မသမာမှုရှိသည်ဆိုသည့် စွပ်စွဲချက်များအကြား အိန္ဒိယနိုင်ငံ၏ ကြီးမားလှသော ရွေးကောက်ပွဲ ပြီးဆုံးသွားပြီး ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ကြေညာသည်။
မဲပေးခွင့်ရှိသူ ၁ ဘီလီယံနီးပါးရှိပြီး အိန္ဒိယသမိုင်းတွင် အကြီးမားဆုံးနှင့် အရှည်ကြာဆုံးဖြစ်သော ထိုရွေးကောက်ပွဲကို ဧပြီလလယ်က စတင်ခဲ့သည်။ ရွေးကောက်ပွဲများကို ဇွန်လ ၁ ရက်နေ့အထိ အဆင့် ၇ ဆင့်ဖြင့် ကျင်းပနေစဉ်အတွင်း နိုင်ငံ အချို့ဒေသများတွင် လူအသေအပျောက်များသည့် ၅၀ ဒီဂရီဆဲလ်ဆီးယပ်နီးပါးအထိ အပူလှိုင်းဖြတ်သန်းပြီး မဲဆန္ဒရှင်နှင့် မဲရုံအရာရှိ ဒါဇင်နှင့်ချီ သေဆုံးမှုဖြစ်စေခဲ့သည်။
မဲရေတွက်ခြင်းကို နိုင်ငံတဝန်း မဲဆန္ဒနယ် ၅၄၃ ခုလုံးမှ မဲရုံများတွင် တပြိုင်နက် ပြုလုပ်နေသည်။
အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့သည် “တတိယအကြိမ်မြောက် အစိုးရဖွဲ့တော့မှာ၊ ပြည်သူတွေကို ကျေးဇူးတင်ရှိပါတယ်” ဟု နယူးဒေလီရှိ ၎င်း၏ Bharatiya Janata Party (BJP) ဌာနချုပ်၌ မိန့်ခွန်းတွင် မိုဒီက ပြောကြားခဲ့သည်။ “ဒါဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအတွက် အောင်ပွဲပါပဲ။”
သို့သော် BJP သည် ထင်သလောက် အောင်ပွဲမခံနိုင်ခဲ့ပေ။
မိုဒီ၏မဟာမိတ်အဖွဲ့သည် ပါလီမန်အမတ်နေရာ ၅၄၃ တွင် နေရာ ၄၀၀ အနိုင်ရရှိရန် ရည်ရွယ် မဲဆွယ်ခဲ့သည်။ ည ၉ နာရီအထိ အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်၏ အဆိုအရ ၎င်းသည် ၂၈၈ နေရာဖြင့် ဦးဆောင်နေသည်။ အိန္ဒိယ အတိုက်အခံညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၂၃၃ နေရာ ရရှိခဲ့ပြီး အရေအတွက် များစွာနိမ့်ကျမည်ဟု ခန့်မှန်းသည့် ကနဦးခန့်မှန်းချက်များနှင့် ဆန့်ကျင်ဖီလာ ဖြစ်ခဲ့သည်။
အင်္ဂါနေ့နံနက်တွင် နယူးဒေလီရှိ BJP ရုံးချုပ်တွင် ထောက်ခံသူအနည်းငယ်သာ စုရုံးခဲ့ကြပြီး ခံစားချက်က အတော်လေး လေးလံထိုင်းမှိုင်းနေသည်။
မည်သို့ဆိုစေ အိန္ဒိယ၏ သဘောထားတင်းမာသူ ဝန်ကြီးချုပ် မိုဒီ တတိယအကြိမ် ဝန်ကြီးချုပ် ဖြစ်လာမည်။ သူ၏ ဟိန္ဒူအမျိုးသားရေးဝါဒ နိုင်ငံရေးသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အိန္ဒိယ၏ ဒီမိုကရေစီကို သိသိသာသာ ပြန်လည် ပုံဖော်ခဲ့သည်။ အိန္ဒိယ၏ လွတ်လပ်ရေးရပြီး ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးမှလွဲပြီး မည်သည့် ဝန်ကြီးချုပ်မှ ရာထူးသက်တမ်း သုံးကြိမ်ဆက်တိုက် အနိုင်မရဖူးပေ။
ရွေးကောက်ပွဲကာလအတွင်း BJP ပါတီက မသမာမှုပြုလုပ်သည်ဆိုသည့် သတင်းများ ထွက်လာသည်။ အတိုက်အခံ အမတ်လောင်းများ၊ ပါတီများကို နှောက်ယှက်ခြိမ်းခြောက်မှုများနှင့် BJP ပါတီကို ထုံစံအားဖြင့် မဲမပေးသော မွတ်ဆလင်မဲဆန္ဒရှင်များကို ဖိနှိပ်မှုများဖြင့် BJP သည် အိန္ဒိယ၏ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အင်အားချိနဲ့အောင် လုပ်သည်ဟု အတိုက်အခံများက စွပ်စွဲသည်။ ဝန်ကြီးချုပ်အပါအဝင် BJP ခေါင်းဆောင်များသည် မဲဆွယ်ပွဲအတွင်း မွတ်ဆလင်ဆန့်ကျင်ရေး စကားများပြောပြီး ရွေးကောက်ပွဲစည်းမျဉ်းကို ဗြောင်ကျကျ ချိုးဖောက်သည်ဟု စွပ်စွဲခံခဲ့ရသည်။
BJP ပါတီသည် အတိုက်အခံ အဆင့်မြင့်ခေါင်းဆောင်များကို ဖမ်းဆီးခြင်းနှင့် ကွန်ဂရက်ပါတီ၏ ရန်ပုံငွေများကို အခွန်အာဏာပိုင်များက သိမ်းဆည်းခြင်းတို့ အပါအဝင် နိုင်ငံတော်ယန္တရားများကို အသုံးချနေသည်ဟုလည်း အတိုက်အခံများက စွပ်စွဲသည်။
ယခုနှစ်အတွင်း BJP ပါတီသည် နိုင်ငံရေးအတိုက်အခံများကို ပစ်မှတ်ထားရန် အစိုးရအင်စတီကျူးရှင်းများကို ပိုမိုအသုံးပြုလာသည်ဟု အမေရိကန် သုတေသနအဖွဲ့ Freedom House က ပြောသည်။
အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင်များအနက် တဦးဖြစ်သည့် ဒေလီ ဝန်ကြီးချုပ် အာဝင် ကီဂျရီဝယ်လ်သည် ရွေးကောက်ပွဲမဲဆွယ်ရန် အာမခံဖြင့် ထောင်မှ ခေတ္တလွှတ်ပေးခံရပြီး ဇွန်လ ၂ ရက်နေ့တွင် ထောင်သို့ပြန်သွားရသည်။ သူ့ကို စွပ်စွဲထားသည့် အဂတိလိုက်စားမှုသည် သူ၏ပါတီ အင်အားချိနဲ့သွားစေရန် မိုဒီအစိုးရက “နိုင်ငံရေးပယောဂ” မကင်းသည့် လုပ်ရပ်ဖြစ်သည်ဟု ကီဂျရီဝယ်လ်က ပြောသော်လည်း ထိုအချက်ကို BJP က ငြင်းဆန်သည်။
တချိန်က အင်အားအလွန်ကြီးမားသည့် အတိုက်အခံ ကွန်ဂရက်ပါတီမှ အထင်ရှားဆုံးသူနှင့် အိန္ဒိယနိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည် မိသားစု၏ မျိုးဆက်သစ် ရာဟူးဂန္ဒီကို မိုဒီ၏ ပါတီဝင်တဦးက တိုင်ကြားပြီးနောက် လွန်ခဲ့သောနှစ်တွင် ရာဇဝတ်မှုမြောက်သော အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချခဲ့သည်။
သူ့ကိုထောင် နှစ်နှစ်ချပြီး ထိုစီရင်ချက်ကို အထက်တရားရုံးက ဆိုင်းငံ့လိုက်ကာ ဒီမိုကရေစီစံနှုန်းများအတွက် စိုးရိမ်ကြောင်းပြောသည့်အချိန်အထိ သူသည် ပါလီမန်အတွက် အရည်အချင်းမမီ ဖြစ်ခဲ့သည်။
အရှေ့ပိုင်းပြည်နယ်ဖြစ်သော ဂျာခန်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဟီမန့်ဆိုရန်ကိုလည်း သီးခြား အကျင့်ပျက်ခြစားမှုဖြင့် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခဲ့သည်။
ကီဂျရီဝယ်လ်၊ ရာဟူးဂန္ဒီနှင့် ဆိုရန်တို့သည် ပါတီပေါင်း နှစ်ဒါဇင်ကျော် ပူးပေါင်းထားသည့် အတိုက်အခံ မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သော်လည်း ထိုမဟာမိတ်အဖွဲ့သည် မိုဒီကို အနိုင်ရရန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ကွန်ဂရက်က ဦးဆောင်သည့် ပါတီနှစ်ဒါဇင်၏ ညွန့်ပေါင်းအဖွဲ့ဖြစ်သော အိန္ဒိယ အတိုက်အခံမဟာမိတ်အဖွဲ့သည် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကယ်တင်ရန် တိုက်ပွဲအဖြစ် ရွေးကောက်ပွဲကို စတင်ခဲ့သည်။ ရွေးကောက်ပွဲမတိုင်မှီ အဓိကပါတနာတဦး ဘက်ပြောင်းသွားသော်လည်း ကွန်ဂရက်နှင့် အားကောင်းသည့် ဒေသဆိုင်ရာပါတီများက မဟာမိတ်အဖွဲ့အား ခန့်မှန်းထားသည်ထက် အမတ်နေရာ ပိုမိုရရှိခဲ့သည်။
အတိုက်အခံ ကွန်ဂရက်ပါတီရုံးခန်းတွင် ထောက်ခံသူများက ကခုန်ကာ အော်ဟစ်အားပေးခဲ့ကြသည်။
အင်္ဂါနေ့ညနေခင်း ဟိန္ဒူဘုရားကို ဝတ်ပြုအပြီး အောင်ပွဲခံ မိန့်ခွန်းတွင် မိုဒီက အိန္ဒိယနိုင်ငံအား လာမည့်ဆယ်စုနှစ် နှစ်ခုအတွင်း ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်အောင် ဆောင်ရွက်ရန် ၎င်း၏ရည်ရွယ်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။ ပါတီများနှင့် ပြည်နယ်အစိုးရအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။
ညနေအစောပိုင်းတွင် BJP က နိုင်ငံပိုင်အဖွဲ့အစည်းများကို “သိမ်းပိုက်”ထားခဲ့သော်လည်း အဓိက အတိုက်အခံပါတီသည် အမတ်နေရာများကို အနိုင်ရခဲ့ကြောင်း အတိုက်အခံကွန်ဂရက်ပါတီက ပြောကြားခဲ့သည်။ ယင်းနောက် ခေါင်းဆောင် ရာဟူးဂန္ဒီ က အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေ မိတ္တူတစုံကို ထုတ်ပြပြီး ယခု ရွေးကောက်ပွဲရလဒ်မှ ရမည့် လုပ်ပိုင်ခွင့်သည် မိုဒီက ဖွဲ့စည်းပုံကို ပြောင်းလဲရန် ကြိုးပမ်းခြင်းမှ တားဆီးရေး ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီရွေးကောက်ပွဲရဲ့ အဓိက သတင်းစကားကတော့ BJP ရဲ့ တပါတီ လွှမ်းမိုးချုပ်ကိုင်မှု ပုံစံက အလုပ်မဖြစ်တော့ဘူး၊ ညွန့်ပေါင်းနိုင်ငံရေးခေတ် ပြန်ရောက်လာပါပြီ” ဟု မွမ်ဘိုင်းမြို့မှ နိုင်ငံရေးလေ့လာသုံးသပ်သူ ပါမောက္ခ အက်ရှ်ဝိနိကူးမား Ashwini Kumar က ပြောသည်။
ကိုးကား။ ၊ NPR, The Guardian
You may also like these stories:
မြန်မာစစ်ရာဇဝတ်ကောင်များနှင့် ဆက်ဆံရေးရပ်ရန် အိန္ဒိယကို JFM တိုက်တွန်း
နယ်စပ်တိုက်ပွဲများမှ လွတ်ရန် မြန်မာ ၁,၃၀၀ ကျော် အိန္ဒိယသို့ ဝင်ရောက်လာ
မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကြောင့် အိန္ဒိယ ရင်ဆိုင်ရသော အကျပ်အတည်း
မြန်မာပြည်တွင်းစစ်တွင် အိန္ဒိယ အခက်၊ တရုတ် အချက်