အာရက္ခတပ်တော် (AA) ၏ ရခိုင်ပြည်မှထိုးစစ်တွင် ဂုဏ်သိက္ခာကျဆင်းသည့် ရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုကို ရင်ဆိုင်ရပြီးနောက် စစ်ကောင်စီသည် ပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် ၎င်းတို့၏ နည်းလမ်းဟောင်းဖြစ်သော မွတ်စလင်နှင့် မွတ်စလင် မဟုတ်သော ဒေသခံများအကြား လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများ လှုံ့ဆော်သည့်နည်းကို ထပ်မံအသုံးပြုနေကြောင်း စစ်ရေးသုတေသီများနှင့် AA က ပြောသည်။
ရခိုင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာများနှင့် ရခိုင်ဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခကို ရင်ဆိုင်ရပြီး နိုင်ငံအစိတ်အပိုင်း အများအပြားတွင်လည်း မွတ်စလင်နှင့် အခြားဗုဒ္ဓဘာသာ လူမှုအသိုက်အဝန်းများအကြား မတည်ငြိမ်မှုကို ဖြစ်စေခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်မှ ပဋိပက္ခသည် မြင့်မားလာပြီး နောင်နှစ်အနည်းငယ် ကြာသောအခါ စစ်တပ်က ရိုဟင်ဂျာများကို ဖြိုခွဲမှုဖြစ်ကာ ထိုဖြစ်ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။ ထိုဖြစ်ရပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူ ၇ သိန်းကျော် ထွက်ပြေးခဲ့ရသည်။
လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်သည့် AA ထိုးစစ်တွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် မြို့နယ် ၆ ခုနှင့် အခြားမြို့ ၃ မြို့ကို ဆုံးရှုံးပြီးနောက် စစ်ကောင်စီသည် ထိုပြည်နယ်တွင် သွေးခွဲအုပ်ချုပ်ရေးကို ထပ်မံကျင့်သုံးနေကြောင်း ဧရာဝတီက သိရသည်။
AA တပ်များသည် ပြည်နယ်မြို့တော် စစ်တွေသို့ နီးကပ်လာပြီး ပြည်နယ်မြောက်ပိုင်းမှ အဓိကကျသည့် စစ်ကောင်စီ စခန်းများကို တိုက်ခိုက်လာသောအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးရေး သွေးကွဲမှု ဖြစ်စေရန် AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာ ဆန္ဒပြပွဲများကို ပြုလုပ်စေသည်။
AA တပ်များသည် ပြည်နယ်မြို့တော် စစ်တွေသို့ နီးကပ်လာပြီး ပြည်နယ်မြောက်ပိုင်းမှ အဓိကကျသည့် စစ်ကောင်စီ စခန်းများကို တိုက်ခိုက်လာသောအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် လူမျိုးရေး သွေးကွဲမှု ဖြစ်စေရန် AA ကို ဆန့်ကျင်သည့် ရိုဟင်ဂျာ ဆန္ဒပြပွဲများကို ပြုလုပ်စေသည်။
စစ်ကောင်စီ ကျောထောက်နောက်ခံပြု ရိုဟင်ဂျာ ဆန္ဒပြပွဲများကို စစ်တွေနှင့် ဘူးသီးတောင်တွင် ပြုလုပ်ကြပြီး ဆန္ဒပြသူများသည် AA အလိုမရှိ၊ စစ်အလိုမရှိ စသည်ဖြင့် ရေးသားထားသည့် စာတန်းများ ကိုင်ဆောင်ထားကြသည်။ စစ်ကောင်စီထိန်းချုပ် မီဒီယာနှင့် တယ်လီဂရမ်မှ စစ်ကောင်စီ လိုလားသော ဝါဒဖြန့်ချိရေး ချယ်နယ်များက ရိုဟင်ဂျာ ဆန္ဒပြပွဲနှင့် ပတ်သက်သည့် သတင်းများကို ဖြန့်ချိကြသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများကို စစ်သားစုဆောင်း လေ့ကျင့်ပေးကာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စစ်ဌာနချုပ်များကို AA တိုက်ခိုက်မှုမှ ကာကွယ်ရန် ၎င်းတို့ကို အသုံးပြုသည်။
စစ်ကောင်စီသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ကဲ့သို့သော ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည်ဟုလည်း အပြောခံရသည်။
စစ်ကောင်စီစစ်သားများ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများလည်း ထွက်ပေါ်လာသည်။
ဘူးသီးတောင်မြို့နယ်မှ စစ်ကောင်စီစစ်ဌာနချုပ်ကို AA က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီထိန်းချုပ် ဘူးသီးတောင်မှ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရုံးခန်း အပါအဝင် မွတ်စလင် မဟုတ်သူများ ပိုင်ဆိုင်သည့် ထောင်နှင့်ချီသော အရပ်ဘက် အဆောက်အအုံများ ဧပြီလ ၁၂ ရက်နေ့တွင် မီးရှို့ တိုက်ခိုက်ခံရသည်။
ထိုမြို့မှ ရခိုင်၊ ဟိန္ဒူနှင့် မွတ်စလင် မဟုတ်သည့် အခြားအရပ်သားများ၏ နေအိမ်များသာ မီးရှို့ခံရကြောင်း၊ စစ်ကောင်စီ ကျောထောက်နောက်ခံပြု ရိုဟင်ဂျာ အကြမ်းဖက် အုပ်စုများဖြစ်သည့် ARSA, ARA, RSO နှင့် စစ်ကောင်စီက မကြာသေးမီက လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် ရိုဟင်ဂျာများသည် ထိုမီးရှို့မှုများအတွက် တာဝန်ရှိကြောင်း ဒေသခံများနှင့် AA က ပြောသည်။
ထိုမြို့နယ်များမှ ရိုဟင်ဂျာကျေးရွာများကို AA က အမြောက်ဖြင့် ပစ်သောကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်းလည်း စစ်ကောင်စီက စွပ်စွဲသည်။
မောင်တောမြို့နယ်မှ ရိုဟင်ဂျာ အရပ်သားများကို AA က ဖမ်းဆီးသတ်ဖြတ်သည်ဟု ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတဦးက ဧပြီလတွင် စွပ်စွဲသော်လည်း ထိုစွပ်စွဲချက်ကို AA က ပယ်ချသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းပြီး တိုက်ခိုက်စေကာ စစ်မြေပြင်တွင် သတ်ဖြတ်ခံရအောင်လုပ်ပြီး AA ၏ နိုင်ငံတကာ ဂုဏ်သတင်း ထိခိုက်စေရန် ကြိုးစားနေသည်။
တချိန်တည်းတွင် စစ်ကောင်စီသည် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းပြီး တိုက်ခိုက်စေကာ စစ်မြေပြင်တွင် သတ်ဖြတ်ခံရအောင်လုပ်ပြီး AA ၏ နိုင်ငံတကာ ဂုဏ်သတင်း ထိခိုက်စေရန် ကြိုးစားနေသည်။
ပြင်ပကမ္ဘာသည် ရိုဟင်ဂျာ ပြဿနာကို အရေးစိုက်လွန်းပြီး စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် မည်သည့် ရိုဟင်ဂျာမဆို AA တိုက်ခိုက်မှုကြောင့် သေဆုံးလျှင်ပင် AA အပေါ် နိုင်ငံတကာအမြင် ထိခိုက်စေကြောင်း ဆွီဒင်သတင်းစာဆရာနှင့် မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလစ်တနာက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ပြင်ပကမ္ဘာက လူအများစုက ရိုဟင်ဂျာတွေကို လက်နက်တပ်ဆင်ပေးနေတာကို သတိမထားမိဘူးလို့ ယူဆနိုင်တယ်” ဟု ၎င်းကပြောသည်။
သွေးခွဲအုပ်ချုပ်ရေးကို ကျင့်သုံးခြင်းဖြင့် စစ်ကောင်စီသည် ရခိုင်တွင် လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခ လှုံဆော်ပြီးနောက် ငြိမ်ဝပ်ပိပြားရေးနှင့် လူမှုသဟဇာတဖြစ်ရေးအတွက် ဝင်ရောက်စွက်ဖက်ရန် အကြောင်းပြမည် ဖြစ်ကြောင်း လစ်တနာက ပြောသည်။
ရခိုင်ပြည်နယ်တခုလုံးသည် မကြာမီ AA လက်သို့ ကျရောက်နိုင်ကြောင်း ရခိုင်ပြည်နယ်၏ လက်ရှိ စစ်ရေးအခြေအနေကို သုံးသပ်ပြီး သုတေသီများက ခန့်မှန်းသည်။
“ဒါဟာဖြစ်နိုင်ပုံရပြီး ဒါကြောင့်မို့လည်း စစ်ကောင်စီက လူမျိုးဘာသာ ဝှက်ဖဲကိုသုံးပြီး ရခိုင်ပြည်နယ်က လူတွေကို သွေးခွဲနေတာ” ဟု သတင်းစာဆရာ လစ်တနာက ပြောသည်။
စစ်ကောင်စီနှင့် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကို ပုံမှန် စောင့်ကြည့် ရေးသားနေသည့် အခြား မြန်မာစစ်ရေးသုတေသီ တဦးကလည်း လစ်တနာ၏အမြင်နှင့် သဘောတူသည်။
“စစ်ကောင်စီဟာ AA ကို မချေမှုန်းနိုင်တော့လို့ မွတ်စလင်နဲ့ မွတ်စလင် မဟုတ်သူတွေအကြား အမုန်းတရား လှုံဆော်တဲ့နည်းကို သုံးနေတာ သေချာတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ပြည်နယ်အတွင်းမှ လူမှု အသိုက်အဝန်း အမျိုးမျိုးအကြား ပဋိပက္ခကို လှုံဆော်ပြီး ဘာသာ၊ လူမျိုး ကွဲပြားမှုကို အမြတ်ထုတ်နေသည်ဟု AA ၏ နိုင်ငံရေးအဖွဲ့အစည်း ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) က ဧပြီလ နှောင်းပိုင်းတွင် ပြောသည်။ စစ်ကောင်စီသည် ပြည်နယ်မြောက်ပိုင်းတွင် လူမှုအသိုက်အဝန်းများအကြား တင်းမာမှု လှုံ့ဆော်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရိုဟင်ဂျာ အစွန်းရောက်များကို လေ့ကျင့်ပေးကာ မွတ်စလင်အသိုက်အဝန်းမှ အကြမ်းဖက်အုပ်စုများကို လက်နက်တပ်ဆင်ပေးနေသည်ဟု ထိုအဖွဲ့က ပြောသည်။
သီးခြားလွတ်လပ်စွာ လှုပ်ရှား၍ဖြစ်စေ၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ဖြစ်စေ မွတ်စလင် လက်နက်ကိုင်အုပ်စုများသည် AA ကို တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့သည်။ ထို့အပြင် ထိုအုပ်စုများသည် မွတ်စလင် မဟုတ်သူများ၏ ပိုင်ဆိုင်မှုများကို လုယူဖျက်ဆီးခြင်းဖြင့်လည်း ရာဇဝတ်မှုများ လုပ်ဆောင်ကြပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဒေသခံများ၏ အသက်နှင့် လုံခြုံရေးကို ထိခိုက်စေသည်ဟုလည်း ULA က ဖော်ပြသည်။
စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းထားသည့် ရိုဟင်ဂျာများကို ရှေ့တန်းစစ်မျက်နှာတွင် အသုံးပြုကာ လူမှုအသိုက်အဝန်းများအကြား မုန်းတီးမှု လှုံ့ဆော်နေကြောင်း ထင်ရှားသော ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောသည်။
စစ်ကောင်စီက လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ပြည်သူစစ်များက မောင်တောမြို့နယ်၊ ရွှေရင်အေး ရခိုင်ကျေးရွာကို မီးရှို့သည့် ဗီဒီယိုတခု လူမှုကွန်ရပ်တွင် မေလ ၁၃ ရက်နေ့က ပျံ့နှံ့လာသည်။ ရွှေရင်အေးကျေးရွာကို စီးနင်းတိုက်ခိုက်မီးရှို့မှု လွန်ခဲ့သော မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရခိုင်မီဒီယာများက ဖော်ပြခဲ့သည်။
ထိုရိုဟင်ဂျာ ပြည်သူ့စစ်အုပ်စုသည် မောင်တောမြို့နယ်မှ ဝေသာလီကျေးရွာအနီးရှိ အိမ်များကိုလည်း မီးရှို့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ထိုလက်နက်ကိုင်အုပ်စုတွင် စစ်ကောင်စီက လေ့ကျင့်ပေးထားသည့် ရိုဟင်ဂျာစစ်သားသစ်များ ပါဝင်သည်ဟု ယုံကြည်ရကြောင်း ရိုနေဆန်းလွင်က သူ၏ Facebook တွင် ရေးသားသည်။
၎င်းတို့သည် မည်သူများဖြစ်သည်ဖြစ်စေ၊ အတင်းအကျပ်စေခိုင်းခံရသည်ဖြစ်စေ၊ အခြားတနည်းနည်း အသုံးချခံရသည်ဖြစ်စေ ရိုဟင်ဂျာတဦးအနေဖြင့် ထိုလုပ်ရပ်များကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ၎င်းကပြောသည်။
အခြားထင်ရှားသော ရိုဟင်ဂျာတဦးဖြစ်သူ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း စစ်ကောင်စီမဟာမိတ် ရိုဟင်ဂျာ ပြည်သူ့စစ်များ ထိုသို့ မီးရှို့ တိုက်ခိုက်ခြင်းကို ရှုတ်ချသည်။
အခြားထင်ရှားသော ရိုဟင်ဂျာတဦးဖြစ်သူ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း စစ်ကောင်စီမဟာမိတ် ရိုဟင်ဂျာ ပြည်သူ့စစ်များ ထိုသို့ မီးရှို့ တိုက်ခိုက်ခြင်းကို ရှုတ်ချသည်။
ရိုဟင်ဂျာ လူမှုအသိုက်အဝန်းအတွင် စစ်ကောင်စီတွက် အလုပ်လုပ်နေသည့် မသမာသူများ အများအပြား ရှိကြောင်း ၎င်းကပြောသည်။
“မသမာသူတွေနဲ့ သာမန် အရပ်သားတွေအကြား ကျနော်တို့ ခွဲခြားရှုမြင်ဖို့ လိုတယ်။ သိမ်းကြုံး အပြစ်တင်တာဟာ ပဋိပက္ခကိုသာ တိုးပွားစေတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဆန္ဒက လူမျိုး နှစ်ခုအကြား ပဋိပက္ခ ဖန်တီးဖို့ဖြစ်တယ်” ဟု ဦးအောင်ကျော်မိုးက ပြောသည်။
အကြမ်းဖက် စစ်ကောင်စီသည် ပြည်နယ်တခုလုံးကို AA ထံ လက်မလွှတ်ရမီ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိက္ခ ဖန်တီးထားခဲ့ရန် ကြိုးစားနေကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီ၏ သွေးခွဲအုပ်ချုပ်ရေးကြောင့် ဖြစ်နိုင်ခြေရှိသည့် ရလဒ်အကြောင်း မေးသောအခါ သတင်းစာဆရာ လစ်တနာက “ပြောဖို့စောနေသေးတယ်။ ဒါပေမယ့် စစ်ကောင်စီက AA ကို ဆန့်ကျင်ဖို့ ရိုဟင်ဂျာတွေကို အသုံးချနေတာမှာ ဗုဒ္ဓဘာသာ ရခိုင်အသိုက်အဝန်းက ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အချက်အပေါ် မူတည်နေတယ်” ဟု ၎င်းကပြောသည်။
ပြည်နယ်တခုလုံးမှ ရိုဟင်ဂျာ အသိုက်အဝန်းအများစုသည် AA အပေါ် ယုံကြည်မှုရှိသောကြောင့် စစ်ကောင်စီ၏ နည်းလမ်းသည် အလုပ်ဖြစ်မည်မဟုတ်ဟု ဧရာဝတီက မေးမြန်းခဲ့သော အထက်ပါ စစ်ရေးသုတေသီက ပြောသည်။ စစ်ကောင်စီသည် AA က ယုံကြည်မှု မတည်ဆောက်ရသေးသည့် မောင်တောနှင့် ဘူးသီးတောင်ရှိ မွတ်စလင် အသိုက်အဝန်းများမှ စစ်သားသစ်များကိုသာ အသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ နေ့သစ်၏ As It Loses Control of Rakhine, Myanmar Junta Resorts to Stoking Religious Hatred ကို ဘာသာပြန်သည်။)
You may also like these stories:
မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ
ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း
စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို