ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ကာကွယ်ရေး အသုံးစရိတ်ကို အကောင်းဆုံး အသုံးပြုရန်နှင့် ယူကရိန်း စစ်ပွဲအောင်နိုင်ရေး ပိုမိုကြီးမားသည့် တီထွင်ဆန်းသစ်ရန် ထိန်းချုပ်ရေးအတွက် အရပ်သား စီးပွားရေး ပညာရှင်တဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် မေလ ၁၂ ရက်နေ့တွင် ရုတ်တရက် အဆိုပြုလိုက်သည်။
နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုများသည့် စစ်ပွဲ နှစ်နှစ်ကျော် ကြာပြီးနောက် သမ္မတ ပူတင်သည် အသက် ၆၅ နှစ် အရွယ် စီးပွားရေး ဒုဝန်ကြီးချုပ် အင်ဒရေ ဘယ်လောဆော့ဗ်ကို သူ၏ သက်တမ်းရှည် မဟာမိတ် အသက် ၆၈ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူနေရာတွင် အစားထိုးရန် အဆိုပြုသည်။
သမ္မတ ပူတင်သည် ၂၀၁၂ ခုနှစ်က စတင်ပြီး ကာကွယ်ရေးတာဝန်ခံနှင့် ကာလရှည် မိတ်ဆွေ၊ မဟာမိတ် ရွှိုင်ဂူကို သြဇာကြီးမားသည့် လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဖြစ်စေလိုကာ လက်ရှိ ထိုရာထူးယူထားသူ နီကိုလိုင် ပက်ထရူရှက်ဗ်ကို အစားထိုးပြီး စစ်ဘက် စက်မှုလုပ်ငန်းကို တာဝန်ယူစေလိုသည်ဟု ကရင်မလင် နန်းတော်က ပြောသည်။
ပက်ထရူရှက်သည် ထုတ်ပြန်ကြေညာခြင်းမရှိသည့် အလုပ်သစ်ရမည်ဖြစ်သည်။
ပါလီမန် ကိုယ်စားလှယ်များက အတည်ပြုမှာ သေချာသည့် ထိုအပြောင်းအလဲသည် သမ္မတ ပူတင်က အထူး စစ်ဆင်ရေးဟုခေါ်သည့်ကိစ္စဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သောင်းနှင့်ချီသော စစ်သားများကို ယူကရိန်းသို့ စေလွှတ်ပြီးနောက် အကြီးမားဆုံး အပြောင်းအလဲဖြစ်သည်။
ရုရှားသည် ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်ယူနီယံတွင် စစ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး အာဏာပိုင်များ၏ အသုံးစရိတ်သည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၇ ဒသမ ၄ ရာခိုင်နှုန်းသို့ နီးလာသည့် အခြေအနေကြောင့် ထိုအပြောင်းအလဲသည် အဓိပ္ပာယ်ရှိကြောင်း ကရင်မလင်ပြောခွင့်ရသူ ဒီမီထရီ ပက်စ်ကော့ဗ် ပြောသည်။
ထိုသို့ လုပ်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့် အသုံးစရိတ် ကိုက်ညီစေရန်နှင့် ပေါင်းစည်းစေရန် ဖြစ်ကြောင်း၊ ပူတင်က အရပ်သား စီးပွားရေးပညာရှင်တဦးကို ကာကွယ်ရေး တာဝန်ပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“တီထွင်ဆန်းသစ်မှုကို ပိုမိုလမ်းဖွင့်ထားသူဟာ စစ်မြေပြင်မှာ အောင်ပွဲခံမယ့်သူပဲ” ဟု ပက်စကော့ဗ်က ပြောသည်။
သမ္မတ ပူတင်နှင့် ရင်းနှီးသည့် စီးပွားရေးဝန်ကြီးဟောင်း အင်ဒရေ ဘယ်လောဆော့ဗ်သည် ပူတင်၏ ခိုင်မာသည့် နိုင်ငံတော် ပြန်လည်တည်ဆောက်ရေးကို သဘောထားတူပြီး ပိုမိုတီထွင်ဆန်းသစ်မှုနှင့် အတွေးအခေါ်သစ်များကို လမ်းဖွင့်ပေးလိုသည့် ပညာရှင်ဖြစ်ကာ အစိုးရအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်သူဖြစ်သည်။
ဘယ်လောဆော့ဗ်သည် ရုရှား၏ ဒရုန်းအစီအစဉ်ကို ကြီးကြပ်ရာတွင် အရေးပါသည့်အခန်းမှ ပါဝင်သည်။
အထက်လွှာများ အငိုက်မိစေသည့် ထိုရာထူး အပြောင်းအလဲသည် သမ္မတ ပူတင်က ယူကရိန်း စစ်အောင်နိုင်ရေးကို လောင်းကြေး နှစ်ဆထပ်ပြီး အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများဖြင့် စီးပွားရေး ကျဆင်းအောင် လုပ်နေသော်လည်း မအောင်မြင်သေးသည့် ရုရှားစီးပွားရေးကို ထိန်းချုပ်ရန်ဖြစ်သည်။
စီးပွားရေးစစ်
အဓိကကျသည့် ရုရှားစီးပွားရေးကို အပြင်းထန်ဆုံး ပိတ်ဆို့မှုများ ရှိသော်လည်း ရုရှားစီးပွားရေး ပညာရှင်များက စီးပွာရေးတည်ငြိမ်မှုနှင့် တိုးတက်မှုကို အာမခံသည့်တိုင် ရုရှားစစ်တပ်၏ မအောင်မြင်မှုများကို ကျူးကျော်စစ်အပြီး မကြာမီ တွေ့ရသည်။
“အဓိက စီးပွားရေးပညာရှင်တွေထဲက တယောက်နဲ့ စီးပွားရေးအတွက် အရေးပါတဲ့ ဝန်ကြီးတယောက်ကို ကာကွယ်ရေးဝန်ကြီး ခန့်တာဟာ ပူတင်က ကာကွယ်ရေးစက်ရုံတွေနဲ့ နိုင်ငံတကာဈေးကွက်ကို အားထားပြီး စစ်အနိုင်တိုက်ဖို့ ရည်ရွယ်ကြောင်း ပြသနေတယ်” ဟု Carnegie Russia Eurasia Center မှ ဝါရင့် သုတေသီ၊ ရုရှား သံတမန်ဟောင်း အလက်ဇန္ဒား ဘူနော့ဗ်က ပြောသည်။
“ဒီကိစ္စမှာ အနိုင်ရရေး သေနင်္ဂဗျူဟာက ဆုတ်-တက် လှုပ်ရှားမှုနဲ့ စံချိန်ချိုး တိုက်ခိုက်မှု မဟုတ်ဘူး။ စီးပွားရေးတခုလုံးကို ရုရှား စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းနဲ့ ယူကရိန်းကို တဖြည်းဖြည်း ဖိအားပေးဖို့ ဖြစ်တယ်။ ဒါဟာ ရှေ့တန်းနဲ့ နောက်တန်းမှာ ပိုမိုထိရောက်စွာ လုပ်ဖို့ ရည်ရွယ်တယ်လို့ ယူဆရတယ်” ဟု ၎င်းကပြောသည်။
မျှော်လင့်မထားသည့် ပူတင်၏ ထိုလုပ်ဆောင်မှုသည် လက်ရှိနိုင်ငံရေးစနစ်ဖြစ်သည့် ပုဂ္ဂိုလ်ရေး သစ္စာခံများ၏ ရှုပ်ထွေးသော ထိပ်ပိုင်းစနစ်ကို ချိန်ခွင်လျှာညီအောင်လုပ်သည့် လုပ်ရပ်ဖြစ်သည်။
ထိုရာထူးအပြောင်းအလဲသည် ရှိုင်ဂုကို သူ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင် သဘောတရားအရ အဆင့်မြင့်သည့် ရာထူးတခုပေးပြီး ဆက်စပ်မှု ဆက်လက်ရှိစေကာ သိက္ခာမကျအောင်လည်း လုပ်ပေးသည်။ ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီ ဂျီရာဆီမော့ဗ်သည် စစ်ကိုညွှန်ကြားသည့်နေရာတွင် ပိုမိုပတ်သက်သည့် ရာထူးဖြစ်ပြီး သူသည် ထိုရာထူးတွင်သာ ဆက်လက်ရှိနေမည် ဖြစ်သည်။
ရှိုင်ဂုသည် ၂၀၂၂ ခုနှစ် ရုရှားစစ်တပ် ဆုတ်ခွာရမှု အများအပြားအတွက် ရုရှားစစ်ဘက် ဘလော့ဂါများ၏ ပြင်းထန်သော ဝေဖန်မှုများ ခံရသူဖြစ်သည်။ ဝဂ္ဂနာ ကြေးစားတပ် ခေါင်းဆောင်ဖြစ်ပြီး ရှိုင်ဂုကို အပြင်းထန်ဆုံး ဝေဖန်သူ ယက်ဂျနီ ပရီဂိုဇင်သည် လွန်ခဲ့သောနှစ်တွင် ရှိုင်ဂုကို ဖြုတ်ချရန် မအောင်မြင်သည့် ပုန်ကန်မှု လုပ်ခဲ့ပြီးနောက် ပြန်လည် ရုတ်သိမ်းရန် သဘောတူခဲ့သည်။ နောက်ပိုင်းတွင် ပရီဂိုဇင်သည် လေယာဉ်ပျက်ကျမှု တခုတွင် သေဆုံးသည်။
စစ်ဖြစ်နေချိန်တွင် ရုရှားကာကွယ်ရေးဝန်ကြီး ရာထူးသည် စစ်တပ်အတွက် လိုအပ်သည်များ အားလုံးရရန်ဖြစ်ကြောင်း၊ ဂျီရာဆီမော့ဗ်သည် စစ်ဦးစီးချုပ် ပူတင်ထံ တိုက်ရိုက် သတင်းပို့ရသည့် အဓိက ရာထူးဖြစ်ကြောင်း လန်ဒန်အခြေစိုက် မေယက် ထောက်လှမ်းရေး အတိုင်ပင်ခံလုပ်ငန်း ဒါရိုက်တာ မတ်ခ် ဂယ်လီယိုတီက ပြောသည်။
“ဒီလိုအခြေအနေမှာ စီးပွားရေး ပညာရှင်တယောက်ရှိနေတာ ကာကွယ်ရေးကဏ္ဍက လိုအပ်ချက်တွေကို စီးပွားရေးထက် ဦးစားပေးဖို့လိုကြောင်းပြောမယ့် လူတယောက်ရှိနေတာဟာ အဓိပ္ပာယ် တစုံတရာရှိတယ်။ အခုတော့ ဒါက ဘဏ္ဍာရေး စီမံခန့်ခွဲသူရဲ့ အဓိကအလုပ်ဖြစ်ပြီး ဘယ်လောဆော့ဗ် အခုဒါကို လုပ်နိုင်တယ်” ဟု ဂယ်လီယိုတီက ပြောသည်။
ရှိုင်ဂု၏ မဟာမိတ် ဒု ကာကွယ်ရေးဝန်ကြီး တီမာ အိုင်ဗန်နော့ဗ်သည် ဒေါ်လာ ၁၁ သန်းနီးပါး လာဘ်ယူသည်ဟု အစိုးရရှေ့နေများက စွပ်စွဲပြီးနောက် ကာကွယ်ရေးအသုံးစရိတ်ကို ထိထိရောက်ရောက် စစ်ဆေးရန် ပူတင်၏ ကြိုးစားမှုအဖြစ် ယခုအပြောင်းအလဲကို မြင်ကြသည်။
သမ္မတ ပူတင်က အလက်ဇန္ဒား ဘော့တနီကော့ဗ်နှင့် ဆာဂေး နာယီရှခင်တို့ကို ဖက်ဒရယ်ထောက်လှမ်းရေးဌာန (FSB) နှင့် ပြည်ပထောက်လှမ်းရေးဌာန (SVR) အကြီးအကဲများအဖြစ် ဆက်လက်ထားရှိသည်။
ဝါရင့်နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်သည် ထိုရာထူးတွင်သာ ဆက်လက်ရှိနေမည်ဟု ကရင်မလင် နန်းတော်က ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Putin taps civilian economist to run defense, replacing Shoigu in surprise move
You may also like these stories:
ရှုတ်ချခံ ရွေးကောက်ပွဲ အနိုင်ရ ပူတင်ကို မင်းအောင်လှိုင် ချီးကျူး
ပရီဂိုဇင် သေဆုံးခြင်း ပူတင်အတွက် မည်သည့်သဘောဆောင်သနည်း
ICC ဖမ်းဝရမ်းကြောင့် ပူတင်၏ ကမ္ဘာ ကျဉ်းမြောင်းလာ
သံတမန်ဆက်ဆံရေး ၇၅ နှစ် မတိုင်မီ စစ်ကောင်စီမီဒီယာက ပူတင်ကို အလွန်အကျွံ ချီးကျူး