သတင်းစာလွတ်လပ်ခွင့် ပြဿနာက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ အရှိန်တော်တော်မြင့်လာပြီ၊ အဲဒီခေတ် မှာ အစိုးရပိုင် သတင်းစာတွေ ပေါ်ထွက်လာတယ်။
လုပ်သားပြည်သူ့နေ့စဉ် Working People Daily တို့ ပေါ်လာတယ်။ ကြေးမုံ၊ ဗိုလ်တထောင်၊ ဂါးဒီးယန်းသတင်းစာတွေ ပြည်သူပိုင်ဖြစ်လာတယ်။ လူထုသတင်းစာကို ထုတ်ဝေခွင့်ပါမစ် ရပ်လိုက်တယ် သတင်းစာအလိုလို ရပ်သွားတယ်ပေါ့။ ရန်ကုန်သတင်းစာဆိုတာ ဆရာကြီး မြို့မမောင်တို့ အယ်ဒီတာချုပ် ဦးယုမောင်တို့ လုပ်ခဲ့တဲ့ သတင်းစာပေါ့။ ဆရာကြီး မောင်ထင်က ခေါင်းကြီးပိုင်းရေးတယ်၊ သြဇာကြီးတဲ့သတင်းစာပေါ့။ ဒီလိုသတင်းစာတွေလည်း ထုတ်ဝေခွင့် ရပ်စဲသွား တယ်။ မြန်မာ့အလင်းနဲ့ ဟံသာဝတီတို့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေခဲ့တယ်။
ပြည်သူပိုင်သတင်းစာတွေ ပေါ်လာခြင်းကြောင့် အစိုးရအရာရှိ သတင်းစာ ဆရာတွေပေါ်လာတယ်။ မပြောဝံ မဆိုဝံ ရေငုံနုတ်ပိတ်တာတွေ များလာတယ်။ ပြောလို့ အလုပ်ပြုတ်သွားနိုင်တယ်၊ ဒီထက်ပိုဆိုးတာက ထောင်ထဲရောက်သွား နိုင်တယ်၊ ကြောက်ကြတာပေါ့ဗျာ။
သတင်းစာလောကကို စစ်ဗိုလ်လူထွက်တွေ အများကြီး ဝင်လာတာ ကျနော်တို့ မသိတဲ့သူတွေ အများကြီးပါတယ်။ သူတို့က ပြီးသွားတဲ့ စစ်အစိုးရလက်ထက်မှာ စစ်ဗိုလ်စာရေးဆရာ၊ သတင်းစာဆရာတွေအဖြစ် ပေါ်လာတယ်။ လမ်းစဉ် ပါတီခေတ်ကစပြီး တောထဲက ပြန်လာတဲ့ ကွန်မြူနစ်ခေါင်းဆောင်၊ ကွန်မြူနစ်လူထွက်၊ အလံနီလူထွက်၊ ပြည်သူ့ ရဲဘော်လူထွက်၊ ဘာလူထွက် ညာလူထွက်တွေ တောထဲမှာ တချို့က အခြေအနေ မကောင်းလို့ ပြန်လာတယ်။
စာရေးဆရာ ဖြစ်လာတယ်၊ သတင်းစာ အယ်ဒီတာချုပ်တွေဖြစ်လာတယ်၊ စာပေအဖွဲ့ အဖွဲ့အစည်းမှာ ခေါင်းဆောင်တွေ ဖြစ်လာတယ်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ သတင်းစာဆရာတွေတော့ မဟုတ်ကြဘူး။
သတင်းစာလောကမှာ မရေးဝံ၊ မပြောဝံ၊ မဆိုဝံ ရေငုံနုတ်ပိတ်နေကြရင်းကနေ သက်သာသလိုနေတဲ့ သတင်းစာဆရာ တွေ ပေါ်လာတယ်။ သတင်းစာလောက ကသောင်းကနင်းဖြစ်လာတယ်။ စစ်ထွက် တောပြန် သတင်းစာဆရာတွေရဲ့ လွှမ်းမိုးမှုကြောင့် တကြောင်း၊ သတင်းစာလောက အပျက်ကြီး ပျက်လာတယ်။
သတင်းစာလောကဆိုတာ လူတိုင်းဝင်သြဇာပေး၊ သြဇာညောင်း၊ အသုံးချ ကြိုက်သလို ကြိုးကိုင်နိုင်တဲ့ လုပ်ငန်းမျိုး ဖြစ်လာတယ်။ ၁၉၆၈ ခုနှစ်လောက်မှာ တော်တော်ဆိုးသွားပြီ။
၁၉၆၇ လောက်မှာ ရုရှားရဲ့ လက်အောက်ခံခေါ်မလား ကြယ်ရံ ဂြိုလ်ရံ နိုင်ငံတွေလို့ ခေါ်မလား ဟန်ဂေရီ၊ ချက်ကိုစလို ဗက်ကီးယား၊ ပိုလန်၊ အရှေ့ဂျာမနီ၊ ဥဇဘက်ကစ္စတန်၊ အဇာဘိုင်ဂျန်၊ ယူကရိန်း စတဲ့ နိုင်ငံပေါင်းများစွာဟာ ကွန်မြူနစ် ရုရှားသြဇာခံတွေ ဖြစ်လာတယ်။ အဲဒီတော့ ကွန်မြူနစ် သတင်းစာတွေပေါ်လာတယ်၊ ထုံးစံအတိုင်း ဝါဒဖြန့်တာပါပဲ။ သဘောတရားတွေကို ဦးဆောင်တယ်လို့ ဘယ်လောက်ပဲ ပြောပြော အဓိကအားဖြင့် ဝါဒဖြန့်သတင်းစာတွေပဲ။ ဝါဒဖြန့်တာက လွဲလို့ ဘာမှမလုပ်ဘူး၊ ဦးဆောင်တယ်ဆိုတာလည်း မဟုတ်ဘူး၊ ရှေ့ဆောင်တယ်ဆိုတာလည်း မဟုတ်ဘူး။
ရုရှားမှာ ၁၉၁၇ ကွန်မြူနစ် အရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အချိန် အစပိုင်း လီနင်ခေတ်ကတော့ မှန်တယ်၊ သူက သတင်းစာဆရာဆိုတာ ပြည်သူတွေရဲ့ ဆရာဖြစ်တယ်လို့ ပြောတယ်၊ ဘာကြောင့်လဲ ပြည်သူတွေကို သွန်သင်တယ်၊ လမ်းပြတယ် လမ်းညွှန်တယ်၊ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တယ် ဆိုတာမျိုးတွေ ရေးခဲ့တယ်။ အဲဒီခေတ်မှာ ဟုတ်သင့်သလောက် ဟုတ်ခဲ့တယ်။
နောက်ပိုင်း စတာလင်ခေတ်၊ ဘရက်ဇ်ညက်ခေတ်တွေ ရောက်လာတော့ ရုရှားက ကွန်မြူနစ် သတင်းစာဆိုတာ ဝါဒဖြန့်တာက လွဲပြီး တခြားမလုပ်တတ်ဖူး၊ လုပ်ဖို့ သြဇာလည်း မရှိဘူး။ ရှင်းရှင်းပြောရရင် ဝါဒဖြန့်တယ်ဆို ကတည်းက လူတွေကို မှိုင်းတိုက်တာပေါ့။
တဖြည်းဖြည်းနဲ့ ရုရှားလက်အောက် နိုင်ငံတွေမှာ သတင်းစာလွတ်လပ်ခွင့်တွေ တောင်းတဲ့ လှုပ်ရှားမှုတွေ ပေါ်လာ တယ်၊ ချက်ကိုစလိုဗက်ကီးယားနဲ့ ဟန်ဂေရီမှာ ဆိုရင် ကွန်မြူနစ်ပါတီတွင်းမှာကို လှုပ်ရှားမှုတွေ ပေါ်လာတယ်။
ရုရှားကွန်မြူနစ်က ထမင်းငတ်တဲ့စနစ်မျိုး၊ တိုးတက်မှု ဘာမှမရှိတဲ့ စနစ်မျိုးဖြစ်နေတာကိုး၊ ရုရှားရဲ့ သြဇာခံဖြစ်နေတဲ့ ဘဝက ရုန်းထွက်ချင်တဲ့ နိုင်ငံတွေပေါ်လာတယ်။ နိုင်ငံရေးအရ နိုးကြားပြောင်းလဲလာတယ်။
ဟန်ဂေရီက ဂူးလပ်ဆိုတဲ့စကားကို ယူပြီး ဂူးလပ်ကွန်မြူနစ်ဇင်ဆိုတဲ့ စကားလုံး ပေါ်လာတယ်။ ထမင်းဝတဲ့ ကွန်မြူနစ် စနစ်ပေါ့။ တချိန်တည်းမှာပဲ ကွန်မြူနစ်တွေပဲ ပါဝင်လှုပ်ရှားတဲ့ ကွန်မြူနစ် ခေတ်ပညာတတ်တွေ၊ အသိအမြင်ရှိတဲ့သူ တွေ ပါဝင်လှုပ်ရှားတဲ့ ပြည်သူ့ဘက်က ရပ်တည်တဲ့ ပြည်သူ့ဆန္ဒနဲ့ အညီလုပ်ချင်တဲ့ သဘောထားတွေ ပေါ်လာတယ်။ ဒီလှုပ်ရှားမှုကနေ လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ တောင်းဆိုချက် သဘောထားတွေ ပေါ်လာတယ်။ ၇၇ ကြေညာချက် ဆိုတဲ့ သတင်းစာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့် ဆိုတာတွေ ပေါ်ထွက်လာတယ်။
၁၉၆၇ ဝန်းကျင်မှာပေါ့၊ အဲ့ဒီသတင်းတွေ ကမ္ဘာမှာ ပျံ့လာတယ်၊ ရေဒီယိုမှာ သတင်းစာတွေမှာ ကြားလာရတယ်၊ Time မဂ္ဂဇင်းတွေမှာ တွေ့လာရတယ်။ ဒါတွေက မြန်မာပြည်ကိုလည်း ဂယက်ရိုက်လာတယ်။
ဒါကို အကြောင်းပြုပြီး ၁၉၆၈ ဇူလိုင်လား၊ သြဂုတ်လား အဲဒီမှာ ဦးနေဝင်းက ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ် သောင်းဒန်ကို သတင်းစာဆရာတွေနဲ့ တွေ့လိုက်ပါဦးကွာလို့ ပြောလိုက်တယ်။ သူက တော်လှန်ရေးကောင်စီဝင်လည်း ဖြစ်တယ်၊ ရာထူးနှစ်ခုနဲ့ပေါ့။ တော်လှန်ရေး ကောင်စီဝင်ဆိုတာလည်း ပေါ်လစီပိုင်းမှာ အမြင်ဆုံး ပုဂ္ဂိုလ်တွေပေါ့ဗျာ။ ဗိုလ်ချုပ်သောင်းဒန်က အလွန်ယဉ်ကျေးတဲ့လူ၊ အနုပညာနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်၊ စာနာထောက်ထားတတ်တဲ့ ပုဂ္ဂိုလ်၊ အလွန်ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်၊ သူက သတင်းစာဆရာတွေကို ခေါ်တွေ့တယ်။ မြန်မာ့အသံက အပေါ်ထပ် ဆင်ဝင်ခန်းမကြီး ထဲမှာပေါ့။
ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဇဝန၊ ကြေးမုံဦးသောင်း၊ ဆရာတက်တိုး၊ ဦးသိန်းဖေမြင့်၊ ဦးခင်မောင်လတ်၊ ကျွန်တော်တို့ ပါတယ်။ ဦးလှမြိုင်၊ ဦးသန်းစော၊ ဦးခင်ညို၊ ဦးဘကျော်တို့လို ပုဂ္ဂိုလ်တွေပါတယ်။ ပေါ်လစီဒါရိုက်တာ ဗိုလ်မှူးသောင်း ထိုက်ပါတယ်။ လူငယ်အထူးအရာရှိတွေပါတယ်၊ အားလုံးတော့ မမှတ်မိတော့ဘူး။
ဦးနေဝင်းရဲ့စကားအရ တွေ့ရုံ တွေ့လည်း ရတယ်၊ ခံစားချက်တွေ တောင်းဆိုချက်တွေကို ကြားနာလိုက် လို့ ပြောရာ လည်း ရောက်တယ်၊ အမိန့်ပေးသူမှာ ဘယ်လိုသဘောထားရှိတယ်ဆိုတာ တပိုင်းပေါ့။ အမိန့်ပေးသူဘက်က ဘာလုပ် စေချင်တဲ့ ဆန္ဒသဘောထားကို ထည့်တွက်ရမယ့် အပိုင်းရှိတယ်။ အမိန့်နာခံသူဘက်ကလည်း ဘယ်လိုအဓိပ္ပာယ်နဲ့ နာခံရမလဲ၊ လုပ်ကိုင်ရမလဲ၊ အဖြေရှာရမလဲဆိုတာ တပိုင်းပေါ့။
ဆုံကြတဲ့အခါ ထုံးစံအတိုင်း သတင်းပိတ်ဆို့တဲ့ အကြောင်းတွေ ပြောကြပြီပေါ့။ ဦးသိန်းဖေမြင့်က နိုင်ငံရေးသမားလည်း ဖြစ်၊ သြဇာကြီးတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ဆိုတော့ ဘာပဲ ပြောပြော ဦးနေဝင်းစကားနောက်မှာ အကြောင်းရှိတယ်ဆိုတာ သိတာပေါ့။ ဦးသိန်းဖေမြင့်က သတင်းစာလောကရဲ့ ဖြစ်ပျက်နေပုံနဲ့ လိုအင်ဆန္ဒလေးတွေ ပြောပါရစေလို့ ပြောတယ်။ ဗိုလ်ချုပ်သောင်းဒန်က တားလို့ ပိတ်လို့မှ မဖြစ်တာ၊ ပြောပါ ပြောပါ ပေါ့။ ဟိုဒီ အကြောင်းပြောရင်းက ဦးသိန်းဖေမြင့်က ကျနော့်ကို ပြောတယ် “ကိုဝင်းတင် ခင်ဗျားက သတင်းဆရာ အသင်းအတွင်းရေးမှူး၊ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး လုပ်ခဲ့သူဆိုတော့ သတင်းစာလောက အကြောင်းသိတယ်၊ ပြောပါဦးတဲ့”
ကျနော်က ဒီလိုဖွင့်ပေးလို့ကတော့ ရေငုံနှုတ်ပိတ် နေတတ်တဲ့သူ မဟုတ်ဘူး၊ ပြောတာပေါ့၊ သတင်းစာတွေ ပိတ်တာ၊ ဖြတ်တာ၊ ဝင်စွက်တာ၊ ပြည်သူ့ဘက်က အသံမကြားရအောင်၊ ဘာမှမရေးနိုင်အောင် ပိတ်ဆို့တာတွေကို တောက် လျှောက်တန်းစီ ပြောချလိုက်တာပေါ့။ ဒါကို မခံနိုင်တဲ့သူက ပြန်ကြားရေး အတွင်းဝန် ဗိုလ်မှူးကြီးတင်ထွန်း။ သူက လေတပ်က စကားပြော အလွန်ပါးနပ် ကျွမ်းကျင်သူ။ စီမံခန့်ခွဲတတ် ပေါင်းတတ်သင်းတတ်တဲ့သူမျိုး။
သူက ကျနော့်ကို ပြန်ကြားရေးဝန်ကြီးဌာနကို တိုက်ခိုက်တယ်ထင်တာကိုး။ ရှင်းရှင်းပြောရရင် ကျနော်ကလည်း ထိုးနှက် တိုက်ခိုက်တယ်ပေါ့ဗျာ။ သူကပဲ သတင်းပိတ်တာ တားတာ ဖြတ်တောက်တာတွေ လုပ်နေတာကိုး။ သူ့မှာ အဆက်အသွယ်တွေ အများကြီး ရှိပါတယ်။
အာဏာသိမ်းပြီးကာစ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တန်ခိုးထွားလာကာစ စစ်ဘက်က လူတွေကို နည်းနည်း ထိ လာမယ်ဆိုရင် သတင်းတွေ တားလား ပိတ်လား လုပ်နေတဲ့ အချိန်၊ သူတို့ကို တိုက်ခိုက်တယ် ထင်တာပေါ့။ ဝတ္တရားရှိ လို့ တားတာလို့ ပြောလာရော၊ ကျနော်က တားတယ်ဆိုရင် မခံနိုင်ဘူး၊ အဲဒီလို စကားများကြရော။
အဲဒီမှာ ထပ်ပြီး ပြဿနာဖြစ်ပြန်ရော၊ စောစောကပြောတဲ့ ပေါ်လစီဒါရိုက်တာ ဗိုလ်မှူးသောင်းထိုက်က ဆက်ပြောပြန် ရော။ သူက ပေါ်လစီဒါရိုက်တာဖြစ်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ သူ့နေရာမှာ အရင်လုပ်သွားသူက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ တပည့်အရင်းဖြစ်တဲ့ ဂျာနယ်ကျော် ဦးစောဦး၊ ကျနော်တို့ရဲ့ ဆရာသမားပါပဲ။ သူက ပြန်ကြားရေးဝန် ကြီးဌာနရဲ့ ပေါ်လစီ ဒါရိုက်တာ။ မူဝါဒ ညွှန်ကြားရေးမှူးပေါ့ ။ အဲဒီကတဆင့် ပါတီကို ပြောင်းသွားတယ်။ မြန်မာ့ဆိုရှယ် လစ် လမ်းစဉ်ပါတီရဲ့ ဗဟိုကော်မတီဖြစ်လာတယ်၊ ပြန်ကြားရေးဌာနကြီးမှူး ဖြစ်လာတယ်။
အဲဒီနေရာကို ဗိုလ်မှူးသောင်းထိုက် ရောက်လာတာ၊ သူက ကျနော်တို့ ပြောတာဆိုတာတွေကို အသည်းယားလာပုံ ပေါ်ပါတယ်။ စိုးရိမ်လာပုံရတယ်။ “ဦးဝင်းတင်တို့ ပြောနေတာ သတင်းစာလွတ်လပ်ခွင့် ဖြစ်ပါတယ်။ ကျနော် ဘယ်လို ကိုင်တွယ်ရမလဲ မူဝါဒပေးပါ။ အခုလက်ရှိ မူဝါဒနဲ့ ဆိုရင်တော့ တကယ့်ကို ဓမ္မသောကတွေ ဖြစ်ကုန်တော့မှာပဲ”လို့ ပြောလာတယ်။
သူက အင်္ဂလိပ်လို အရေးကောင်းတယ်၊ တော်တယ်။ အဲဒီအချိန်မှာ ဗိုလ်မှူးသောင်းထိုက်ရေးနေတဲ့ သတင်းစာက Working People Daily။
ဒီလိုလူက သတင်းစာတွေဘက်က မလုပ်ဘဲ၊ ပေါ်လစီ ဒါရိုက်တာ ပေါက်စလည်း ဖြစ်ရော၊ အစိုးရမူဝါဒနဲ့ ကိုင်ပြီး သတင်းစာတွေကို ကိုင်ချင်တဲ့ သဘောပါတယ်လို့ ထင်တယ်။
အဲဒီလို တွက်မိပုံရတဲ့ Working People Daily အယ်ဒီတာချုပ် ဦးခင်မောင်လတ်က ဝုန်းကနဲ ထပြီး “သတင်းစာတွေ ကို ပိတ်ချင်တိုင်း ပိတ်လို့ ရမလား။ ဟိုက ပိတ်၊ ဒီကပိတ်နဲ့ ဆိုရင် သတင်းစာ ဘာဖြစ်သွားမလဲ၊ သတင်းစာဆိုတာ ပြည်သူ့ ဘက်က ရပ်ရမယ်၊ ပြည်သူ့ အကျိုးစီးပွား၊ နိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်ရမယ်၊ ပါတီအကျိုးစီးပွားကို ကြည့်ရမယ်။ ဘယ်အကျိုးစီးပွားမှ မကြည့်ဘဲ လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွား သက်သက်ကိုပဲ ကြည့်မယ်ဆိုရင် ကောင်း နိုင်ပါ့မလား၊ ဘာကောင်တွေမို့ သတင်းတားရမှာလဲ” အဲဒီလိုလည်း ပြောလိုက်ရော၊ ပွဲလည်း ပျက်တော့ တာပါပဲ။
တော်လှန်ရေး ကောင်စီဝင်ဆိုတာကရော ဘာကောင်တွေမို့ သတင်းပိတ်ရ တားရမှာလဲ
ဦးခင်မောင်လတ်ဆိုတာ နာမည်ကျော် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ ခင်ပွန်းဗျ၊ ဒေါ်ခင်မျိုးချစ်က စစ်ကြိုခေတ်က တည်းက အမျိုးသမီး သတင်းစာဆရာမ၊ စာရေးဆရာမ အနေနဲ့ ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်၊ အင်္ဂလိပ်၊ မြန်မာစာအုပ် ဆောင်းပါးတွေ အများကြီးရေးတဲ့ ပုဂ္ဂိုလ်။ ဦးခင်မောင်လတ်က အလွန်ယဉ်ကျေး သိမ်မွေ့ပါတယ်။ အလွန်ပြုံးချိုတဲ့ မျက်နှာနဲ့ နေတတ်တဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် စိတ်တိုလာပြီဆိုရင် ရှူးရှူးဒိုင်းဒိုင်းနဲ့ ပါးစပ်ထဲ တွေ့တာပြောတတ်တယ်။ အားလုံးက ထိန်းလိုက်ပြီး၊ ထမင်းစားကြတယ်၊ ပွဲပြီး သွားတယ်ပေါ့။
နောက် နှစ်ရက်လောက်မှာ ဦးခင်မောင်လတ်ကို ဦးနေဝင်းက ခေါ်တွေ့တယ်။ နောက်ပိုင်း အဲဒီအကြောင်းကို ဦးခင်မောင်လတ်က ပြန်ပြောပြတယ်။ ကျနော်နဲ့က ရင်းနှီးတာကိုး။ ၁၉၄၈ လောက်ကတည်းက ကျနော် သူတို့အိမ်မှာ အိပ်၊ စား နေထိုင်ဖူးတယ်။ ဒေါ်ခင်မျိုးချစ် နေမကောင်းတဲ့ ၁၉၅၀ ကျော်ကဆိုရင် ကျနော် အလုပ်က လစာမဲ့ ခွင့်ယူပြီး လူနာစောင့်ခဲ့ဖူးပါတယ်။ အလွန်ရင်းနှီးတာကိုးဗျ။ သူတို့တွေရဲ့ နာမည်ကျော် အိမ်လေးက ပြည်ကျောင်းဆောင်ဝင်းထဲမှာ ရှိတယ်။ “အေးရိပ်သာ”တဲ့၊ အဲဒီအိမ်လေးမှာ စာရေးဆရာ ထင်လင်းလည်း နေတယ်။ ကျနော်နေတဲ့ အချိန်က သော်တာဆွေတို့ ကဗျာဆရာမ ကြည်အေးတို့ နေတယ်။ ဒါကြောင့် ဦးခင်မောင်လတ်က ကျနော့်ကို ပြန်ပြောပြတာပါ။
ဦးနေဝင်းကို ကျနော်တယောက်တည်းတော့ မတွေ့ပါနဲ့ မခင်မြ (ဒေါ်ခင်မျိုးချစ်)ကိုလည်း ခေါ်ပါရစေ လို့ ခွင့်တောင်း တယ်။ ဦးနေဝင်းက သဘောတူတယ်၊ သူ့အိမ်မှာ ထမင်းဖိတ်ကျွေးတယ်။ ဘာပြောလဲ ဆိုတော့
“ကိုလတ်ရေ ခင်ဗျား အလုပ်လုပ်ရတာ အောက်က ကောင်တွေနဲ့ အဆင်မပြေဘူးကြားတယ်၊ ကိုလတ် တခြားဘယ် မှာများ လုပ်ချင်လဲ” လို့ မေးတယ်၊ ဆိုလိုတာက ခင်ဗျား ပြဿနာတွေ ဖြစ်နေပြီ၊ ဒီရာထူးက ကြွပေတော့လို့ ပြောတာပေါ့၊ ခင်ဗျားဖယ်တော့ သွားတော့လို့ ဆိုတာပေါ့။
ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်က “ဒီအလုပ်ကို လုပ်တယ်ဆိုတာ ဗိုလ်ချုပ်ကို ကြည်ညိုလို့ လေးစားလို့ ဝင်ကူလုပ် ပေးနေတာ၊ ကျနော်တို့ ကျောင်းဆရာအလုပ်ပဲ ပြန်လုပ်ပါရစေ”လို့ ပြောခဲ့ပြီး အလုပ်ထွက်သွားတာ။
ဒါကို အကြောင်းပြုပြီး ဆရာကြီး ရွှေဥဒေါင်းက “မောင်ခင်မောင်လတ်တို့တောင် ထွက်ရင် ငါလည်း မနေဘူး ထွက် တယ်ကွာ” ဆိုပြီးလုပ်တယ်။
ဦးနေဝင်းက သူ့အိမ်ခေါ်ပြီး ဆရာကြီးကို အချော့အမော့တွေ လုပ်တယ် မရပါဘူး၊ ဆရာကြီး ရွှေဥဒေါင်းလည်း ထွက်ရော တတိယလူက ကျနော်ပေါ့။
၁၉၆၉ မှာ ဟံသာဝတီကို ပြည်သူပိုင်သိမ်းတယ်၊ မန္တလေးမှာ သွားထုတ်ဖို့ ဆုံးဖြတ်တယ်၊ ကျနော့်ကို ခင်ဗျားကတော့ သတင်းသမားစစ်စစ်ပဲ၊ သတင်းစာနဲ့ အသက်မွေးတဲ့သူပဲ၊ မန္တလေးမှာ ဟံသာဝတီ သွားထုတ်ပါဆိုပြီး လွှတ် လိုက်တယ်။ ဒါပဲ ကျနော့်ကို နယ်လွှင့်လိုက်တာ။
အစိုးရသတင်းစာတွေ ကြားမှာ ပေါ်ခဲ့တဲ့ လွတ်လပ်စွာ ရေးသားခွင့် တိုက်ပွဲတခုဖြစ်တယ်။ တိုက်ပွဲက သိပ်ပြီး နယ်ပယ်ကျယ်ဝန်းတာတော့ မဟုတ်ဘူး၊ ကြီးမားတာလည်း မဟုတ်ဘူး၊ လက်ဖက်ရည် ပန်းကန်ထဲ ထတဲ့ မုန်တိုင်းလို့ပဲ တင်စားပြောတာပါ။
(၁၉၆၈ ခုနှစ် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး သတင်းစာဆရာကြီးများဖြစ်ကြသည့် ရွှေဥဒေါင်း၊ ဦးခင်မောင် လတ်၊ ဦးသိန်းဖေမြင့်၊ ဦးဝင်းတင်တို့ ဖြတ်သန်းခဲ့သည့် အခြေအနေများကို ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၀ နှစ် ပြည့်အဖြစ် နံနက်ခင်း သတင်းအယ်ဒီတာအဖွဲ့မှ ထုတ်ဝေသော ဦးဝင်းတင်၏ ဟံသာဝတီ အတွေ့အကြုံ စာအုပ်မှ ကူးယူဖော်ပြပါသည်။)
You may also like these stories:
ဗိုလ်ချုပ်ကြီး နေဝင်း ၏ ပထမဆုံး နှင့် နောက်ဆုံး သတင်းစာ ရှင်းပွဲ