ဤနေ့က မေဒေးဟု အများခေါ်ဝေါ် သတ်မှတ်ကြသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်သည်။
၁၉ရာစု အရင်းရှင်စနစ်အောက် အလုပ်သမားများ သက်သာချောင်ချိစေရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေးအပါအဝင် အလုပ်ချိန်လျော့ချရေး တိုက်ပွဲဝင်လှုပ်ရှားမှုများ အမေရိကန်ပြည်ထောင်စုမှ အစပြုကာ ဥရောပတိုင် ပျံ့နှံခဲ့ပြီး နောက် ၁၈၈၆ ခုနှစ် မေလ ၁ရက်တွင် တနေ့ အလုပ်ချိန် ၈နာရီ သတ်မှတ်ရန် တောင်းဆိုခဲ့ရာ ဖိနှိပ်မှုများကြားမှ အောင်မြင်မှု ရခဲ့ပြီး နောက် အဆိုပါ မေလ ၁ရက်နေ့ကို တကမ္ဘာ့လုံးနှင့် သက်ဆိုင်သည့် အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။
ယခုဆိုလျှင် ကမ္ဘာ့အလုပ်သမားနေ့အဖြစ် နိုင်ငံအသီးသီးက အခမ်းအနားအမျိုးမျိုးဖြင့် အသိအမှတ်ပြု ကျင်းပခဲ့သည်မှာ ၁၃၅နှစ် တိုင်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အလုပ်သမားလှုပ်ရှားများက ခေတ်အဆက်ဆက် ရှိခဲ့ရာ ကိုလိုနီခေတ်က ထင်ရှားသည့် ရေနံမြေ သပိတ် အပါအဝင် အာဏာသိမ်း၍ လယ်သမားနှင့် အလုပ်သမားထုကို အခြေခံကာ နိုင်ငံတော်တည်ဆောက်မည်ဟု ကြွေးကြော်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လက်ထက် ၁၉၇၄-၇၅ ဝန်းကျင်က ဖြစ်ခဲ့သည့် မြစ်ငယ်မီးရထားအလုပ် သမား လှုပ်ရှားမှုက စခဲ့သည့် မီးရထားအလုပ်သမားသပိတ်၊ ဆင်မလိုက်သင်္ဘောကျင်း အလုပ်သမားသပိတ် စသည်တို့ သည် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများသည် နာမည်ကျော်လှုပ်ရှားမှုများ ဖြစ်သည်။
သို့သော် ထိုအလုပ်သမားလှုပ်ရှားမှုများကို တိုင်းတပါး အုပ်စိုးသူသာမက မိမိလူမျိုးတူချင်း အုပ်ချုပ်နေချိန်တွင်ပင် အကြမ်းဖက်ဖြိုခွင်းခဲ့ကာ ရေငုံနှုတ်ပိတ်ဖြစ်အောင် လုပ်ခဲ့ကြသည့် အဖြစ်အပျက်များက အများအပြားပင်။
ထိုသို့ ခေတ်အဆက်ဆက် အခွင့်အရေးများ အပြည့်အဝ မရခဲ့ကြသည့် အလုပ်သမားများ၏ အခြေအနေမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က တကျော့ပြန်အာဏာသိမ်းမှုကြောင့် ယနေ့ အခြေအနေမှာ အလုပ်သမားအခွင့်အရေးဆုံးရှုံး မှုအခြေအနေမှာ အဆိုးရွားဆုံးသို့ပင် ရောက်နေသည်ဟု ဆိုရပေမည်။
တိုင်းပြည်အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကမ္ဘာ့အလုပ်သမားနေ့ အတွက် ပေးပို့သည်ဆိုသော သဝဏ်လွှာတွင် ကုန်ထုတ်စွမ်းတိုးတက်ဖို့ ကျွမ်းကျင်လုပ်သား မွေးထုတ်၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းဆောင်ရွက် စသည်တို့သာပါသော်လည်း အဓိကကျသော လုပ်ခလစာ၊ အလုပ်သမားအခွင့်အရေး စသည့် တလုံးတပါဒပြောဆိုထားခြင်းမရှိသဖြင့် အနှစ်မပါ အကာသက်သက် အပေါ်ယံသာဖြစ်သည်ဟု သုံးသပ်၍ ရသည်။
လက်ရှိလည်း အာဏာသိမ်းစစ်ကောင်စီသည် အခွင့်အရေးတောင်းသည့် အလုပ်သမားအဖွဲ့အစည်းများ၊ သမဂ္ဂများကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး တက်ကြွလှုပ်ရှားသူများကိုလည်း ၅၀၅ – က ဖြင့် တရားစွဲဆိုထောင်ချခြင်း၊ လိုက်လံ ဖမ်းဆီးခြင်းများလုပ်ခဲ့ခြင်းကြောင့် အဖမ်းခံရသူများရှိသလို ထွက်ပြေး တိမ်းရှောင်နေကြသူများလည်းရှိရာ ပြည်တွင်း၌ အလုပ်သမား အခွင့်အရေး တောင်းဆိုသံများ ဆိတ်သုဉ်းလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့ပြင် စက်ရုံအလုပ်ရုံများ၌ အလုပ်သမား သမဂ္ဂ အဖွဲ့များ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် မရှိခြင်း၊ ထိုသို့ ဖွဲ့ပါက ဦးဆောင်သူများကို ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ စက်ရုံအလုပ်ရုံများ ပိတ်သွားပါက နစ်နာကြေးငွေ မရရှိခြင်း၊ လုပ်ခလစာ၊ နစ်နာကြေး၊ အလုပ်သမား အခွင့်အရေးဦးဆောင်တောင်းဆိုသူများကို ဖမ်းဆီးခြင်း၊ အလုပ်ထုတ်ခြင်းများ ကြောင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များလည်း မရရှိတော့ပေ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများနှင့် လုပ်ငန်းခွင် ဖိနှိပ်ချုပ်ချယ်မှုများ ပိုမိုဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည့် အစိုးရဝန်ထမ်းများနှင့် အလုပ်သမား ခေါင်းဆောင်များကို ဖမ်းဆီးနှိပ်စက်ထောင်ချခြင်း၊ ညှင်းပန်းသတ်ဖြတ်ခြင်းများဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်လျက်ရှိကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of General Workers Myanmar (FGWM) က ယနေ့မှာ ကျရောက်သည့် အလုပ်သမားနေ့တွင် ထုတ်ပြန်ပြောကြားသည်။
အရှေ့ဒဂုံ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ၌ လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်သား မအေးနွယ်က “အခု ပိုဆိုးလာတာက အထည်ချုပ်ဘက်မှာဆို ပြည်ပထွက်တဲ့သူ၊ အလုပ်ထွက်သူတွေရှိတော့ သတ်မှတ်လူဦးရေ မပြည့်မီတော့ဘူး။ လူ ၃၀ နဲ့ ချုပ်ရမယ်ဟာကို အခုက ၂၀၊ ၂၂ ယောက်နဲ့ လုပ်ရတယ်။ ဒီလူတွေက လူအယောက်စေ့စာ ကို ချုပ်ပေးရတာမျိုးတွေ ရှိလာတယ်။ သက်ဆိုင်ရာခေါင်းဆောင်တွေက ဆဲတာ ဆိုတာ ပိုလုပ်လာတယ်။ အထည်စံချိန် မပြည့်ရင် ရေတောင် ထွက်မသောက်ရဘူး။ အိမ်သာသွားရင်လည်း လုံခြုံရေးကို စောင့်ခိုင်းထားတယ်။ ရေသောက် အပေါ့သွားတာကအစ ဖိနှိပ်ချုပ်ချယ်လာတယ်” ဟု ဆိုသည်။
ထို့ပြင် အလုပ်ချိန် တနေ့ ၈ နာရီထက်ပို၍ အလုပ် လုပ်နေရသော်လည်း အချိန်ပိုကြေး မရရှိခြင်း၊ သတ်မှတ်ကြေးထက် လျော့နည်း၍ရခြင်း၊ ကျွမ်းကျင်ကြေး ခေါင်းပုံဖြတ် ခံရခြင်း၊ ခွင့်ရက်များကို ကန့်သတ်ထားခြင်း စသည်တို့ကို ကြုံနေရ ကြောင်း အလုပ်သမားများက ဆိုသည်။
လက်ရှိအချိန်ထိ သတ်မှတ်ထားသော အနိမ့်ဆုံးအခြေခံလုပ်ခလစာ ၁ ရက် ၄၈၀၀ ကျပ်မှာလည်း ယခုကုန်ဈေးနှုန်းနှင့် တွက်ပါက လုံလောက်မှုမရှိဘဲ ဆန်ဈေးနှုန်းမှာ ဆန်ကြမ်းတပြည်လျှင် ၄၀၀၀ ကျော်မှ ဆန်ချောတပြည် ၆၀၀၀ ကျော်အထိ ဖြစ်နေသောကြောင့် အလုပ်သမားများအနေဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရသော်လည်း စားဝတ်နေရေးမှာ ပို၍သာ ကျပ်တည်းလာနေသည်။
၂၀၁၈ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထားသည့် အနည်းဆုံးအခကြေးငွေအရ တနေ့ ၈ နာရီတွင် လုပ်အားခ ၄၈၀၀ ကျပ် သတ်မှတ်ထားပြီး ဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂ နှစ်လျှင်တကြိမ် ခေတ်နှင့်လျော်ညီသည့် နှုန်းထားဖြစ်စေရန် ပြန်လည် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ရွှေပြည်သာအထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကိုင်သူတဦးက “၄၈၀၀ သတ်မှတ်ထားတာ ကြာပြီ။ ၂ နှစ်တခါ သတ်မှတ်ရမယ်ဆိုပေမယ့် အခုအချိန်ထိ ပြန်မသတ်မှတ်ရသေးဘူး။ ၁ ထောင်ကျပ် ထောက်ပံ့ပေးမယ်ဆိုပြီး ထုတ်ပြန် ခဲ့တာတော့ ရှိခဲ့တယ်။ တကယ်တန်းကျတော့ အဲဒီ ၁ထောင်ကျပ်ကိုတောင် မပေးတဲ့စက်ရုံတွေ ရှိသလို ၄၈၀၀ ကျပ်ကို အပြည့်အဝ မပေးဘဲ ခိုင်းစေတာတွေရှိတယ်။ အချိန်ပိုကြေး မပေးဘဲ အလကား ဆင်းခိုင်းတာတွေလည်း ရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး အစိုးရ၊ ပုဂ္ဂလိက အလုပ်သမားများကို တရက် ၈ နာရီ အလုပ်ချိန်အတွက် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးရန် ထုတ်ပြန်ခဲ့သော် လည်း လက်တွေ့တွင် ယင်းထောက်ပံ့ကြေးကို မပေးသည့်စက်ရုံများစွာရှိပြီး တောင်းဆိုပါက အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းများ ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။
ယခင် NLD အစိုးရလက်ထက်တွင် အလုပ်သမားပြဿနာတစုံတရာပေါ်ပေါက်လာပါက လုပ်ငန်းရှင်၊ အလုပ်သမား သမဂ္ဂ၊ အလုပ်သမားနှင့် အစိုးရတို့ ပွင့်လင်းမြင်သာစွာ ဖြေရှင်းလေ့ရှိပြီး အာဏာသိမ်းပြီးနောက်တွင်မူ ထိုသို့ ဖြေရှင်းမှုမျိုးမရှိ တော့သလို၊ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ပါက အလုပ်ရုံဘက်မှ စစ်ကောင်စီ၏ လုံခြုံရေး တပ်ဖွဲ့များကို ခေါ်ယူဖမ်းဆီးခိုင်းလေ့ရှိသည့်အတွက် အလုပ်သမားထု၏ အသံမှာ ဆိတ်သုဉ်းလာခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ကမူ အလုပ်ရှင် အလုပ်သမားကြား အငြင်းပွားမှုများကို ဥပဒေနှင့် အညီ ဖြေရှင်းရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း ဆိုသည်။
လက်တွေ့တွင်မူ ၂၀၂၂၊ အောက်တိုဘာက ကမာ္ဘကျော် အမှတ်တံဆိပ် Adidas တံဆိပ်ဖိနပ်များ ချုပ်နေသော ရန်ကုန် တိုင်း ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန် ဖိနပ် စက်ရုံ၌ လုပ်ခတိုးပေးရန် တောင်းဆိုနေသော လုပ်သား ၂၀၀၀ နီးပါးထဲမှ သမဂ္ဂအဖွဲ့ဝင် ခေါင်းဆောင် ၂၇ ဦးကို ဆန္ဒပြရက်များအတွင်း ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ စက်ရုံမှ အလုပ်ထုတ်လိုက်ပြီး Adidas ကုမ္ပဏီဘက်မှ ဖိအားပေးသဖြင့် ဒီဇင်ဘာတွင် အလုပ်ပြန်ခန့်သော်လည်း လုပ်ခလစာတိုးပေးရန် တောင်းဆိုမှုကို လိုက်လျောခဲ့ခြင်း မရှိကြောင်း သိရသည်။
အလားတူ ၂၀၂၃၊ ဇွန်လအတွင်းကလည်း ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့် (Hosheng) အထည်ချုပ် စက်ရုံတွင် လုပ်အားခတိုးရန် တောင်းဆိုရာ၌ ဦးဆောင်ခဲ့သည့် အလုပ်သမား ၇ ဦးအား အလုပ်မှ ထုတ်ပစ်လိုက်ပြီး ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ကိုဟိန်းလတ်က “အခုချိန်မှာ တောင်းဆိုဖို့၊ ညှိနှိုင်းဖို့လည်း မဖြစ်နိုင်ဘူး။ ညှိနှိုင်းတယ်ဆိုရင်လည်း ညှိနှိုင်းတဲ့ အလုပ်သမားကို မတရား ဖမ်းဆီးမယ်၊ အမျိုးမျိုး အကြောင်းပြပြီးတော့ အလုပ်ထုတ်မယ်။ လုပ်ငန်းခွင်အတွင်းလည်း ဘာမှ တောင်းဆိုလို့ မရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကြောင့် ဒဏ်ခတ်ပိတ်ဆို့ မှုများရှိလာ၍ H&M၊ Primark ကဲ့သို့သော နာမည်ကျော်အမှတ်တံဆိပ်များမှာ နိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်သလို ဆက်လက်၍ လုပ်ငန်းများ ပိတ်သိမ်းပါက အလုပ်သမားအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဆုံးရှုံးသည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်သည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းမှုများကြောင့် အလုပ်သမားများ လုပ်ငန်းခွင် စွန့်ခွာမှုများ ပြုလုပ် လာကြသလို၊ နိုင်ငံ၏ စီးပွားရေးကျဆင်းသည့် အခြေအနေများကြောင့် ကုမ္ပဏီများ ပိတ်သိမ်းခြင်း၊ လုပ်ငန်းများ ရပ်နားခြင်းတို့ကြောင့် ပြည်ပထွက် အလုပ်လုပ်ရန် အခွင့်မသာကြသူများအနေဖြင့်လည်း နည်းပါးသည့် လုပ်ခလစာဖြင့်သာ ရသည့်အလုပ်၌ ဝင်ရောက်လုပ်ကိုင်နေရကြောင်း သိရသည်။
ကိုဟိန်းလတ်က “ နိုင်ငံတနိုင်ငံ တိုးတက်ဖို့သည် လူငယ်အရင်းအမြစ်တွေ အများကြီးလိုတယ်။ တကယ်လုပ်နိုင်တဲ့ အရင်းအမြစ်တွေသည် ပြည်ပကို ရွှေ့ပြောင်းပြီး အလုပ်လုပ်နေတယ်။ နိုင်ငံရဲ့ လူငယ်အရင်းအမြစ် တွေလည်း အများကြီးလျော့ကျလာပြီး အလုပ်တွေလည်း ပိုရှားပါးလာမယ်” ဟု မှတ်ချက်ပြုသည်။
အလုပ်သမားများနှင့် ပတ်သက်၍ လူ့အခွင့်အရေးများချိုးဖောက်ခံရမှုများကို စောင့်ကြည့် ရေးသားဖော်ပြနေသည့် Myanmar Labour News ၏ ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်ထုတ် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိသည့် စက်ရုံပေါင်း ၁၂၄ ရုံ၊ ၂၀၂၃ ခုနှစ်တွင် စက်ရုံလုပ်ငန်းပေါင်း ၁၆၆ ရုံ ရှိပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများမှာ ကျဆင်းသွားသည်ကိုမတွေ့ရဘဲ ပို၍ မြင့်တက်လာသည်ကို တွေ့ရ ကြောင်း ဆိုထားသည်။
မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ဗဟိုကော်မတီဝင် မကြည်ကြည်ထွန်း က “လုပ်ခလစာနဲ့ ပတ်သက်ပြီးတော့ အာဏာသိမ်းပြီးကတည်းကနေ အပြည့်အဝ မရဘူး။ အမြဲခေါင်းပုံဖြတ်ခံနေရတဲ့ အခြေအနေရှိတယ်။ အခုပိုဆိုးတာက အလုပ်ရှင်တွေ တွေးတဲ့အတွေးကလည်း အလုပ်အကိုင်တွေ ရှားပါးတာ ဖြစ်တဲ့အတွက် ငါတို့ခေါ်တဲ့ဈေးနဲ့တော့ မဖြစ်မနေ လုပ်ကြမှာပဲဆိုပြီး အတွေးတွေရှိကြတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ၏ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ဖြုတ်ခံရသည့် အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အလုပ်သမား အခွင့်အရေးတောင်းဆိုသည့် အလုပ်သမားများ၏ အသံမှာ ဖိနှိပ်မှုများကြောင့် တိတ်ဆိတ်ခဲ့ရသလို ဒီမိုကရေစီကာလအတွင်းရရှိခဲ့သော အခွင့်အရေးများပင် ပြန်လည်၍ ဆုံးရှုံးသွားရကြောင်း အလုပ်သမားများက ညည်းတွားပြောဆိုနေကြသည်။
You may also like these stories:
H&M မြန်မာပြည်က ထွက်ခွာသွားသော အခါ
လစာတိုးတောင်းရာတွင် ဦးဆောင်သူ တရုတ်အထည်ချုပ်စက်ရုံမှ ၅ဦး အဖမ်းခံထားရ
အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ဆိုးရွားလာ
လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်
အချိန်ပိုဆင်းရန် ငြင်းသည့်လုပ်သားများ အလုပ်ထုတ်ခံနေရ