(ငွေရောင်ပိတ်ကားများနှင့် ရွှေအိပ်မက်များ – မြန်မာ့ရုပ်ရှင် လူမှုသမိုင်း (Silver Screens and Golden Dreams: A Social History of Burmese Cinema)၊ ရေးသားသူ – ဂျိန်း အမ် ဖာဂူဆန်၊ ဟာဝိုင်အီတက္ကသိုလ် ပုံနှိပ်တိုက်၊ ၂၀၂၄ ခုနှစ်)
စစ်တပ်က အာဏာသိမ်းပြီး မြန်မာကို ပြင်းထန်သော ပြည်တွင်းစစ်က တစစီဖြစ်အောင်လုပ်နေသည့် ယခုလိုကာလမျိုးတွင် နိုင်ငံ၏ ခေတ်သစ်သမိုင်းမှ အပြုသဘောဆောင် ကြည့်ရှုစရာများကို သတိပေးခြင်းသည် ကောင်းမွန်သော ကိစ္စဖြစ်သည်။ ထိုအထဲမှ တခုမှာ မြန်မာ၏ တက်ကြွလှုပ်ရှားသော ‘ရုပ်ရှင်လောက’ ပင် ဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်သည့် ဂျိန်း ဖာဂူဆန်၏ စာအုပ်သည် ပြောင်မြောက်စွာ သုတေသနပြုပြီး ခမ်းနားစွာ ရေးသားထားသည်။ ဖာဂူဆန်ပြောသည့်အတိုင်း လွတ်လပ်ရေး မရမီနှင့် ရပြီး ဆယ်စုနှစ်များအတွင်း “မြန်မာ့ရုပ်ရှင်လောကသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး၊ အတက်ကြွဆုံးဖြစ်ကြောင်း” မငြင်းနိုင်ပေ။ နှစ်ပေါင်း ၁၀၀ နီးပါး စဉ်ဆက်မပြတ် ရုပ်ရှင်ထုတ်လုပ်မှုနှင့် ပြည်တွင်း ရုပ်ရှင်ရုံများ၏ ကျယ်ပြန့်ပြီး စိတ်အားထက်သန်သည့် ထောက်ခံမှုရှိသော်လည်း မြန်မာဘဝနှင့် လူ့အဖွဲ့အစည်း၏ သမိုင်းအရ အရေးပါသည့် ထိုနယ်ပယ်ကို ပြင်ပကမ္ဘာမှလူများ မသိသလောက်ပင် ဖြစ်သည်။
ထိုလုပ်ငန်းသည် ၂၀ ရာစုသို့ ကူးပြောင်းချိန်တွင် အလေးအနက် စတင်ပြီး ထိုစဉ်က စွန့်ဦးတီထွင်သူ အဗ္ဗဒူလာလီ အက်ဆိုဖယ်လီ အမည်ရှိ ဂူဂျာရတ် ပြည်နယ်သားသည် အရှေ့တောင်အာရှတွင် ရုပ်ရှင် ဇာတ်ရုံတခု၊ ရုပ်ရှင် ပြစက်တခုနှင့် ဖလင်လိပ်များဖြင့် လှည့်လည်သည်။
လွန်စွာ စိတ်အားထက်သန်သည့် လူအုပ်များသို့ သူပြသသည့် ရုပ်ရှင်များတွင် ဟာသဇာတ်လမ်းတိုများ၊ အော်ပရာများ၊ မှတ်တမ်းရုပ်ရှင်များနှင် အားကစားပွဲများ ပါဝင်သည်။ ထိုလုပ်ငန်းသည် ချက်ချင်း အောင်မြင်မှုရပြီး ဒေသခံ ပြည်သူများအတွက် အသစ်အဆန်း ဖြစ်သော်လည်း အယူအဆပိုင်းအရ ဒေသခံ ယဉ်ကျေးမှုများအတွက် အသစ်အဆန်း မဟုတ်ပေ။ ထိုဒေသမှ ပြည်သူများသည် ပိတ်သားပြင်တွင် လှုပ်ရှားနေသည့် ပုံရိပ်များနှင့် အသက်သွင်းဖျော်ဖြေမှု ကြည့်ရှုခြင်းကို အလေ့အထ ရနေပြီးဖြစ်သည်။

ဗမာများသည် သက်တမ်းရှည်ကြာပြီး အဆင့်မြင့်သည့် ရုပ်သေးဇာတ်ပွဲ အစဉ်အလာရှိသည်။ ဖာဂူဆန်က အက်ဆိုဖယ်လီသည် အခြေခံအားဖြင့် ဥရောပရုပ်ရှင်များကိုသာ ပြသခဲ့သော်လည်း အရှေ့တောင်အာရှ ပရိသတ်များက သူသည် အိန္ဒိယ လုပ်ငန်းရှင်ဖြစ်သည်ဟုသာ လက်ခံပြီး နယ်ချဲ့လုပ်ငန်းရှင်ဟု မသတ်မှတ်ပေ။ သူသည် အနောက်နိုင်ငံများက ထုတ်လုပ်သည့် စက်ယန္တယားတခုကို လည်ပတ်ပြနေသည်ဟုသာ ယူဆသည်။ သို့သော် သူ၏ ဆက်စပ်မှုနှင့် ထိုသို့လုပ်ခြင်းသည် သူလည်ပတ်ရသည့် တောင်နှင့် အရှေ့တောင်အာရှ အခြေအနေများအရ ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုသို့ နိမ့်ကျသည့် နိဒါန်းမှ စတင်ပြီး ပြည်တွင်းရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာကာ ထိုစဉ်က ရန်ကုန်နှင့် အခြား အဓိကမြို့ကြီးများမှ စီးပွားရေး အသိုက်အဝန်းများ လူဦးရေ အချိုးအစား ပေါင်းစပ်မှုကြောင့် လုပ်ငန်းရှင် အများစုသည် အိန္ဒိယနွယ်ဖွားများ ဖြစ်နေသည်မှာ အံ့သြဖွယ် မဟုတ်ပေ။
ဒေသယဉ်ကျေးမှုများအတွင်း ထိုသို့ အသစ်ထပ်မံ သွတ်သွင်းမှုများကို ကိုလိုနီအာဏာပိုင်များက ညှာတာစွာ ကိုင်တွယ်ခဲ့သည် မဟုတ်ပေ။
သို့သော် ပထမဆုံး ရုပ်ရှင်များ၏ အကြောင်းအရာဖြစ်သော ဟိန္ဒူဒဏ္ဍာရီများကို အိန္ဒိယပရိသတ်သာမက အလားတူ ဇာတ်လမ်းများကို နယ်လှည့်ဇာတ်အဖွဲ့များ ဖျော်ဖြေသည်ကို ကြည့်ရှုခဲ့ရသည့် မြန်မာပရိသတ်များကလည်း တန်ဖိုးထား အသိအမှတ်ပြုခဲ့ကြသည်။
ဒေသယဉ်ကျေးမှုများအတွင်း ထိုသို့ အသစ်ထပ်မံ သွတ်သွင်းမှုများကို ကိုလိုနီအာဏာပိုင်များက ညှာတာစွာ ကိုင်တွယ်ခဲ့သည် မဟုတ်ပေ။ “ချာလီချက်ပလင်နှင့် သူ့ကို အတုခိုးသူများ၏ ထကြွမှု သို့မဟုတ် မသိနားမလည် မရည်ရွယ်သော လက်နက် အသုံးပြုမှု” သည် ဗမာလူငယ်များအပေါ် အန္တရာယ်ရှိသည့် သက်ရောက်မှု ဖြစ်စေမည်ဟု ၁၉၁၇ ခုနှစ်တွင် ငြင်းခုန်ဆွေးနွေးကြသည်။

ဆင်ဆာတည်းဖြတ်သည့် အဖွဲ့များကို ထိုစဉ်က ဗြိတိသျှ အိန္ဒိယဖြစ်သည့် ဘုံဘေ၊ ကာလကတ္တား၊ မဒရပ်စ်နှင့် ရန်ကုန်တွင် တည်ထောင်ကြသည်။ သို့သော် ရုပ်ရှင်လုပ်ငန်းကို မည်သို့မှ မတားဆီးနိုင်ဘဲ ရုပ်ရှင်များ ထိုနေရာများတွင် ပေါ်ပေါက်လာပြီး မကြာမီ ရုပ်ရှင်ရုံများသည် ကိုလိုနီခေတ် မြန်မာနိုင်ငံတဝန်း မြို့များ၊ မြို့ကြီးများတွင် ပေါ်ပေါက်လာတော့သည်။
ဖာဂူဆန်သည် ထိုဖြစ်ပေါ်တိုးတက်မှုများကို အသေးစိတ် မှတ်တမ်းတင်ထားပြီး ရုပ်ရှင်လုပ်ငန်းမှ ရှေ့ဆောင်လမ်းပြများနှင့် ယခင်နှင့်မတူ ထုတ်လုပ်ရိုက်ကူးသည်များကို ဖော်ပြသည်။ ကိုလိုနီ စိုးရိမ်မှုများနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ပြည်တွင်းထုတ်လုပ်သည့် ရုပ်ရှင်များက လောင်းကစားနှင့် အရက်သည် ပြည်သူများ၏ ဘဝကို မည်မျှ ဖျက်ဆီးနိုင်သည်နှင့် ပတ်သက်ပြီး ပရိသတ်ကို စာရိတ္တသင်ခန်းစာများ ပေးသည်။
မကောင်းမှုများနှင့် ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထင်ဟပ်စေသည်ဟု လူမှုအသိုက်အဝန်း ခေါင်းဆောင်အချို့က ယူဆသည်။ ဥပမာအနေဖြင့် မြို့မဘုန်းကြီးကျောင်း တကျောင်းသည် မေတ္တာနှင့် သူရာဇာတ်ကားကို အထူးပွဲပြသရန် ကမကထ လုပ်ကြောင်း ဖော်ပြသည်။ ထိုရုပ်ရှင်သည် လောင်းကစား၊ အရက်နှင့် မိမိ စာရိတ္တကို မထိန်းသိမ်းနိုင်ခြင်းက အဓိက ဇာတ်ကောင်များ ကျဆုံးရသည့် အကြောင်းရင်းဖြစ်ကြောင်း ဖော်ပြသည်ဟု ဖာဂူဆန်က ရေးသည်။
အခြားတဖက်တွင်လည်း ဖာဂူဆန်က “ရုပ်ရှင်သည် ဗမာများ အတိတ်ကို ဆန်းသစ်သော အမြင်ဖြင့် ပြန်လည်ကြည်ရှုသည့် နည်းလမ်းကိုသာမက တော်လှန်သော အနာဂတ်ကိုပင် ရှုမြင်သုံးသပ်နိုင်စေသည်” ဟု ရေးသည်။
သမိုင်းဆိုင်ရာ ဇာတ်လမ်းများသည် အမျိုးသား ဂုဏ်သိက္ခာကို မြှင့်တင်ရာတွင် အရေးပါသော အခန်းမှ ပါဝင်ပြီး ရုပ်ရှင်ပြသသူများသည် ကိုလိုနီခေတ် ရုပ်ရှင်ရုံ အတွေ့အကြုံ ဖန်တီးရန်အတွက် ပြည်တွင်းကျွမ်းကျင်မှု ပါရမီများနှင့် အကြိုက်များကို နိုင်ငံတကာ သြဇာလွှမ်းမိုးမှု လှိုင်းများနှင့် မှီငြမ်း ဆွဲယူ ထည့်သွင်း ပေါင်းစပ်ခဲ့ကြသည်။ ရုပ်ရှင်ရုံများသည် ခေတ်မီမှုအတွက် အားလုံးနှင့် ဆိုင်သော နေရာများဖြစ်လာကြသည်။ လက်မှတ်ဝယ်နိုင်လျှင် မည်သူမဆို သွားရောက်နိုင်သည့် လူတိုင်းအတွက် တန်းတူအခွင့်အရေး ဖြစ်သည်။
ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်သည် မြန်မာရုပ်ရှင်လုပ်ငန်းက ထုတ်လုပ်မှုအများဆုံးနှစ် ဖြစ်သည်။ “အမျိုးမျိုးသော မြန်မာရုပ်ရှင်ကုမ္ပဏီများသည် ရုပ်ရှင် ၉၂ ကား ထုတ်လုပ်ပြီး ရုပ်ရှင် ပိုစတာများကို နိုင်ငံမှ ရုပ်ရှင်ရုံ ၄၄၂ ရုံသို့သာမက ပြင်ပရုပ်ရှင်ပြပွဲများ အတွက်ပါ ဖြန့်ချိခဲ့ကြသည်။
လယ်သမားအုံကြွမှုများ၊ အလုပ်သမား သပိတ်များနှင့် ပြင်းထန်သော အမျိုးသားရေး ကျောင်းသားလှုပ်ရှားမှုကို တွေ့ရသည့် အပြောင်းအလဲများသော ၁၉၃၀ ပြည့်နှစ်များတွင် နိုင်ငံရေးရည်ရွယ်ချက်ရှိသော ရုပ်ရှင်များကို ထုတ်လုပ်လာပြီး ထိုရုပ်ရှင်များသည် “ပရိသတ်ကို လူတန်းစားတိုက်ပွဲအပေါ် နားလည်မှုအသစ်များနှင့် ကိုလိုနီ သွေးစုပ်မှုကို ချိတ်ဆက်ပေးရန် အားထုတ်ရုံသာမက လွတ်လပ်သော ခေတ်သစ်မြန်မာနိုင်ငံကို မျှော်မှန်းရန် ပြည်သူများကို အားပေးရန်လည်း ကြိုးစားသည်”။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးနောက်ပိုင်းတွင် မီဒီယာလုပ်ငန်း တိုးတက်လာပြီး ရုပ်ရှင်လုပ်ငန်းသည် အချစ်ဇာတ်လမ်းများနှင့် အခြားစိတ်ကူးယဉ် ဖျော်ဖြေမှုများကို ဆက်လက် ထုတ်လုပ်နေသော်လည်း ရုပ်ရှင်များသည် စစ်အေးခေတ် အစီအစဉ်များ၏ အာဘော်ဖြစ်လာမည်ဟု ပိုမိုမျှော်လင့်လာကြသည်။
သဘောတရားဆိုင်ရာ သေနင်္ဂဗျူဟာ ချမှတ်ခြင်းသည် သံမဏိကန့်လန့်ကာ (ကွန်မြူနစ်နှင့် အရင်းရှင်) ၏ နှစ်ဖက်လုံးမှ လာသည်။ ရုပ်ရှင်များသည် ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးသူများ၏ ကံကြမ္မာနှင့် ဗမာ၊ ရှမ်းနှင့် ကချင်တို့ မြို့များတွင် တွေ့ဆုံသောအခါ မည်သို့ဖြစ်တတ်သည် စသည့် လူမှုပြဿနာများကိုလည်း ပြသလာကြသည်။
ရှမ်းအဆိုတော်နှင့် ရုပ်ရှင်မင်းသမီး မေရီမြင့် ကဲ့သို့သော သရုပ်ဆောင်များသည် ၁၉၅၀ ပြည့်နှစ်များတွင် လူသိအများဆုံး ရှမ်းလူမျိုးဖြစ်ပြီး သူ၏ ကျော်ကြားမှုသည် သမ္မတ စဝ်ရွှေသိုက်ထက်ပင် ကျော်လွန်သောကြောင့် “ဗမာမဟုတ်သော်လည်း ထူးခြားစွာ အောင်မြင်နိုင်ကြောင်း” ပြသခဲ့သည်။
ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်သည် မြန်မာရုပ်ရှင်လုပ်ငန်းက ထုတ်လုပ်မှုအများဆုံးနှစ် ဖြစ်သည်။ “အမျိုးမျိုးသော မြန်မာရုပ်ရှင်ကုမ္ပဏီများသည် ရုပ်ရှင် ၉၂ ကား ထုတ်လုပ်ပြီး ရုပ်ရှင် ပိုစတာများကို နိုင်ငံတွင်း ရုပ်ရှင်ရုံ ၄၄၂ ရုံသို့သာမက ပြင်ပရုပ်ရှင်ပြပွဲများ အတွက်ပါ ဖြန့်ချိခဲ့ကြသည်။ ထိုမျှ များပြားသော အရေအတွက်ကို ယခင်က မရောက်ဖူးသလို ထိုနောက်ပိုင်းတွင်လည်း ရောက်မလာတော့ပေ”။

နိုင်ငံ၏ တခါက တက်ကြွထက်သန်သော မီဒီယာလောကအပေါ် အမှောင်ထု ကျရောက်လာပြီး ရုပ်ရှင်လုပ်ငန်းသည် ခြွင်းချက်မဟုတ်ပေ။ ဖိနှိပ်သော ဆင်ဆာဥပဒေသစ်ကို ချမှတ်ပြီး ရုပ်ရှင်ရုံများကို ပြည်သူပိုင်သိမ်းကာ တရုတ်နှင့် အိန္ဒိယနွယ်ဖွားဖြစ်သော ပိုင်ရှင်များသည် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးကာ နိုင်ငံကို စွန့်ခွာရသည်။
သို့သော် ရုပ်ရှင်များကို ဆက်လက် ထုတ်လုပ်ကြပြီး တနိုင်ငံလုံးမှ ပရိသတ်များက နှစ်သက်ကြသည်။ ထို့အပြင် ဒါရိုက်တာများနှင့် မင်းသား၊ မင်းသမီးများသည် စစ်တပ်လွှမ်းမိုးသော အာဏာရှင်စနစ်၏ အသုံးချခံများ မဟုတ်ကြပေ။
ရုပ်ရှင်သရုပ်ဆောင်များသည် လူသိများသည့် ပုဂ္ဂိုလ်များ ဖြစ်ကြကြပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း စာရေးဆရာများဖြစ်သော ဟံသာဝတီ ဦးဝင်းတင်နှင့် မောင်သော်ကတို့က ရုပ်ရှင်ဒါရိုက်တာ ဦးမိုးသူနှင့်အတူ ထိုစဉ်က လူများ သတိထားမှု နည်းသေးသည့် ဒေါ်အောင်ဆန်းစုကြည်ကို လှုပ်ရှားမှုခေါင်းဆောင်အဖြစ် အားပေးမြှင့်တင်လိုသောအခါ ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် အချို့ထံမှ အကူအညီတောင်းခံရသည်။
“ဒေါ်အောင်ဆန်းစုကြည် အဲဒီနေ့က ပြောတဲ့စကားတွေကို လူတွေ လာနားထောင်အောင်လို့ ကျနော်တို့ ဒေါ်ခင်သီတာထွန်းနဲ့ အခြားမင်းသမီး တချို့ကို သွားခေါ်လာရတယ်” ဟု ဦးဝင်းတင်က စာရေးသူကို အပြုံးဖြင့် ပြောခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးရှေ့မှ အဆင်ပြေသလို တည်ဆောက်ထားသည့် စင်မြင့်တွင် အများပြည်သူရှေ့သို့ ပထမဆုံးအကြိမ် ထွက်လာခဲ့သည်။ ထိုဆေးရုံတွင် သြဂုတ်လ ၈ ရက်နေ့က ဆန္ဒပြသူ လူအုပ်အတွင်းသို့ စစ်တပ်က ပစ်ခတ်စဉ် ဒဏ်ရာရသူများ ကုသမှု ခံယူနေသည်။
သြဂုတ်လ ၂၆ ရက်နေ့က ရွှေတိဂုံဘုရားတွင် လူထုစုဝေးပွဲ လုပ်မည်ဖြစ်ကြောင်း ကြေညာရန် ထိုနေရာသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာခြင်းဖြစ်သည်။ ထိုသို့ကြေညာစဉ် မောင်သော်ကသည် ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် ရပ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးတွင် ကျော်ကြားသော ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း ရပ်နေပြီး သူသည် ထိုစဉ်က စကားပြောသူ ဒေါ်အောင်ဆန်းစုကြည်ထက် များစွာ ပိုမို လူသိများသူ ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည် အဲဒီနေ့က ပြောတဲ့စကားတွေကို လူတွေ လာနားထောင်အောင်လို့ ကျနော်တို့ ဒေါ်ခင်သီတာထွန်းနဲ့ အခြားမင်းသမီး တချို့ကို သွားခေါ်လာရတယ်” ဟု ဦးဝင်းတင်က စာရေးသူကို အပြုံးဖြင့် ပြောခဲ့ဖူးသည်။ ကျန်အချက်အလက်များကို အားလုံးသိပြီးဖြစ်သောကြောင် ထပ်မံ မပြောလိုတော့ပေ။

အရေးပါသော ရုပ်ရှင်ထုတ်လုပ်မှုကို အများအားဖြင့် ပွင့်လင်းသည့် ဆယ်စုနှစ် ၂၀၁၁-၂၀၂၁ အတွင်း ခဏတာ ပြန်လည်ထွန်းသစ်လာသော်လည်း ကြမ္မာငင်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ပိတ်ပင်လိုက်သည်။
ဖမ်းဆီးခံရသူများတွင် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူများ ပါဝင်သည်။ စစ်ကောင်စီသည် မြန်မာ့လူ့အဖွဲ့အစည်းမှ ဇာတ်လမ်းရုပ်ရှင်များနှင့် မှတ်တမ်းရုပ်ရှင်များ၏ သြဇာကြီးမားမှုကို ကောင်းစွာ သတိထားမိပုံရသည်။
စာရေးသူ ဖာဂူဆန်က ပရိသတ်အများ ဖတ်သင့်သည့် ယခု အကောင်းဆုံးစာအုပ်ဖြင့် မြန်မာ့သမိုင်းရေးသားရာတွင် နယ်ပယ်သစ်ကို စတင်လိုက်ပြီး ပြောင်မြောက်စွာ သရုပ်ဖော်ထားသည့်အတိုင်း နိုင်ငံရေးနှင့် လူမှုရေး ဖြစ်ပေါ်တိုးတက်မှုများသည် ပြင်ပမှ လူသားများနှင့်သာ အမြဲတမ်း ပတ်သက်သည် မဟုတ်ပေ။
ငွေရောင် ပိတ်ကားပေါ်မှ သရုပ်ဆောင်များနှင့် ရဲရင့်သော သရုပ်ဆောင်မှုများသည်လည်း ၎င်းတို့နေထိုင်သည့် လူ့အဖွဲ့အစည်းအပေါ် ပြည်သူများ၏ အမြင်ကို လေးနက်စွာ ရိုက်ခတ်နိုင်ပြီး လူမှုသမိုင်းကို အများအားဖြင့် မိမိတို့ လျစ်လျူရှုထားသည့် အချက်များကလည်း ပုံဖော်နေသည်။
ရုပ်ရှင်လုပ်ငန်းသည် ထိုသို့သော အချက်တခုဖြစ်ပြီး မြန်မာခေတ်သစ်သမိုင်း အခြေအနေတွင် သုံးသပ်ပါက ရုပ်ရှင်လုပ်ငန်းသည် အလွန်သြဇာကြီးသော လုပ်ငန်းတခု ဖြစ်ပေသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ A Compelling Chronicle of Myanmar’s Rich Cinematic History ကို ဘာသာပြန်သည်။)
You may also like these stories:
မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာကိုပေါက်နှင့်အင်တာဗျူး (ရုပ်/သံ)
ရုပ်ရှင် စတန့် မင်းသမီး ခင်ခင်စန်း
ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး
မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း
ကြည့်သူမရှိသဖြင့် ရုပ်ရှင်ရုံအချို့ ယာယီပိတ်ထားရ