၁၉၆၅ ခုနှစ် မလေးရှားနိုင်ငံမှ စင်ကာပူ ခွဲထွက်သောအခါ လောရင့်ဝေါင်း (Lawrence Wong) ကို မမွေးဖွားသေးဘဲ သူ၏အသက် ၄၀ မွေးနေ့မတိုင်မီ အချိန်အနည်းငယ်အလို ၂၀၁၁ ခုနှစ်ကမှ နိုင်ငံရေးလောကသို့ ဝင်ရောက်လာသူ ဖြစ်သည်။
သို့သော် စင်ကာပူ၏ ကိုဗစ်နိုင်တင်းကပ်ရောဂါ တုံ့ပြန်မှုကို ကျွမ်းကျင်စွာ ကိုင်တွယ်မှုကြောင့် သူသည် ယခင်ဝန်ကြီးချုပ်၏ ယုံကြည်မှုအပြည့်ဖြင့် နိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်ခွင့်ရစေခဲ့သည်။ ကပ်ရောဂါကာလအတွင်းက စင်ကာပူသည် ကမ္ဘာ့ကူးစက်မှုအနည်းဆုံး နိုင်ငံများအနက် တခုဖြစ်ခဲ့သည်။
အသက် ၅၁ နှစ်ရှိပြီဖြစ်သော မစ္စတာ လောရင့်ဝေါင်းသည် မေလ ၁၅ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဟု လက်ရှိဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက ဧပြီလ ၁၅ ရက်နေ့တွင် ကြေညာသည်။
“လောရင့်နဲ့ စတုတ္ထမျိုးဆက် (4G) အဖွဲ့က ပြည်သူတွေရဲ့ ယုံကြည်မှုရအောင် အလုပ်ကြိုးစားနိုင်ခဲ့တယ်။ အထူးသဖြင့် ကပ်ရောဂါ ကာလအတွင်းမှာ လုပ်ပြနိုင်ခဲ့တယ်” ဟု မစ္စတာ လီက Facebook ပို့စ်တခုတွင် ရေးသားသည်။
“Forward Singapore exercise ကနေတဆင့် သူတို့ဟာ ကျနော်တို့ရဲ့ လူမှုသက်ရောက်မှု အားသစ်လောင်းဖို့နဲ့ မျိုးဆက်သစ်တခုအတွက် အမျိုးသားအစီအစဉ် ချမှတ်ဖို့ စင်ကာပူနိုင်ငံသား အများအပြားနဲ့ လုပ်ကိုင်ခဲ့တယ်” ဟုလည်း ၎င်းကရေးသားသည်။
စင်ကာပူ နိုင်ငံရေးသမားများသည် ကမ္ဘာတွင် လစာအကောင်းဆုံးသူများ၌ ပါဝင်ပြီး ဝန်ကြီးချုပ်ရာထူးသည် တနှစ်လျှင် လစာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း (စင်ကာပူဒေါ်လာ ၂ ဒသမ ၅ သန်း) ရသော ရာထူးဖြစ်သည်။
စင်ကာပူ၏ ပထမဆုံးဝန်ကြီးချုပ် မစ္စတာ လီကွမ်ယူ၏ အကြီးဆုံးသားဖြစ်သော မစ္စတာ လီရှန်လွန်းသည် ဆယ်စုနှစ် နှစ်ခုကြာ တာဝန်ယူခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း လွန်ခဲ့သော နိုဝင်ဘာလတွင် မျက်ရည်ချုပ်တည်း မိန့်ခွန်းပြောကြားကာ ကြေညာခဲ့သည်။
၂၀၁၇ ခုနှစ်ကလည်း သူသည် အသက် ၇၀ ပြည့်မွေးနေ့မတိုင်မီ ရာထူးစွန့်ရန် အရိပ်အမြွက် ပြောခဲ့သော်လည်း သူ့ဖခင်ပြီးလျှင် ဒုတိယ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်အဖြစ် ဆယ်စုနှစ် နှစ်ခုကြာ အာဏာချုပ်ကိုင်ထားခဲ့သည်။ သူသည် လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၇၂ နှစ် ပြည့်ခဲ့သည်။
မစ္စတာ လီကွမ်ယူသည် ၁၉၅၉ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ်လုပ်ခဲ့သည်။ စင်ကာပူသည် ၁၉၆၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့တွင် လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်။ အသက် ၉၁ နှစ်အရွယ် ၂၀၁၅ ခုနှစ်တွင် ကွယ်လွန်သည်။
စင်ကာပူ နိုင်ငံရေးသမားများသည် ကမ္ဘာတွင် လစာအကောင်းဆုံးသူများ၌ ပါဝင်ပြီး ဝန်ကြီးချုပ်ရာထူးသည် တနှစ်လျှင် လစာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း (စင်ကာပူဒေါ်လာ ၂ ဒသမ ၅ သန်း) ရသော ရာထူးဖြစ်သည်။
ဝန်ကြီးချုပ်အဖြစ် ၁၄ နှစ် လုပ်ကိုင်ခဲ့သော မစ္စတာ ဂိုချုပ်တောင်ကို ဆက်ခံပြီး လီရှန်လွန်း ၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် နိုင်ငံ၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် သြစတြေးလျ ဝန်ကြီးချုပ်မှာ မစ္စတာ ဂျွန်ဟောင်းဝပ် ဖြစ်သည်။
လွန်ခဲ့သော နှစ် ၂၀ အတွင်း မစ္စတာ လီသည် သြစတြေးလျ ဝန်ကြီးချုပ် ခုနစ်ဦး တက်လာသည်၊ ဆင်းသွားသည်ကို မြင်တွေ့ခဲ့သည်။ မလေးရှားမှ ခွဲထွက်ပြီးနောက် သူ့ဖခင်က နိုင်ငံကို ဦးဆောင်နေစဉ် ၁၉၆၅ ခုနှစ်တွင် မစ္စတာ ရောဘတ်မန်ဇီးစ်သည် သြစတြေးလျဝန်ကြီးချုပ် ဒုတိယ သက်တမ်းကို ထမ်းဆောင်နေသည်။
ထိုအချိန်မှ ၅၈ နှစ်ခွဲကြာသောအခါ သြစတြေးလျတွင် ဝန်ကြီးချုပ် ၁၄ ဦးပြောင်းပြီး စင်ကာပူတွင် စုစုပေါင်း သုံးဦးသာ ပြောင်းသည်။ ထို သုံးဦးအနက် နှစ်ဦးသည် မိသားစုတခုတည်းမှ ဖြစ်သည်။
နိုင်ငံရေး အရှုပ်တော်ပုံကြောင့် စင်ကာပူ အထိနာ
စင်ကာပူ၏ တည်ငြိမ်မှုနှင့် စီးပွားရေး ကြွယ်ဝချမ်းသာမှု ရုပ်ပုံလွှာသည် အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံအများအပြားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် မစ္စတာ လီ အာဏာရလာပြီးနောက် အကိုကြီးဟောင်း မလေးရှားတွင် ဝန်ကြီးချုပ် ခြောက်ဦးပြောင်းပြီး 1MDB အရှုပ်တော်ပုံကြောင့် သိက္ခာကျဆင်းရကာ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် တရားစွဲခံရသည်။
သူ၏ထောင်ဒဏ် ၁၂ နှစ်ကို ရာထူးစွန့်လွှတ်သွားသည့် မလေးရှားဘုရင်က ထက်ဝက် လျှော့ချပေးသော်လည်း နာဂျစ်သည် ထောင်တွင်း ဆက်လက်ရှိနေဆဲဖြစ်သည်။
စင်ကာပူသည် အများအားဖြင့် သဟဇာတဖြစ်ခြင်းနှင့် ကြွယ်ဝချမ်းသာခြင်း ရှိသော်လည်း မစ္စတာ လီ၏ ဝန်ကြီးချုပ်သက်တမ်း နှောင်းပိုင်းသည် စိန်ခေါ်မှုအများဆုံး ဖြစ်လာသည်။
အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးနှင့် လုပ်ဖော်ကိုင်ဘက်ချင်း အိမ်ထောင်ရေး ဖောက်ပြန်မှု အပါအဝင် အရှုပ်တော်ပုံ အများအပြားကြောင့် ပြည်သူ့အရေးတော်ပုံပါတီ (PAP) သည် အထိနာသွားကြောင်း လွန်ခဲ့သောနှစ်က သူဝန်ခံသည်။
မစ္စတာ လီ၏နေရာတွင် ဝန်ကြီးချုပ်အဖြစ် ဆက်ခံမည်ဟု ခန့်မှန်းခံရသည့် နိုင်ငံရေးသမား တဦးအပါအဝင် အဆင့်မြင့် နိုင်ငံရေးသမား နှစ်ဦးသည် အိမ်ထောင်ရေးဖောက်ပြန်နေကြောင်း ပေါ်ပေါက်လာပြီးနောက် ရာထူးမှ နုတ်ထွက်ရသည်။
အသက် ၅၅ နှစ်အရွယ် ပါလီမန် ဥက္ကဋ္ဌ တန်ချွန်ကျင်နှင့် အသက် ၄၈ နှစ်အရွယ် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမား ချန်လီဟွီတို့သည် မလျော်ကန်သော ဆက်ဆံရေးအတွက် ပါလီမန်နှင့် PAP မှ လွန်ခဲ့သော ဇူလိုင်လတွင် နုတ်ထွက်ရသည်။ မစ္စတာ တန်သည် အိမ်ထောင်နှင့် ကလေး နှစ်ဦး ရှိသည်။
မစ္စတာ လီ၏နေရာတွင် ဝန်ကြီးချုပ်အဖြစ် ဆက်ခံမည်ဟု ခန့်မှန်းခံရသည့် နိုင်ငံရေးသမား တဦးအပါအဝင် အဆင့်မြင့် နိုင်ငံရေးသမား နှစ်ဦးသည် အိမ်ထောင်ရေးဖောက်ပြန်နေကြောင်း ပေါ်ပေါက်လာပြီးနောက် ရာထူးမှ နုတ်ထွက်ရသည်။
စင်ကာပူ၏ ညဘက်ကားပြိုင်ပွဲသည် Formula 1 ကားပြိုင်ပွဲ၏ အစိတ်အပိုင်း ဖြစ်လာသည်ဟု စင်ကာပူက ပြောကြားနေစဉ် ခရီးသွားလုပ်ငန်းကို ကြီးကြပ်ရသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီး အက်စ် အစ္စဝါရန်သည် အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရပြီး ရာထူးမှ နုတ်ထွက်ရသည်။ ပြည်သူ့ဝန်ထမ်း တဦးအနေဖြင့် လိင်ပိုင်းဆိုင်ရာ သာယာမှု ရယူခြင်း အပါအဝင် သူ့ကို စွပ်စွဲသည့် စွဲချက် ၃၅ ချက်ကို ငြင်းဆန်သည်။
အစ္စဝါရန်၏ နုတ်ထွက်စာကို လက်ခံကြောင်းနှင့် သူ့အစိုးရသည် ထိုအမှုကို အပြင်းအထန် ကိုင်တွယ်ဖြေရှင်းနေကြောင်း မစ္စတာ လီက ပြောသည်။
“ပါတီနဲ့ အစိုးရရဲ့ ရိုးသားတည်ကြည်မှု၊ ကျနော်တို့ရဲ့ ရိုးသားမှုနဲ့ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ ကျနော် ဆုံးဖြတ်ထားတယ်။ စင်ကာပူနိုင်ငံသားတွေက ဒီထက်နည်းပြီး ဘာမှမျှော်လင့်မထားဘူး” ဟု မစ္စတာ လီက ပြောသည်။
လွန်ခဲ့သောနှစ်တွင် စင်ကာပူသည် ၂၀၂၃ ခုနှစ် နိုင်ငံတကာ အဂတိလိုက်စားမှု ပွင်းလင်းမြင်သာမှု အညွှန်းကိန်းတွင် ပဉ္စမနေရာရှိပြီး ထိပ်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်သည့် တခုတည်းသော အာရှနိုင်ငံဖြစ်လာသည်။ သြစတြေးလျသည် ထိုစာရင်းတွင် အမှတ် ၁၄ နေရာတွင်ရှိပြီး နယူးဇီလန်သည် တတိယ နေရာတွင် ရှိသည်။
၂၀၂၀ ထက် အခြေအနေကောင်းရန် PAP မျှော်လင့်
မကြာသေးမီက အရှုပ်တော်ပုံများနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီ၏ စွမ်းဆောင်မှု မကောင်းခြင်းကြောင့် နိုင်ငံ၏ဝန်ကြီးချုပ်သစ်အဖြစ် မစ္စတာ ဝေါင်းသည် စင်ကာပူပြည်သူများ၏ PAP အပေါ် ယုံကြည်မှုကို ပြည်လည်ရယူရန် လိုမည်ဖြစ်သည်။
PAP သည် ၎င်း၏ အဓိကအများစု အနေအထားကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သော်လည်း နေရာအချို့ ဆုံးရှုံးပြီး ရွေးကောက်ပွဲထောက်ခံမှု လျော့ကျခြင်း အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရသည်။
၂၀၂၀ ရွေးကောက်ပွဲပြီးနောက် ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီးနှင့် မစ္စတာ လီကို ဆက်ခံမည့်သူအဖြစ် ယခင်က သတင်းထွက်နေသူ မစ္စတာ ဟန်ဆွီကိက သူ့၏ အမည်စာရင်းတင်သွင်းခြင်းကို ရုပ်သိမ်းသွားသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ဒုဝန်ကြီးချုပ်အဖြစ် ရာထူးတိုးပေးခံရသည့် မစ္စတာ ဝေါင်းအတွက် လမ်းပွင့်သွားသည်။ သူ့ကို ယခင်တနှစ်ကပင် ဘဏ္ဍာရေးဝန်ကြီး ခန့်ပြီးဖြစ်သည်။
သူသည် ကာကွယ်ရေး၊ ပညာရေး၊ ဆက်သွယ်ရေးနှင့်ယဉ်ကျေးမှု၊ လူမှုအသိုက်အဝန်းနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနများကိုလည်း ကိုင်တွယ်ခဲ့ပြီးဖြစ်သည်။
စင်ကာပူမှ လူကြိုက်များသော ရပ်ကွက်ဖြစ်သည့် အရှေ့ဘက်ကမ်းခြေတွင် လူလားမြောက်သည့် ဝေါင်းသည် ထိုရပ်ကွက်မှ တန်ဂျောင်ကတောင် မူလတန်းကျောင်းတွင် ပညာသင်ကြားပြီး သူ့မိခင်သည် ထိုကျောင်းမှ ကျောင်းဆရာမတဦး ဖြစ်သည်။ ထို့နောက် အနီးရှိ ဗစ်တိုးရီးယား ဂျူနီယာကောလိပ်တွင် ဆက်လက် ပညာသင်ကြားသည်။
သူသည် အမေရိကန် ပြည်ထောင်စုတွင်လည်း ဆက်လက် ပညာသင်ကြားပြီး ဟားဗတ် တက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး မဟာဘွဲ့အပါအဝင် တက္ကသိုလ် သုံးခုမှ ဘွဲ့များရခဲ့သည်။
သူ၏ အသက်မွေးကြောင်းအစပိုင်းတွင် စီးပွားရေးပညာရှင်နှင့် စီမံခန့်ခွဲသူအဖြစ် လုပ်ကိုင်ပြီးနောက် ဝန်ကြီးချုပ်ဖြစ်ခြင်းသည် မည်သည့်ပုံစံဖြစ်သည်ကို ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း မစ္စတာ လီ၏ ပုဂ္ဂလိက အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်စဉ် နားလည်ခဲ့သည်။
ခေါင်းဆောင်မှု မျိုးဆက်သစ်
မစ္စတာ လီထက် အသက် ၂၀ ကျော်ငယ်သော Gen X မျိုးဆက်ဝင် မစ္စတာ ဝေါင်းသည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် မွေးသည့် စင်ကာပူ၏ ပထမဆုံး ခေါင်းဆောင်ဖြစ်လာမည်ဖြစ်ပြီး ခေါင်းဆောင်မှုနှင့် ပတ်သက်လျှင် ပိုမိုခေတ်မီသော ချဉ်းကပ်မှုများ ယူဆောင်လာမည်ဟု မျှော်လင့်ရသည်။
“ကျနော်က လောရင့်ဝေါင်းကို အရမ်းသဘောကျတယ်။ သူက လူကောင်းတယောက်ပဲ။ လူကြီးလူကောင်းဆန်တယ်၊ စမတ်ကျတယ်။ အရေးအကြီးဆုံးကတော့ အမှန်တကယ် စာနာတတ်တာပဲ” ဟု အသက် ၅၂ နှစ်အရွယ် သက်မွေးဝမ်းကြောင်းလုပ်ငန်း တိုးတက်ရေး နည်းပြဆရာ အက်ဒရီယန် ချိုးက ပြောသည်။
“သူဟာ ခေါင်းဆောင်မှုမျိုးဆက်သစ်ကို ကိုယ်စားပြုပြီး PAP ကို ဦးဆောင်တဲ့အခါ စိန်ခေါ်မှုတွေ တွေ့ရနိုင်ပေမယ့် သူက စင်ကာပူကို ကောင်ကောင်း ဦးဆောင်နိုင်မယ်ဆိုတာ ကျနော် သံသယမရှိဘူး” ဟုလည်း ၎င်းကပြောသည်။
မစ္စတာ လီထက် အသက် ၂၀ ကျော်ငယ်သော Gen X မျိုးဆက်ဝင် မစ္စတာ ဝေါင်းသည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် မွေးသည့် စင်ကာပူ၏ ပထမဆုံး ခေါင်းဆောင်ဖြစ်လာမည်ဖြစ်ပြီး ခေါင်းဆောင်မှုနှင့် ပတ်သက်လျှင် ပိုမိုခေတ်မီသော ချဉ်းကပ်မှုများ ယူဆောင်လာမည်ဟု မျှော်လင့်ရသည်။
လွန်ခဲ့သော ဆယ်စုနှစ်တခုက ရုပ်သံဆွေးနွေးပွဲတခုတွင် အတူတူပါဝင်စဉ်ကပင် မစ္စတာ ဝေါင်းသည် ပိုမိုကြီးမားသော လုပ်ငန်းများအတွက် ပြုစုပျိုးထောင်ထားသူဖြစ်ကြောင်း သတိထားမိသည်ဟု ၁၉၉၀ ပြည့်နှစ်များက စင်ကာပူသို့ ပြောင်းလာသည့် ဗြိတိန်နိုင်ငံဖွား စာရေးဆရာနှင့် ရေဒီယိုတင်ဆက်သူ နီးလ် ဟမ်ဖရေးစ်က ပြောသည်။
“ကင်မရာရှေ့မှာရော အပြင်မှာပါ သူ့ရဲ့ ဥာဏ်ပညာနဲ့ ဖော်ရွေတဲ့ ကိုယ်ရည်ကိုယ်သွေးက ချက်ချင်း သိသာတယ်။ ဘာမှတ်စုမှ ယူမလာလို့ အံ့သြမိတယ်” ဟု ဟမ်ဖရေးစ်က ပြောသည်။ ထိုသို့ မှတ်တမ်းမှတ်ရာ ယူမလာခြင်းသည် စင်ကာပူတွင် တွေ့ရခဲလှသည်။
“ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ နောက်ခံအမျိုးမျိုးက လာသူတွေဖြစ်တယ်။ အားကစား၊ အနုပညာ၊ မီဒီယာနဲ့ ပညာရှင်တွေပါတယ်။ ဒါပေမယ့် သူက ဘာသာရပ်အားလုံးမှာ လက်တန်း ဝင်ရောက်ဆွေးနွေးတယ်။ သူက စဉ်းစားနိုင်ပြီး အတွင်းသရုပ်ကို မြင်တယ်။ ရိုးသားစွာ ပြောရရင် သူက စင်ကာပူရဲ့ နောက်လာမယ့် ဝန်ကြီးချုပ်ဖြစ်မယ်ဆိုတော့ မအံ့သြဘူး” ဟု ၎င်းက ဆက်ပြောသည်။
စိတ်ကျန်းမာရေး ဦးစားပေး
စင်ကာပူ၏ ကြွယ်ဝချမ်းသာမှုသည် မစ္စတာ ဝေါင်း ဦးဆောင်သည့် အစိုးရအောက်တွင် ဆက်လက် တိုးပွားနေမည်ကို သံသယ မရှိကြောင်း ကလေးငယ် နှစ်ဦး၏ မိခင် ကုခန်းစိတ်ပညာရှင် ဒေါက်တာ အန်နာဘဲလ် ချိုးက ပြောသည်။
“ကိုဗစ်နိုင်တင်းအတွင်း နိုင်ငံရဲ့ ခေတ်သစ်သမိုင်းက အခက်ခဲဆုံး အချိန်တွေထဲက တခုမှာ ကြီးမားတဲ့ စိတ်ကျန်းမာရေး စိန်ခေါ်မှုတွေကြားမှာ ပိုမိုစုစည်းညီညွတ်တဲ့ ပြည်သူတရပ်ဖြစ်စေပြီး နိုင်ငံကို သူ ကူညီလမ်းညွှန်ခဲ့တယ်” ဟု ဒေါက်တာ အန်နာဘဲလ်က ပြောသည်။
“သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ စိတ်ကျန်းမာရေးကို အစိုးရအတွက် အဓိက ဦးစားပေးလို့ သတ်မှတ်ပြီး စင်ကာပူရဲ့ အမျိုးသားစိတ်ကျန်းမာရေးနဲ့ ဘဝသာယာစိုပြေရေး သေနင်္ဂဗျူဟာကို အထွတ်အထိပ် ရောက်စေတယ်။ စင်ကာပူဟာ ကျမ မိခင်နိုင်ငံလို့ပြောနိုင်တာ ကံကောင်းတယ်လို့ ခံစားရပြီး ကျမတို့နိုင်ငံဟာ ဒေသတွင်းမှာ၊ တကမ္ဘာလုံးမှာ ဝိတ်တန်းမတူရင်တောင် ဆက်လက် ထိုးနှက်နိုင်မယ်လို့ တိတ်တဆိတ် ယုံကြည်တယ်” ဟုလည်း ၎င်းကပြောသည်။
မစ္စတာ ဝေါင်းသည် ပထဝီနိုင်ငံရေး ရည်မှန်းချက်များထက် ပြည်သူလူထုကို ဦးစားပေးမည်ဖြစ်ကြောင်း ယခင် ပါလီမန်ကိုယ်စာလှယ်လောင်းနှင့် ဆက်သွယ်ရေး အတိုင်ပင်ခံလုပ်ငန်း Black Dot ကို တည်ထောင်သူ မစ္စတာ နီကိုလပ် ဖန်းက ပြောသည်။
“ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ သူပြောတဲ့ အသုံးစရိတ်ခွဲဝေမှု မိန့်ခွန်းတွေနဲ့ အခြားပြောဆိုချက်တွေကနေ လာမယ့်နှစ်တွေမှာ စင်ကာပူရဲ့ဦးတည်ရာနဲ့ ပတ်သက်ပြီး သူ့အောက်က စတုတ္ထမျိုးဆက် စိတ်ထဲမှာ ရှိနေတာတွေကို ကျနော်တို့ တစေ့တစောင်း သိပြီးဖြစ်တယ်” ဟု မစ္စတာ ဖန်းက ပြောသည်။
“သူဟာ ရည်မှန်းချက် မြင့်မားလွန်းပြီး လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ရည်မှန်းချက်တွေထက် ပြည်သူတွေအတွက် အလိုအပ်ဆုံးနဲ့ အစိုးရိမ် အပူပန်ဆုံးကိစ္စတွေကို ကိုင်တွယ်ဖို့ လိုလားတဲ့၊ အထူးသဖြင့် စိန်ခေါ်မှုရှိတဲ့ကာလတွေ၊ အကျပ်အတည်းတွေမှာ ကိုင်တွယ်ဖြေရှင်းဖို့ လိုလားတဲ့ ခေါင်းဆောင်တယောက် ဖြစ်နိုင်ပြီး နိုင်ငံသားတွေတောင်းဆိုနေတဲ့ လတ်တလော လက်တွေ့ အကူအညီပေးနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။
“တချိန်တည်းမှာပဲ သူဟာ PAP အစိုးရရဲ့ အဓိက အာရုံစိုက်မှုဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်လက် ဆွဲဆောင်ရေးနဲ့ စင်ကာပူ လုပ်သားအင်အားစုအဖြစ် ကမ္ဘာ့အဆင့်ဖြစ်ရေး လုပ်ဆောင်ပြီး နိုင်ငံတခုလုံး ရေရှည်ရပ်တည်ရှင်သန်ရေးနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးကိုလည်း ဆက်လက် လုပ်ကိုင်နိုင်တယ်” ဟု မစ္စတာ ဖန်းက ဆက်ပြောသည်။
စင်ကာပူနိုင်ငံသားများသည် လာမည့်လတွင် မြို့တော်၏ကျော်ကြားသော ဈေးရောင်းစင်တာများမှ မဝေးလှသည့် စင်ကာပူသမ္မတနန်းတော်ဖြစ်သော အစ္စတာနာတွင် မစ္စတာ ဝေါင်း ကျမ်းသစ္စာကျိန်ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြမည်ဖြစ်သည်။
(ABC News ပါ Jason Dasey ၏ Who is Lawrence Wong, the man poised to become Singapore’s fourth prime minister in six decades, on a $2.5m salary? ကို ဘာသာပြန်သည်။)
You may also like these stories:
စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ
စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်
နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ
စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား
မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်