ရန်ကုန်မြို့တွင် များစွာသော အပေါက်များ ရှိကြလေသည်။
၎င်းတို့သည် မြို့တော်၏ ဂုဏ်အင်္ဂါကို မှေးမှိန် သေးသိမ်စေသည်။
ယခုအချိန် ကဲ့သို့ ရန်ကုန်မြို့တော်ကို ကမ္ဘာ့ထိပ်တန်း မြို့တော်များနှင့် အညီ အင်္ဂါ မီစေရန် ကြိုးပမ်းနေကြသော အခါမျိုး၌ ရုပ်ပျက်ဆင်းပျက် နိုင်သည့် ဤအပေါက်များကို အမြန်ဆုံး ရှင်းလင်းရမည် ဖြစ်သည်။
ခင်ကြီးပျက်များကဲ့သို့ ပါးမြိုင်း မုတ်ဆိတ်ဗရပျစ်၊ ကြေးညှော် လက်လေးသစ်နှင့် တိုးရစ် ခေါ်သည့် မျက်နှာဖြူများသည် ဤ အပေါက်များကို အမှတ်တရ ဓာတ်ပုံ ရိုက်ယူကြသည်ကိုပင် တွေ့ရဖူးသည်။
ရန်ကုန်မြို့ပေါ်သို့ တခါတရံမှ အလည်အပတ် ရောက်ကြသည့် တောနယ်မှ ဦးကြီးများသည် ဤ အပေါက်များ၏ အန္တရာယ်ကြောင့် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်ကြသည်။
ညအချိန်တွင် အပေါက်တို့၏ အန္တရာယ် ပို၍ ထူပြော၏။ အသွားမတော် တလှမ်း ဟူသကဲ့သို့ အလှမ်းမတော် ကျိုး၍ပင် သွားနိုင်ပေသည်။ ကျနော့် မိတ်ဆွေ ပင်စင်နာ တဦး ကျိုးသွားခဲ့ဖူးလေပြီ။
ကျနော့် မိတ်ဆွေ ပင်စင်နာသည်လည်း နံနက်စောစော လမ်းလျှောက်တတ်သူ တဦး ဖြစ်သည်။
သူသည် ထိုနေ့က ခါတိုင်းလျှောက်နေကြ မြို့ဆင်ခြေဖုံး လမ်းတွင် မလျှောက်ဘဲ မြို့တွင်းဝယ် နံနက်စာ တွယ်ဖို့ ဆန္ဒစောနေခြင်းကြောင့် ဝေလီဝေလင်းတွင် မြို့တွင်း လျှောက်လာခဲ့သည်။
အလင်းရောင်လည်း ကောင်းစွာ မလာသေးသည့် အချိန် ဖြစ်သည့်အပြင် သူ့မျက်စိများမှာ မျက်မှန် အကူအညီ ယူပါမှ ကြည်လင်စွာ မြင်ရသူ ဖြစ်ခြင်းကြောင့် ပလက်ဖောင်းပေါ်သို့ ပလက်ဖောင်းပေါ်သို့ တက်လိုက်သည်တွင် အပေါက်နှင့် ဖူးစာဖက်မိကာ ခြေမျက်စိရိုး ကျိုးသွားခဲ့ရသည်။ သူသည် သုံးလေးလမျှ ကျောက်ပတ်တီး စည်းနေခဲ့ရသည်။
ဤအပေါက်များသည် လူကိုသာလျှင်မက မော်တော်ယာဉ်များကိုပါ များစွာ ဒုက္ခပေးလျက် ရှိသည်။ လေးကျိုးသော ကား၊ အက်ဆယ် ကျိုးသော ကားများလည်း မရေတွက်နိုင်တော့။
အချို့သော အပေါက်များသည် မည်မျှ ကြာမြင့်ပြီနည်းဟူမူ နှစ်ပတ်လည် ပွဲပင် ဆင်ယင် ကျင်းပနိုင်ကြပြီ ဖြစ်သည်။ အနော်ရထာ လမ်းမကြီးပေါ် ၃၁ လမ်း ထိပ်မှ အပေါက်သည် ဒုတိယ နှစ်ပတ်လည် ပွဲပင် ကျင်းပတော့မည်ဟု ကြားသိရသည်။ အပေါက်မှာလည်း သေးငယ်မသွားဘဲ တနေ့တခြား ကြီးမား၍သာ လာနေသည်။
ကမ်းနားလမ်း နှင့် ဘုရားလမ်း ဆုံရာ ထောင့်မှ အပေါက်သည်လည်း ထိုနည်း နှင်နှင် ဖြစ်၏။ အချို့ အပေါက်များကိုမူ လူသူ မြင်သာစေရန် အတွက် ဝါးလုံးတိုင် ယိုင်နဲ့နဲ့ အလံနီလေး အချက်ပြ ထောင်ထားခဲ့ရာ အလံနီလေးပင် နေရော် အရောင်ပျက်၍ အနားများ ဖွာထွက်နေကြပေပြီ။
သနားစရာ့ အလံနီလေး အချို့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်လားမသိ တိုင်ဝက်၌ ယဲ့ယဲ့ကလေး ခေါင်းစိုက် ဆွေးနေ သည်မှာ မမြင်ရက် မမြင်သာ ရှိလှသည်။ ညအခါတွင်မူ လမ်းသွား လမ်းလာတို့ ခြေထောက်ရိုးကို အာဟာရ အဖြစ် မှီဝဲ စားသုံးနေသည်။
မော်တော်ကား ဘီးခွန် မြူခွန်ကို မှန်မှန်ဆောင်၍ မောင်းနှင်ရသည့် မော်တော်ကားများမှာ ရှပ်ဝင်ရိုး ကျိုးသည်ထိ တိုင်လည်း Tort Rule (တော့ဒ် ဥပဒေ) ဆိုသည်ကို မကြားဘူးခြင်းက အများကြီး ကောင်းနေပေသေးသည်။
သူတို့သည် ဤ နှစ်ရှည်လများ အပေါက်ကြီးများကို မမြင်မိ၊ သတိမထားမိသည့် သူတို့ကိုယ် သူတို့သာလျှင် အပြစ်တင်ဖို့ရင်း ကားကို ဝပ်ရှော့ထိုး၍ ကိုယ့်စရိတ်နှင့်ကိုယ် ပြင်သွားကြသည်။
ခြေကျိုးသူများကလည်း မိမိကိုယ်ကို ကံမကောင်းသူများမို့ ကံနိမ့်စဉ် ခံလိုက်ရသည်ဟု ညည်းတွားကာ –
“ဟို ဗေဒင်ဆရာ မှန်သားပဲဗျ၊ ကျုပ်ကို အနာတရ ဖြစ်လိမ့်မယ်လို့ ဟောလိုက်တာ ကျုပ်က သတိမထားမိဘူး၊ ယတြာ ချေဖို့ မှာလိုက်ရဲ့သားနဲ့ ကျုပ်ကိုက မေ့သွားလို့ ဒီလို ဖြစ်ရတာပါဗျာ၊ အိုး ကျွတ်ကျွတ်…ကျွတ်ကျွတ်” ဟု ဝေဒနာ ခံစားရင်း မည်သူ့မျှ တာဝန်မဖို့။
နင်ဖြစ်လျှင် နင်သာခံဟူသော လောကဓံ တရားကို ရင်ဝယ် ပိုက်နိုင်သည်မှာ ကျနော်တို့ မြန်မာလူမျိုးများ၏ ချစ်စရာ ကောင်းကွက်လေးများပင် ဖြစ်နေပါတော့သည်။
ကောင်းပေပြီ။ ဒီအပေါက်တွေ ဘယ်က ရောက်လာသနည်း။
ပထမ ရောက်လာခြင်းမှာ မသမာသူများ၏ လက်ချက် ဖြစ်ပါသည်။ သံတိုသံစ သံကြွပ်မှန်သမျှကို အရည်ကျို သွန်းလောင်း ၍ ပိုက်ဆက်များ၊ တတောင်ဆစ်ချိုး ဆက်များ အဖြစ် စီးပွား ဖြောင့်နေကြသည့် သံရည်ကျို အလုပ်သမားများက ဝယ်ယူ နေမှုကြောင့် မြူအဖုံးများ ပျောက်၍ အပေါက် ဟောင်းလောင်း ဖြစ်နေသည်။
မြောင်းဖုံး ကျောက်ပြားများမှာလည်း ပြည်သူ့နီတိ မသိကြသည့် ပြည်သူများ၏ တာဝန် မဲ့မှုကြောင့် ဟောင်းလောင်း ဖြစ်ရသည်။
နောက်ဆုံးအားဖြင့် ရန်ကုန် လူဦးရေထက် များသော ကြွက်များ ကိုက်ဖြတ်မှုကြောင့် နိမ့်ချိုင့် ကျိုးကျကာ အပေါက် ဖြစ်လာရသည်။
ဤသို့လျှင် မသမာ စီးပွားရေးသမား၊ ပြည်သူ့နီတိ မသိသည့် မြို့နေ လူထုနှင့် ဘာကိုမျှ မသိသည့် မြေအောက် သောင်းကျန်းသူ ကြွက်များကြောင့် ကျနော်တို့ မြို့တော်တွင်း အပေါက် အန္တရာယ် ထူပြောခြင်း ဖြစ်ရပါသည်။
လက်သည် တရားခံသည် ဤသုံးဦးသာလျှင် အမှန်။
သို့ကြောင့် –
(၁) မိမိ တဝမ်းတခါး အတွက် အများ ခြေကျိုးစေရန် သံရည်ကျို စီးပွား သောင်းကျန်းနေသူများကို ဖော်ထုတ်ရန်။
(၂) မြို့ကြီးသားတို့၏ အင်္ဂါနှင့် အညီ နေထိုင်တတ်သည့် အကျင့်ပျက်များကို ပြင်းထန်စွာ အရေးယူရန်။
(၃) ဗာလနံ အဖျက်သမား ကြွက်များကို မြေပေါ်မြေအောက် မကျန် သုတ်သင် ချေမှုန်းရန်…
ဟူ၍သာလျှင် ကျနော်တို့ အဓိဌာန် စွဲမြဲကြရမည် ဖြစ်ပါသည်။
အခြားသူများ စိုးရိမ်သောက ပွားလျက် မိမိတာဝန် မကင်းဟုထင်ကာ မှေးစက်မပျော် မဖြစ်ကြစေရန်လည်း ဆုတောင်း ပတ္ထနာ ချွေလိုက်ပါသည်။
သတ္တဝါအများ ကျန်းမာ ချမ်းသာကြပါစေ။
ပုံ / မောင်သုမန။
အဲ…အဲ…မောင်သော်က။
သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၇၉။
(စာရေးဆရာကြီး မောင်သော်က ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “ပင်စင်နာ တဦး၏ အတွေးအထင် ပထမအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက် အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)