ရှမ်းပြည်နယ် မြောက်ပိုင်းဟု ဆိုရမည့် လားရှိုး၊ သီပေါ၊ ကျောက်မဲ၏ မြောက်ဘက်ခြမ်းတခုလုံး (တရုတ်တို့ အသက်ဆက် ပေးထားသည့် မူဆယ်မှအပ) သည် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မရှိကြတော့ပေ။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
၁၀၂၇ စစ်ဆင်ရေးတွင် အတူတကွ တိုက်ခိုက်ခဲ့ကြသော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ထိန်းချုပ်နယ်မြေ အများစု ရယူထားသည်ကို တွေ့ရ၏။
ထို့အတူ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကရော ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာပါ မိမိအစီအစဉ်ဖြင့် ပုံမှန်တိုက်ခိုက်နေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း နယ်မြေအချို့ ထိန်းချုပ်နေသည်ကို တွေ့ရသကဲ့သို့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းမြောက်တွင် တိုက်ပွဲဖော်ခြင်း မရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) ကလည်း သူ၏ စည်းရုံးလှုပ်ရှားနယ်မြေတွင် လှုပ်ရှားနေဆဲဖြစ်သည်ကို တွေ့ရ၏။
ရှမ်းမြောက်၏ ပဋိပက္ခအသစ်များ
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ အပစ်အခတ် ရပ်စဲပြီးနောက် ရှမ်းမြောက်တွင် စစ်ကောင်စီအုပ်ချုပ်ရေး ချုပ်ငြိမ်းသွားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အုပ်ချုပ်ရေး ထူထောင်ကြရာမှ ရှမ်းမြောက်တွင် ပဋိပက္ခအသစ်များကို တွေ့မြင်လာကြ၏။ မြောက်ပိုင်းသုံးဖွဲ့တွင် ပါဝင်သော အာရက္ခတပ်တော် (AA) သည် ရှမ်းမြောက်တွင် မဟာမိတ်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးအာဏာ ရယူခြင်းမရှိသည့်အတွက် ထိုပဋိပက္ခတွင် ပါဝင်ခြင်း မရှိပေ။
ရှမ်းမြောက်၏ ပဋိပက္ခအသစ်တွင် KIA, SSPP, TNLA, MNDAA တပ်ဖွဲ့ချင်းကြား ထိန်းချုပ်နယ်မြေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ပဋိပက္ခများကို တွေ့ရ၏။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် မတူသော လူမျိုးများကြား ပဋိပက္ခကိုလည်း တွေ့ရ၏။ ဥပမာဆိုရလျှင် KIA နှင့် ပလောင်လူထု၊ TNLA နှင့် ရှမ်းလူထု၊ MNDAA နှင့် ပလောင်လူထု၊ ကချင်လူထု၊ ရှမ်းလူထုများကြား ပြဿနာများကို ဆိုလိုသည်။
ရှမ်းမြောက်၏ ပဋိပက္ခအသစ်တွင် KIA, SSPP, TNLA, MNDAA တပ်ဖွဲ့ချင်းကြား ထိန်းချုပ်နယ်မြေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဖြစ်ပွားသည့် ပဋိပက္ခများကို တွေ့ရ၏။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နှင့် မတူသော လူမျိုးများကြား ပဋိပက္ခကိုလည်း တွေ့ရ၏။ ဥပမာဆိုရလျှင် KIA နှင့် ပလောင်လူထု၊ TNLA နှင့် ရှမ်းလူထု၊ MNDAA နှင့် ပလောင်လူထု၊ ကချင်လူထု၊ ရှမ်းလူထုများကြား ပြဿနာများကို ဆိုလိုသည်။

ရှမ်းမြောက် သမိုင်းနောက်ခံ
ရှမ်းပြည်မြောက်ပိုင်း နယ်မြေတွင် လက်ရှိဖွဲ့စည်းပုံအရ မြို့နယ် ၁၆ မြို့နယ်နှင့် မြို့နယ်ခွဲများ ရှိသည်။ ထိုမြို့နယ်များအတွင် ရှမ်းလူဦးရေ ၇ သိန်းနှင့်အထက်၊ တအာင်းလူဦးရေ ၃ သိန်းခွဲခန့်၊ ကချင်လူဦးရေ ၁ သိန်းခွဲခန့်နှင့် ကိုးကန့်လူဦးရေ ၁ သိန်းခန့်ရှိ၏။
ရှမ်းမြောက်တွင် အခြား လားဟူ၊ မုန်းဝန်းတရုတ် (တာမိုးညဲ)၊ ခိုလုံလီရှော (ပန်ဆေး)၊ ဝ စသည့် အခြားလူမျိုးများ ရှိကြသော်လည်း ရှမ်း၊ တအာင်း၊ ကချင်၊ ကိုးကန့် လူဦးရေက အဓိကဖြစ်၏။ သို့သော် ရှမ်းမြောက်တွင် လူမျိုးတမျိုးတည်း သီးသန့်နေထိုင်ကြသည်ကို မတွေ့ရပေ။ မြို့နယ်တခု၊ ဒေသတခုတွင် လူဦးရေအများစုရှိသည့် လူမျိုးရှိသော်လည်း အခြားလူမျိုးများလည်း ရောယှက်နေထိုင်ကြ၏။ သံလွင်အရှေ့ခြမ်းရှိ လောက်ကိုင်၊ ကုန်ကြမ်း၊ တာရွှေထန်စသည့် ကိုးကန့်ဒေသသည်ပင်လျှင် ကိုးကန့်အများစု နေထိုင်ကြသော်လည်း တအာင်း၊ ပလောင်များ၊ ရှမ်းများလည်း နေထိုင်ကြသည်ကို တွေ့ရ၏။
ရှမ်းမြောက်တွင်ရှိသည့် ရှမ်း၊ ကချင်၊ တအာင်း ပလောင်နှင့်ကိုးကန့်တို့သည် အစဉ်အလာအုပ်ချုပ်ရေးများ ရှိကြ၏။ ရှမ်းမြောက်တွင် ယခင်နှစ်ရာချီသည့် ကာလကတည်းက သိန္နီစော်ဘွား၊ မိုင်းရယ်စော်ဘွား၊ သီပေါစော်ဘွား၊ မိုးမိတ်စော်ဘွားစသည့် ရှမ်းစော်ဘွားနယ်မြေ၊ ကိုးကန့်စော်ဘွားနယ်မြေ၊ တအာင်းပလောင်တို့၏ နမ့်ဆန်တောင်ပိုင်း စော်ဘွားနယ်မြေများအပြင် သိန္နီစော်ဘွားနယ်မြေ မြောက်ပိုင်းနှင့် ငါးတောင်ဒေသတွင် ကချင်ဒူဝါတို့၏ အုပ်ချုပ်ရေးနယ်မြေများ ရှိသည်။
ထိုလူမျိုး လေးမျိုးလုံးတွင် မိမိလူမျိုးကို ကိုယ်စားပြုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိကြခြင်းဖြစ်၏။ ထို့အဖွဲ့အစည်းများဖြစ်ကြသည့် SSPP/SSA, PSLF/TNLA, KIO/KIA နှင့် MPTJC/MNDAA စသည့် လက်နက်ကိုင်တပ်ဖွဲ့ကိုယ်စီ ရှိကြပြီး မြန်မာအစိုးရနှင့် စစ်တပ်ကို တော်လှန်ပုန်ကန်ခဲ့ကြသည့် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ကြသည့်၊ အတွေ့အကြုံရှိသည့် သဘာရင့်အဖွဲ့အစည်းများ ဖြစ်ကြ၏။

အင်အားတောင့်တင်းသည့် တိုက်ရည်ခိုက်ရည်ရှိသော အဖွဲ့အစည်းများ ဖြစ်ကြ၏။ အချိုးအကွေ့၊ အနိမ့်အမြင့်၊ အတက်အကျ လောကဓံမျိုးစုံကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားခဲ့ကြသည့် အဖွဲ့အစည်းများလည်း ဖြစ်၏။ ရှမ်းမြောက် တည်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် အဖွဲ့အစည်းများလည်း ဖြစ်၏။ ရှမ်းပြည်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ ဖယ်ထုတ်စဉ်းစားမရသည့် အဖွဲ့အစည်းများလည်း ဖြစ်၏။
ထိုတိုင်းရင်းသား အဖွဲ့အစည်းလေးခုသည် မိမိလူမျိုးကို အခြေပြုသည်ဆိုသော်လည်း စစ်ရေးအရ လှုပ်ရှားရာတွင် မိမိလူမျိုးရှိရာ အရပ်တခုထဲတွင် လှုပ်ရှား၍ မရနိုင်ပေ။ စစ်ရေးအရ၊ မြေအနေအထားအရ လိုအပ်ချက်ရှိသည့် နယ်မြေများကို ဝင်ရောက်နေရာယူ လှုပ်ရှားလေ့ရှိ၏။
ထိုတိုင်းရင်းသား အဖွဲ့အစည်းလေးခုသည် မိမိလူမျိုးကို အခြေပြုသည်ဆိုသော်လည်း စစ်ရေးအရ လှုပ်ရှားရာတွင် မိမိလူမျိုးရှိရာ အရပ်တခုထဲတွင် လှုပ်ရှား၍ မရနိုင်ပေ။ စစ်ရေးအရ၊ မြေအနေအထားအရ လိုအပ်ချက်ရှိသည့် နယ်မြေများကို ဝင်ရောက်နေရာယူ လှုပ်ရှားလေ့ရှိ၏။
ဥပမာ လက်ရှိ MNDAA ဝင်ရောက်လှုပ်ရှားနေသည့် သံလွင်အနောက်ခြမ်းသည် ကိုးကန့် မူရင်းဒေသ မဟုတ်သကဲ့သို့ ကိုးကန့်လူမျိုးအများစု နေထိုင်ရာဒေသ မဟုတ်ပေ။ ကိုးကန့်ဒေသတွင်း၌သာ စစ်ရေးအရ လှုပ်ရှားရန် မဖြစ်နိုင်သည့် အခြေအနေတွင် စစ်ရေးအရ လှုပ်သာရှားသာရှိသည့် ကိုးကန့်နှင့် ဆက်စပ်နေသည့် ဒေသများတွင် လှုပ်ရှားခြင်းဖြစ်၏။ အခြားအဖွဲ့ သုံးဖွဲ့သည်လည်း အနည်းနှင့်အများ ဆိုသလို ထိုအတိုင်းဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိတပ်ဖွဲ့များ စစ်ရေးအရ လှုပ်ရှားရာတွင်၊ အနာဂတ် တအာင်းပြည်နယ်အပါအဝင် ရှမ်းမြောက်နယ်မြေများနှင့် ပတ်သက်၍ ပိုင်းခြား သတ်မှတ်ရာတွင် ထိုအဖွဲ့လေးဖွဲ့ကြား ညှိနှိုင်းမှုသည် အရေးပါ၏။
လက်ရှိ ရှမ်းပြည်မြောက်ပိုင်းတွင် SSPP/SSA သည် စစ်အင်အားဖြန့်ခွဲချထားမှု၊ လှုပ်ရှားမှု အနည်းဆုံးဖြစ်၏။ သို့သော် ရှမ်းပြည် တောင်ပိုင်းတွင် အင်အားတောင့်တင်းလာသော SSPP/SSA သည် ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းလူမျိုးများ၊ ရှမ်းနယ်မြေများအရေးနှင့် ပတ်သက်၍ မျက်ကွယ်ပြုထားလိမ့်မည် မဟုတ်ပေ။ ရှမ်းမြောက်တွင် အင်အားနည်းသော်လည်း ကချင်တွင် အင်အားကောင်းသည့် KIA သည်လည်း အလားတူဖြစ်၏။
လွတ်မြောက်ပြီး ရှမ်းမြောက်
၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလအတွင်း အပစ်အခတ်ရပ်ပြီးနောက် ရှမ်းမြောက်သည် စစ်ကောင်စီအောက်မှ လွတ်မြောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရောက်ကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ အုပ်ချုပ်ရေးနယ်မြေ ထူထောင်လာသည့်အခါ ထိုအဖွဲ့များကြား ပွတ်တိုက်မှုများ တွေ့လာရ၏။ လူမျိုးများ ရောယှက်နေထိုင်မှု၊ အစဉ်အလာအုပ်ချုပ်ရေး၊ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားမှုများကြားတွင် ပဋိပက္ခများ ထွက်ပေါ်လာ၏။
KIA, SSPP နှင့် TNLA
TNLA သည် တအာင်းလူမျိုး ကိုယ်စားပြုဖြစ်သကဲ့သို့ KIA သည်လည်း ကချင်လူမျိုး ကိုယ်စားပြုဖြစ်သည်။ SSPP သည် ရှမ်းလူမျိုးကိုယ်စားပြု ဖြစ်သည်။ TNLA နှင့် KIA သည် ၎င်း၏ တပ်ဖွဲ့များအတွင်း တအာင်းလူမျိုးနှင့် ကချင်လူမျိုးတို့နှင့်သာ ဖွဲ့စည်းသည်။ နွေဦးတော်လှန်ရေးနောက်ပိုင်း စစ်တပ်ကို ပုန်ကန်လာသည့် အခြားလူမျိုး အင်အားစုများအား KIA က KPDF အမည်ဖြင့် ဖွဲ့စည်းပြီး KIA တပ်နှင့် ပူးတွဲလှုပ်ရှားသည်ကို ရှမ်းမြောက်တွင်ပါ တွေ့ရ၏။

SSPP ကမူ ရှမ်းပြည်နယ်ရှိ လူမျိုးအားလုံးအား သူ၏တပ်တွင် လက်ခံသည်ဟုဆိုသည်။ သို့သော်လည်း SSPP ကို ရှမ်းကိုယ်စားပြုတပ်ဖွဲ့အဖြစ်သာ အများက အသိအမှတ်ပြုထားသည်။
သို့ဖြစ်ရာ KIA, SSPP နှင့် TNLA တို့သည် ကချင်၊ ရှမ်း၊ တအာင်းပလောင်တို့၏ ကိုယ်စားပြု လက်နက်ကိုင် အဖွဲ့များဖြစ်ရာ ရှင်းလင်း၏။ သို့သော် ကိုးကန့်အဖွဲ့ကား ဤသို့မဟုတ်ပေ။
ကိုးကန့်အဖွဲ့ MNDAA
MNDAA ကိုးကန့်တပ်ဖွဲ့သည် သံလွင်အရှေ့ခြမ်းရှိ မူရင်း ကိုးကန့်ဒေသသာမက သံလွင်အနောက်ခြမ်းရှိ ကွမ်းလုံ၊ သိန္နီ၊ တာမိုးညဲ၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ကြူကုတ် ပန်ဆိုင်း၊ ၁၀၅ မိုင်တို့ကို ထိန်းချုပ်ထားသည့်အပြင် ကွတ်ခိုင်၊ နန့်ဖတ်ကာ တကြောပါ လှုပ်ရှားထိန်းချုပ်နေသည်။ သံလွင်အရှေ့ခြမ်းရှိ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်စသည့် မူရင်းကိုးကန့်ဒေသမှအပ ကျန်ဒေသများသည် ကိုးကန့်တို့ မူလအခြေချနေထိုင်သည့် ဒေသများ မဟုတ်ပေ။ လက်ရှိ ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားသည့် သိန္နီ၊ နန့်ဆလပ်၊ ကွမ်းလုံဒေသသည် ရှမ်းလူမျိုးအများစု နေထိုင်ကြပြီး အစဉ်အလာ ရှမ်းအုပ်ချုပ်ရေးဒေသ ဖြစ်၏။ ဖောင်းဆိုင်၊ မုန်းကိုး၊ မုန်းစီးဒေသများသည် အစဉ်အလာ ကချင်ဒူဝါများ အုပ်ချုပ်သည့်ဒေသများ ဖြစ်သည်။
ကိုးကန့်တို့က သံလွင်မြစ် အနောက်ဘက်ကမ်း ဒေသများအပါအဝင်ကို အထူးဒေသ ၁ ဟု ခေါ်ဆိုသည်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ပုန်ကန်စဉ်က ထိန်းချုပ်ခဲ့သည့်ဒေသကို ဆိုလိုသည်။ ထိုဒေသသည် ကိုးကန့်ဒေသသက်သက် မဟုတ်ပေ။ ထို့ကြောင့်လည်း ကိုးကန့်တို့သည် သူတို့အဖွဲ့အစည်းအမည်အား မြန်မာအမျိုးသား အမှန်တရားနှင့် တရားမျှတမှုပါတီ (MNTJP) နှင့် MNDAA ဟု ပေးထားခြင်းဖြစ်၏။ ပါတီအား MNTJP ဟုဆိုပြီး တပ်အား MNDAA ဟူ၍ ဖြစ်၏။
ကိုးကန့်ပါတီနှင့် တပ်၏ အမည်က လူမျိုးအားလုံးကို ကိုယ်စားပြုသည့်အမည် ပေးထားသော်လည်း လက်တွေ့တွင် MNDAA ကို ဒေသခံလူထုက ကိုးကန့်တပ်ဟုသာ ခေါ်ကြသည်။ အကြောင်းမှာ MNDAA ကို ခေါင်းဆောင်နေသည်မှာ ကိုးကန့်လူမျိုးများသာဖြစ်ပြီး အဓိကခေါင်းဆောင်နေသည်မှာလည်း ကိုးကန့်လူမျိုး ဖုန်မိသားစုဖြစ်၍ ဖြစ်၏။
ကိုးကန့်တပ်အတွင်း အတင်းအကျပ် တပ်သားစုဆောင်းထား၍ လူမျိုးစုံပါသည်ဆိုသော်လည်း အဓိက ခေါင်းဆောင်အားလုံးသည် ကိုးကန့်များသာဖြစ်ပြီး အခြားလူမျိုး ကိုယ်စားပြုခေါင်းဆောင်များ ပါဝင်ခြင်းမရှိပေ။ ရှမ်းမြောက်လူမျိုးပေါင်းစုံကို ကိုယ်စားပြုသည်ဟု ဆို၍မရပေ။ ထို့ကြောင့်လည်း ရှမ်းမြောက်တွင် ၎င်းတို့အား ကိုးကန့်ကိုယ်စားပြု ကိုးကန့်အဖွဲ့ဟုသာ လူထုက အသိအမှတ်ပြုထားသည်ကို တွေ့ရ၏။
အချင်းချင်းကြားက ပဋိပက္ခများ
ယခုအခါ စစ်ရေးအရ TNLA သိမ်းထားသည့် ကွတ်ခိုင်တွင် TNLA နှင့် MNDAA တပ်ဖွဲ့များကြား ပဋိပက္ခများ တွေ့ရ၏။ ထို့အတူ MNDAA လှုပ်ရှားထိန်းချုပ်ရာဒေသရှိ တအာင်းပလောင်လူမျိုးများနှင့် MNDAA ကြား ပဋိပက္ခများကို တွေ့ရ၏။
ယခုအခါ စစ်ရေးအရ TNLA သိမ်းထားသည့် ကွတ်ခိုင်တွင် TNLA နှင့် MNDAA တပ်ဖွဲ့များကြား ပဋိပက္ခများ တွေ့ရ၏။ ထို့အတူ MNDAA လှုပ်ရှားထိန်းချုပ်ရာဒေသရှိ တအာင်းပလောင်လူမျိုးများနှင့် MNDAA ကြား ပဋိပက္ခများကို တွေ့ရ၏။
အလားတူ KIA သိမ်းပိုက်ထားသော နန့်ဖတ်ကာတွင် KIA နှင့် TNLA တပ်ဖွဲ့ကြား၊ KIA နှင့် MNDAA တပ်ဖွဲ့ကြား ပဋိပက္ခများကို တွေ့ရသကဲ့သို့ TNLA, MNDAA တို့နှင့် ဒေသခံ ကချင်လူထုကြား ပဋိပက္ခကို တွေ့ရ၏။ နမ္မတူဒေသတွင် KIA နှင့် TNLA ကြား ပဋိပက္ခကို တွေ့ရသကဲ့သို့ ကွတ်ခိုင်တွင် TNLA နှင့် ကချင်လူထုကြား ပဋိပက္ခကို တွေ့ရ၏။ နန်ဆလပ်တွင် MNDAA နှင့် SSPP ကြားတိုက်ပွဲ ဖြစ်ပွားသည်ကို တွေ့ရသကဲ့သို့ မုန်းကိုးဒေသတွင် MNDAA နှင့် ကချင်လူထုကြား ပဋိပက္ခဖြစ်ပွားသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ KIA, MNDAA, SSPP, TNLA အဖွဲ့ လေးဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်းအထိ ပဋိပက္ခများ ဖြစ်ပွားလာသည်ကို တွေ့ရသကဲ့သို့ KIA နှင့် ရှမ်း၊ ပလောင်လူထုကြား ပဋိပက္ခ၊ MNDAA နှင့် ရှမ်း၊ ကချင်နှင့် ပလောင် လူထုကြားပဋိပက္ခ၊ SSPP နှင့် ပလောင်လူထုကြား ပဋိပက္ခ၊ TNLA နှင့် ကချင်၊ ရှမ်း လူထုကြား ပဋိပက္ခများကို တွေ့နေရ၏။
အဓိကအားဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသီးသီးအသက အုပ်ချုပ်ရေးအာဏာ ထူထောင်လာကြသည့်အခါ တွေ့ရသည့် ပဋိပက္ခများဖြစ်သည်။ ထိုပဋိပက္ခများသည် လက်ရှိကာလ စစ်ကောင်စီနှင့် ရင်ဆိုင်ရဆဲအချိန်တွင် ကြီးထွားလာဖွယ်ရာ မရှိသေးသော်လည်း ရေရှည်တွင် စနစ်တကျ မဖြေရှင်းပါက ပြဿနာကြီးများ ဖြစ်လာနိုင်သည်ကို သတိမူရန်လို၏။
ဒေသတွင်း အုပ်ချုပ်ရေး ရည်မှန်းချက်များ
ရှမ်းမြောက်ကို SSPP က ရှမ်းပြည်နယ် အစိတ်အပိုင်းများအဖြစ် သဘောထားပြီး သိန္နီ၊ မူဆယ်၊ နမ့်ခမ်းတို့အား ရှမ်းမြို့များအဖြစ် သဘောထားပုံရ၏။ KIA ကမူ ကချင်ပြည်နယ်ခွဲအဖြစ် ရှုမြင်ပုံရပြီး တအာင်းပလောင်က တအာင်းပြည်နယ်အဖြစ် ကြည့်မြင်၏။ ကိုးကန့်က အထူးဒေသအဖြစ် ဖွဲ့စည်းလိုသည်။ စစ်ကောင်စီကို အတူတကွ တိုက်ပွဲဝင်လာခဲ့ကြသော်လည်း နိုင်ငံရေးအုပ်ချုပ်ရေး ရည်မှန်းချက်များ မတူကြတော့ပေ။
ပထမအချက်အနေနှင့် ရှမ်းမြောက်ရှိ အောင်ပွဲရလဒ်သည် အတူတကွ တိုက်ပွဲဝင်၍ ရရှိလာသည်ဖြစ်ရာ အတူတကွ ခွဲဝေခံစားကြရန်လို၏။ ပြုတ်မကျသေးသော စစ်ကောင်စီအား အတူတကွ ရင်ဆိုင်မှရမည်ဖြစ်ရာ ကျောချင်းကပ်ထားရန်လို၏။
ဒုတိယအချက်မှာ ရှမ်းမြောက်အောင်ပွဲသည် ရှမ်းမြောက်ရှိ တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့များ စွမ်းပကားကြောင့် ရရှိသည်မှာ အဓိကဖြစ်သော်လည်း ပြည်မ ဒီမိုကရက်တစ်များက စစ်ကောင်စီကို တိုက်ခိုက်နေသည့် အကျိုးဆက်ကြောင့်လည်း ဖြစ်သည်ကို သတိပြုရန်လို၏။
တတိယအချက်မှာ အဆိုပါ တိုင်းရင်းသားလေးဖွဲ့အနေဖြင့် ပြည်သူအား လုံးပါဝင်သည့် အုပ်ချုပ်ရေးစနစ် ထူထောင်မည်ဟု ဆိုနေကြသော်လည်း ပါတီစုံဒီမိုကရေစီစနစ်၊ ရွေးကောက်ပွဲစနစ်တို့နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ ပြောဆိုမှု မရှိပေ။ တပါတီစနစ်ဖြင့် ခရီးဆက်ကြမည့်ပုံပေါ်သည်။
ရှမ်းမြောက်ရှိ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အနေဖြင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ဖွဲ့စည်းရန် လိုအပ်သကဲ့သို့ ရှမ်းမြောက်အရေး၊ နယ်မြေသတ်မှတ်ရေး၊ ဒေသတွင်း အခြားလူမျိုးများကလည်း အပြန်အလှန် လိုလိုလားလား အသိအမှတ်ပြုရေး၊ ရှမ်းမြောက် တည်ငြိမ်အေးချမ်းရေး ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးခု ဦးစွာ ညှိနှိုင်းရန်လိုအပ်သည်။
ရှမ်းမြောက်ရှိ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အနေဖြင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ဖွဲ့စည်းရန် လိုအပ်သကဲ့သို့ ရှမ်းမြောက်အရေး၊ နယ်မြေသတ်မှတ်ရေး၊ ဒေသတွင်း အခြားလူမျိုးများကလည်း အပြန်အလှန် လိုလိုလားလား အသိအမှတ်ပြုရေး၊ ရှမ်းမြောက် တည်ငြိမ်အေးချမ်းရေး ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း လေးခု ဦးစွာ ညှိနှိုင်းရန်လိုအပ်သည်။
ထိုအခြေခံပေါ်တွင် နိုင်ငံရေးပါတီများ၊ ဘာသာရေး၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်သည့် နိုင်ငံရေးညီလာခံတရပ်ကို ဦးတည်ပြီး လက်ရှိအခြေအနေတွင် ဖြစ်နိုင်သည့် စုစည်းမှု (အတိုင်းအတာ သေးသော်လည်း ထိုလူမျိုး လေးခုနှင့် လက်နက်ကိုင်အဖွဲ့အစည်း လေးခု ကိုယ်စားပြုသူများ ပါဝင်သည့် စုစည်းမှု) မှ စတင် ခြေလှမ်းသွားရန် လိုအပ်၏။
မည်သို့ အတူတကွ သင့်မြတ်စွာနေ ထိုင်သွားမည်၊ နယ်မြေပိုင်းခြား သတ်မှတ်သွားမည်ကို ညှိနှိုင်းဆုံးဖြတ်သွားရန် လိုအပ်၏။ စစ်ရေးတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးသည် ခက်ခဲကြမ်းတမ်းသကဲ့သို့ နိုင်ငံရေးအရ ညှိနိုင်းဆွေးနွေးမှု ရယူခြင်းသည်လည်း လက်ဝင်ပြီး အသေးစိတ်သည်။ စိတ်ရှည်ရန် လိုအပ်သည်။ အလွယ်တကူ သေနတ်ကိုင်၍ ဖြေရှင်းရန် မဖြစ်နိုင်ပေ။
ကိုးကန့်တို့က ဗမာအုပ်ချုပ်မှု၊ ရှမ်းအုပ်ချုပ်မှုကို မခံလိုသကဲ့သို့ ရှမ်းတို့ကလည်း ကိုးကန့်တို့၏ အုပ်ချုပ်မှုကို ခံယူလိုမည် မဟုတ်ပေ။ တအာင်း ပလောင်တို့က ရှမ်းအုပ်ချုပ်မှု၊ ကချင်အုပ်ချုပ်မှု မခံယူလိုသကဲ့သို့ ရှမ်းနှင့် ကချင်ကလည်း တအာင်းပလောင်တို့၏ အုပ်ချုပ်မှု ခံယူလိုမည် မဟုတ်ပေ။ ကချင်တို့က ကိုးကန့်၊ ပလောင်၊ ရှမ်းတို့၏ အုပ်ချုပ်မှု မခံယူလိုသကဲ့သို့ ကိုးကန့်၊ ပလောင်၊ ရှမ်းတို့ကလည်း ကချင်အုပ်ချုပ်မှု ခံယူလိုမည် မဟုတ်ပေ။
စစ်ပွဲအောင်နိုင်သူက အုပ်ချုပ်စတမ်းဆိုလျှင် ရှမ်းမြောက်အား မြန်မာစစ်တပ်က ရှည်ကြာစွာ အုပ်ချုပ်ခဲ့ခြင်းသည် စစ်ပွဲနိုင်၍ဖြစ်ပြီး မတရားသဖြင့် အုပ်ချုပ်သည်ဟု ဆို၍မရတော့ပေ။ ထို့ပြင် စစ်ပွဲနိုင်သူက အုပ်ချုပ်စတမ်းဆိုလျှင် ရှမ်းမြောက်တည်ငြိမ်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲပေလိမ့်မည်။
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ဖြုတ်ချခြင်းသည် လူမျိုးနှင့် ပြည်သူလူထုအတွက် တရားမျှတသည့် နိုင်ငံရေးစနစ်တရပ် ဖော်ဆောင်ရန်ဖြစ်သည်။ တည်ငြိမ်ဖွံ့ဖြိုးသည့် လူ့အဖွဲ့အစည်းတရပ် ထူထောင်ရန်ဖြစ်၏။ ရှမ်းမြောက်၌ လက်နက်ကိုင်အဖွဲ့အစည်းကိုယ်စီ ရှိကြသည့် ရှမ်း၊ ကချင်၊ တအာင်း ပလောင်နှင့် ကိုးကန့်လူမျိုးများတို့သည် စစ်အာဏာရှင်အား အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့သကဲ့သို့ ထိုလူမျိုးများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ သင့်မြတ်စွာ အတူတကွ နေထိုင်မှုသည်လည်း ရှမ်းမြောက် တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် အခြေခံဖြစ်ပေသည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်သားသစ် အတင်းအကျပ် စုဆောင်းတဲ့အခါ
လောက်ကိုင်ပြန်စစ်ရှောင်များကို MNDAA ရှေ့တန်းပို့
ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်
ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ