ထိုင်းနိုင်ငံမှ Pride Month နီးကပ်လာချိန်တွင် စစ်တပ်၏ အရိပ်အောက်၌ နေထိုင်ရသည့် LGBTQ မြန်မာပြည်သူများသည် ထိုင်းမှ ဘဝတူများထံမှ အကူအညီ တောင်းခံနေသည်။
“ထိုင်းနဲ့မြန်မာဟာ အိမ်နီးချင်းတွေ ဖြစ်ပေမယ့် LGBTQ ဘဝတွေက ကွဲပြားခြားနားကြတယ်” ဟု Civil Authorize Negotiate Association (CAN-Myanmar) တည်ထောင်သူနှင့် အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ စောဇင်မောင်စိုးက ပြောသည်။
မြန်မာတွင် LGBTQ များကို သည်းခံနိုင်မှု နည်းကြသည်ဟု ၎င်းကပြောသည်။
LGBTQ များသည် ခွဲခြားဆက်ဆံမှုတွင် ထိခိုက်လွယ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြေအနေ ပိုမိုဆိုးရွားလာပြီး LGBTQ ပြည်သူများကို အခွင့်ရေး ချိုးဖောက်ရန် ပစ်မှတ်ထားလာကြောင်း စောဇင်မောင်စိုးက ပြောသည်။
LGBTQ ပြည်သူများသည် စစ်တပ်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြောင်းနှင့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု ခံရကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များရေးရာ ဝန်ကြီးဌာနက ပြောသည်။
ထိုအစီရင်ခံစာအရ LGBTQ များ၏ ၆၂ ရာခိုင်နှုန်းသည် ဖမ်းဆီးခံရ၊ ပြန်ပေးဆွဲခံရပြီး ၂၄ ရာခိုင်နှုန်းသည် ပုန်းအောင်းနေရကာ ၅ ရာခိုင်နှုန်းသည် အပြင်းအထန် ဒဏ်ရာရပြီး ၉ ရာခိုင်နှုန်းသည် သေဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာ LBGTQ များအပေါ် ခွဲခြားဆက်ဆံမှု ပိုမိုမြင့်မားလာကြောင်း “မုန်တိုင်းတွင်းမှ သက်တံ – မြန်မာ အာဏာသိမ်းခေတ်လွန်” အစီရင်ခံစာတွင် LGBTQIAs လူ့အခွင့်အရေး စောင့်ကြည့်ဖိုရမ်က ဖော်ပြသည်။

ထိုအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ ဒေသ လေးခုမှ မြို့နယ် ၁၄ မြို့နယ်တွင် သုတေသနပြုခဲ့သည်။
ခွဲခြားဆက်ဆံမှုသည် မိသားစုကဏ္ဍတွင် ၅၃ ရာခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းကဏ္ဍတွင် ၃၇ ရာခိုင်နှုန်း၊ ကျန်းမာရေး ကဏ္ဍတွင် ၃၆ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် ၃၃ ဒသမ ၇ ရာခိုင်နှုန်း၊ လူမှုကဏ္ဍတွင် ၃၃ ရာခိုင်နှုန်း၊ အများပြည်သူကဏ္ဍတွင် ၃၁ ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၎င်းတို့အနက် ၃၂ ရာခိုင်နှုန်းသည် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးမှု၊ တရားမဝင် အခွန်ကောက်ခံမှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုစသည့် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ရသည်။
ခွဲခြားဆက်ဆံမှုသည် မိသားစုကဏ္ဍတွင် ၅၃ ရာခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းကဏ္ဍတွင် ၃၇ ရာခိုင်နှုန်း၊ ကျန်းမာရေး ကဏ္ဍတွင် ၃၆ ရာခိုင်နှုန်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် ၃၃ ဒသမ ၇ ရာခိုင်နှုန်း၊ လူမှုကဏ္ဍတွင် ၃၃ ရာခိုင်နှုန်း၊ အများပြည်သူကဏ္ဍတွင် ၃၁ ရာခိုင်နှုန်းနှင့် ပညာရေးကဏ္ဍတွင် ၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထိုသို့ ပြင်းထန်သော ချိုးဖောက်မှုများကို ပဋိပက္ခဖြစ်ပွားနေသည့် စစ်ကိုင်းနှင့် မကွေးတိုင်း ကဲ့သို့သော နေရာများတွင် တွေ့ရကြောင်း ထိုသုတေသနက ဖော်ပြသည်။
စစ်ကိုင်းမှ တောင်းဆိုသံ
သူ၏ LGBTIQ မိတ်ဆွေများသည် ဖမ်းဆီးခံရပြီး အဝတ်အစားများချွတ်ကာ အပြစ်ပေးခံရကြောင်း၊ ထိုပုံများကို လူမှုကွန်ရက်တွင် အတင်ခံရကြောင်း စစ်ကိုင်းတိုင်းမှ မတည်ငြိမ်မှုကြောင့် ထိခိုက်ရသူများကို ကူညီနေသည့် အသက် ၃၂ နှစ်အရွယ် ဂပ်စ်က ဘန်ကောက်ပို့စ်သို့ ပြောသည်။ အချို့ကို အဝတ်မပါဘဲ လမ်းမများတွင် လျှောက်ခိုင်းသည်ဟုလည်း ၎င်းကပြောသည်။
စစ်တပ်သည် အမျိုးသမီးအသွင် ပြောင်းလဲခံယူသူများကို ခေါင်းတုံးရိတ်ပြီး လမ်းများတွင်တွေ့ပါက အမျိုးသား အဝတ်အစားများ ဝတ်ဆင်ခိုင်းကြောင်း ၎င်းကပြောသည်။

“ကျမမိတ်ဆွေ လိင်ပြောင်းအမျိုးသမီးတယောက်ရဲ့ ရင်သားအစားထိုးထားတဲ့ နေရာကို လျှပ်စစ်ဓာတ်ကြိုးနဲ့ တို့တယ်။ ဂေး မိတ်ဆွေတချို့ကိုလည်း ဖမ်းဆီးပြီး အောက်ပိုင်းကို ပုလင်းနဲ့ထိုးတယ်” ဟု ဂပ်စ်က ပြောသည်။
လိင်ပြောင်း အများအပြားသည် စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း၊ သို့သော် အများအပြားသည် ၎င်းတို့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဟောမုန်းကုထုံး လိုအပ်သောကြောင့် တောတွင်းတွင် ပုန်ကန်သူများအဖြစ် နေထိုင်ရသောအခါ အခြား ပြဿနာများ ရင်ဆိုင်ရကြောင်း ၎င်းကပြောသည်။
မြို့ပေါ်တွင် မနေထိုင်ရသောအခါ ဟော်မုန်းဆေး အထောက်အကူရရန် ခက်ခဲကြောင်း သူကရှင်းပြသည်။
အကူအညီများကို ချင်းမိုင်နှင့် မဲဆောက်ကဲ့သို့သော ထိုင်း-မြန်မာနယ်စပ်တွင်သာ ပေးသောကြောင့် စစ်ကိုင်းကဲ့သို့ ကျေးလက်တွင် နေထိုင်သည့် LGBTQ များသည် လူသားချင်းစာနာမှု အကူအညီ မရကြောင်း၊ ချင်းမိုင်မှ ကီလိုမီတာ ၈၀၀ ခန့်ဝေးသော စစ်ကိုင်းတိုင်းသို့ အကူအညီ မရောက်သလောက်ပင် ဖြစ်ကြောင်း ဂပ်စ်က ပြောသည်။
မြန်မာ LGBTQ များကို မည်သို့ ကူညီနိုင်မည်နည်းဟု မေးသောအခါ ထိုင်း LGBTQ များက လိုအပ်သည်ကို ကူညီသင့်ကြောင်း ၎င်းကပြောသည်။
“ထိုင်း LGBTQ တွေက လွတ်လွတ်လပ်လပ် နေနိုင်တော့ သူတို့ကို အားကျတယ်။ မြန်မာက ကျမတို့ကို မေ့မထားဖို့ ပြောချင်တယ်။ ထိုင်းအစိုးရအနေနဲ့ စစ်တပ်နဲ့ မပူးပေါင်းဖို့ တိုက်တွန်းချင်တယ်” ဟု ဂပ်စ်က ပြောသည်။
ကျဉ်းမြောင်းလာသည့် ဒီမိုကရေစီနယ်ပယ်
မြန်မာမှ LGBTQ အများစုသည် ဆေးဝါးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုသာ မှီခိုရကြောင်း စောဇင်မောင်စိုးက ပြောသည်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း မတည်ငြိမ်မှုတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းအများအပြား လုပ်ငန်း ပိတ်သိမ်းသွားကြောင်း၊ သူ၏ အဖွဲ့အစည်းနှင့် အလားတူ အဖွဲ့များသည် ထိုင်းနိုင်ငံကဲ့သို့သော ပြည်ပနိုင်ငံများသို့ ပြောင်းသွားကြောင်း ပြောသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရခြင်းသည် မြန်မာမှ LGBTQ များ၏ ဘဝများ၊ အထူးသဖြင့် HIV များနှင့် ဟော်မုန်း ပံ့ပိုးမှု လိုအပ်သူများကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူများကို အန္တရာယ် ကျရောက်စေသည်ဟု ၎င်းကပြောသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရခြင်းသည် မြန်မာမှ LGBTQ များ၏ ဘဝများ၊ အထူးသဖြင့် HIV များနှင့် ဟော်မုန်း ပံ့ပိုးမှု လိုအပ်သူများကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူများကို အန္တရာယ် ကျရောက်စေသည်ဟု ၎င်းကပြောသည်။
အများစုသည် မြို့ကြီးများသို့ သွားရောက်ရန် ခက်ခဲသည့် အစွန်အဖျားတွင် နေထိုင်သူများဖြစ်ကြောင်း ပြောသည်။
“စီးပွားရေးလုပ်ငန်းတွေ အများကြီး ပိတ်လိုက်ရပြီး LGBTQ အများအပြားက လိင်လုပ်ငန်း လုပ်ကိုင်ရတယ်။ ဒါကြောင့် HIV ကူးစက်မှုများတာ ဖြစ်နိုင်တယ်” ဟုလည်း စောဇင်မောင်စိုးက ပြောသည်။
“အဲဒီအပြင် ကျနော်တို့နိုင်ငံက လိင်ပြောင်း အများအပြားဟာ ဟော်မုန်းကို ဘယ်လိုစနစ်တကျ သုံးရမယ်ဆိုတာ မသိကြဘူး။ ဒါကြောင့် သူတို့ဟာသူတို့ ဟော်မုန်း ဝယ်ခွင့်ပြုတာဟာ သူတို့အတွက် အသက်အန္တရာယ် ကျရောက်စေနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။
၎င်းတို့အနက် အများအပြားသည် တရားဝင်၊ တရားမဝင် လမ်းကြောင်းများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာနိုင်ကြသော်လည်း သူကိုယ်တိုင် အပါအဝင် အများအပြားသည် စစ်ပွဲ၏ စိတ်ဒဏ်ရာများ ခံစားရကြောင်း ၎င်းကပြောသည်။
သေနတ်သံနှင့်တူသည့် ဗျောက်အိုး ဖောက်သံများကို သူ မကြားလိုတော့ကြောင်း၊ ထိုင်းရဲများနှင့် စစ်ဝတ်စုံ ဝတ်ဆင်ထားသူများသည် မြန်မာနှင့် ပတ်သက်ပြီး သတိပေးသကဲ့သို့ ဖြစ်နေသောကြောင့် ကြောက်ကြောင်း စောဇင်မောင်စိုးက ပြောသည်။
“ထိုင်းကို တရားဝင်လာရောက်ပြီး စာရွက်စာတမ်း အားလုံးရှိနေတာတောင်မှ ထိုင်းရဲကို ကြောက်တယ်။ အဲဒါက မြန်မာစစ်တပ်အကြောင်း သတိပေးသလို ဖြစ်နေတယ်” ဟု ပြောသည်။
မြန်မာမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် LGBTQ အများအပြားသည် တရားဝင် စာရွက်စာတမ်းများ မရှိကြောင်း၊ ထို့ကြောင့် HIV သမားများအတွက် ဆေး သို့မဟုတ် ဟော်မုန်း အထောက်အကူရရန် ခက်ခဲစေကြောင်း ၎င်းကပြောသည်။
စာရွက်စာတမ်းများ မရှိခြင်းကြောင့် အလုပ်အကိုင်ရရန်လည်း ခက်ခဲစေသည်။

“နောက်ထပ် အတားအဆီးတခုက ဘာသာစကားပဲ။ လိုအပ်တဲ့ စာရွက်စာတမ်း အားလုံးရှိရင်တောင်မှ အလုပ်ရဖို့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်မှာ ဘယ်နေရာ အကူအညီ တောင်းရမလဲဆိုတာ သူတို့မသိဘူး” ဟု စောဇင်မောင်စိုးက ပြောသည်။
သက်တံကို ပြန်လည်ထိန်းသိမ်းခြင်း
ပါလီမန်သည် တန်းတူညီမျှသော အိမ်ထောင်ရေး ဥပဒေကို ပထမဆုံးအကြိမ် ဆွေးနွေးပြီး အတည်ပြု နိုင်သောကြောင့် ထိုင်းနိုင်ငံသည် အာဆီယံအတွင်း LGBTQ အခွင့်အရေးများ ရရှိရေးတွင် ရှေ့တန်းရောက်ကြောင်း စောဇင်မောင်စိုးက ပြောသည်။
ထိုင်းနိုင်ငံသည် LGBTQ ကျန်းမာရေး စောင့်ရှောက်မှု၊ အထူးသဖြင့် အမျိုးသား pre-exposure နှင့် post-exposure prophylaxis ကာကွယ်ဆေးများ ပံ့ပိုးရေး အစီအစဉ်၊ စနစ်ကျသော ဟော်မုန်း ပံ့ပိုးမှုနှင့် HIV ကာကွယ်တိုက်ဖျက်ဆေးများ ပံ့ပိုးခြင်း စသည်တို့တွင် ဦးဆောင်အခန်းကဏ္ဍတွင် ရှိနေကြောင်း ပြောသည်။
ထို့ကြောင့် မြန်မာတွင် ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းနေစဉ်အတွင်း ထိုင်း LGBTQ လူမှုအခြေပြု အဖွဲ့အစည်းများ၊ ထိုင်းအစိုးရနှင့် မြန်မာလူမှုအခြေပြု အဖွဲ့အစည်းများသည် မြန်မာမှ လိုအပ်နေသူများအတွက် ဆေးဝါးထောက်ပံ့ရန် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းကပြောသည်။
တချိန်တည်းတွင် ထိုင်းအရာရှိများသည် LGBTQ များ၊ ရွှေ့ပြောင်းအခြေချများအတွက် လူမှုဖူလုံရေး အစီအစဉ်များ ခံစားနိုင်ရေးအတွက် အထောက်အကူပြုရန် ဥပဒေ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးမှု လျှော့ချသင့်ကြောင်း စောဇင်မောင်စိုးက ပြောသည်။
တချိန်တည်းတွင် ထိုင်းအရာရှိများသည် LGBTQ များ၊ ရွှေ့ပြောင်းအခြေချများအတွက် လူမှုဖူလုံရေး အစီအစဉ်များ ခံစားနိုင်ရေးအတွက် အထောက်အကူပြုရန် ဥပဒေ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးမှု လျှော့ချသင့်ကြောင်း စောဇင်မောင်စိုးက ပြောသည်။
သူ၏ Mae Sot Pride အဖွဲ့သည် မဲဆောက်မှ မြန်မာ LGBTQ များနှင့် လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း များစွာကြာပြီ ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေသည် ဆက်လက်ရပ်တည်ရန် ခက်ခဲစေကြောင်း ထိုအဖွဲ့မှ စီမံကိန်းမန်နေဂျာ အဒစ်ဆာရာ ဒါရာကူရက်ဆမီးက ပြောသည်။
“လိင်ပြောင်းသူအချို့ကို အတင်းအကျပ် ခေါင်းရိတ်ခိုင်းတာ၊ အမျိုးသား စစ်ဝတ်စုံ ဝတ်ခိုင်းပြီး တပ်ထဲဝင်ရောက်စေတဲ့ သတင်းတွေကို ကျမတို့ ကြားနေရတယ်။ သူတို့တွေ ထိုင်းနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာရင်တောင်မှ ဒီလိုဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေကြတယ်” ဟု ၎င်းက ပြောသည်။
ဆိုင်များပိတ်ထားပြီး အများအပြားတွင် ငွေကြေးအကျပ်အတည်း ရှိသောကြောင့် သူ၏အဖွဲ့သည် စစ်ပွဲကာလအတွင်း မြန်မာ LGBTQ များအတွက် အလှကုန်လှူဒါန်းရေး လှုပ်ရှားမှု ပြုလုပ်နေကြောင်း အဒစ်ဆာရာ ဒါရာကူရက်ဆမီးက ပြောသည်။
ထိုလှုပ်ရှားမှုကို ဇူလိုင်လကုန်အထိ ပြုလုပ်မည်ဖြစ်ပြီး လှူဒါန်းလာသည့် အလှကုန်များကို မဲဆောက် ဒုက္ခသည် စခန်းနှင့် နယ်စပ်တလျှောက်မှ မြန်မာ LGBTQ များသို့ မှန်မှန်ဖြန့်ချိမည် ဖြစ်သည်။
ထိုကိစ္စသည် ရိုးရှင်းသော ကိစ္စဖြစ်သော်လည်း အလှကုန်ပစ္စည်းများ ရရှိရေးသည် ထိုသူများ၏ စိတ်ပိုင်းဆိုင်ရာအတွက် အရေးပါကြောင်း ၎င်းကပြောသည်။ အလှကုန်များသည် အလှဖြင့် ၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို ဖော်ပြရာတွင် အထောက်အကူ ပြုသကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အချိန်တွင် နှစ်သိမ့်မှုလည်း ပေးနိုင်သည်ဟု ပြောသည်။
“လူသားချင်းစာနာမှု အကူအညီပေးတဲ့အခါ လိင်ကွဲပြားခြားနားမှုကို ထည့်သွင်းစဉ်းစားသင့်တယ်။ အလှကုန်လို အသေးအဖွဲ ပစ္စည်းတွေကလည်း အခုလိုခက်ခဲတဲ့ အချိန်မှာ နှစ်သိမ့်မှုပေးဖို့ လူသားချင်း စာနာမှု အထောက်အပံ့အဖြစ် သုံးနိုင်တယ်” ဟု အဒစ်ဆာရာ ဒါရာကူရက်ဆမီးက ပြောသည်။
(Bangkok Post ပါ Poramet Tangsathaporn ၏ Myanmar LGBTQ people plea for help ကို ဘာသာပြန်သည်။)
You may also like these stories:
ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသည့် LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့်
LGBT Union Mandalay ဥက္ကဋ္ဌ အပါ လူငယ် ၆ ဦး ဖမ်းခံရ
LGBT နိုင်ငံရေးအကျဉ်းသား တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ
နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ
စစ်ကောင်စီ၏ ညှင်းပမ်း သတ်ဖြတ်မှုများကို LGBTIQ တွေလည်း ခံစားနေရ