ကျမသည် ၁၉၇၀ ခုနှစ်၊ စက်တင်ဘာလထုတ်၊ ဖြူနီညိုပြာ မဂ္ဂဇင်းတွင် ဒေါ်ဖွားမှီ၏ အကြောင်း ရေးခဲ့ဖူးပါသည်။
ပညာတတ်တွေ ရှားပါးနေခိုက် မြင့်မားသော ရည်ရွယ်ချက်နှင့် ရဲရဲကြီး ပညာစွမ်း ပြခဲ့သော အမျိုးသမီးကြီး ဖြစ်ကြောင်း၊ လူမှန် နေရာမှန် ထိုက်ထိုက်တန်တန် ချီးမြှင့်ခံရသူများ အချို့ထဲတွင် ဒေါ်ဖွားမှီလည်း ကံထူးသူ တယောက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
ရည်ရွယ်ချက်မှာ ထိုထူးချွန်သော အမျိုးသမီးကြီးများ၏ အနာဂတ် မှတ်တမ်းတခု ကျန်ရစ်စေရန် အတွက် ဂုဏ်ပြုသည့် သဘောနှင့် ရေးဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
ဒေါ်ဖွားမှီကို စေတနာ့ ဝန်ထမ်း လူမှုရေး အဖွဲ့ အသင်းများ၌ မကြခဏ တွေ့ဆုံခဲ့ဖူးပါသည်။ သို့သော် တရင်းတနှီး ဆက်ဆံခွင့်ကား မရခဲ့ဘူးပါ။ သူ အသက်ထင်ရှား ရှိစဉ်ကသာ အခုလို ရေးဖို့ စိတ်ကူးမိမည် ဆိုလျှင် ယခုထက် အချက်အလက်တွေ စုံလင်ပေလိမ့်မည်။
ဒေါ်ဖွားမှီသည် ရန်ကုန်မြို့ ကော်ပိုရေးရှင်း အခွန်ဝန် ဦးထွန်းသော် နှင့် ဒေါ်သဲနု တို့၏ သားသမီး ၅ ယောက်အနက် အကြီးဆုံး ဖြစ်၍ ၁၉၀၂ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။
ငယ်စဉ်က စိန်မေရီဒိုင်အို နှင့် ရန်ကုန် ကောလိပ်မှ အိုင်အေ အောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံတွင် ဥပဒေပညာ သွားရောက် သင်ကြားခဲ့သည်။ ထိုအချိန်က ဥပဒေပညာ သင်ကြားနေကြသော မြန်မာ ပညာတော်သင်တွေမှာ အင်္ဂလန်တွင် အတော် ရှိခဲ့သည်။
သို့သော် ၁၉၂၃ ခုနှစ်က ရှေ့နေအဖြစ် ရုံးတော်များ၌ လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားနေကြသော ယောက်ျားများနှင့် အတူ အင်္ဂလန် ပြည်သူ တဦး နှစ်ဦးသာ ရှိသေးသည့် အခြေ၌ ဒေါ်ဖွားမှီသည့် ကမ္ဘာ့ အရှေ့ပိုင်းဒေသ မြန်မာပြည်မှာ အမျိုးသမီး တဦးအဖြစ် ပေါ်ပေါက်လာသည့် အတွက် တအံ့တသြ စိတ်ဝင်စားခဲ့ကြသည်။
ထိုခေတ်က ဗြိတိသျှ တရားလွှတ်တော်ချုပ် နှင့် အောက်ရုံးများတွင် ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် သင်ကြားပေးသည့် (Inns of Court) ခေါ် ကျောင်းကြီး ၄ ကျောင်း ရှိသည့် အနက် (Inner Temple) ခေါ် ကျောင်းတွင် ဒေါ်ဖွားမှီသည် တက်ရောက် သင်ကြားပြီး ၁၉၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် စာမေးပွဲ အောင်မြင်ခဲ့သည်။
ထိုအခါကျမှ သတ်မှတ်ပေးထားသော ဝတ်လုံတော်ရ အင်္ကျီကို အပ်နှံခံရပြီး ဝတ်ဆင်ခွင့် ရခဲ့လေသည်။ တချိန်တည်းမှာပင် ဗြိတိသျှ တရားလွှတ်တော်၌ ဝတ်လုံတော်ရ ရှေ့နေများ စာရင်းတွင် နာမည် ထည့်သွင်းခွင့် ရရှိခဲ့သည်။
ဤကဲ့သို့ ထူးထူးချွန်ချွန် အရှေ့တိုင်းသူ တဦး အောင်မြင်သည့် အတွက် ဗြိတိသျှ သတင်းစာများကလည်း အသားပေးပြီး ချီးကျူး ဖော်ပြခဲ့ကြသည်။
ဒေါ်ဖွားမှီ မြန်မာပြည်သို့ ပြန်ရောက်လာသော အခါ ရန်ကုန် လွှတ်တော်ချုပ်၏ ဝတ်လုံတော်ရ ရှေ့နေအဖြစ်နှင့် လိုက်ပါ ဆောင်ရွက်နိုင်ရန် ခွင့်တောင်းခဲ့ရာ တရား ဝန်ကြီးချုပ်က လျှောက်ထားသူမှာ ဗြိတိသျှ လွှတ်တော်ချုပ်တွင်ပင် အမှု လိုက်နိုင်ခွင့် ရသူ (Barister at Law) ပထမ မြန်မာ အမျိုးသမီး ဖြစ်သည်ဟု ဖော်ပြကာ ကြိုဆိုသည့် အခမ်းအနားကို ရုံးခန်း အမှတ် (၁) တွင် တရား ဝန်ကြီးများ၊ ရှေ့နေချုပ်ကြီးများ နှင့် ဥပဒေလောကမှ ရှေ့နေကြီးများ ရှေ့မှောက်၌ ဂုဏ်ပြုခဲ့လေသည်။ ထိုနေ့ကား ၂၆၊ ၁၊ ၁၉၂၇ ရက်နေ့ပင် ဖြစ်သည်။
ဒေါ်ဖွားမှီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာ၌ တရား ဝန်ကြီးချုပ်၏ ချီးကျူးစကားများမှာ မိမိ တဦးတည်း အဖို့သာမက မြန်မာ အမျိုးသမီး တရပ်လုံးကိုပါ ချီးကျူးခြင်း ဖြစ်ပါသည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဒေါ်ဖွားမှီသည် အမျိုးသားများသာ ကျက်စားနေသော တရားရုံးတော်ကြီး၌ တဦးတည်းသော အမျိုးသမီး ဖြစ်ခဲ့၏။ မိန်းကလေး တယောက် တိုးလာ၍ အနေကျုံ့လိမ့်မည်ဟုလည်း စောစောပိုင်းက အမျိုးသား အချို့က စိုးရိမ်ခဲ့ကြသည်။
ရန်ကုန် ရှေ့နေကြီးများ အသင်းသို့ ဝင်ခွင့်ရ၍ အသင်း လူကြီးများက လက်ခံရာ၌ နာယက အမျိုးသမီး အပန်းဖြေ အပေါ့အပါး သွားနိုင်ရန် သီးသန့် ပေါင်ဒါခန်းတော့ ဆောက်လုပ်မပေး၍ ဝမ်းနည်းပါသည်ဟု ထေ့ငေါ့ ပြောသည်ကိုပင် ဒေါ်ဖွားမှီက ခေါင်းငုံ့၍ ခံလာခဲ့သည်။
သူ၏ ဇီဇာမကျယ်တတ်သော၊ ရောင့်ရဲလွယ်သော ဝါသနာ ဗီဇအရ ယခုကဲ့သို့သော အဆင်မပြေမှုများ အတွက်ကို ခေါင်းရှုပ်ခံ၍ ပြဿနာ တက်တတ်သူ မဟုတ်သဖြင့် သူ့စိတ်သဘောထားကို ကောင်းစွာ သိလာကြသည့်အခါ၌ ဒေါ်ဖွားမှီကို အမျိုးသမီးဟူ၍ မခွဲခြားတော့ဘဲ ရင်းနှီးစွာ ဆက်ဆံ လာခဲ့ကြလေသည်။
ဟိုက်ကုတ်တွင်သာမက အခြား အောက်ရုံးများ၌လည်း အမှုလိုက်ခဲ့ရာ တခါက သာယာဝတီ တရားရုံးသို့ အမှုလိုက်သွားစဉ် သူ့ကို လာကြည့်ကြသော ပရိသတ်ကြီးမှာ များလွန်း၍ ရုန်းရင်း ဆန်ခတ် ဖြစ်သွားလေသည်။
ထို့အတွက် ခက်ထန်သော ဗြိတိသျှ တရားသူကြီးက ရုံးတော်သို့ မရိုမသေမှုဖြင့် လူ တယောက်အား ဒဏ်ငွေ ၅၀၀ တပ်လိုက်သည်။
ဒေါ်ဖွားမှီမှာ များစွာ အားလည်းနာ၊ ကရုဏာလည်း သက်၍ ထိုငွေကို မိမိက စိုက်ပြီး ဆောင်မည်ပြုရာ ဒဏ်တပ်ခံရသူက လက်မခံသည့် အပြင် အခြားရုံးတွင် ရှိနေသော မိမိ၏ အမှုတခုကိုပါ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့လေသည်။
ဒေါ်ဖွားမှီသည် အင်္ဂလန်တွင် အတူ ပညာသင်ကြားလာခဲ့၍ ရှေ့နေ လိုက်ဖော်လိုက်ဖက်ခြင်းလည်း ဖြစ်ပြီး တဦးကို တဦးလည်း ကူညီ ရိုင်းပင်းလာခဲ့ကြသော ဝတ်လုံတော်ရ ဦးမြင့်သိန်းနှင့် ၁၉၃၂ ခုနှစ်တွင် လက်ထပ်ခဲ့သည်။
၎င်းတို့မှာ အသွင်တူ၍ အလိုက်ဖက်ဆုံးသော ဇနီးမောင်နှံများ ဖြစ်ကြသည်။ သူတို့၏ အိမ်ထောင်သည် ချမ်းငြိမ်းသာယာ အေးမြလှ၏။ သားထောက် သမီးခံလည်း မရှိခဲ့ပေ။
လောက ဓမ္မတရား အတိုင်းပင် အဖက်ဖက်က ပြည့်စုံခဲ့သော်လည်း တထောင့်တကွက်တွင်ကား ချို့ယွင်းမှုကလေးတွေက ရှိကြစမြဲ။ ကျန်းမာရေးကလည်း ချို့တဲ့ လာပြန်သည်။
ဒေါ်ဖွားမှီသည် ရှေ့နေ အလုပ်ကို ဆက်လက် လုပ်ခဲ့သော်လည်း ရန်ကုန် ရာဇဝတ်ရုံးက အမှုများကိုမူ အထူးသဖြင့် ရှောင်ကြဉ်ခဲ့သည်။
အကြောင်းမှာ သူ၏ ခင်ပွန်းသည်မှာ ထိုစဉ်က ရန်ကုန်မြို့ အစိုးရ ရှေ့နေဖြစ်၍ အမှုအခင်း အားလုံး ဟူသရွေ့ကို ကွပ်ကဲ ရသည့် အတွက် ခင်ပွန်းသည်၏ အလုပ်ကို မနှောင့်ယှက်မိစေရန် ရှောင်ခဲ့ခြင်း ဖြစ်သည်။
၁၉၃၆ ခုနှစ်တွင်ကား ကျန်းမာရေး မညီညွတ်သည့် အတွက် ရှေ့နေလိုက်ခြင်းကို ရပ်စဲခဲ့သည်။
သို့သော် တတ်ထားသည့် ပညာကို အသုံးပြုပြီး အစိုးရ အလုပ်တခုခုကို လုပ်ကိုင်ရန် တရား ဝန်ကြီးချုပ်နှင့် ပြည်ထဲရေး၊ တရားရေး ဝန်ကြီးတို့က တိုက်တွန်းခဲ့ရာ ချို့တဲ့သော ကျန်းမာရေးကြောင့် အချိန်ပြည့် တာဝန် မထမ်းဆောင်နိုင်သည့် အတွက် တိုင်းပြည်နှင့် လူထု အကျိုးအတွက် စေတနာ့ဝန်ထမ်း သမာဓိ မြို့ဝန် ပထမအဆင့် ရာထူးကို လက်ခံခဲ့သည်။
ရှေ့နေ မလုပ်တော့သည့် တိုင်အောင် သူလေ့လာ ဆည်းပူးခဲ့သော ဥပဒေ ပညာရပ်နှင့် ကင်းကွာခဲ့သည် မဟုတ်ပါ။
သမာဓိ မြို့ဝန် ခုံရုံးများ အပြင် ကလေးတရားရုံးများ၌လည်း ၁၉၃၂ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ စစ်ဆေး ကွပ်ကဲ ဖြေရှင်းပေးရသော တာဝန်ကို ထမ်းရွက်လာခဲ့သည်။
ကလေးတရားရုံးများ၌ ၎င်းတို့၏ မိသားစု အခြေအနေ ပတ်ဝန်းကျင်ဘဝ စသည်များ၌ စုံစမ်း လေ့လာပြီး အမှုစစ်သကဲ့သို့ မဟုတ်ဘဲ ကလေးတို့ ပြဿနာ အရပ်ရပ်ကို စိတ်ရှည်လက်ရှည် ကရုဏာ အပြည့်နှင့် ဖြေရှင်းပေးခြင်း၊ မိဘလက်သို့ ပြန်လည် အပ်ခြင်း စသော လူမှုရေး လုပ်ငန်းများဖြင့်သာ အချိန် ကုန်လွန်ခဲ့သည်။
ကလေးရုံး၊ တရားရုံး နာယက အဖြစ် နှစ်အတော်ကြာအောင် ဆောင်ရွက်ခဲ့သည်။
ထိုနှစ်များ အတွင်း ရုပ်ရှင် ဆင်ဆာ အကဲဖြတ် လူကြီးတာဝန်ကို လည်းကောင်း၊ အမျိုးသမီး စောင့်ရှောက်ရေး အဖွဲ့နှင့် နေရှင်နယ် ကောင်စီ အသင်းများ၌ လည်းကောင်း၊ လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင် ကူညီခဲ့သည်။
ထိုခေတ်က ဆရာအတတ်သင် ကျောင်းကိုလည်း စစ်ဆေးကြည့်ရှုရန် ခန့်အပ်ခြင်း ခံရသည်။ ဂျူးဘန်း လမ်းရှိ ကလေး စောင့်ရှောက်ရေး ဂေဟာ အဖွဲ့ဝင် လူကြီး အဖြစ်လည်း နှစ်ပေါင်းများစွာ ကူညီခဲ့သည်။
လူမှုရေး လုပ်ငန်းများ၌ စိတ်ပါဝင်စားစွာ အောင်အောင်မြင်မြင် ပါဝင် လှုပ်ရှားလာခဲ့သူ တဦး ဖြစ်၍လည်း မြန်မာပြည် လွတ်လပ်ပြီးနောက် ၁၉၅၃ ခုနှစ်တွင် ဒေလီမြို့၌ ကျင်းပသော တောင်အာရှိ အမျိုးသမီးများ အခွင့်အရေး ဆွေးနွေးပွဲသို့ ငါးဦးအဖွဲ့၏ ခေါင်းဆောင် အဖြစ် တက်ရောက်ခဲ့သည်။
လာအို၊ အင်ဒိုနီးရှား၊ ယူနက်စ်ကို၊ ပါကစ္စတန်၊ ထိုင်းမှ ကိုယ်စားလှယ် ၄၆ ဦးနှင့် အတူ တောင်အာရှ အမျိုးသမီးတို့၏ အခွင့်အရေး အကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။
လွတ်လပ်ရေး ရပြီးသည့် ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် အချိန်များ၌ကား မြန်မာပြည်တွင် လူမှုဝန်ထမ်း လုပ်ငန်းများကို မဆောင်ရွက်နိုင်ခဲ့ပေ။ ခင်ပွန်းသည် ဦးမြင့်သိန်းမှာ တရုတ်ပြည် သံအမတ်ကြီး အဖြစ် နန်ကင်း၊ ပီကင်း မြို့များသို့ ပြောင်းရွှေ့ သွားရသောကြောင့် ဖြစ်သည်။
၁၉၅၂ ခုနှစ်လယ်တွင် တရားဝန်ကြီး ခန့်အပ်ခြင်း ခံရ၍ မြန်မာပြည် ရောက်မှသာ ရှေးကကဲ့သို့ လူမှုဝန်ထမ်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့ပြန်သည်။
အိန္ဒိယ သံအမတ်ကြီး တဦးဖြစ်သော မစ္စတာ ပင်နီကာက ၎င်းရေးသားခဲ့သော (In Two Chinas) ခေါ် စာအုပ်တွင် ဒေါ်ဖွားမှီသည် ပညာတတ် ဇနီးသည် တဦး အဖြစ်နှင့် လူတန်းစား အလွှာအသီးသီးတွင် ချစ်ခင်လေးစား ကျော်ကြားသော မြန်မာ အမျိုးသမီး ဖြစ်သည်ဟု ဖော်ပြခဲ့ဖူးသည်။
ထို့ပြင် မြန်မာနိုင်ငံ အတွင်းသို့ တရုတ်အမျိုးသား ကူမင်တန် တပ်သား ၁၂၀၀၀ ဝင်ရောက် ကျူးကျော်၍ ၁၉၄၃ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂ လွှတ်တော် ညီလာခံသို့ ဦးမြင့်သိန်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့က သွားရောက် တိုင်တန်းခဲ့သည်။ ဒေါ်ဖွားမှီသည် ထိုအဖွဲ့နှင့် ကိုယ်စားလှယ် တဦးအဖြစ် လိုက်ပါသွားခဲ့၏။
ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော နိုင်ငံရေးရာ နှင့် လုံခြုံရေး ကောင်စီက နိုင်ငံခြား တပ်များ မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာ သွားရမည်၊ သို့မဟုတ်လျှင် လက်နက်ချအပ်၍ ချက်ချင်း အဖမ်းခံရမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။
မဲခွဲ၍ အဆုံးအဖြတ် ပေးသည့် ထို ကုလသမဂ္ဂ သတ္တမ အကြိမ်မြောက် အစည်းအဝေးကြီး၌ နိုင်ငံတကာက မြန်မာပြည်အား ထောက်ခံခဲ့သည့် အတွက် ဤအောင်မြင်မှုမှာ သမိုင်းတရပ် အနေနှင့် ကျန်ရစ်ခဲ့ပေသည်။
ဒေါ်ဖွားမှီသည် အမျိုးသမီးများ၊ မြန်မာ လူမျိုးများကို နေရာကောင်း ပေးရန် မလွယ်ကူလှသော ထိုအချိန်ကပင် မိမိ၏ အရည်အသွေးဖြင့် မားမားမတ်မတ် ရပ်တည်ပြနိုင်ခဲ့၍ နေရာမှန်ကို ထိုက်ထိုက်တန်တန် ရခဲ့သူဖြစ်သည်။
အမျိုးသမီးများနှင့် ဥပဒေ လောကကိုလည်း ပေါင်းကူး သွယ်ပေးခဲ့သော ပထမဆုံး လမ်းပြ အမျိုးသမီးကြီး ဖြစ်ခဲ့သည်။ ကိုယ့်မြန်မာ အချင်းချင်းထဲသာမက နိုင်ငံခြားသားထဲထွင်ပါ ထူးထူးခြားခြား အရေးပေး ခံရသော အမျိုးသမီးကြီး ဖြစ်သည်။
ယခင့်ယခင်က အမျိုးသားတွေချည်းသာ လှုပ်ရှားခဲ့သော ဥပဒေ အသိုင်းအဝိုင်းထဲသို့ အမျိုးသမီး တယောက်အနေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်အဖြစ် ထိုးဖောက် ဝင်ရောက်လာခဲ့သော အမျိုးသမီးကြီး ဒေါ်ဖွားမှီမှာ ၁၉၆၂ ခု၊ ဇွန်လ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။
အမျိုးသမီးလောက၊ ဥပဒေ လောက၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော ဒေါ်ဖွားမှီ၏ အသက်ရှင်စဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ကောင်းသတင်းများက သူမရှိတော့ပြီ ဖြစ်သော်လည်း အပေါင်းအသင်းများ၏ ပတ်ဝန်းကျင်၌ မွှေးကြိုင် နေဆဲ။ သူ့ကို ချစ်ခင် မြတ်နိုးစွာ သတိရနေဆဲ ဖြစ်ပါသည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)