ကျနော်တို့ ကမ္ဘာကြီးရဲ့ သက်ရှိများအပေါ်မှာ ပံ့ပိုးပေးနိုင်မှုနဲ့ အရင်းအမြစ်များဟာ အကန့်အသတ် အများကြီး ရှိနေပါတယ်။
ဒါပေမယ့် လူသားတွေဟာ ဒီအကန့်အသတ်နဲ့ ပတ်သက်ပြီးတော့ သတိပေးနေတာတွေကို မျက်ကွယ် ပြုနေကြပြီးတော့ စီးပွားရေး ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက်နေကြပါတယ်။
ဒီအကြပ်အတည်းကြီးရဲ့ အမှန်တရားကို သိမြင်နားလည်မှု အလွန်အားနည်းနေပြီးတော့ အရေးပေါ် အခြေအနေမှာ ထိတ်လန့်မှု ကင်းမဲ့ကြတာ သို့မဟုတ် ပြောင်းလဲမှုအတွက် ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို မဆောင်ရွက်ကြတော့ပါဘူး။
ဒီအတိုင်း ဆက်သွားနေရင် မကြာသော အနာဂတ်မှာ လူ့ယဉ်ကျေးမှုကြီး ပြိုလဲသွားနိုင်ပါတယ်။
ကျနော့်ရဲ့ သက်တမ်း အတွင်းမှာတင် သတ္တဝါ မျိုးစိတ်ပေါင်း ၆၀ ရာခိုင်နှုန်း မျိုးတုံးသွားပြီးတော့ ဒီပမာဏဟာ ရှိရင်း ပမာဏထက် ၁၀၀၀ ရာခိုင်နှုန်း ပိုလျင်မြန်နေပါတယ်။
အခုဆိုရင် ကျနော်တို့ရဲ့ မွေးမြူရေးနဲ့ အိမ်မွေး တိရိစ္ဆာန် အရေအတွက်ဟာ တောရိုင်းတိရိစ္ဆာန် အရေအတွက်ထက် အဆပေါင်း ၃၀ ကျော် ပိုများနေပါတယ်။
ကျနော် ငယ်ရွယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို သတိပေးနေကြပြီးတော့ “တိုးတက်မှုကို ကန့်သတ်ရေး” သဘောတရားကို ပြောလာကြပေမယ့် လက်တွေ့မှာတော့ မလုပ်ကြပါဘူး။
၁၉၉၀ ဝန်းကျင်မှာ ကမ္ဘာ့ သိပ္ပံပညာရှင်များက “လူသားမျိးနွယ်သို့ သတိပေးစာ” ကို ပထမအကြိမ်နဲ့ ၂၀၁၇ မှာ ဒုတိယ အကြိမ် ထုတ်ပြန်ခဲ့ကြပါတယ်။
တကယ်လို့ ကျနော်တို့ လူသားတွေက ကြီးကြီးမားမား ပြောင်းလဲမှုသာ မလုပ်ရင် ကမ္ဘာကြီးက ကျနော်တို့ အသက်ရှင်ရေး ထောက်ပံ့ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။
ကျနော့် လူသက်တမ်းအတွင်းမှာ ကာဗွန် ထုတ်လွတ်မှုက နှစ်ဆမက မြင့်တက်လာပါတယ်။ ၁၉၉၂ ခုနှစ်က ကုလသမဂ္ဂ ရဲ့ ဥတုရာသီဆိုင်ရာ ကွန်ဗင်းရှင်း ထုတ်ပြန်ပြီးနောက်မှာ ၆၀ ရာခိုင်နှုန်း တိုးတက်လာတာပဲ ဖြစ်ပါတယ်။
ရုပ်ကြွင်းလောင်စာအသုံးပြုမှု ၅ ဆ မြင့်တက်လာပြီးတော့ ကျောက်မီးသွေး အသုံးပြုမှု ၈၀ ရာခိုင်နှုန်း တိုးတက် လာပါတယ်။
အန္တာတိကရဲ့ ရေခဲတွေဟာ ငယ်ငယ်ကထက် ၆ ဆပိုပြီး လျင်မြန်စွာ အရည်ပျော်နေပြီးတော့ အာတိတ် သမုဒ္ဒရာက ရေခဲ ၉၅ ရာခိုင်နှုန်း အရည်ပျော်သွားပါတယ်။
နည်းပညာအရ ဖြေရှင်းမှုတွေအတွက် အကောင်းမြင်ကြပေမယ့် ပြည့်ဖြိုးမြဲ စွမ်းအင်က ကျနော်တို့ အသုံးပြုနေတဲ့ စွမ်းအင် စုစုပေါင်းရဲ့ အလွန်သေးငယ် ပမာဏကိုသာ ဖြည့်တင်း ပေးနိုင်ပါသေးတယ်။
ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ အခြားစွမ်းအင်တွေကို အစားမထိုးနိုင်သေးတဲ့ အပြင် ရုပ်ကြွင်းလောင်စာတွေကို ပိုပြီးတော့တောင် အသုံးချလာကြပါတယ်။
၂၀၅၀ အထိ မျော်လင့်ချက် ထားနိုင်ဖို့ဆိုရင် တနှစ်ကို ကာဗွန်ထုတ်လွတ်မှု ပမာဏ ၆ ရာခိုင်နှုန်း အထိ လျှော့ချဖို့ လိုပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ GDP ကို ၆ ရာခိုင်နှုန်း လျှော့ချရမှာ ဖြစ်ပါတယ်။
စီးပွားရေး ပညာရှင်တွေ အတွက် ဒါဟာ လက်ခံနိုင်စရာ ပမာဏ မဟုတ်ပါဘူး။ ဒါဆို ကျနော်တို့ ပြိုလဲမှုကို ရှောင်လွှဲလို့ မဖြစ်နိုင်တော့ဘူးလား။
ပြောင်းလဲမှုကို လုပ်ကြတာမှာ ကျနော် တွေ့သလောက်ကတော့ ပြောင်းလဲမှု အကြောင်းကို စကားကြီး စကားကျယ် ပြောကြတာပါပဲ။
ရုပ်ကြွင်းလောင်စာ လျှော့ချရေး နိုင်ငံတကာ အစည်းအဝေးတွေ၊ စာချုပ်တွေ မိုးမွန်အောင် ချုပ်ဆို ဆွေးနွေးကြပါတယ်။
ဒါပေမယ့် ဖန်လုံအိမ် ဓာတ်ငွေ့က ပိုတိုးလာနေပါတယ်။ သဘောတူညီချက်တွေက ကောင်းပေမယ့် အသက်ဝင်အောင် မလုပ်နိုင်ကြပါဘူး။
နှစ်သန်းပေါင်း များစွာ သိုမှီးထားတဲ့ ရုပ်ကြွင်းလောင်စာတွေကို နှစ်ရာပေါင်း အနည်းငယ်အတွင်းမှာ ကုန်အောင် သုံးခဲ့ကြ ပါတယ်။
ကမ္ဘာကြီးမှာ နှစ်စဉ် လူပေါင်း သန်း ၉၀ တိုးပွားနေပါတယ်။ ပါးစပ်ပေါက် သန်း ၉၀ တိုးလာတာ ဖြစ်ပြီးတော့ သူတို့ စားသောက်ဖို့ စွမ်းအင် ပိုမိုလိုအပ်လာပါတယ်။
တကယ်လို့ ရုပ်ကြွင်းလောင်စာကို ဖယ်ထုတ်လိုက်ရင် လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ အသက်ရှင်ရေးကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်တော့ပါဘူး။
ရုပ်ကြွင်းလောင်စာများဟာ နှစ်သန်းပေါင်း များစွာ အားသွင်းထားရတဲ့ ဘက်ထရီတွေနဲ့ တူပါတယ်။ ဒါကို ဆယ်စုနှစ် အနည်းငယ်အတွင်း အသုံးချလိုက်ကြရပါတယ်။
ကျနော် သိလာတာကတော့ အခြေအနေ ဘယ်လောက် ဆိုးနေတယ် ဆိုတာကို လူတွေသေချာ နားမလည်ကြသေးဘူး ဆိုတာပါ။
ဒါကြောင့်ပဲ နိုင်ငံရေးသမား ဆိုသူတွေ၊ မူဝါဒ ရေးဆွဲသူတွေဟာ ပြောင်းလဲမှု လုပ်ဖို့ကို ရှောင်ရှားကြပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီလိုအပြောင်းအလဲတွေ လုပ်ရင် သူတို့ရဲ့ မဲတွေ ရှုံးတော့မှာပေါ့။ မဲဆန္ဒရှင်တွေက အရေးပေါ် အခြေအနေ ဖြစ်နေတာကို မသိကြသေးဘူးလေ။
ဒါကြောင့် သတင်း အချက်အလက်တွေကို ပိုပြီးပေးကြဖို့၊ ဒီအခြေအနေကို နားလည်လာအောင် ပိုပြီးတော့ ထုတ်ပြော ကြဖို့ပဲ တိုက်တွန်းကြဖို့ ရှိနေပါတယ်။ ။
Victoria University of Wellington ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပညာရှင် Professor Dr Mike Joy ၏ Our ongoing failure to save ourselves from environmental disaster ကို အမှီပြု တင်ဆက် ထားပါသည်။
(ဤစာစုကို စိမ်းလန်း ခါကာဘို (Green Khakabo) သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မဂ္ဂဇင်း (၂၀၂၂ စက်တင်ဘာ ၁၁) မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)