အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး( ၉၈နှစ်) သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဉ် ယနေ့နံနက် ၈နာရီ ၄၅ မိနစ်က ကွယ်လွန်သွားကြောင်း သိရသည်။
ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်မိုးဝေနှင့် သား ကိုသန့်စင်ဦးအပါအဝင် မြေး၁ယောက်နှင့် မြစ် ၁ယောက် ကျန်ရစ်ခဲ့သည်။
အသက် ၉၈ နှစ်ရှိ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းကြီး၏ သမိုင်းကြောင်းက ရှည်လျားလှ၏။ နယ်ချဲ့ဆန်ကျင်ရေးမှသည် ယနေတိုင် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သူဖြစ်ပြီး သူကွယ်လွန်ခြင်းက သမိုင်းသက်သေတဦး ဆုံးရှုံးခြင်းဟု ဆိုရမည်။
သူရ ဦးတင်ဦးကို ၁၉၂၇ မတ် ၁၂ ရက် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၌ မွေးဖွားခဲ့သည်။ ပုသိမ် ဗဟိုအမျိုးသားအထက်တန်း ကျောင်းတွင် ပညာသင်ကြားရင်း ၁၉၃၆- ၃၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သပိတ် များတွင် ပါဝင်ခဲ့သည်။
၁၉၄၂ ခု ဂျပန်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) မြန်မာပြည်ဝင်လာချိန် ဆယ်တန်းဖြေဆိုပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA)တွင် တပ်သားအဖြစ် ဝင်ရောက်ခဲ့သည်။
၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း(တတိယပတ်) ဖွင့်သဖြင့် ဆယ်တန်းဖြေထားသည့် ရဲဘော်တင်ဦး ဝင်ရောက်ဖြေ ဆိုရာ အရန်အဖြစ်သာ အရွေးခံခဲ့ရသည်။ သို့သော် ဗိုလ်လောင်းတချို့ စစ်သင်တန်း၏ ပင်ပန်းမှု ဒဏ်မခံနိုင်၍ မတက် တော့သဖြင့် ရဲဘော်တင်ဦးဖြင့် အစားထိုးရာ ဗိုလ်လောင်းဖြစ်လာခဲ့သည်။
နောင်တချိန် ဗမာ့တပ်မတော် အရာရှိကြီးများ ဖြစ်လာမည့် ဗိုလ်လောင်း ဘရွှေ၊ ဗိုလ်လောင်း ကြည်ဟန်၊ ဗိုလ်လောင်း ထွန်းတင်၊ ဗိုလ်လောင်း သန်းစိန်၊ ဗိုလ်လောင်း စိန်လွင်၊ ဗိုလ်လောင်း ရဲထွန်း၊ ဗိုလ်လောင်း ဖေအောင်၊ ဗိုလ်လောင်း အောင်ဘွင့်၊ ဗိုလ်လောင်း ဂွမ်ရှိန်၊ ဗိုလ်လောင်း ထွန်းရီ နှင့် ခရိုနီကြီး ဦးတေဇ၏ ဖခင် ဗိုလ်လောင်းမြင့်ဆွေ( ရှမ်းကြီး) တို့နှင့် ဗိုလ်သင်တန်း အတူတက်ခဲ့သည်။
ဗိုလ်ဘ၀ဖြင့် ဗိုလ်မှူးကြီး ဗထူးဦးစီးသည့် အနောက်မြောက်တိုင်း၌ တာဝန်ကျသော်လည်း ဖက်ဆစ်တော်လှန်ရေးကို ဇောင်းတူ၊ ဘောနက်ကြီး၊ ပျဉ်ပုံကြီး စသည့် ပဲခူးချောင်းဖျား ဒေသများတွင် ဗိုလ်မှူးချုပ်အောင်ရွှေ(NLD)၊ ဗိုလ်မှူးကြီး လှဟန်(တော်လှန်ရေး ကောင်စီဝင်)၊ ဗိုလ်မြင့်ဆွေ(ဦးတေဇဖခင်)တို့နှင့်အတူ လုပ်ဆောင်ခဲ့သည်။
ဂျပန်တော်လှန်ရေးအပြီး တပ်မှထွက်ကာ ကျောင်းဆက်တက်ရန် ရန်ကုန်သို့ လာခဲ့သော်လည်း ဗိုလ်မှူးဘသန်း (ဓမ္မိက ဘသန်း) နှင့်တွေ့၍ အင်္ဂလန်နိုင်ငံ ဆင်းဟတ်ဒ် စစ်တက္ကသိုလ် တက်ခွင့်ရနိုင်သည်ဆိုသော မှတ်ချက်ကြောင့် မူလကျင် လည်ရာ စစ်တပ်သို့ ပြန်ရောက်လာခဲ့သည်။
စစ်ပြီးခေတ် ၁၉၄၆ခုနှစ် ကန္ဒီစာချုပ်အရ အသစ်ပြန်ဖွဲ့သည့် ဗမာ့တပ်မတော်အတွက် တိုက်ရိုက်ခန့် ကော်မရှင်ရ အရာရှိ ၁၅၀နှင့် အရန် ၅၀ စုစုပေါင်း လူ ၂၀၀ ခေါ်ယူရန် လူတွေ့စစ်ဆေးရာ အဆင့် ၁၅၁ သာရ၍ ဤတကြိမ်တွင်လည်း အရန်အဖြစ် အရွေးခံရပြန်သည်။
သို့သော် အကြီးအကဲဖြစ်မည့် ကံဇာတာပါ၍လားမသိ မူလရွေးထားသည့် အရာရှိ ၁၅၀ထဲမှ ဗိုလ်ဖိုးကူ မတက်နိုင်သေး သဖြင့် ၎င်း၏ နေရာကို ရဲဘော်တင်ဦးဖြင့် အစားထိုးလိုက်ရာ ၁၉၄၆ခု ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ကိုယ်ပိုင်နံပါတ် ကြည်း/ ၃၆၅၁ ဒု ဗိုလ်အဆင့် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခံရ၏။ ထိုအချိန်က သူ၏ အသက်မှာ ၁၉ နှစ်ခန့်သာ ရှိသေး သည်။
အင်္ဂလိပ်ပေးသည့် အရာရှိ အထူးသင်တန်းကို ဗိုလ်ဇေယျ(ရဲဘော်သုံးကျိပ်)၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်စန်းယု၊ ဗိုလ်တင်မောင် (မြတ်ထန်)၊ ဗိုလ်ကြည်မောင်တို့နှင့်အတူတက်ရသည်။
ထို့နောက် မေမြို့ (ပြင်ဦးလွင်)ရှိ လေ့ကျင့်ရေးတပ်တွင် ဗိုလ်ကြီးမောင်လွင်(နှုတ်ခမ်းမွှေး မောင်လွင်)၊ ဗိုလ်ကြီးတန်ယုဆိုင် (တော်လှန်ရေးကောင်စီဝင်)တို့နှင့်အတူ တာဝန်ကျပြီး ၁၉၄၉ လွတ်လပ်ရေးရပြီး ရောင်စုံသူပုန်ထချိန် ဗိုလ်ကြီးဘ၀ဖြင့် မေမြို့ စစ်မျက်နှာ၌ ခေတ္တတိုင်းမှူး ဗိုလ်မှူးကြင်နှင့် အတူ ရင်ဆိုင်ခဲ့သည်။
ဗိုလ်ချုပ်ကြီးတင်ဦး၏ အရာရှိငယ်ဘဝမှာ ထူးခြားသည်ဟု ဆိုရမည် ။ ၁၉၅၄-၅၅ ခုနှစ် တရုတ်ဖြူ ကျူးကျော်မှုကို တိုက်ထုတ်သည့် ဘုရင့်နောင်၊ ရန်ကြီးအောင် စစ်ဆင်ရေးကြီးများတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော၏ အားကိုးရသော တပ်မှူးတဦး အဖြစ် ပါဝင်ရခြင်းပင်ဖြစ်သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ၏ အထုပ္ပတိစာအုပ်တွင် တရုတ်ဖြူ စစ်ဆင်ရေးတွင် ဒု ဗိုလ်မှူးကြီး တင်ဦး၏ သနက (၁)၊ ဒု ဗိုလ်မှူးကြီး မြဝင်း ဦးစီးသည့် သနက(၂)၊ ဒု ဗိုလ်မှူးကြီး မောင်လွင်(NLD ဦးလွင်) သနက (၅) တို့ ပါဝင်ပြီး ဒုဗိုလ်မှူးကြီး တင်ဦး၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဤသို့ မှတ်တမ်းတင်ခဲ့၏။
“ဘုရင့်နောင် စစ်ဆင်ရေး၏ အဓိကတိုက်ပွဲကြီးဖြစ်သော သံလွင်မြစ်အရှေ့ဘက်ကမ်း ဝမ်ဆာလာ ကူးတို့ဆိပ်တိုက်ပွဲ ဦးစီး သူမှာ ဒု ဗိုလ်မှူးကြီး တင်ဦးဖြစ်သည်၊ ရန်ကြီးစစ်ဆင်ရေးတွင်လည်း ထိုင်းနယ်စပ်ရှိ ပေ ၇၀၀၀ကျော်မြင့်သည့် တောင်တန်း ကြီးပေါ်မှ လွယ်တုံးကြီးစခန်းကို ဒု ဗိုလ်မှူးကြီးတင်ဦး ဦးစီးသည့် တပ်ရင်း (၁)က ၇၆ မမ တောင်ပေါ်ပစ် အမြောက် ၂လက် ဖြင့် ခဲရာခဲဆစ် တိုက်ယူခဲ့ပြီး၊ နောက်ဆုံး ဒု ဗိုလ်မှူးကြီး တင်ဦး ကိုယ်တိုင်တက်ထိုးရသည်၊ ကျနော်က စစ်ဆင်ရေးပြီးသည့့်် အခါ သီဟသူရဘွဲ့ ပေးရန် ထောက်ခံသော်လည်း သူရဘွဲ့သာ ရရှိခဲ့သည်”ဟု ဖော်ပြခဲ့သည်။
ထိုစဉ်က သူ၏ အသက်မှာ ၂၆နှစ်ခန့်သာ ရှိသေးပြီး တပ်ရင်းမှူးများထဲတွင် အငယ်ဆုံး ဖြစ်သည်ဟု သိရသည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ကြီး သူရ ဦးတင်ဦးက သူမျက်မြင်ကြုံတွေရခဲ့ရသော ဗိုလ်မှူးချုပ် ကျော်ဇော၏ စစ်ရေး စွမ်းဆောင်မှုနှင့် ပတ်သက်၍ သမားရိုးကျ စစ်ပွဲကြီးများ မတိုက်ဖူးသေးသည့် ဗမာ့တပ်မတော်ကို စစ်ဆင်ရေးတွင် ကွက်တိကျစေရန် ပြင်ဆင်လေ့ကျင်ပေးပုံ၊ တောင်ပေါ်ပစ် အမြောက်များ သုံးပြုတတ်စေရန် စီမံပုံ၊ ရှေ့တန်းစစ်မျက်နှာ တွင် သတ္တိရှိရှိ ရင်ဆိုင်ခဲ့ပုံတို့က “ဗိုလ်ချုပ်ကျော်ဇောမှာ စစ် Genius” ဖြစ် ကြောင်း ချီးကျူးသည်။
ရန်ကြီးအောင် စစ်ဆင်ရေး၌ တရုတ်ဖြူထိုးစစ်ကြောင့် အမိန့်မရဘဲ ပြန်ဆုတ်လာသည့် မှူးသပြေဟု ယနေ့ခေတ်သိကြ သည့် ဗိုလ်မှူးသန်းညွှန့်(အရမ်းသန်းညွှန့်) အား ဗိုလ်ချုပ်ကျော်ဇောက စိတ်ဆိုး၍ ဂေါ်ရခါးဓားကောက်ကြီး တရမ်းရမ်းဖြင့် စစ်ခုံရုံးတင်မည် ပြင်ပုံ၊ ရဲဘော်ဆီမှ ရိုင်ဖယ် သေနတ်ကို ဆွဲ၍ ကိုယ်တိုင်တိုက်ရန် လုပ်ပုံတို့က ကိုယ်တိုင်မြင်ရခဲ့ရသည့် ဗိုလ်ချုပ်ကြီး တင်ဦးအဖို့ တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများပင်ဖြစ်သည်။
ထို့နောက် ၁၉၅၇ ခုနှစ်တွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီးဖြစ်လာပြီး၊ ၁၉၅၈ခုနှစ် အိမ်စောင့် အစိုးရလက်ထက်တွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူး အဖြစ်တာဝန်ယူရသည်၊ ထို့ကာလ ဘင်္ဂလားဒေရှ့်နယ်စပ် ပြဿနာနှင့် တရားမဝင် ဝင်ရောက်သူများ အရေးဖြေရှင်းခဲ့ရ၏။
၁၉၅၉ခုနှစ် ဒေါက်တာတင်မိုးဝေနှင့်လက်ထပ်ခဲ့၏။ ထိုသို့လက်ထပ်ဖြစ်ခဲ့ခြင်းက ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက ကြင်ယာရှာရန် ပြော၍ ဖြစ်ကြောင်း ဒေါက်တာ မောင်မောင်က “သားမောင်စစ်သည်သို့” စာအုပ်တွင် ဤသို့ ဖောက် သည်ချထား၏။
“ဗိုလ်ချုပ်က မင်းအရွယ်ရောက်ပြီ၊ အိမ်ထောင်ရှိမှ တာဝန်ပိုသိမည်၊ ပိုရင့်ကျက်မည်ဟု ဆိုသဖြင့် ဆေးဝါးကုသရင်း ဇနီး လောင်းရှာခဲ့သည်၊ ဆရာဝန်အလုပ်သင်အမျိုးသမီးတဦးနှင့် ကြည်ဖြူမိရာ အိမ်ထောင်ရေးကိစ္စ စီစဉ်ပြီးလျှင် ကျွန်တော် လူကြီးဖြစ်ပြီဟု ဗိုလ်ချုပ်ကြီးထံ သွားရောက်၍ ခန့်ခန့်ကြီး သတင်းပို့ခဲ့ကြောင်း” ဆိုထားသည်။
ထိုသို့ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် သူ့အကြား သားအဖတမျှ ရင်းနှီးခဲ့သည့် ဆက်ဆံရေးမှာ နောက်ပိုင်းတွင် ပျက်ပြားခဲ့ပြီး၊ ထောင်သွင်းအကျဉ်းချခံခဲ့ရသည့်အထိ ဖြစ်ခဲ့သည်။
၁၉၆၀-၆၁ ခုနှစ်တွင် ဗိုလ်မှူးကြီးရာထူးတိုးမြှင်ခံရကာ ပြည်မြို့ရှိ တပ်မဟာ ၁၃ တွင် တပ်မဟာမှူး တာဝန်ထမ်း ဆောင် ခဲ့သည်။
၁၉၆၀ ရွေးကောက်ပွဲ၌ ဘက်လိုက်မှုဖြင့် ဗိုလ်မှူးချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီး တင်မောင် (မြတ်ထန်)ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဒုဗိုလ်မှူးကြီးချစ်ခိုင်၊ ဗိုလ်မှူးကြီးဘဖြူ အပါအဝင် တပ်မှူးကြီးတော်တော်များများ တပ်မှထုတ်ပယ်ပြီးနောက် သူရဦးတင်ဦး နှင့် ဗိုလ်မှူးချုပ်တင့်ဆွေကဲ့သို့သော လူငယ်များ နေရာရရှိလာသည်။
“တပ်မှူးညီလာခံ မစခင် ဗိုလ်ခင်ညိုက လက်နက်တွေပါရင် ခုံပေါ်လာတင်လို့ ကာကွယ်ရေး ဦးစီးချုပ်မှာတယ်လို့ ပြောပြီး အဲဒီမှာ ဦးနေဝင်း ဝင်လာပြီး စဆော်တာပဲ၊ ဆဲလိုက်တာ မိုးမွှန်နေတာပဲ မင်းတို့ကြောင့် တပ်တော့ပျက်ပြီ ငါ မောင်မောင်နဲ့ အောင်ရွှေကို သံအမတ်အဖြစ်နဲ့ ပို့လိုက်ပြီ ကြည်ဝင်းထွက်၊ ချစ်ခိုင်ထွက်၊ ကျန်တဲ့ကောင်တွေ စစ်သံနဲ့သွား ဆိုပြီးပြောတာ၊ ညာဘက်က ဗိုလ်ဘဖြူကြီးကိုလည်း မင်း ငါတို့လူမဟုတ်ဘူး ထွက်လို့ ပြောပြီး သူ့မှာတင် ရပ်သွားတယ်၊ အဲဒီမှာ ကျနော်နဲ့ ကိုတင်ဆွေ နဲ့ နှစ်ယောက်ပဲ ကျန်တယ်၊ ပြီးတော့အမိန့်အသစ်တွေဆက်ပေးတယ်”ဟု သူရဦးတင်ဦးက ကိုယ်တွေ့ကြုံခဲ့ရ သည်ကို တပ်မှူး အပြောင်းအလဲနှင့် ပတ်သက်၍ ဧရာဝတီအား ပြောပြသည်
၁၉၆၂ခုနှစ် တော်လှန်ရေး ကောင်စီအာဏာသိမ်းသောအခါ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန်ဖြင့် မော်လမြိုင်မြို့တွင် တာဝန်ထမ်းနေခဲ့ပြီးနောက် ရာထူးတိုးမြှင့်ခံရကာ ပုသိမ်မြို့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဧရာဝတီတိုင်းမင်းကြီးတာဝန်ကိုပါ ပူးတွဲလုပ်ကိုင်ခဲ့သည်။
၁၉၆၄ ခုနှစ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွေ့ခံ ရကာ တော်လှန်ရေး ကောင်စီဝင်ဖြစ်လာ သည်။ ထိုစဉ်က အလယ်ပိုင်းစစ်ဌာနချုပ်ဆိုသည်မှာ နောင်တချိန် ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်လာမည်ဟု ခန့်မှန်းထား သူများကို သာ တိုင်းမှူးတာဝန်ပေးအပ်လေ့ရှိကြောင်း ပြောစမှတ်ပြုရသည့် နေရာဖြစ်သည်။
ထိုသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်မှူးကြီးတင်ဦး တာဝန်ယူရသည့်အခါ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် အနီးကပ် ရင်းရင်းနှီးနှီး နေခဲ့ရသူဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းနှင့် အတူ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်သို့ အလည် အပတ်သွားရောက်ခဲ့ရသည်။
ထိုစဉ်က အလယ်ပိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ရခိုင်ပြည်နယ်ကိုပါ ထည့်သွင်းဖွဲ့စည်းထားရာ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မိသားစုပါမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာခေါင်းဆောင်ကြီးများ ငပလီကမ်းခြေသို့ အပန်းဖြေ ရန် လာရောက်သည့်အခါ တိုင်းမှူး ဗိုလ်မှူးကြီးတင်ဦးက အဓိက ကြိုဆိုဧည့်ခံရသည်။
ဤသို့သော အချိန်များတွင် ဦးတင်ဦးနှင့် ပတ်သက်၍ နိုင်ငံတကာ ခေါင်းဆောင်များအား ဦးနေဝင်းက He’s very simple, like as my son (သူက သိပ်ရိုးတာ ကျုပ်သားလိုပဲ)ဟု အမြဲပြောကာ မိတ်ဆက်ပေး လေ့ရှိကြောင်း၊ ဗိုလ်မှူးကြီးတင်ဦး အနေဖြင့်လည်း ဗိုလ်ချုပ်ကြီးနေဝင်း တဦးတည်းကို သာမက မိမိထက် ဝါကြီးသည့် တခြားသော တော်လှန်ရေးကောင်စီဝင် ကိုလည်း တလေးတစား ဆက်ဆံတတ်ကြောင်း၊ လက်မှတ်ထိုးလျှင်ပင် သူရမောင်တင်ဦးဟုသာ သုံးစွဲလေ့ရှိကြောင်း ထိုကာလများတွင် ထိုသူများနှင့် သိမီဆက်ဆံခဲ့သည့် ဗိုလ်မှူးကြီး ပီကျော်ဟန်၊ ဗိုလ်မှူးကြီး ညွှန့်ဆွေတို့၏ ရေးသားချက်များ အရ သိရသည်။
ထိုခေတ်က တော်လှန်ရေး ကောင်စီဝင်များထဲတွင် ဗိုလ်ချုပ်ကြီးနေဝင်းအား ရယ်ရယ်မောမောဖြင့် ပြောဆိုရဲသူမှာ ဗိုလ်မှူးကြီး လှဟန်နှင့် ဗိုလ်မှူးကြီး တင်ဦးသာ ရှိသည်ဟု ဆိုကြပြီး ဗိုလ်မှူးကြီးလှဟန်မှာမူ ရင်းနှီးသော်လည်း လူကြီးလို ဆက်ဆံပြီး ဗိုလ်မှူးကြီး တင်ဦးကမူ သားအဖတမျှ ဆက်ဆံကြောင်းသိရသည်။
“ကျနော်ကို သားသမီးလိုနေတာပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းလဲသွားတယ်”ဟု သူရဦးတင်ဦးကိုယ်တိုင် ဧရာဝတီသို့ ပြောဖူးသည်။
၁၉၇၂ ခု ဗိုလ်ချုပ်ကြီးနေဝင်း ကာကွယ်ရေး ဦးစီးချုပ် တာဝန်မှ အနားယူသည့်အခါ ဗိုလ်မှူးချုပ်စန်းယု ကာကွယ်ရေးဦးချုပ် ဖြစ်လာသလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီး တင်ဦးလည်း ဗိုလ်မှူးချုပ်ရာထူးတိုးမြှင်ခံရကာ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည်။
၁၉၇၄ခု ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ပြည်သူ့ကောင်စီ ဖွဲ့စည်းပြီးသည့် အခါ ထိုတာဝန်များကို အချိန်ပြည့်ထမ်းဆောင်နိုင်ရန် ဗိုလ်ချုပ်ကြီး စန်းယုလည်း ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူ၍ ဗိုလ်မှူးချုပ် တင်ဦးမှာ ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရပြီး ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
ထိုစဉ်က သူ၏ အသက်မှာ ၄၇နှစ်သာ ရှိသေးပြီး ဗိုလ်ချုပ်ကြီးတင်ဦးမှာ ဗိုလ်မှူးချုပ် ကျော်ဇောကဲ့သို့ပင် တပ်မတော်သား များ၏ လေးစားကြည်ညိုခြင်းကို ခံခဲ့ရသူဖြစ်၏။
သူ ကာကွယ်ရေး ဦးစီးချုပ် စတင် တာဝန်ယူရသည့် ၁၉၇၄၊ ၇၅၊ ၇၆ ထိုသုံးနှစ်က နိုင်ငံရေး စီးပွားရေး မတည်ငြိမ်မှုကို အကြောင်းပြု၍ အလုပ်သမား၊ ကျောင်းသား သပိတ်များ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့သည်ဟု ဆိုရမည်။
၁၉၇၄ခုနှစ် နိုဝင်ဘာ ၂၅ ရက် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အမေရိကန် ပြည်ထောင်စု နယူးယောက်ခ် မြို့တွင် ကွယ်လွန်ခဲ့သည်၊ ဒီဇင်ဘာ ၁ရက်တွင် သူ၏ ရုပ်အလောင်း ရန်ကုန်မြို့သို့ ရောက်ရှိလာ၏။
ဦးသန့်၏ အလောင်း သဂြိုဟ်ရေးနှင့် ပတ်သက်၍ ကျောင်းသားများက အစိုးရအား ဆန္ဒပြရာ ရန်ကုန်မြို့ကို စစ်အုပ်ချုပ် ရေးဖြင့် ဗိုလ်ချုပ်ကြီးတင်ဦးခေါင်းဆောင်သည့် တပ်မတော်မှ တာဝန်ယူခဲ့ရသည်၊ ဦးသန့် အရေးအခင်းကို ထိန်းထိန်း သိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်ခဲ့မှုကြောင့် ကျောင်းသား၊ ပြည်သူနှင့် တပ်မတော်သားများအကြား သူ၏ နာမည်မှာ ပိုမိုထင်ရှားခဲ့သည်။
ထိုအချက်က သူ၏ ရာထူးတိုးတက်ရေး တည်မြဲရေးအတွက် ဒုက္ခပေးလာမည့် ကိစ္စရပ်ဖြစ်လာသည်။
ဦးသန့် အရေးအခင်းကြောင့် ရန်ကုန်မြို့ အုပ်ချုပ်ရေးကို တပ်မတော်မှ တာဝန်ယူခဲ့ရစဉ် သမ္မတကြီး ဦးနေဝင်း၏ သား ဖြိုးဝေဝင်းကို စစ်တပ်မှ ဆံပင်ဖြတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဦးနေဝင်းက သူ့အပေါ် အထင်လွဲစရာ ဖြစ်ခဲ့သည်။
“အဲဒီနေ့ ညက ကျနော်ကို ခေါ်တာပဲ၊ ကျနော်တော့ တသက်မှာ တခါမှ မတွေ့ဖူးဘူး၊ သူဆင်းလာတယ်၊ စကားမပြောဘူး၊ ထိုင်ဆို ထိုင်ခိုင်းပြီးတော့၊ မင်းကောင်တွေက မင်းကောင်တွေက ငါ့သားကို ဆံပင်ဖြတ်တယ်၊ ငါ့သားက သမ္မတကြီး ဦးနေဝင်းရဲ့သား ဖြိုးဝေဝင်းလို့ ပြောတော့ မင်းကောင်တွေက မင်း အဖေသမ္မတကြီး အုပ်ချုပ်တာမဟုတ်ဘူး၊ ဂျင်နရယ် တင်ဦး အုပ်ချုပ်တာလို့ ဆိုပြီး ဆံပင်ဖြတ်ပစ်တယ်၊ အဲဒီကတည်းက ကျနော်သိပြီ စိတ်မကောင်းဘူး၊ တခြားဟာတွေလည်း အများကြီးပါ”ဟု သူရဦးတင်ဦးက ဧရာဝတီကို ပြောပြဖူးသည်။
ထို့နောက် ဇနီးဖြစ်သူ ဒေါက်တာတင်မိုးဝေ အနေဖြင့် လူကြီးမိသားစုများ လိုက်နာရမည့် စည်းကမ်းများကို ထိပါး ပျက်ကွက်ခဲ့ခြင်းကြောင့် ဟုဆိုကာ ၁၉၇၆ခုနှစ် မတ် ၆ ရက်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်မှ နှုတ်ထွက်ခဲ့ရသည်။
ဗိုလ်ချုပ်ကြီးတင်ဦး ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ ထုတ်ပယ်ခံရခြင်းကို တပ်မတော်သားများ မကျေမနပ်ဖြစ်ခဲ့ကြသည်။ ထို့အတွက် ၁၉၇၇ ခုနှစ်တွင် ဗိုလ်ကြီး အုန်းကျော်မြင့် အပါအဝင် အရာရှိငယ်များက အာဏာသိမ်းရန် ကြံစည်ရာ ဦးတင်ဦးအနေဖြင့် နိုင်ငံတော် ပုန်ကန်ရန် ကြံစည်ခြင်းကို သိလျှက်နှင့် ထိန်ချန်သည်ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ အရ ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရသည်။
ထိုအရေးတွင် ဦးတင်ဦးအနေဖြင့် ဗိုလ်ကြီး အုန်းကျော်မြင့်တို့၏ တိုင်ပင်မှုကို ငြင်းဆိုခဲ့သလို၊ လုပ်ကြံသတ်ဖြတ် မှု ဖြစ်ပွားမည်ကို စိုးရိမ်၍ အရာရှိငယ်များကို ဆုံးမစကားပြောဆိုခဲ့ခြင်းသာဖြစ်၏။
၁၉၈၀ ခုနှစ်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး နောက် ရဟန်းဘဝခံယူခဲ့သည်၊ ထိုသို့ ရဟန်းဘဝနှင့် နေစဉ်ပင် အာဏာရှင်လက်ကိုင်တုတ် ထောက်လှမ်ရေး၏ စောင့်ကြည့်နှောက်ယှက်ခြင်းကို ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်တွင် ရဟန်းဘဝက ထွက်၍ ဥပဒေပညာကို သင်ယူခဲ့သည်။
၁၉၈၈ခုနှစ် တတိုင်းပြည်လုံး အုံကြွခဲ့သည့် ၈လေးလုံး အရေးတော်ပုံကြီးတွင် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ၌ ပါဝင်ကာ ဒုဥက္ကဋ္ဌတာဝန်ယူခဲ့သည်။
ဤသို့ မြန်မာ့ဆိုရှယ်လမ်းစဉ် အစိုးရ ပြုတ်ကျခဲ့သည့် လူထုအုံကြွမှုတွင် ဗိုလ်ချုပ်ကြီး တင်ဦးနှင့် စစ်တပ်အရာရှိဟောင်းများ ပါဝင်ခဲ့မှု အပေါ် ဒေါက်တာ မောင်မောင်က သူရေးသားသည့် “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်း” ဆိုသည့် စာအုပ်တွင် သစ္စာမစောင့်သိသူများ ကျေးဇူးကန်းသူများအဖြစ် ဝေဖန်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဒုဥက္ကဋ္ဌ သူရဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး အဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က တာဝန်ယူက ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၄ရက်နေ့တွင် ဖွဲ့စည်းသည်။
သို့သော် ဒီချုပ်ဟု အများခေါ်သည့် NLD တွင် ကွန်မြူနစ်များ စီးမိနေသည်ဆိုကာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စွပ်စွဲ၍ မဲခွဲဆုံးဖြတ်ရာမှ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ၂၉ မဲ၊ ဥက္ကဋ္ဌ ဦးအောင်ကြီးက ၁၃မဲသာရသဖြင့် ထိုနှစ် ဒီဇင်ဘာလ ဥက္ကဋ္ဌ တာဝန်မှ နှုတ်ထွက်ရာ သူရဦးတင်ဦး ဥက္ကဋ္ဌဖြစ်လာ သည်။
ထိုအတောအတွင်း စစ်အစိုးရနှင့် အတိုက်အခံများအကြား နိုင်ငံရေးတင်းမာမှုများဖြစ်လာရာ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ရက် တွင် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကိုလည်း ထိုပုဒ်မနှင့်ပင် နေအိမ် အကျယ်ချုပ်ချထားလိုက်သည်။
ထို့နောက် နေအိမ်အကျယ်ချုပ်ဖြင့် ၅လ ထိန်းသိမ်းထားရာမှ ၁၉၈၉ ခု ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဟောင်း သူရဦးတင်ဦးအား အင်းစိန်ထောင်တွင်း အထူးတရားရုံးသို့ ခေါ်ယူကာ ထောင်ဒဏ် ၃နှစ်အပြစ် ပေးခဲ့သည်၊
၁၉၉၅ခုနှစ် အင်းစိန်ထောင်မှ ပြန်လွတ်ပြီး NLD တွင် ဒုဥက္ကဋ္ဌ တာဝန်ပြန်ယူကာ၊ ၂၀၀၀ ခုနှစ် ဒေါ်အောင်ဆန် စုကြည်၏ ကော့မှူး ကွမ်းခြံကုန်း ခရီးစဉ်တွင် တိုင်းစည်းရုံးရေးမှူး သခင်စိုးမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့် အတူလိုက်ပါရာ တားမြစ် ခံရပြီး နေအိမ်အကျယ်ချုပ်ထပ်မံချခံရပြန်သည်။
၂၀၀၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်၌ ဗိုလ်ချုပ်ကြီးတင်ဦးလည်း ရန်ကုန်ဘူတာကြီးတွင်ပင် ဖမ်းဆီးခံရကာ လှည်းကူး ရဲမွန်တွင် ၁လ ထိန်းသိမ်းခံရပြီးနောက် နေအိမ်အကျယ်ချုပ် ဆက်လက်ကျခံရ၏။
၂၀၀၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ၂၀၀၃ခုနှစ် ဒီပဲယင်းခရီးစဉ်တွင် သဘောထားတင်းမာသည့် နအဖ အစိုးရက လုပ်ကြံသော်လည်း လွတ်မြောက်လာခဲ့ပြီးနောက် ကလေးထောင်မှာ ၈လ အကျဉ်းကျခဲ့ပြန်သည်။
ထို့နောက် ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် နေအိမ်သို့ ပြောင်းရွေ့ အကျယ်ချုပ်ချထားခြင်းခံရသည်၊ ၂၀၀၆ခုနှစ် လွတ်ရက် စေ့သော်လည်း ပုဒ်မ ၁၀(ခ)ဖြင့် ၁ နှစ်ချင်းတိုးကာ ပြစ်ဒဏ်ချခံခဲ့ရာ ၂၀၁၀ ဖေဖေါ်ဝါရီ ၁၃ တွင် နေအိမ်အကျယ်ချုပ် လွတ်လာခဲ့ရာ ယခုတိုင် NLD တွင်နာယကအဖြစ် ဆောင်ရွက်နေဆဲဖြစ်သည်။
၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် နေအိမ် အကျယ်ချုပ် ချခံခဲ့ရပြန်သည်။ ၂၀ဝ၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ တွင် လွတ်ရက် စေ့ခဲ့သော်လည်း နေအိမ် အကျယ်ချုပ်ချကာ နှစ်စဉ် နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ၁၀ (ခ) နှင့် ၁ နှစ်စီ တိုး၍ ချခံခဲ့ရသည်။
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာခဲ့ပြီးနောက် NLD ပါတီ လုပ်ငန်းတာဝန်များကို ဆက် လက် ထမ်းဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အခါ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ နာယကအဖြစ် တာဝန်ယူနေစဉ် အသက် ၉၀ ပြည့်ပြီးချိန် ၂၀၁၇ ခုနှစ် မေလတွင် ရေချိုးခန်းတွင် လဲကျကာ လေဖြတ်ခဲ့ပြီးနောက် ရွှေဂုံတိုင်ဆေးရုံ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တို့တွင် ကုသမှုခံယူခဲ့ရသည်။
ရွေးကောက်ပွဲ အနိုင်ရပြီး NLD ပါတီ အစိုးရတရပ် အဖြစ် ရပ်တည်စဉ်ကာလက စစ်တပ်အနေဖြင့် ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးထံ ချဉ်းကပ်ကာ တရုတ်ဖြူစစ်ဆင်ရေးကာလနှင့် တပ်မတော် သမိုင်းကြောင်းများနှင့် ပတ်သက်ပြီး မေးမြန်းကာ မော်ကွန်း အဖြစ် မှတ်တမ်းတင် ရိုက်ကူးမှုများ ပြုလုပ်ခဲ့သလို ၂၀၂၀ ပြည်နှစ်တွင် ကျင်းပမည့် ၇၅နှစ်မြောက် တပ်မတော်နေ့တက်ရန် ဖိတ်ကြားခဲ့သည်။
သူသည် လောကဓံ ၈ပါး၏ အနိမ့် အမြင့် ကံကြမ္မာအချိုးအကွေ့ကိုလည်း ခံခဲ့သူဖြစ်၏။ ကိုယ်တိုင်လည်း ကာကွယ်ရေးဦးစီး ချုပ် ရာထူးစွန့်လွှတ်ခဲ့ပြီး ထောင်နှင့် အချုပ်အနှောင် အကြိမ်ကြိမ်ခံခဲ့ရသလို လုပ်ဖော်ကိုင်ဖက်များသည့် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ယနေ့တိုင် ချုပ်နှောင်ခံထားရဆဲဖြစ်သည်။
You may also like these stories:
မြန်မာ့တပ်မတော်ရဲ့ တကယ့် သူရဲကောင်းများ
ပြည်သူချစ်သော ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ဖြတ်သန်းခဲ့သော ဘဝရက်စွဲများ