လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုများသာမက နေပြည်တော်ကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မည်ကို အမြဲစိုးရိမ်နေပြီး မြန်မာမှ အပူလောင်ဆုံး ထိပ်တန်းဗိုလ်ချုပ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စိတ်ဖိစီးမှု တားဆီးရေး ဆေးဝါးဖြစ်သည့် အယ်လ်ပရာဇိုလမ်အား ညစဉ် သောက်နေရသည်ဆိုသည့် ကောလာဟလများပင် ထွက်နေသည်။
သူ၏ ခရီးစဉ်များ အတိုက်အခံအင်အားစုများထံ ပေါက်ကြားမည်ကို စိုးရိမ်မှုဖြင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လူမြင်ကွင်းသို့ ထွက်ရမည်ကို မကြာသေးမီက ရှောင်ရှားနေသည်။
သူသည် လုပ်ကြံသတ်ဖြတ်ခံရမည် သို့မဟုတ် တနည်းနည်းဖြင့် အာဏာမှ ဖယ်ရှားခံရမည်ကို ကြောက်လန့်နေသည်ဟု နေပြည်တော်မှ စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတွင် မည်သူ့ကိုမဆို သူ ယုံကြည်နိုင်ပါသလား။
ပထမဆုံးအချက်မှာ ဧပြီလ ပထမပတ်တွင် ဒရုန်းများသည် လေတပ်စခန်းတခု၊ စစ်တပ်ဌာနချုပ်နှင့် မင်းအောင်လှိုင်၏ နေအိမ်ကို ပစ်မှတ်ထားပြီး နေပြည်တော်ကို တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုသည် အောင်မြင်ကြောင်း အတိုက်အခံများကပြောပြီး နောက်ထပ် တိုက်ခိုက်ရန် စီစဉ်ထားကြောင်းလည်း ပြောသည်။
ထိုဒရုန်းများကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ ပြေးလမ်းပေါ်တွင် ပေါက်ကွဲသည့် ဒရုန်းတစင်းအပါအဝင် ခုနစ်စင်းကို ပစ်ချခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးမှု မရှိကြောင်း စစ်ကောင်စီက ပြောသည်။ သို့သော် ထိုတိုက်ခိုက်မှုသည် စစ်ခေါင်းဆောင်များ၏ လုံခြုံရေးကို စိတ်ဓာတ်ပိုင်းအရ ထိုးနှက်ချက်ပင်ဖြစ်သည်။ နေပြည်တော် လေပိုင်နက်အတွင်းသို့ ဒရုန်းများ မည်သို့ ထိုးဖောက်နိုင်သနည်း။
နေပြည်တော်ကို အကြီးအကျယ် အစောင့်ချထားပြီး တနိုင်ငံလုံးတွင် ဖြစ်နေသည့် တိုက်ပွဲများမှ ကာကွယ်ထားသည်။ အဓိကကျသည့် ဝန်ကြီးဌာနများ၊ စစ်ဌာနချုပ်များနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်တို့တွင် ဒရုန်းတိုက်ဖျက်ရေးနှင့် လေကြောင်းကာကွယ်ရေးစနစ်များ တပ်ဆင်ထားသည်ဟု ယူဆရသည်။
ဧပြီလ ဒုတိယပတ်က နိုင်ငံတွင် ရိုးရာသင်္ကြန်ကျင်းပနေစဉ် မြန်မာနိုင်ငံအလယ်ပိုင်းမြို့ကြီး မန္တလေးအနီး ဗြိတိသျှတောင်ပေါ်စခန်းမြို့ဟောင်းတွင် တည်ရှိသည့် တပ်မြို့ဖြစ်ပြီး စစ်တက္ကသိုလ် တည်ရှိရာ ပြင်ဦးလွင်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်သည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများ၏ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုတွင် စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများ အပါအဝင် လေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရကြောင်း စစ်ကောင်စီအရာရှိများက ဝန်ခံသည်။ သို့သော် ယခင်က မဖော်ပြခဲ့သည့်သတင်းတခုမှာ ဒုံးကျည်တခုသည် မင်းအောင်လှိုင်နှင့် သူ့မိသားစု တည်းခိုနေသည့် အိမ်ပေါ်ကျရောက်သည်။ ထိုအချိန်တွင် ၎င်းတို့ ထိုအိမ်တွင် ရှိ၊ မရှိ မသိရသော်လည်း ယင်းဖြစ်ရပ်သည် မင်းအောင်လှိုင်နှင့် မိသားစုတခုလုံးကို တုန်လှုပ်စေသည်ဟု ထိုမိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ပြင်ဦးလွင် သင်္ကြန်ပွဲတော် ပါဝင်ဆင်နွဲရန် စီစဉ်ထားသည်ဟု သိရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နောက်တနေ့တွင် ပျောက်ကွယ်သွားပြီး သူ့ဇနီး ဒေါ်ကြူကြူလှနှင့် သူ၏လုံခြုံရေးများကိုသာ သင်္ကြန်ပွဲတော် တက်ရောက်စေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သင်္ကြန်ပွဲ မတက်ရောက်တော့ဘဲ မန္တလေးတိုင်းမှ မိတ္ထီလာလေတပ်သို့ သွားသည်ဟု အတွင်းသတင်းရင်းမြစ်များက ပြောသည်။
မိတ္ထီလာသည် မြန်မာလေတပ် အလယ်ပိုင်းဌာနချုပ်ဖြစ်ပြီး စစ်ကောင်စီတပ်အများအပြား ထိုလေတပ်စခန်းတွင် နေရာယူထားသည်။
ထို့နောက် မင်းအောင်လှိုင်သည် လူမြင်ကွင်းမှ ထပ်မံ ပျောက်ကွယ်သွားသည်။ သို့သော် လူမြင်ကွင်းမှ ပျောက်နေသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တယောက်တည်း မဟုတ်ပေ။
သူ၏ နံပါတ် ၂ ခေါင်းဆောင် ကြည်းတပ်ဦးစီးချုပ်နှင့် စစ်ကောင်စီဒုဥက္ကဋ္ဌ စိုးဝင်းသည်လည်း ဧပြီလ ၃ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်းမှ တပ်မြို့ ဗထူးသို့ သွားရောက်ပြီးနောက် လူမြင်ကွင်းမှ တလခန့် ပျောက်နေပြီး ဧပြီလ ၂၉ ရက်နေ့ညက ရုပ်သံတွင် ပြန်ပေါ်လာသည်။
အတည်မပြုနိုင်သေးသည့် သတင်းများအရ ဧပြီလ ၉ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်သောအခါ ဒု စစ်ခေါင်းဆောင် စိုးဝင်း ဒဏ်ရာရသွားသည်ဟု သိရသည်။
ဒု စစ်ခေါင်းဆောင် စိုးဝင်းနှင့် ရန်ကုန်တိုင်း တိုင်းမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး ညွန်ဝင်းဆွေ အပါအဝင် အခြား စစ်တပ်အဆင့်မြင့် အရာရှိများသည် ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရေး အဓိကမြို့ မြဝတီကို ကရင်တိုင်းရင်းသား လက်နက်ကိုင်များထံမှ မည်သို့ကာကွယ်မည်ကို ဆွေးနွေးနေကြသည်ဟု အတိုက်အခံအင်အားစုများက ပြောသည်။ (မြဝတီမြို့ကို တိုင်းရင်းသားလက်နက်ကိုင်များ ခဏတာ သိမ်းပိုက်ပြီးနောက် ပြန်လည် ဆုတ်ခွာသွားသည်။)
ဒရုန်းတိုက်ခိုက်မှုအတွင်း ဒု စစ်ခေါင်းဆောင် စိုးဝင်း ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေသည်ဆိုသည့် သတင်းကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နှစ်ကြိမ်တိုင် ငြင်းသည်။ သူ၏ငြင်းဆိုချက် မှန်ကန်မှုကို ဘေးဖယ်ထားပြီး စဉ်းစားလျှင် စစ်ကောင်စီအတွက် အရေးပါသည့်အချိန်တွင် စိုးဝင်း လူမြင်ကွင်းမှ လုံးဝ ပျောက်ကွယ်နေခြင်းသည် ထူးဆန်းသည်။ သူပျောက်ကွယ်နေစဉ်အတွင်း အခြားဖြစ်ရပ်များအပြင် မြဝတီသည် တိုင်းရင်းသားလက်နက်ကိုင်များ လက်သို့ ကျရောက်သွားပြီး ထိုင်းနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် ရရှိသော ဒဏ်ရာများအတွက် မွန်ပြည်နယ်မြို့တော် မော်လမြိုင်ရှိ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် အရာရှိနှင့်စစ်သားများကို ဂုဏ်ယူအားပေးစကား ပြောကြားရန် ဒု စစ်ခေါင်းဆောင် စိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ တွေ့ဆုံသည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြသည်။
မိမိတို့ သေချာပေါက် ပြောနိုင်သောကိစ္စမှာ စစ်ကောင်စီခေါင်းဆောင် နှစ်ဦးဖြစ်သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒု စစ်ခေါင်းဆောင် စိုးဝင်းတို့ ဧပြီလတွင် တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခံရသည်။ မင်းအောင်လှိုင်သည် တိုက်ခိုက်မှုမှ လွတ်မြောက်သော်လည်း စိုးဝင်းသည် တလခန့် ပျောက်ကွယ်နေခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် စိုးဝင်းနှင့် ညွန့်ဝင်းဆွေ ဒဏ်ရာရပါက တော်လှန်ရေးအင်အားစုများအတွက် အံ့သြဖွယ်ရာ ကံကောင်းမှု ဖြစ်သည်။
ဒု စစ်ခေါင်းဆောင် စိုးဝင်း ပျောက်ကွယ်နေသောကြောင့် စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင် နှစ်ဦးအကြား အကွဲအပြဲ ဖြစ်သည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများ ထွက်လာသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထို့ကြောင့် ဧရာဝတီ အပါအဝင် သတင်းအဖွဲ့အစည်းများသည် စစ်ကောင်စီ ဒု ခေါင်းဆောင် ဖြုတ်ချခံရနိုင်သည်ဆိုသည့် အချက်ကို ဖော်ပြကြသည်။ သို့သော် စစ်အုပ်စု၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆိုပါက ကျန်းမာရေး မကောင်းသောကြောင့် စိုးဝင်းကို အနားယူခွင့် ပေးလိုက်သည်ဆိုသည့် အများပြည်သူသို့ ကြေညာချက် ထွက်လာရမည်ဖြစ်သည်။
နေပြည်တော် သို့မဟုတ် မိတ္ထီလာဖြစ်နိုင်သည့် တနေရာရာတွင် မင်းအောင်လှိုင်သည် တွင်းအောင်းနေပြီး စိတ်လှုပ်ရှားကာ မလုံမခြုံ ခံစားနေရသည်။ (လွန်ခဲ့သော သုံးနှစ်အတွင်း သူ၏ ဂျက်တိုက်လေယာဉ်များက သွေးအေးအေးဖြင့် ရမ်သမ်းဗုံးကြဲပြီး နေအိမ်များကို လေကြောင်းမှ ပစ်ခတ်သောကြောင့် ပုန်းအောင်းနေရပြီး ပြေးစရာမြေမရှိသည့် ထောင်ပေါင်းများစွာသော အရပ်သား မိသားစုများ၏ အကြောက်တရားကို စဉ်းစားမိသည်။) မြန်မာပြည်သူများက ကံကို ယုံကြည်ကြသည်။ မင်းအောင်လှိုင်နှင့် သူ့စစ်တပ်တခုလုံး၏ အတိတ်မှ လုပ်ရပ်များသည် ၎င်းတို့ကို ပြန်လည် ခြောက်လှန့်နေမည် ဖြစ်သည်။
သူ၏ခရီးစဉ်ကို အတိုက်အခံများထံသို့ မည်သူပေါက်ကြားစေသည်ကို ရှာဖွေဖော်ထုတ်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ၏လူယုံများကို ခိုင်းသည်ဟု ရန်ကုန်အခြေစိုက် စစ်ကောင်စီ စောင့်ကြည့်လေ့လာသူများက ပြောသည်။ ထိုသို့ပေါက်ကြားစေသူသည် သူ၏ ရန်သူများအနက် တဦးသာဖြစ်သည်။ မည်သူ့ကို သူယုံကြည်နိုင်သနည်း။
ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့ဟု ပြောနိုင်သည်။
ယခုအခါ သူသည် သူ၏ လူယုံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အခြားအဓိက လူယုံအနည်းငယ်ကို အကြီးအကျယ် မှီခိုနေရသည်။ ယခုတလော ၎င်းတို့အားလုံးသည် သွားလေရာတွင် သေနတ်များ ယူဆောင်သွားကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရော သေနတ်အပြင် မည်သည့်အရာများ သယ်ဆောင်သွားသနည်း။ အယ်လ်ပရာဇိုလမ် ဆေးတပုလင်း သယ်ဆောင်သွားသည်ဟု ပြောလျှင် မမှားပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Sleepless in Naypyitaw: Myanmar Junta Leader Lives in Fear of Assassination ကို ဘာသာပြန်သည်။)
You may also like these stories:
ပြင်ဦးလွင် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု အရပ်သား ထိခိုက်သေဆုံးမှု ရှိ
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
နေပြည်တော်ကို မောင်းသူမဲ့ ဒရုန်းယာဉ် ၂၈ စီးဖြင့်တိုက်ခိုက် (ရုပ်/သံ)
ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ဒု တပ်ချုပ် စိုးဝင်း ပျောက်ကွယ်နေမှု ပဟေဠိ