မကြာသေးခင် ရက်ပိုင်းက မြန်မာစာပေ သုတေသန ပညာရှင် အင်္ဂလန်နိုင်ငံသူ ဒေါ်ခင်ခင်ချော (Anna Allott) ကွယ်လွန် သွားကြောင်း မြန်မာ နှစ်သစ် အစမှာ ဝမ်းနည်းစရာ သတင်းစကား ကြားသိခဲ့ရပါတယ်။
မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီ ဘိုးမန်း (Mrs. Vicky Bowman) ကလည်း သူ့ရဲ့ ချစ်ခင် လေးစား ရတဲ့ မြန်မာစာ ဆရာမကြီး ဒေါ်ခင်ခင်ချော (Anna Allott) ဝယ်လင်တန် ဆေးရုံမှာ (Williton Hospital) ကွယ်လွန် သွားတာ ကြားသိရတဲ့ အတွက် အလွန် ဝမ်းနည်းမိကြောင်း၊ ဆရာမကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပြီ ဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ရေးသားထားတာ တွေ့ရှိရပါတယ်။
မြန်မာ အမည် ဒေါ်ခင်ခင်ချောလို့ ခံယူထားတဲ့ ဆရာမကြီး အန်နာ အဲလော့ (Anna Allott) ဟာ လေဖြတ်တဲ့ ဝေဒနာ ခံစားရပြီးနောက် ဧပြီလ ၁၃ ရက်နေ့က ကွယ်လွန်သွားခြင်း ဖြစ်တယ်လို့ ဘီဘီစီ သတင်းဌာန မြန်မာပိုင်း ဌာနမှူး ကိုမင်းထက် ကလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဆရာမကြီးအကြောင်း ဂါရဝပြု ရေးသားထားတာ ဖတ်ရပါတယ်။
ဆရာမကြီးဟာ အင်္ဂလန်နိုင်ငံ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ရေးရာကျောင်း (SOAS) မြန်မာစာ ဌာနမှာ ကထိက အနေနဲ့ ဆရာလုပ်ခဲ့သူ ဖြစ်ပါတယ်။
ဆရာမကြီး ဒေါ်ခင်ခင်ချော အနေနဲ့ မြန်မာစာ မြန်မာစကား မြန်မာမှုကို သုတေသနပြု လေ့လာရာမှာ စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း ကြိုးစား လုပ်ဆောင်ခဲ့တယ်လို့ ဆိုရမယ့် သာဓကတွေ၊ မြန်မာစာပေ လောကကို အကျိုးပြုတဲ့ လုပ်ဆောင်ချက်တွေကို အမှတ်ရနေမိကြမှာပါ။
ဒေါ်ခင်ခင်ချောဟာ ရသစာပေ ဖြစ်တဲ့ မြန်မာ ဝတ္တုတို၊ ဝတ္ထုရှည် နဲ့ မြန်မာစာပေ လောကရဲ့ စာပေဝေဖန်ရေး တွေကို စိတ်ဝင်တစား အထူးပြု လေ့လာခဲ့ခြင်း ဖြစ်တယ်လို့ စာရေးဆရာကြီး အောင်သင်းကလည်း သူနဲ့ ဆရာမကြီး တွေ့ဆုံဆွေးနွေးမှု မှတ်တမ်း တခုမှာ ပြောဆိုထားပါတယ်။
၁၉၇၄ ခုနှစ်လောက်က ဆရာမကြီး မြန်မာပြည် တခေါက် ရောက်လာချိန် ဆရာ အောင်သင်း နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ကြခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တွေ့ဆုံ ဆွေးနွေးရာမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ပီမိုးနင်း တို့ကစပြီး ခေတ်ပြိုင် စာပေတွေ အထိ ဆွေးနွေးထားပါတယ်။
အဲဒီ ဆွေးနွေးချက်တွေကို နောက်ပိုင်း ၂၀၀၂ ခုနှစ်လောက်မှာ ဆရာ အောင်သင်းက တခြား တွေ့ဆုံဆွေးနွေးချက်တွေနဲ့ ပေါင်းစပ်ပြီး “စဉ်းစားစရာလေးတွေ” ဆိုတဲ့ အမည်နဲ့ စာအုပ် ထုတ်ဝေခဲ့ပါတယ်။
ဆရာမကြီး ဒေါ်ခင်ခင်ချောရဲ့ ရသစာပေ သုတေသနပြု လေ့လာမှုနဲ့ ပတ်သက်ပြီး မြန်မာစာပေ အသိုင်းအဝိုင်းမှာ အမှတ်ရနေမိတာ ကတော့ ဆရာကြီး ပီမိုးနင်း ရေးတဲ့ နေရီရီ ဝတ္ထု နဲ့ ဆရာ သော်တာဆွေ ရေးတဲ့ ကျောက်ဖြုံး ကျော်ကြီး ဝတ္ထုတွေ အကြောင်းကလည်း ဂယက်ရိုက် ထင်ရှားပါတယ်။
ဆရာ အောင်သင်း ကလည်း“ကျနော့်အဖို့မှာမူကား ကျနော် ကိုယ်တိုင် သေချာ မစဉ်းစားခဲ့မိသည့် ကိစ္စများ ဖြစ်နေသောကြောင့် သူ့ကို ကျေးဇူး တင်မိသည်မှာ အမှန် ဖြစ်သည့်ပြင် ဆရာကြီး ပီမိုးနင်း ၏ “နေရီရီ” ဝတ္ထု ကိစ္စမျိုး ဆိုလျှင် သူ့ကြောင့် ဗဟုသုတ တိုးရသည်ဟု အောက်မေ့မိပါသည်” လို့ “စဉ်းစားစရာလေးတွေ” မှာ ပြောဆိုထားပါတယ်။
“အဲဒီ နေရီရီကို ချားလ်စ် ဂါဗစ် ရဲ့ Just a Girl ဝတ္ထုကို ဘာသာပြန်တာရယ်လို့ မြန်မာ စာရေးဆရာတွေ ရေးတာကို တွေ့ရပါတယ်။ ကျမတို့ ဆီမှာ ဒီစာရေးဆရာကို ဘယ်သူမှ မသိကြတော့ပါဘူး။ သူ့ စာအုပ်ကိုလည်း ဘယ်မှာမှ ရှာလို့ မရပါဘူး။ ဒါနဲ့ ကျမလည်း မတတ်နိုင်ဘူး ဆိုပြီး ဗြီတိသျှ ပြတိုက်ထိအောင် လိုက်ရှာမှ တွေ့ရတော့တယ်။ အဲဒီမှာ ဖတ်ကြည့်တော့ ဇာတ်လမ်း ဇာတ်ကွက်က ဘာမှ မဆိုင်ပါဘူး။ ရိုးတိုး ရိတ်တိတ်တောင် မတူပါဘူး။ အဲဒါ ဘာကြောင့် Just a Girl ကို ဘာသာပြန်တာရယ်လို့ ပြောနေကြတယ် မသိဘူး” လို့ ဒေါ်ခင်ခင်ချောက ဆရာ အောင်သင်းကို ရှင်းပြ ထားတာလည်း တွေ့ရပါတယ်။
၁၉၈၈ ခုနှစ် မတ်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့၊ စာရေးဆရာ အယ်ဒီတာ ဦးဝင်းငြိမ်း လုပ်တဲ့ “မြန်မာစာပေ သံတမန် ဒေါ်ခင်ခင်ချောနှင့် တွေ့ဆုံပေးခြင်း” အင်တာဗျူးမှာလည်း –
“ကျမ ပထမဆုံး စိတ်ဝင်စားမိတဲ့ ဝတ္ထုက ပီမိုးနင်း ရဲ့ နေရီရီ ဝတ္ထုပါပဲ။ ဒီဝတ္ထုကို မြန်မာစာပေ အညွှန်းရေးတဲ့ မလိခ (မင်းကျော်) က ပင်ကိုရေး မဟုတ်ဘူး။ ချားလ်စ် ဂါဗစ် ရဲ့ Just a Girl ကို ဘာသာပြန်ထားတဲ့ ဝတ္ထု ဖြစ်တယ်လို့ ရေးထားတယ်” ဆိုပြီး ဒေါ်ခင်ခင်ချောက ပြောထားပါတယ်။
အဲဒီ ဦးဝင်းငြိမ်း အင်တာဗျူးမှာပဲ ဒေါ်ခင်ခင်ချောက ဆရာ သော်တာဆွေ ရဲ့ ကျောက်ဖြုံး ကျော်ကြီး ဝတ္ထုဟာ ပင်ကိုရေး မဟုတ်ဘဲ ဂျူးစာရေးဆရာကြီး Issae B. Singer ရေးတဲ့ Gimpel The Fool ကို မြန်မာမှု ပြုထားခြင်း ဖြစ်တယ်လို့ သိခဲ့ရကြောင်း ပြောပြပါတယ်။
ကျောက်ဖြုံး ကျော်ကြီးနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်ချောရဲ့ ပြောဆိုချက်ကို ဆရာသော်တာဆွေ ကလည်း ပေဖူးလွှာမှာပဲ ဆောင်းပါးရေးပြီး တုံ့ပြန် ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။
အဲဒီ ပေဖူးလွှာ အင်တာဗျူးတွေကို စုပြီး ပြန်ထုတ်တဲ့ “ဝင်းငြိမ်းနှင့် စာရေးဆရာများ – ၂” စာအုပ် အမှာစာမှာ ဦးဝင်းငြိမ်းက ဒေါ်ခင်ခင်ချော အင်တာဗျူးကို အမှတ်တရ ပြန်ပြောရာမှာ ကျောက်ဖြုံး ကျော်ကြီး ကိစ္စကို ထုတ်ပြောထားပါသေးတယ်။
“သူ့ အင်တာဗျူးမှာ ဆရာသော်တာဆွေ ရေးတဲ့ ကျောက်ဖြုံး ကျော်ကြီး ဝတ္တုဟာ ပင်ကိုရေး ဝတ္ထု မဟုတ်ဘဲ မှီငြမ်းပြီး မြန်မာမှု ပြုထားတဲ့ ဝတ္ထု ဖြစ်တယ် ဆိုတာကို ထောက်ပြလိုက်တဲ့ အတွက် ပွဲဆူခဲ့ပြန်တယ်။ ဆရာသော်တာဆွေ သက်ရှိ ထင်ရှား ဖြစ်လို့ ဆရာကလည်း ပေဖူးလွှာမှာ သူဘာသာ မပြန်တတ်ကြောင်း၊ ကျောက်ဖြုံး ကျော်ကြီးဟာ ပင်ကိုရေးသာ ဖြစ်ကြောင်း တုံ့ပြန် ရေးသားလိုက်တော့ ဒေါ်ခင်ခင်ချောက မူရင်း ဝတ္ထုနဲ့ ကျောက်ဖြုံး ကျော်ကြီးကို တပိုဒ်ချင်း ယှဉ်ပြီး ချပြလိုက်ပါတယ်။ အင်္ဂလန်ကနေ မြန်မာစာ ကွန်ပျူတာနဲ့ စီပြီး ပို့ခဲ့တာပါ”လို့ ဦးဝင်းငြိမ်းက တခုတ်တရ ရေးပြထား ပါတယ်။
အဲဒီ ဆောင်းပါးဟာ မြန်မာစာပေ လောကမှာ မြန်မာစာကို ကွန်ပျူတာ စာစီအဖြစ် ပထမဆုံး မြင်တွေ့ရတဲ့ ဆောင်းပါး ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဒေါ်ခင်ခင်ချောဟာ SOAS မြန်မာစာဌာနမှာ တာဝန် ထမ်းဆောင်ရင်း အဲဒီလို မြန်မာ ရသစာပေ ဝတ္ထုတွေကို လေ့လာ ရာမှာ ခေတ်သစ် မြန်မာ စာပေကို အထူး လေ့လာပြီး အထူးသဖြင့် ၁၉၄၈ ခုနှစ် နောက်ပိုင်း ပုံနှိပ် ထုတ်ဝေမှုနှင့် ခေတ်ပြိုင် ဝတ္ထုတိုများကို လေ့လာကာ ဆောင်းပါးများစွာကို ရေးသားခဲ့ကြောင်း မြန်မာစာ ပညာရှင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကလည်း “ပြည်ပ ပညာရှင်များနှင့် မြန်မာစကား၊ မြန်မာစာ” ဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။
ဆရာမကြီးဟာ လန်ဒန် တက္ကသိုလ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ “မြန်မာစာပေ ဧည့်ခံစာတမ်း” ရေးသားပြုစုခဲ့သူ မြန်မာ ပညာရှင် ဆရာကြီး ဒေါက်တာ လှဘေ ရဲ့ တပည့်ရင်း ဖြစ်သလို စာပေပညာရှင် ဆရာကြီး ဦးဖေမောင်တင် ဆီမှာလည်း မြန်မာစာပေနဲ့ ပတ်သက်ပြီး သင်ယူ လေ့လာခွင့် ရခဲ့ကြောင်းလည်း ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) က ဆိုပါတယ်။
ဆရာမကြီး ဒေါ်ခင်ခင်ချောဟာ ရန်ကုန် တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ်တွေမှာလည်း မြန်မာဘာသာကို လေ့လာခဲ့ကြောင်း၊ ၁၉၈၇ ခုနှစ် အတွင်းက ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာနကို လာရောက်စဉ် မြန်မာစာပေ နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သွားကြောင်းလည်း သိရပါတယ်။
မြန်မာ စာပေလောက နဲ့ ပတ်သက်ပြီး ဆရာမကြီး ဒေါ်ခင်ခင်ချော ရဲ့ ထူးခြားတဲ့ ကြိုးပမ်းမှု တခုကတော့ စာပေ လွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ စာအုပ် တအုပ် ပြုစု ထုတ်ဝေနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါ်ခင်ခင်ချောဟာ နဝတ စစ်အစိုးရ ခေတ်မှာ စာပေ ကင်ပေတိုင်လို့ စာပေလောက သားတွေ ခေါ်တဲ့ စိစစ်ရေး ရဲ့ ဆင်ဆာ ဖြတ်တောက်မှု တွေ၊ ဖြတ်တောက် ခံခဲ့ရလို့ ပုံနှိပ် ဖော်ပြခွင့် မရတဲ့ စာတွေ အကြောင်းကို Inked Over, Ripped Out (ငွေမင် သုတ်တယ်၊ ဆုတ်ဖြဲတယ်) ဆိုတဲ့ အမည်နဲ့ ၁၉၉၃ ခုနှစ် စက်တင်ဘာလမှာ ပြုစု ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ Inked Over, Ripped Out စာအုပ်ကြောင့်လည်း ဒေါ်ခင်ခင်ချော ခေါ် မစ္စ အန်နာ အဲလော့ ထင်ရှားခဲ့ရပါတယ်။
စစ်အစိုးရ လက်ထက် မြန်မာပြည် ခရီးစဉ်တခုအတွင်း မေမြို့မှာ ရှိတဲ့ စစ်တက္ကသိုလ်မှာ ရုရှားစာပေ သင်ကြားပေးနေတဲ့ သူ့မိတ်ဆွေကို သွားတွေ့ခဲ့တာနဲ့ ဆက်စပ်ပြီး ဒေါ်ခင်ခင်ချော နောက်ကို စစ်ထောက်လှမ်းရေးတွေ လိုက်သလို အစိုးရ သတင်းစာတွေ ကနေလည်း ရေးသား တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၂ဝဝ၅ ခုနှစ်က မန္တလေးက စာရေးဆရာမကြီး လူထုဒေါ်အမာ မွေးနေ့ပွဲတက်ဖို့ အသွားမှာတော့ သူ့ကို စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် နိုင်ငံရေး ဖြေလျှော့မှုတွေ လုပ်ချိန် နောက်ပိုင်းကျမှ မြန်မာပြည် ပြန်ခွင့် ရခဲ့တယ် လို့လည်း ဆိုပါတယ်။
ဒေါ်ခင်ခင်ချောဟာ မြန်မာစာနဲ့ ပတ်သက်ပြီး ဆရာကြီး ဒေါက်တာ လှဘေ၊ ဂျွန်အိုကယ် (John Okell) တို့နဲ့ အတူ Burmese/Myanmar Dictionary of Grammatical Forms ဆိုတဲ့ စာအုပ်ကိုလည်း ပြုစုခဲ့ပါသေးတယ်။
ဂျွန်အိုကယ် ခေါ် မြန်မာ အမည် ဦးလှသိန်း ဟာလည်း မြန်မာစာပေ သုတေသီ ပညာရှင်၊ SOAS မြန်မာစာ ဌာနမှာ ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ၊ ဒေါက်တာ လှဘေ ရဲ့ တပည့် တဦး ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လက ကွယ်လွန် သွားခဲ့ပါတယ်။
ဒေါက်တာ လှဘေ၊ ဂျွန်အိုကယ် နဲ့ ဒေါ်ခင်ခင်ချောတို့ သုံးယောက် ပူးတွဲပြီး အနန္တသူရိယ၊ လက်ဝဲသုန္ဒရ နဲ့ ဦးပုည တို့ရဲ့ ရတု၊ လေးချိုးတွေကို လေ့လာ တင်ပြချက် ရေးခဲ့ကြောင်းလည်း သိရပါတယ်။
အခုလို မြန်မာစာပေ နဲ့ ပတ်သက်ပြီး တသက်တာ ပတ်လုံး စွမ်းဆောင် အကျိုးပြုခဲ့တဲ့ သုတေသန ပညာရှင် ဆရာမကြီး ဒေါ်ခင်ခင်ချော အသက် ၉၀ ကျော်မှာ ကွယ်လွန်သွားခြင်းဟာ မီးဆာကုန် ဆီခမ်းချိန်ဟု ဆိုနိုင်သော်လည်း မြန်မာစာပေ လောက အတွက်တော့ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတခုပဲ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဒေါ်ခင်ခင်ချော ခေါ် မစ္စစ် အန်နာ အဲလော့တ် (Mrs. Anna Joan Allott) ဟာ ၁၉၃၀ ပြည့်နှစ်က အဖ အင်္ဂလိပ် လူမျိုး သောမတ်စ် ဆားဂျင့် (Thomas Sargant)၊ အမိ ချက်အမျိုး သမီး မာရီယာယ် လှု့ရှ် ကော့ဗား (Marie Hloušková) မိဘ နှစ်ပါးကနေ လန်ဒန်မြို့မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ်ကနေ ၁၉၅၁ ခုနှစ် အထိ လန်ဒန် တက္ကသိုလ်မှာ ရုရှား စာပေ အဓိက သင်ယူပြီး B.A ဘွဲ့ ရရှိခဲ့ပါတယ်။
၁၉၅၁ ခုနှစ်မှာပဲ School of Oriental and African Studies – SAOS မှာ ဘွဲလွန် ဆက်တက်ခဲ့ပါတယ်။
ပထမ တက်စဉ်က တရုတ် ဘာသာ သင်ကြားခဲ့ပါတယ်။ ကျောင်းတက်ရင်း အာဖရိက ဥပဒေ ကထိက မစ္စတာ အန်တိုနီ နီကိုလတ်စ် အဲလောက် နဲ့ မေတ္တာမျှပြီး အိမ်ထောင်ပြုခဲ့ပါတယ်။
၁၉၅၂ ခုနှစ်မှာတော့ ကျောင်းက လူကြီးများရဲ့ အစီအစဉ်နဲ့ သူ့ကို မြန်မာစာ အဓိက လေ့လာစေခဲ့ကြောင်း သိရပါတယ်။ ။