တော်လ်စတွိုင်း၏ စစ် နှင့် ငြိမ်းချမ်းရေး ဝတ္ထုထဲတွင် အခန်းတခန်း ပါသည်။
ထိုအခန်းတွင် (အဓိက ဇာတ်ဆောင်) ပီယာသည် မော်စကိုမြို့ကြီး မီးလောင်နေစဉ် ကလေးငယ် တယောက်ကို မီးထဲမှ ကယ်ရင်း ပြင်သစ်တို့၏ အကျဉ်းသား အဖြစ် အဖမ်းခံခဲ့ရသည်။
ပြင်သစ်တို့၏ လက်တွင် အဖမ်းခံနေရစဉ် ပီယာသည် ကြီးစွာသော ဆင်းရဲဒုက္ခ နှင့် ကြုံတွေ့ခဲ့ရသည်။ လူတယောက် အဆုံးစွန် ခံနိုင်သော ဒုက္ခဆင်းရဲမျိုးကို ကြုံတွေ့ခဲ့ရသည်။
သို့ရာတွင် မိမိ ကျန်းမာရေး ကောင်းမွန်ခြင်း၊ ကိုယ်ခန္ဓာ တောင့်တင်း ကြံ့ခိုင်ခြင်းနှင့် အထူးသဖြင့် ဆင်းရဲဒုက္ခသည် မည်သည့် အချိန်က စတင်ခဲ့သည်ဟု မပြောနိုင်လောက်အောင် တဖြည်းဖြည်း မသိမသာ ပေါ်ပေါက်လာခဲ့ခြင်းတို့ကြောင့် ပီယာသည် သူရောက်ရှိ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခတို့ကို ဝမ်းသာ ရွှင်လန်းစွာ လက်ခံနိုင်ခဲ့သည်။
ထိုအခါကျမှပင် သူအပတ်တကုတ် ရှာဖွေခဲ့သော စိတ်၏ ငြိမ်သက်ခြင်းနှင့် စိတ်၏ ချမ်းမြေ့ခြင်း တို့ကို ရရှိခဲ့သည်။
ယခင်က ပီယာသည် စိတ္တပဿဒ္ဓိ ဟု ဆိုကြသော စိတ်၏ ကြည်လင် ချမ်းမြေ့မှုနှင့် အတွင်း အဇ္စျတ္တသန္တာန်၏ ညီညွတ်ခြင်းကို နည်းလမ်း အမျိုးမျိုးဖြင့် ရှာဖွေခဲ့ဖူးသည်။
အသောက်အစား အပျော်အပါးတို့ကို ခံစားခဲ့ဖူးသည်။ လိုလေသေးမရှိ ကာမဂုဏ် ချမ်းသာတို့ကို ခံစားခဲ့ဖူးသည်။ သို့ရာတွင် စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာ၍ မတွေ့။
သူသည် အများကောင်းကျိုးကို ဆောင်ရွက်ခဲ့ဖူးသည်။ ပရဟိတ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ဖူးသည်။ ညီအစ်ကိုတော် ဂိုဏ်း၏ တရားများတွင် သက်ဝင်ယုံကြည်ခဲ့ဖူးသည်။ သူရဲကောင်း ဆန်ဆန်ဖြင့် ကိုယ်ကျိုး စွန့်ပြခဲ့ဖူးသည်။
သို့ရာတွင် စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာမတွေ့။
“ဖာရောက် ဘုရင်၊ နိုင်ဇမ် စော်ဘွား၊ ချောင်ဆက်စကူးနှင့် မားကို့စ်”
တို့ကား မရှိ ဆင်းရဲသူတို့၏ ပါးစပ်မှ လုယူ၍ သူတို့သည်
စည်းစိမ် ချမ်းသာတို့ကို မြေကြီးပေါ်တွင် စုဆောင်းကြသည်။
သူသည် နုနယ်ပျိုမြစ်သည့် နာတာရှာကို စိတ်ကူးယဉ် အချစ်ဖြင့် ချစ်ခဲ့ဖူးသည်။ ကျောင်း ဆောက်ခြင်း၊ လူအိုရုံ ဆောက်လုပ် လှူဒါန်းခြင်း၊ မြေကျွန်များကို ကျွန်အဖြစ်မှ ကင်းလွတ်ခွင့် ပေးခြင်းကို ရှာဖွေခဲ့ဖူးသည်။
သို့ရာတွင် သူရှာဖွေနေသော စိတ်၏ ငြိမ်းချမ်းခြင်းကို မတွေ့။
လောကတွင် စည်းစိမ် ချမ်းသာတို့ဖြင့် မတောင့်မတ၊ မကြောင့်မကြ နေရပါလျက် အဘယ်ကြောင့် စိတ်၏ ငြိမ်းချမ်းခြင်းကို မရသနည်းဟု သူ့ကိုယ်သူ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။
ပြင်သစ်တို့၏ အကျဉ်းသား ဖြစ်ရသည့် အခါတွင်မူ ပီယာသည် အသိတရား တခုကို ရလာခဲ့သည်။ ထိုအသိတရားမှာ အခြား မဟုတ်။ လောက၌ မတောင့်မတ၊ မကြောင့်မကြ နေရခြင်းသည် လူ၏ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုကို မပေးနိုင်။
တောင့်တသော အရာကို တောင့်တသည့် အချိန်တွင် ရရှိခဲ့ခြင်းဖြင့်သာလျှင် လူ၏ စိတ်ချမ်းမြေ့မှုကို ပေးနိုင်သည် ဆိုသော အသိတရား ဖြစ်သည်။
လေက၌ အနာရောဂါ ကင်းစွာနေရခြင်း၊ လူတယောက် အသက်ရှင်နေနိုင်ရန် မရှိမဖြစ်သည့် အခြေခံ လိုအပ်ချက်များ ပြည့်စုံခြင်း၊ ယင်းနှင့် အတူ မိမိ၏ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိခြင်း စသည့် အချက်များသည် လူ၏ ပြည့်စုံသည့် ပျော်ရွှင်မှု ဖြစ်ကြောင်းကို သူသဘော ပေါက်လာခဲ့သည်။
ဆာလောင် မွတ်သိပ်သော အခါ၌ အစား စားရခြင်း၊ ရေငတ်သော အခါ၌ ရေသောက်ရခြင်း၊ အိပ်စက်ခြင်း ပြုလိုသော အခါ၌ အိပ်စက်ရခြင်း၊ ချမ်းသောအခါ၌ နွေးထွေးစွာ နေရခြင်း၊ စကားစမြည် ပြောလိုသော အခါနှင့် လူတယောက် အသံကို ကြားလိုသော အခါ၌ လူသားတို့ အချင်းချင်း စကားပြောရခြင်းသည် မည်မျှ အရသာ ရှိကြောင်း အကျဉ်းထောင် ထဲတွင် နေစဉ် ဘဝတွင် ပထမဆုံး အကြိမ် သူသဘော ပေါက်လာခဲ့သည်။
ကောင်းမွန်စွာ စားသောက်ရခြင်း၊ သန့်ရှင်းစွာ နေထိုင်ရခြင်း၊ လွတ်လပ်စွာ နေထိုင်ရခြင်း စသည်တို့သည် လူ၏ အခြေခံ လိုအပ်ချက် ဖြစ်ကြောင်း၊ လူ၏ အခြေခံ လိုအပ်ချက် တို့ကို ကျော်လွန်ကာ အလျှံပယ် ပေါများခြင်း၊ စည်းစိမ် ချမ်းသာကို ခံစားခြင်း စသည်တို့သည် မိမိ၏ စိတ်ချမ်းမြေ့မှုကို ရနိုင်သည့် နည်းလမ်းများ မဟုတ်ကြောင်းကို သူသဘော ပေါက်လာ ခဲ့သည်။
သို့ဖြင့် စိတ်၏ ချမ်းမြေ့မှုကို ရနိုင်သည့် နည်းလမ်းသည် စည်းစိမ်ချမ်းသာတို့ အလျှံပယ် ပေါကြွယ်ခြင်း မဟုတ်၊ လူ၏ အသက် ရှင်ရေး အတွက် အခြေခံ လိုအပ်ချက်များ ပြည့်စုံရေးသာ ဖြစ်သည်ဟူသော သဘောကို တော်လ်စတွိုင်း က သာဓကထူ၍ ပြခဲ့သည်။
ချမ်းသာသူတိုင်းသည် ချောင်ဆက်စကူးလို ရှပ်အင်္ကျီ တထည်ကို တခါသာ ဝတ်မည် ဆိုသည့် စိတ်ကူးမျိုး ရှိမည် မထင်။ အီမယ်လ်ဒါ မားကို့စ်လို ဖိနပ် အရန်ပေါင်း ၂၇၀၀ ကို စီးရန် စိတ်ကူးမည် မထင်။
တော်လ်စတွိုင်းသည် ထိုတရား၊ ထိုဒဿနကို ပါးစပ်ကသာ ပြောသည် မဟုတ်။ နောက်ပိုင်းတွင် သူကိုယ်တိုင် လက်တွေ့ လုပ်ဆောင်ပြခဲ့သည်။ သူ့တွင် ရှိသည့် စည်းစိမ် ဥစ္စာတို့ကို စွန့်လွှတ်ကာ သူတော်စင် တဦးလို နေသွားခဲ့သည်။
သို့ရာတွင် လောက၌ ထိုတရား၊ ထိုဒဿနကို သဘောပေါက်ရန် မလွယ်ပါ။ လက်တွေ့ ကျင့်ကြံရန်မှာ သာ၍ပင် မလွယ်ပါ။
အများအားဖြင့် ထိုတရား၊ ထိုဒဿနနှင့် ဆန့်ကျင် လုပ်ဆောင်သူတို့သာ များပါသည်။ အစားအသောက်ကို ကိုယ်စားနိုင် သည်ထက် စားလိုကြပါသည်။ အဝတ်အထည်ကို ကိုယ်ဝတ်နိုင်သည်ထက် ဝတ်လိုကြသည်။
စည်းစိမ် ချမ်းသာကို လူတယောက် ခံစားနိုင်သည်ထက် ပို၍ လိုချင်ကြသူတို့သာ များပါသည်။ ဤသို့ဖြင့် တဏာ အလိုသို့ လိုက်နေကြပါသည်။
နရသီဟပတေ့ မင်းသည် တခါပွဲတော် တည်လျှင် ဟင်းခွက် ၃၀၀ ဖြင့် ပွဲတော်တည်သည်ဟု ဆိုပါသည်။ လက်တွေ့တွင်မူ ဟင်းခွက် ၃၀၀ စေ့အောင် နှိုက်ဖို့ပင် မလွယ်ပါ။
အီဂျစ်ပြည် ဖာရောက် ဘုရင်သည် တပတ်လျှင် ကမာ အကောင် ၆၀၀ စားသည်ဟု ဆိုပါသည်။ ဖာရောက် ဘုရင်၏ ဘိုးတော် ဖြစ်၍ ၁၈၉၅ ခုနှစ်တွင် နတ်ရွာစံခဲ့သော ခေဒိုက်အီစမန် ဘုရင်သည် ရှန်ပိန် အရက် ၂ လုံးကို တကြိမ်တည်းဖြင့် ဆက်တိုက် သောက်သုံးသည်ဟု ဆိုပါသည်။ ထို အီစမန် ဘုရင်ကြီးတွင် မောင်းမ ကိုယ်လုပ်တော် ၃၀၀၀ ရှိသည်ဟု ဆိုပါသည်။
၁၈ ရာစုနှစ်တုန်းက ဇောတိက လက်သစ်ဟု ဆိုနိုင်သော ပြင်သစ် ကုန်သည်ကြီး တဦး ဖြစ်သည့် ဗိုးဂျင်း ဆိုသူ ရှိပါသည်။
သူ့အကြောင်းကို ရေးရာ၌ “သူသည် အံ့မခန်းလောက်အောင် ခမ်းနား တင့်တယ်သော ပန်းဥယျာဉ်များကို ပိုင်ဆိုင်၏။ သိူ့ရာတွင် သူသည် လွန်စွာ ဝလွန်း၊ ဆူဖြိုးလွန်းလှသဖြင့် ထိုပန်းဥယျာဉ်များထဲတွင် လမ်းမလျှောက်နိုင်ချေတကား။ သူ့တွင် လှပခမ်းနား၍ မရေတွက်နိုင်သော အိပ်ခန်း အဆောင်ဆောင်တို့ ရှိသည့်တိုင် အိပ်မပျော်သော ရောဂါကြောင့် အိပ်စက်၍ မပျော်နိုင်ချေတကား။ ပန်းကြွေ ပန်းနွယ် အသွယ်သွယ်တို့သဏ္ဌာန် ထုဆစ်ထားသော နှင်းဆီခင်းပုံ ရွှေပိန်းချ စက်ရာပေါ်၌ ကြောက်ဖွယ် ဝဖြိုး ဖောသွတ်လျက်ရှိသည့် ခေါင်းပြောင်ပြောင် အဘိုးအိုသည် လူးလှိမ့်လျက်ရှိသည်တကား” ဟု ပြင်သစ် သမိုင်းဆရာ မီရီယန်ဘီးယတ် က ရေးခဲ့သည်။
ရောမ ဧကရာဇ် ဘုရင် အီလာဂါဘာလုသည် သူ့ကျေးကျွန်များအား ပင့်ကူအိမ် အလေးချိန် ၁၀၀၀၀ စုဆောင်းရမည်ဟု အမိန့် ထုတ်လိုက်သည်။
ကျေးကျွန်တို့က သူအရှာခိုင်းလိုက်သည့် ပင့်ကူအိမ်ပေါင်း အလေးချိန် ၁၀၀၀၀ ကို ရရှိလာသည့် အခါ၌ –
“ငါ၏ ရောမ မြို့တော်ကြီး မည်မျှ ကျယ်ဝန်းသည်ကို ကြည့်ကြကုန်” ဟု ကြွားဝါခဲ့သည်။
ပြင်သစ်ပြည် ၁၄ ဆက်မြောက် လူဝီ ဘုရင်သည် စိန်စီသော အင်္ကျီတထည်ကို ဆင်မြန်းခဲ့သည်။ သူ၏ စိန်စီ အင်္ကျီသည် ၁၈ ရာစုနှစ် တန်ဖိုးဖြင့် တွက်လျှင် ဖရန့်ငွေ ၁၄ သန်း တန်သည်ဟု အဆိုရှိသည်။
အိန္ဒိယပြည် နိုင်ဇမ် စော်ဘွားတွင် မော်တော်ကား ရာပေါင်းများစွာ ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ထိုမော်တော်ကားများကို စေ့အောင်မျှ မစီးနိုင်ခဲ့။
ဤသို့ဖြင့် လောကကြီးတွင် အလျှံပယ် ပေါကြွယ်သူတို့သည် ထို့ထက် ပေါများ ကြွယ်ဝအောင် အမြဲတမ်း ကြံစည်နေကြသည်။ လှုပ်ရှားနေကြသည်။
ထိုစည်းစိမ် ချမ်းသာတို့ဖြင့် ကာမဂုဏ် အာရုံ ခံစားကြသည်။ စိတ်၏ ချမ်းမြေ့မှုကို ရနေသည်ဟု ထင်နေကြသည်။
သူတို့၏ စည်းစိမ်၊ သူတို့၏ ချမ်းသာ၊ သူတို့၏ လောဘ၊ သူတို့၏ ရမ္မက်၊ သူတို့၏ မောဟ တို့သည် သမိုင်းတွင် စာတင်လောက်သည်။
ထိုသို့သော ပုဂ္ဂိုလ်တို့သည် ရောမ ခေတ်ကလည်း ရှိသည်။ ခေါမ ခေတ်ကလည်း ရှိသည်။ ခေတ်လယ်တွင်လည်း ရှိသည်။ ခေတ်သစ်တွင်လည်း ရှိသည်။ ခရစ် မပေါ်မီကလည်း ရှိသည်။ ခရစ် ပေါ်ထွန်းပြီးနောက်တွင်လည်း ရှိသည်။ ၁ ရာစု တွင်လည်း ရှိသည်။ ၁၀ ရာစုတွင်လည်း ရှိသည်။ ၂၀ ရာစုတွင်လည်း ရှိသည်။
ဘာကြာသေးသနည်း။
ရူမေးနီးယားနိုင်ငံ အာဏာရှင် ချောင်ဆက်စကူးသည် ရှပ်အင်္ကျီ တထည်ကို တခါသာ ဝတ်သည်ဟု အဆိုရှိသည်။ ချောင်ဆက်စကူးသည် တနေ့လျှင် မနက်စာ ဝတ်စုံနှင့် ညစာ ဝတ်စုံ အနည်းဆုံး ၂ စုံတော့ လဲလိမ့်မည်။
သို့ဆိုလျှင် ချောင်ဆက်စကူးသည် တနေ့ကို ရှပ်အင်္ကျီ ၂ ထည်ကုန်သည်။ တလကို အထည် ၆၀ ကုန်သည်။ ၁ နှစ်ကို ရှပ် အင်္ကျီ အထည် ၇၂၀ ကုန်လိမ့်မည်။
သူ့ ရာဇပလ္လင် ပေါ်တွင် ရှိနေစဉ် ကာလ၌ တခါသာ ဝတ်ပြီး စွန့်ပစ်ခဲ့သော ရှပ်အင်္ကျီပေါင်း ၂ သောင်းနှင့် ၃ သောင်းကြား ရှိပေလိမ့်မည်။
ဖိလစ်ပိုင် သမ္မတဟောင်း မားကို့စ် နှင့် အီမယ်လ်ဒါ မားကို့စ် တို့၏ နန်းတော်ထဲမှ တွေ့ရသည့် စာရင်းများသည်လည်း ကြောက်ဖွယ် လိလိ ဖြစ်နေသည်။
ဘဏ်တိုက် တခုတွင် သန်း တထောင်၊ အခြား ဘဏ်တိုက် တခုတွင် သန်း ရှစ်ရာ၊ မင်ဟက်တန်တွင် မျှော်စင် ရုံးကြီး တခု၊ လောင်းအိုင်လင်တွင် မြစ်ဆိပ်ပိုင်စား နယ်မြေကြီး တခု၊ ဖိလစ်ပိုင်တွင် ကျေးလက် စံအိမ်ပေါင်း ဒါဇင်ပေါင်း များစွာ၊ မားကို့စ်၏ မွေးရပ် ဇာတိတွင် နောက်ထပ် နန်းတော် တဆောင်။
ထို့နောက် အီမယ်လ်ဒါ မားကို့စ် ၏ လေဒီရှူး အရန် ၂၇၀၀၊ သို့မဟုတ် ဖိနပ်ပေါင်း ၅၄၀၀။
ကမ္ဘာတွင် အချမ်းသာဆုံး သူကြွယ် တဦး ဖြစ်သည့် ဆိုဖီတပ်ကား က “ကျမသည် မွဲလည်း မွဲခဲ့ဖူးသည်။ ချမ်းလည်း ချမ်းသာခဲ့ဖူး ပါသည်။ မွဲရသည်နှင့် စာလျှင် ချမ်းသာရသည်က ပိုကောင်းပါသည်” ဟု ပြောခဲ့ဖူးသည်။
မှန်ပါသည်။ ပုထုဇဉ်တိုင်း ချမ်းသာလိုကြသည်မှာ ဘာမျှ အပြစ်ဆိုဖွယ်မရှိ။ သူတော်စင် မဟုတ်သေး သရွေ့၊ ပီယာလို သဘော မပေါက်သေး သရွေ့၊ တော်လ်စတွိုင်းလို မမြင်နိုင်သေး သရွေ့ ချမ်းသာလိုကြမည်မှာ ဓမ္မတာ ဖြစ်သည်။
ချမ်းသာသူတိုင်းသည် ချောင်ဆက်စကူးလို ရှပ်အင်္ကျီ တထည်ကို တခါသာ ဝတ်မည် ဆိုသည့် စိတ်ကူးမျိုး ရှိမည် မထင်။ အီမယ်လ်ဒါ မားကို့စ်လို ဖိနပ် အရန်ပေါင်း ၂၇၀၀ ကို စီးရန် စိတ်ကူးမည် မထင်။ နိုင်ဇမ် စော်ဘွားလို မော်တော်ကား ရာပေါင်း များစွာ စိတ်ကူးမည် မထင်။
အီမယ်လ်ဒါ မားကို့စ်သည် တနေ့ကို ဖိနပ် ၃ ရန် လဲ၍ စီးလျှင်ပင် သူ့ဖိနပ်တွေ ကုန်အောင် ၂ နှစ်ခွဲ နီးပါး စီးရလိမ့်မည်။
ထိုအထဲတွင် အီမယ်လ်ဒါ မားကို့စ်သည် လေဒီရှူးများကို နောက်ထပ် ဝယ်နေဦးမည် ဖြစ်ရာ ထိုအတိုင်း ဆိုလျှင် သူ့ တသက်တွင် ဖိနပ်များကို ကုန်အောင် စီးသွားနိုင်မည် မဟုတ်။ သို့ဖြစ်လျှင် အီမယ်လ်ဒါ မားကို့စ်သည် သူမ မစီးနိုင်သော လေဒီရှူးများကို ဘာကြောင့် စုဆောင်းနေရသနည်း။
အီစမန် ဘုရင်ကြီးသည် သူပေါင်းသင်းခြင်း မပြုနိုင်သော ကိုယ်လုပ်တော် ၃၀၀၀ ကို ဘာကြောင့် ထားနေရသနည်း။ နိုင်ဇမ် စော်ဘွားသည် သူမစီးနိုင်သော မော်တော်ကား ရာပေါင်းများစွာကို အဘယ်ကြောင့် ဝယ်ထားသနည်း။
တောပစ် ဝါသနာ ပါသလို၊ စစ်တုရင် ဝါသနာ ပါသလို၊ အလောင်းအစား ဝါသနာ ပါသလို “ဝါသနာ ပါလို့” ဟူသော အကြောင်းမှတပါး အခြား ဖြေစရာ မရှိ။
တနည်း ပြောရလျှင် အီစမန် ဘုရင်၊ နိုင်ဇမ် စော်ဘွား၊ ချောင်ဆက်စကူး နှင့် အီမယ်လ်ဒါ မားကို့စ် တို့တွင် ထိုသို့သော ဝါသနာမျိုးကို ဖြစ်ပေါ်စေသည့်၊ ထိုဝါသနာမျိုးကို နှိုးဆွပေးသည့် ဟော်မုန်း ဓာတ်များ ရှိနေသောကြောင့် ဖြစ်သည်ဟုသာ ပြောရတော့မည် ထင်သည်။
တနည်း စဉ်းစားနိုင်သေးသည်။ အဘယ်ကြောင့် စည်းစိမ် ချမ်းသာ ရှိချင်သနည်း။
မိမိ ကြိုက်သလို နေရန်၊ မိမိ ကြိုက်သလို စားရန်၊ မိမိ ကြိုက်သလို သုံးစွဲရန် တနည်းပြောရရင် လွတ်လပ်မှုကို ဝယ်ရန် ဖြစ်သည် (ဝါ) သူတပါး အလိုကျ နေထိုင်ရခြင်းမှ လွတ်ကင်း၍ ကိုယ့်အလိုကျ နေထိုင်ရန် ဖြစ်သည်။
အီမယ်လ်ဒါ မားကို့စ်သည် လေဒီရှူး အရန်ပေါင်း ၂၇၀၀ ကို ဝယ်ခြင်းမှာ စီးရန် မဟုတ်။ စီးသည့် အခါတွင် ကိုယ်ကြိုက်သည့် ဖိနပ်ကို ရွေးချယ်နိုင်ရန် ဖြစ်သည်ဟု စဉ်းစားနိုင်သည်။
ထိုဆန္ဒများသည် လောဘမှ ထွက်ပေါ်လာခြင်းသာ ဖြစ်လေသည်။
“သင့်တွင် ဥစ္စာပြည့်စုံ ကုံလုံလျှင် ယင်းတို့ကို ရောင်းချ၍ မရှိဆင်းရဲသားများအား ပေးဝေလေ။ ထိုအခါ၌ သင်သည် ကောင်းကင်ဘုံတွင် စည်းစိမ် ချမ်းသာတို့ကို ရမည်” ဟု ခရစ်တော်က ဟောခဲ့သည်။
သို့ရာတွင် “ဖာရောက် ဘုရင်၊ နိုင်ဇမ် စော်ဘွား၊ ချောင်ဆက်စကူးနှင့် မားကို့စ်” တို့ကား မရှိ ဆင်းရဲသူတို့၏ ပါးစပ်မှ လုယူ၍ သူတို့သည် စည်းစိမ် ချမ်းသာတို့ကို မြေကြီးပေါ်တွင် စုဆောင်းကြသည်။
သို့ရာတွင် ထိုသို့ လောဘဇော တိုက်မှုမျိုးကို ဖရွိုက် ၏ စိတ်သရုပ်ခွဲ ပညာဖြင့် ခွဲခြမ်းစိတ်ဖြာ ကြည့်ရန် မလိုပါ။ ယင်းသို့သော လောဘဇောသည် ရက်စက် ကြမ်းကြုတ်မှုမျိုးသာ ဖြစ်လေသည်။ မောဟ၏ အစိတ်အပိုင်း တခုသာ ဖြစ်လေသည်။
လောက၌ လိုလေသေးမရှိ ပြည့်စုံခြင်းသည် စိတ်၏ ချမ်းမြေ့မှုကို မရနိုင်။ တောင့်တသည့် အခါတွင် လိုသောအရာကို ရခြင်းသာလျှင် စိတ်၏ ချမ်းမြေ့မှုကို ရနိုင်သည်ဟု တော်လ်စတွိုင်းက ဆိုခဲ့သည်။
ပြင်သစ်တို့ လက်တွင် အကျဉ်းသား ဖြစ်ရသော ပီယာကား တောင့်တသော အချိန်တွင် လူတို့ အသက်ရှင်ရန် လိုအပ်သော အခြေခံ အရာတို့ကို ရရှိသဖြင့် စိတ်၏ ချမ်းမြေ့မှုကို ရခဲ့လေသည်။
သို့ရာတွင် အီမယ်လ်ဒါ မားကို့စ် ၏ လေဒီရှူး အရန် ၂၇၀၀ တို့ကား သူမ၏ အိပ်မပျော်သော ညများတွင် ခြောက်အိပ်မက်များ ဖြစ်နေပေလိမ့်မည်။ ။
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို ချမ်းမြေ့ ရတနာ စာအုပ်တိုက်က ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခရမ်းလွန် နွေဦး၌ ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း နှင့် သမိုင်း ပုံရိပ် အက်ဆေးများ ဒုတိယ အကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)