် စစ်ကောင်စီကို တိုက်ခိုက်နေသော တော်လှန်ရေး အင်အားစုများက ပြောသည်။
“အခြေစိုက်စခန်း သုံးခုကို ကျနော်တို့ သိမ်းပိုက်ပြီး ဒေသတခုလုံးကို အချိန်တိုအတွင်း ထိန်းချုပ်လိုက်တယ်” ဟု မြဝတီတိုက်ပွဲတွင် ပါဝင်သော တော်လှန်ရေးအင်အားစုမှ တပ်မှူးတဦးဖြစ်သူ ဗိုလ်စောကော်က ပြောသည်။ “နောက်တော့ သူတို့ ထွက်ပြေးကြတာပဲ” ဟု ဆက်ပြောသည်။
မကြာသေးမီကအထိ စစ်ကောင်စီကို သစ္စာခံခဲ့သည့် ကရင်နယ်ခြားစောင့် စစ်သားများသည် မြို့၏လမ်းများတွင် လှည့်ပတ်သွားလာနေသည်။ ထိုမြို့သည် ပုံမှန်အားဖြင့် အနီးရှိ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး စီးဆင်းသည့်မြို့ ဖြစ်သည်။ ထိုစစ်သားများသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့်တပ်များက ထိုမြို့ကို ဧပြီလအစောပိုင်းတွင် ပိတ်ဆို့ထားစဉ်က ဘေးထွက်ရပ်ကြည့်နေသော စစ်သားများဖြစ်သည်။
Reuters သတင်းဌာနသည် KNU ထိန်းချုပ်ဒေသသို့ ဧပြီလ ၁၅ ရက်နေ့တွင် သွားရောက်ခွင့် ရှားရှားပါးပါးရပြီး ယခု သတင်းဆောင်းပါးအတွက် တော်လှန်ရေးအရာရှိ ခုနှစ်ဦး၊ ပဋိပက္ခ အသေးစိတ်ကိုသိသည့် ထိုင်းအရာရှိ သုံးဦးနှင့် လုံခြုံရေး ဆန်းစစ်လေ့လာသူ လေးဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။
ကာလကြာမြင့်စွာ အားပြိုင်မှုရှိသည့် လက်နက်ကိုင်အုပ်စုများသည် အဓိကကျသည့် အများပြည်သူနှင့် ဆိုင်သော နေရာများကို ထိန်းချုပ်ရန် ကြိုးစားရင်း ၎င်းတို့ ဖြုတ်ချလိုသည့် စစ်ကောင်စီတပ်များကို အသာစီးရရန် လုပ်ဆောင်နေရာတွင် ယင်းတို့အကြား သိမ်မွေ့သော သံတမန်ရေးကို ဖော်ပြခဲ့ကြသည်။
တရုတ်နယ်စပ်အနီး မူဆယ်ကို တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက ၂၀၂၃ ခုနှစ်တွင် ထိန်းချုပ်လိုက်ပြီးနောက် မြဝတီ ကျဆုံးခြင်းဆိုသည်မှာ အရေးအကြီးဆုံး ကုန်းတွင်း နယ်စပ်ဖြတ်ကျော်ရေးစခန်း နှစ်ခု တော်လှန်ရေးအင်အားစုများလက်သို့ ကျရောက်သွားခြင်းပင် ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ အောင်မြင်မှုများကြောင့် ကုလသမဂ္ဂစာရင်းများအရ ၂၀၁၇ ခုနှစ် နောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆတိုးပြီး စိုက်ဆင်းနေသော စီးပွားရေးဖြင့် ငွေပြတ်နေသော စစ်ကောင်စီသည် နိုင်ငံ၏ ကုန်းတွင်းနယ်စပ်များ အားလုံးနီးပါးကို ဆုံးရှုံးသွားခြင်းဖြစ်သည်။
တရုတ်နယ်စပ်အနီး မူဆယ်ကို တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက ၂၀၂၃ ခုနှစ်တွင် ထိန်းချုပ်လိုက်ပြီးနောက် မြဝတီ ကျဆုံးခြင်းဆိုသည်မှာ အရေးအကြီးဆုံး ကုန်းတွင်း နယ်စပ်ဖြတ်ကျော်ရေးစခန်း နှစ်ခု တော်လှန်ရေးအင်အားစုများလက်သို့ ကျရောက်သွားခြင်းပင် ဖြစ်သည်။
မြဝတီ ကျဆုံးသွားပြီးနောက် စစ်ကောင်စီသည် ကုန်းတွင်းအခြေစိုက် အကောက်ခွန်ဝင်ငွေ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးသွားကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သုတေသနက ခန့်မှန်းသည်။
အောက်တိုဘာလ နှောင်းပိုင်းမှစတင်ပြီး အဓိကျသည့် မည်သည့် တော်လှန်ရေးထိုးစစ်ကိုမှ ပြန်လည် တိုက်ထုတ်နိုင်ခြင်း မရှိတော့သည့် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အင်အားအနည်းဆုံးသို့ ရောက်နေကြောင်း ဆန်းစစ်လေ့လာသူများက ပြောသည်။
စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးကို ယခင်က အာရုံစိုက်ခဲ့သည့် ထိုင်းကဲ့သို့သော အိမ်နီးချင်းများသည် ယခု ပဋိပက္ခအပေါ် ၎င်းတို့၏ရပ်တည်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်လာကြသည်။
ထိုင်းလုံခြုံရေးအရာရှိများသည် KNU, အခြားအုပ်စုများနှင့် ဆက်သွယ်ရေးလမ်းဖွင့်ထားပြီး ၎င်းတို့သည် တွေ့ဆုံဆွေးနွေးရေး၊ အထူးသဖြင့် လူသားချင်းစာနာမှု ပြဿနာတွင် ဆွေးနွေးရေးကို လမ်းဖွင့်ထားကြောင်း ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖူအန်ကက်ကောက Reuters သတင်းဌာနသို့ ဧပြီလ ၁၇ ရက်နေ့တွင် ပြောသည်။
“ကျနော်တို့က မြန်မာစစ်ကောင်စီဘက်ကို စုံမှိတ် မရပ်တည်ဘူး။ ဒါပေမယ့် ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်လို့ သူတို့နဲ့ ဆွေးနွေးရတယ်” ဟု ၎င်းက ပြောသည်။
Reuters က မှတ်ချက်တောင်းသည်ကို စစ်ကောင်စီပြောခွင့်ရသူက အကြောင်းမပြန်ကြားပေ။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုများသည် လက်နက်ကိုင်ပုန်ကန်မှုဖြင့် မြန်မာ့ညီညွတ်ရေး ထိခိုက်အောင် လုပ်နေသည်ဟု စွပ်စွဲပြီး သူ၏စစ်ကောင်စီကလည်း ခုခံတော်လှန်ရေးသမားများသည် အကြမ်းဖက်သမားများဖြစ်သည်ဟု ပြောသည်။
စစ်ကောင်စီနှင့် လမ်းခွဲပြီးနောက်တွင်ပင် မြဝတီမြို့ အစိတ်အပိုင်းများနှင့် ပတ်ဝန်းကျင်တွင် ကင်းလှည့်နေဆဲဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားတပ်မတော် (KNA) တပ်များကလည်း မှတ်ချက်တောင်းခံခြင်းကို အကြောင်းမပြန်ပေ။ ထိုအုပ်စုများသည် တော်လှန်ရေးအင်အားစုများသို့ သစ္စာခံရန် ကတိမပြုသေးသည့် အုပ်စုများဖြစ်သည်။
အုပ်စုအမျိုးမျိုးဖြစ်နေသော တိုက်ခိုက်ရေးသမားများ
မြဝတီမြို့ အနောက်ဘက်စွန်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၌ သက်တမ်းအရင့်ဆုံး အဖွဲ့တခုဖြစ်သည့် KNU ၏ လက်နက်ကိုင်တပ် တပ်မဟာ ၆ မှ ဝါရင့်တပ်မှူး ဗိုလ်မှူးကြီး နယ်ဒါးထူးသည် စစ်တပ်ကို တပတ်ခန့်အတွင်း ချေမှုန်းခဲ့သည့် အမျိုးမျိုးသော တော်လှန်ရေးသမားများကို ဦးစီးကာ ရှေ့ဆက်လုပ်ရမည့် ခြေလှမ်းများကို စဉ်းစားနေသည်။
လက်နက်ကိုင်အစောင့်များ ဝန်းရံလျက် ကွမ်းဝါးရင်း Louis Vuitton နေကာမျက်မှန်ပေါ်မှ ကျော်ကြည့်ကာ ဗိုလ်မှူးကြီး နယ်ဒါးထူးက စစ်ကောင်စီကို ဒေသတွင်းတွင် တိုက်ခိုက်ရေးအတွက် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများအကြောင်း ပြောပြသည်။
မြန်မာနိုင်ငံ အခြားဒေသများမှ တိုင်းရင်းသားလက်ကိုင်များအကြား မကြာသေးမီက ညှိနှိုင်းဆောင်ရွက်မှုများသည် မကြုံစဖူး မြင့်မားလာကြောင်းလည်း Reuters က ဖော်ပြခဲ့သည်။
လက်နက်ကိုင်အစောင့်များ ဝန်းရံလျက် ကွမ်းဝါးရင်း Louis Vuitton နေကာမျက်မှန်ပေါ်မှ ကျော်ကြည့်ကာ ဗိုလ်မှူးကြီး နယ်ဒါးထူးက စစ်ကောင်စီကို ဒေသတွင်းတွင် တိုက်ခိုက်ရေးအတွက် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲများအကြောင်း ပြောပြသည်။
နိုင်ငံမှ လူဦးရေ ၅၅ သန်းခန့်သည် နယ်စပ်တလျှောက် ပုန်ကန်မှုများဖြင့် အကွဲကွဲအပြားပြား ဖြစ်နေပြီး နယ်စပ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှစ်ဒါဇင်ခန့် လှုပ်ရှားနေသည်။ ၎င်းတို့အနက် အများအပြားသည် ခုခံတော်လှန်ရေးအင်အားစုဝင်များ သို့မဟုတ် ထောက်ခံသူများ ဖြစ်သည်။
ပိုမိုလက်နက်ကောင်းသော စစ်တပ်တတပ်နှင့် တိုက်ရသည့် ခက်ခဲသောစစ်ပွဲတွင် ပူးပေါင်းဆောင်ရွက်မှု ထိန်းသိမ်းရေးအတွက် စိန်ခေါ်မှုများရှိကြောင်း ဗိုလ်မှူးကြီး နယ်ဒါးထူးက ဝန်ခံသည်။
“အမှားအယွင်း မရှိအောင်လို့ ကျနော်တို့ အမြဲတမ်း ညှိနှိုင်းဆောင်ရွက်နေရတယ်” ဟု ဗိုလ်မှူးကြီးက Reuters သို့ ပြောသည်။ လုံခြုံရေး စိုးရိမ်ရသောကြောင့် စစ်ဆင်ရေး မပြီးဆုံးမီ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ခြင်းကို ၎င်းက ငြင်းဆန်သည်။
မြဝတီတွင် ထိန်းချုပ်မှု ဆက်ရှိနိုင်ရေးအတွက် ညှိနှိုင်းနေရသည့် လက်နက်ကိုင် အနည်းဆုံး သုံးဖွဲ့ရှိကြောင်း Reuters က တွေ့ရသောကြောင့် စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်သော်လည်း အကျိုးစီးပွားမတူသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှုကို ပြသနေသည်။
မြဝတီကို သိမ်းပိုက်ထားသည့် လက်နက်ကိုင်အများစုသည် ကရင်လူမျိုးစုများ ဖြစ်သော်လည်း ၎င်းတို့သည် တော်လှန်ရေးမှ ဗမာလူမျိုးစုနှင့်အတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လက်နက်ကိုင်တပ်မှူးတဦးဖြစ်သူ ဗိုလ်စောကော်က ပြောသည်။
“ပထမဆုံးအချက်က ကျနော်တို့ တဖက်နဲ့ တဖက် မသတ်ဖို့ပဲ” ဟု ပြောခွင့်ရသူ ဖဒိုစောတောနီးက သူ၏ KNU နှင့် ဧပြီလအထိ စစ်ကောင်စီမဟာမိတ်ဖြစ်ခဲ့သော အခြား ကရင်အုပ်စုများအကြား တင်းမာမှုများနှင့် ပတ်သက်ပြီးပြောသည်။”ကျနော်တို့ အဲဒီကနေ စတင်လုပ်ကိုင်တယ်” ဟု ပြောသည်။
မြဝတီ
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အင်အားကြီးမားသည့် အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုသည် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့ပြီး ထိုထိုးစစ်တွင် တော်လှန်ရေးအင်အားစုများသည် တရုတ်နယ်စပ်တလျှောက်မှ စစ်တပ်ထိန်းချုပ်သည့် ကျယ်ပြန့်သော ဒေသများကို သိမ်းပိုက်ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ AA က ရခိုင်ပြည်နယ်မှာ စတင် တွန်းအားပေးလာတယ်။ AA က တွန်းအားပေးတာ လျှော့လိုက်တော့ ကျနော်တို့က တွန်းအားပေးဖို့ ဆုံးဖြတ်လိုက်တယ်” ဟု KNU မှ ဗိုလ်မှူးကြီး နယ်ဒါးထူးက ပြောပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဒေသအများအပြားတွင် ထိုးစစ်အဆက်ဆက် ဆင်နွှဲခဲ့သည်ကို ရှင်းပြသည်။
စစ်ကောင်စီသည် လွန်စွာများပြားသည့် စစ်မျက်နှာများတွင် တိုက်ခိုက်နေရကြောင်း ထိုင်းနိုင်ငံရှိ ကဆက်ဆတ် တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ လာလီတာ ဟန်ဝေါင်းက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေးအစကို ပြန်ကြည့်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ ဘယ်မြို့ကိုမှ (စစ်ကောင်စီက) ပြန်မသိမ်းနိုင်ဘူး” ဟု ၎င်းကပြောသည်။
မြဝတီတိုက်ပွဲတွင် KNU ဦးဆောင်သောတပ်များသည် မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မသိမ်းယူမီတွင် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်ချုပ်ရေး ပြိုကျသည်အထိ တွန်းအားပေးခဲ့သည်ဟု ဗိုလ်မှူးကြီး နယ်ဒါးထူးက ပြောသည်။
သူဖော်ပြသည့် နည်းပရိယာယ်ကို Reuters က သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ KNU ၏ လက်နက်ကိုင်တပ်များသည် အဆုံးအဖြတ်ကျသည့် တိုက်ခိုက်မှုများ မလုပ်မီ စစ်ကောင်စီကို ဝိုင်းပတ် ပိတ်ဆို့ထားသည်။
မြဝတီတိုက်ပွဲတွင် KNU ဦးဆောင်သောတပ်များသည် မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး မသိမ်းယူမီတွင် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်ချုပ်ရေး ပြိုကျသည်အထိ တွန်းအားပေးခဲ့သည်ဟု ဗိုလ်မှူးကြီး နယ်ဒါးထူးက ပြောသည်။
စစ်ကောင်စီအင်အား ၂၀၀ ခန့်သည် မြဝတီနှင့် ထိုင်းနိုင်ငံအကြား တံတားအနီးတွင် ပိတ်မိနေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီး နယ်ဒါးထူးက Reuters သို့ပြောပြီး ၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသို့ဖြစ်စေ၊ KNU သို့ဖြစ်စေ လက်နက်ချနိုင်သည်ဟု ပြောသည်။ (ယနေ့ ဧပြီလ ၂၀ ရက်နေ့ မနက်တွင်မူ ခိုအောင်းနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့များကို KNLA မဟာမိတ်တပ်များ စီးနင်းတိုက်ခိုက်ပြီး ရှင်းလင်းနိုင်ပြီဟု ဒေသတွင်း သတင်းများက ဆိုသည်။)
စစ်ကောင်စီသည် မြန်မာနိုင်ငံ အချက်အချာများကို ဖြတ်သွားသည့် မြဝတီအနီး အရေးပါသော အဝေးပြေးလမ်းကို တော်လှန်ရေးတပ်များ အသုံးပြုခြင်းအား ဟန့်တားရန် လာမည့်အပတ်များတွင် မြဝတီကို ပြန်လည် သိမ်းပိုက်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်မှူးကြီး နယ်ဒါးထူးနှင့် ဘန်ကောက်အခြေစိုက် လုံခြုံရေး သုတေသီ မစ္စတာ အန်ထော်နီ ဒေးဗစ်က ပြောသည်။
မြဝတီသို့ လာရောက်နေသည့် တပ်ကူအချို့ကို KNU က မောင်းထုတ်ပြီးဖြစ်ပြီး ဗိုလ်မှူးကြီး နယ်ဒါးထူးက စစ်ဆင်ရေးပြီးနောက်ပိုင်းတွင် မြဝတီကို KNU ၏ နိုင်ငံရေးအုပ်ချုပ်ရေးမှူးကသာ စီမံမည်ဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီသည် အရေးပါသော ကုန်သွယ်ရေးဌာန မြဝတီနှင့် မြဝတီမှ အရှေ့တောင်အာရှပင်မ ဂိတ်ပေါက်ကို ပြန်လည် ထိန်းချုပ်ရန် စိတ်အားထက်သန်နေကြောင်း မစ္စတာ ဒေးဗစ်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ကုန်းတွင်းနယ်စပ်မှ မြန်မာ့ စုစုပေါင်းကုန်သွယ်ရေး၏ ၁၄ ရာခိုင်နှုန်းခန့် သို့မဟုတ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံဖိုးသည် မြဝတီကို ဖြတ်သန်းခဲ့ကြောင်း အစိုးရစာရင်းများအရ သိရသည်။
နယ်စပ်အနီး နယ်မြေထိန်းချုပ်ခြင်းသည် အကျိုးအမြတ်လည်း များနိုင်သည်။ KNU ထိပ်တန်း ခေါင်းဆောင်များသည် မြဝတီအနီး နယ်မြေကို ငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် တရားမဝင် ကာစီနိုလုပ်ငန်းလုပ်ရန် အသုံးပြုနေသည်ဟု ကုလသမဂ္ဂနှင့် ဗြိတိန်အစိုးရက လွန်ခဲ့သောနှစ်တွင် စွပ်စွဲခဲ့သည်။
တော်လှန်ရေးအင်အားစုများသည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်စပ်စခန်းများအတွက် ကောက်ခံသည့် အကောက်ခွန်များ မည်သို့ ခွဲဖြန့်သည်ကို Reuters အနေဖြင့် မဆုံးဖြတ်နိုင်သေးပေ။ အချို့ ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ထားသည်ဟု ISP-Myanmar က ပြောသည်။
ပွဲသိမ်းတိုက်ပွဲ
မြန်မာစစ်မျက်နှာများတွင် ဆုံးရှုံးမှုများကြောင့် စစ်ကောင်စီတပ်သည် ၎င်းတို့ တချိန်က အဓိက လူသစ်စုဆောင်းသည့် ဗုဒ္ဓဘာသာ အများစုရှိရာ နိုင်ငံအလယ်ပိုင်းသို့ မောင်းထုတ်ခံနေရသည်။
ယခုအခါ စစ်ကောင်စီသည် ထိုဒေသတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဟုခေါ်သည့် ရာနှင့်ချီသော PDF များနှင့် ပြင်းထန်မှုနည်းသော ပဋိပက္ခတွင် ပိတ်မိနေသည်။ PDF အများအပြားသည် KNU နှင့် ဖြုတ်ချခံ အရပ်သားအစိုးရ အဖွဲ့ဝင်များ ပါဝင်သည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်များ ဖြစ်ကြသည်။
နယ်စပ်အနီး နယ်မြေထိန်းချုပ်ခြင်းသည် အကျိုးအမြတ်လည်း များနိုင်သည်။ KNU ထိပ်တန်း ခေါင်းဆောင်များသည် မြဝတီအနီး နယ်မြေကို ငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် တရားမဝင် ကာစီနိုလုပ်ငန်းလုပ်ရန် အသုံးပြုနေသည်ဟု ကုလသမဂ္ဂနှင့် ဗြိတိန်အစိုးရက လွန်ခဲ့သောနှစ်တွင် စွပ်စွဲခဲ့သည်။
တပ်တွင်းပုန်ကန်မှု သို့မဟုတ် ပြင်ပစွက်ဖက်မှု မရှိပါက စစ်ကောင်စီသည် အစိုးရနှင့် အလယ်ပိုင်းဒေသများကို ထိန်းချုပ်ထားနိုင်သည့် အင်အားကြီးမားသော ရန်သူဖြစ်နေသေးကြောင်း သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျုမှ မစ္စတာ မော်ဂန် မိုက်ကယ်က မတ်လအတွင်း ဆန်းစစ်လေ့လာမှုတွင် ရေးသားခဲ့သည်။
သို့သော် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပိုမိုနီးကပ်သောနေရာအထိ စစ်တပ်ဆုတ်ခွာရခြင်းသည် စစ်ကောင်စီအတွက် အဓိကကျသည့် သယ်ယူပို့ဆောင်ရေး အသက်သွေးကြောများကို အသုံးပြုခွင့် ဆုံးရှုံးပြီး သွေးထွက်သံယို များနေပြီဖြစ်သော စစ်တပ်အတွက် အဓိကကျသည့် စိတ်ဓာတ်ရေးရာထိုးနှက်ချက် ဖြစ်နိုင်သည်ဟု မစ္စတာ ဒေးဗစ်က ပြောပြီး စစ်တပ်ဆုတ်ခွာခြင်းနှင့် အလားအလာရှိသော ပြိုလဲမှုကို အရှိန်မြှင့်တင်ပေးလာနိုင်သည်ဟု ပြောသည်။
မည်သို့ဆိုစေကာမူ KNU အရာရှိများ၊ တော်လှန်တိုက်ခိုက်ရေးသမားများနှင့် သုတေသီများက တော်လှန်ရေး အင်အားစုများ စစ်ဆင်ရေး ညှိနှိုင်းဆောင်ရွက်ရန် တွန်းအားပေးခံရပြီး အရှိန်အဟုန် ရလာသော်လည်း အကြမ်းဖက်မှု ပိုမို ပြင်းထန်လာခြင်းနှင့် အလွယ်တကူ အောင်ပွဲ မရခြင်းကို ကြိုတင်သုံးသပ်သည်။
“ကျနော်တို့နိုင်ငံမှာ အဖွဲ့ကွဲ အများအပြားနဲ့ သဘောထားကွဲလွဲမှု အများအပြားရှိတယ်” ဟု ဖဒိုစောတောနီးက ပြောသည်။ “ကျနော်တို့ အချိန်ယူမယ်။ ကျနော်တို့ ညီညွတ်ရမယ်” ဟုလည်း ပြောသည်။
(Reuters ပါ In a rebel-held Myanmar town, fragile unity pushes junta to the brink ကို ဘာသာပြန်သည်။)
You may also like these stories:
မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း
မြဝတီကို စစ်တပ်ပြန်လာနိုင်မလား
မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်
မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်
မြဝတီ ကျအပြီး နယ်စပ်ကုန်သွယ်ရေး ထိခိုက်မည်ကို ထိုင်း စိုးရိမ်