မင်္ဂလာမှသည် အမင်္ဂလာ အဖြစ်ဆိုးကြုံတွေ့ခဲ့ကြသည့် မတောရွာခံများအနေဖြင့် နောက်ဆက်တွဲ လေကြောင်းတိုက် ခိုက်မှုများကြောင့် လက်ရှိအချိန်တိုင် ရွာနား ပြန်မကပ်ရသေးဘဲ နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည်။
မတောရွာသည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှ ဖြစ်ပြီး ဇွန် ၃ ရက် နံနက် ၈နာရီခွဲခန့်က ကျေးရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီလေကြောင်း ၂ကြိမ် ဗုံးကြဲမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။
စစ်တပ်ထောက်ခံသူ လော်ဘီများကမူ မင်းကင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အဖွဲ့ခေါင်းဆောင်၏ မင်္ဂလာဆောင်ဟု သတင်းရသဖြင့် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ကြဲခြင်းဖြစ်ကြောင်း၊ ထိုမင်္ဂလာဆောင်သို့ လာသူများမှာ PDF များဖြစ်ကြောင်း ဆိုထားသည်။
မင်္ဂလာဆောင်သူမှာ ပကဖ တပ်ဖွဲ့ဝင်ဟု ဆိုသော်လည်း လာရောက်ကြသူများကမူ ရွာခံအများစု ဖြစ်ကြကြောင်း မတော ရွာသားများက သက်သေခံသည်။
ထိုသို့ စစ်စခန်းလည်း မဟုတ် တိုက်ပွဲလည်းမဟုတ်ဘဲ ဒေသ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တဦး၏ မင်္ဂလာပွဲကို ပျံသန်းစရိတ် အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ အကုန်ခံကာ လေယာဉ်ပျံနှင့် ဗုံးကြဲသည် ဆိုသောကိစ္စက ရူးမိုက်မှု တခုဟုသာ ဆိုရမည်။
ဗုံးကြဲမှုကြောင့် စစ်ရေးအရ မည်မျှ အောင်မြင်ပြီး ပြည်သူ့ကာကွယ်ရေး (PDF) မည်မျှသေသည်ကိုမူ စစ်တပ်အနေ ဖြင့် ထုတ်ဖော်မပြောသော်လည်း သေသူ ၂၉ ဦးတွင် ကလေး ၆ ဦးပါသည်က အမှန်ပင်။
အဆိုပါ နေရာ၌ ကနဦးရှိနေခဲ့သူတဦးက “ဗုံးမကျခင် အချိန်လေးမှာ သတို့သားနဲ့ သတို့သမီးတို့ ဓာတ်ပုံရိုက်ကူး နေကြတာ၊ ရွာသားတွေက သူတို့ ဓာတ်ပုံရိုက် နေကြတာကို အကုန်စုပြီး ကြည့်နေကြတုန်း ဗုံးကျလာတော့ သူတို့အပေါ် ကျလာတာ။ သတို့သားနဲ့ သတို့သမီးက လွတ်သွားတယ်” ဟု ဖြစ်စဉ်ကို ဧရာဝတီကို ပြောသည်။
မင်္ဂလာဆောင်သည့်နေရာမှာ သတို့သား၏ နေအိမ်ဖြစ်သလို သစ်ပင် အုန်းပင်များနှင့် အုံ့ဆိုင်းနေသည့် ထိုနေရာသည် မိနစ်ပိုင်းအတွင်းပင် သစ်ပင်များ ထက်ပိုင်းကျိုးပဲ့ ပြတ်ထွက်ကုန်ကာ ဗလာကျင်းသွားခဲ့သလို မင်္ဂလာပွဲကို လာကြသည့် ဝတ်ကောင်းစားလှဝတ်ဆင်ထားကြသော ရွာခံများမှာလည်း ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြတ်တောက်ကာ အပုံလိုက်လဲကျ သွားကြသည်။
“သတို့သားနဲ့ သတို့သမီးက ရွာခံတွေပါပဲ။ သူတို့က ဘာမှမဖြစ်ဘူး။ သူတို့ ဓာတ်ပုံရိုက်နေတာ တခြားသူတွေကို သူတို့ ကို ကာပေးသလိုဖြစ်ပြီး မထိခိုက်လိုက်ဘူး။ ဝိုင်းပြီးကြည့်နေတဲ့လူတွေက အုတ်တံတိုင်းသဖွယ် ဖြစ်သွားတာပဲ။ အဲဒါ ကြောင့် ထိခိုက်ဒဏ်ရာ မရတာ။ ကျနော်တို့ ကျေးရွာရဲ့ဓလေ့က ဓာတ်ပုံရိုက်ပြီဆို ဝိုင်းပြီးကြည့်တဲ့ ဓလေ့ရှိတယ်” ဟု မတောရွာသားက ပြောသည်။
အလောင်းကောက် သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သူ မတောဒေသခံ အမျိုးသားတဦး အဆိုအရ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရတော့သည်အထိ အပိုင်းပိုင်းအစစဖြစ်နေ ကြောင်း ဆိုသည်။
“ခန္ဓာကိုယ် ပြတ်ထွက်သွားတဲ့သူတွေလည်း ရှိတယ်။ ရုပ်တွေ မပီပြင်တာတွေလည်း ရှိတယ်။ ခေါင်းပိုင်းတွေကလည်း မတွေ့တော့ဘူး။ လက်ကတခြား ခန္ဓာကိုယ်ကတခြား တစစီ လိုက်ကောက်ရတာတွေ ရှိတယ်။ အသားစတွေ ပုံထားရ တာတွေ အများကြီးပဲ” ၎င်းက အလောင်းများ ကောက်ယူခဲ့စဉ် မြင်တွေ့ရသည်ကို ပြန်လည် ပြောပြသည်။
အသက်မသော်လည်း ဗုံးထိမှန်ကာ ဒဏ်ရာရသူ ၅၃ ဦးထက်မနည်းလည်းရှိနေပြီး ထိုအထဲမှ ၁၀ ဦးကျော်သည် ပြင်းထန်ဒဏ်ရာများရရှိထားကာ၊ ဆေးရုံဆေးခန်းသွားနိုင်ခြင်း မရှိသောကြောင့် ကုသရခက်ခဲနေသည့် အခြေအနေ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
မတောရွာသား တဦးက “ကျနော်တို့ ရွာဓလေ့အရတော့ ဘယ်သူဘယ်ဝါပဲ ဖြစ်နေနေ ရွာမှာ ပွဲရှိရင်တော့ ကလေး လူကြီးပါမကျန် အကုန် ဝိုင်းလုပ်ဝိုင်းစားကြတာပဲဗျာ။ အခုထိတဲ့သူ အများစုကလည်း ပန်းကန်ဆေးဘာညာ ကူညီသူ အများစု ပါသွားတာ” ဟု ပြောသည်။
ဗုံးကျသည့် နေရာတွင် ၆ ပေနီးပါးခန့်ရှိသည့် တွင်းနက်များကျန်ခဲ့ကြောင်းလည်း ရွာခံများက ပြောသည်။
မိသားစုဝင်တဦး ဆုံးရှုံးခဲ့သူ မတောရွာသားတဦးက “ကျနော့်တူလေး ၇ နှစ်သား ပေါင်ကိုထိသွားတာ။ ပြတ်လုနီးပါးပဲ သွေးထွက်လွန်ပြီး သေသွားတယ်။ ဆေးအဖွဲ့နဲ့ပဲ ကုသရင်း ဆုံးသွားတာ။ အမေ့ရဲ့ ညီမ ကျနော့်အမေကြီးလည်း ပေါင် ကျိုးသွားတယ်။ ဓာတ်ပုံရိုက်တာ ကြည့်ရင်းနဲ့ ထိသွားတာပဲ” ဟု ပြောသည်။
သေဆုံးသူများ၏ အလောင်းများကို အဆိုပါနေ့ ညပိုင်းတွင်ပင် စုပေါင်း မြှုပ်နှံသင်္ဂြိုဟ်ပေးခဲ့ကြသည်။
ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတဦးက “၂၄ လောင်းကို သင်္ဂြိုဟ်လိုက်တယ်။ ၄ ဦးက လမ်းမှာတင် သေတာ ဆိုတော့ အနီးအနားမှာပဲ သင်္ဂြိုဟ်လိုက်နိုင်တယ်။ ဒဏ်ရာရတဲ့သူက ၅၀ ကျော်ကို ဒေသရဲ့ အခြေအနေအရ ဆေးသင်တန်းတက်ထားတဲ့ ဆေးဝန်ထမ်းလေးတွေနဲ့ပဲ တောတောင်ထဲမှာပဲ ကုသနေကြရပါတယ်“ ဟု ပြောသည်။
အိမ်ထောင်စု ၁၃၀ ခန့်ရှိပြီး လူဦးရေ ၃၀၀ ခန့်နေထိုင်လျက်ရှိသည့် မတောရွာသည် မင်းကင်းမြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး ယခင်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ကြားလေ့ရှိသော်လည်း ယခုလို လေယာဉ် ဗုံးကြဲခံရခြင်းမှာ ရွာခံများ ပထမဆုံးကြုံရခြင်းဖြစ်သည်။
အလောင်းကောက်ခြင်းနှင့် ထိခိုက်ဒဏ်ရာရသူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေချိန် ချင်းတွင်းမြစ် တဖက်ကမ်းမှ စစ်ကောင်စီတပ်များက လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“ရွာမီးရှို့တာတို့ လက်နက်ကြီးနဲ့ပစ်တာတို့တော့ ကြုံဖူးတယ်။ လေယာဉ်နဲ့ဗုံးကြဲတာတော့ အခုမှ ကြုံဖူးတယ်။ ဗုံးချ ပြီးတော့လည်း အလောင်းတွေ ကောက်မှာတို့ ဒဏ်ရာရတဲ့သူတွေကို ကယ်ဆယ်မှာတို့ကို သိတဲ့အခါကျတော့ လက် နက်ကြီးတွေနဲ့ တရစပ် ပစ်နေတော့တာပဲ။ မင်းကင်းမြို့က တောင်ပေါ်စခန်းကနေ လှမ်းပစ်တာ။ မတောနဲ့ ၂ မိုင်ကျော် ကျော်ကွာတဲ့ နေရာကနေ လှမ်းပစ်တာ” ဟု မင်းကင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဌေးက ပြော သည်။
မတောရွာဗုံးကြဲမှုတွင် မတောရွာတင်မက အနီးနားရွာများမှနေ မင်္ဂလာဆောင်ကို လာတက်ကြသည့်သူများလည်း ထိမှန်ဒဏ်ရာရခဲ့ကြသည်။
“ကျနော်တို့ ရွာကနေ လေယာဉ်ဖြတ်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အသံကြားလိုက်ရတာ။ သိပ်မကြာဘူး။ နောက် မိနစ်ပိုင်းမှာတင် မတောကို ဗုံးချသွားပြီဆိုပြီး ကြားလိုက်ရတာပဲ။ ကျနော်တို့ရွာက လင်မယား ၂ ယောက်ပါသွားတယ်။ သေတော့ မသေသွားဘူး။ ဗိုက်တွေ ထိမှန်သွားတယ်” ဟု ကျွန်းတော်ရွာခံတဦးက ပြောသည်။
မတောရွာဖြစ်စဉ်ပြီး နောက်ရက်များဖြစ်သော ဇွန် ၄ ရက်၊ ဇွန် ၆ ရက်များတွင်လည်း မင်းကင်းမြို့နယ်၊ ပျဉ်းကိုင်းရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့သေးသည်။ ပျဉ်းကိုင်းရွာရှိ ဗုံးကြဲမှုတွင် လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရမှုနှင့် နေအိမ် အဆောက်အအုံများ ထိမှန်ပျက်စီးမှုများ ရှိခဲ့သည်။
မင်းကင်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ပွဲလမ်းသဘင်၊ လူစုလူဝေးများ မပြုလုပ်ကြရန်နှင့် ကျောင်းများ ပိတ်ထားရန် မင်းကင်း ပကဖက ဇွန် ၆ ရက်တွင် ထုတ်ပြန်သတိပေးထားသည်။
“စစ်ကောင်စီအနေနဲ့ PDF ၊ ပကဖတွေကို တိုက်ခိုက်ချင်တယ်ဆိုရင် သူတို့စခန်းတွေ သေချာရွေးပြီးတော့ တိုက်စေချင် တယ်။ သတ္တိရှိလို့ တိုက်ခိုက်မယ်ဆိုရင် ဝေဟင်ပဲဖြစ်ဖြစ် မြေပြင်ပဲဖြစ်ဖြစ် အဲဒီလိုပဲ တိုက်ခိုက်ပါ။ ပြည်သူတွေကို မထိခိုက်စေချင်ပါဘူး။ ဒုက္ခ မပေးစေချင်ပါဘူး” ဟု မင်းကင်း ပကဖအဖွဲ့ဝင်တဦးက ပြောသည်။
ယခုလဆန်းပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသလို အရပ်သား အစု လိုက်အပြုံလိုက် သေဆုံးဖြစ်စဉ်များလည်း တိုးလာခဲ့သည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုများအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး မြန်မာနိုင်ငံ အခြေအနေမှာ ပိုမိုဆိုးရွာလာမှုအပေါ် အထူးစိုးရိမ်ကြောင်းလည်း ဇွန် ၆ ရက်တွင် ထုတ်ပြန်ထားသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက “စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ် သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး ပြည်သူလူထုကို အလုံးအရင်း သတ်ဖြတ်နေတဲ့ကိစ္စဟာ အင်မတန်ရက်စက် ကြမ်းကြုတ်ယုတ်ညံ့တာတွေ တွေ့လာရပါတယ်။ စစ်ကောင်စီက စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲတောင် မထည့် ထားပါဘူး။ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့ လိုပါတယ်” ဟု ဇွန် ၄ ရက်တွင် ပြောဆို သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနေဖြင့် ပြီးခဲ့သည့်မေလကလည်း မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့ နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ နောက်ရက်တွင်လည်းအနီးရှိ တောမရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားများ စုဝေးနေသည့်အချိန်များတွင် စစ်ကောင်စီမှ လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်များစွာ ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့ အနမ့်ပါရွာ KIA တပ် ဂီတဖျော်ဖြေပွဲ လေကြောင်းသုံး တိုက် ခိုက်ခံရမှုတွင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရသလို ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်တွင်လည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်ရှိ ပဇီကြီးရွာရုံးခန်းဖွင့်ပွဲ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရသည်။
ထို့ပြင် ယခုနှစ် မေလ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို ပစ်မှတ် ထားကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး မရှေးမနောင်းမှာပင် မတောကျေးရွာကို ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မတောရွာဗုံးကြဲမှု ဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း တခြား လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကိုမူ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆန်လေ့ရှိသည်။
ထိုဖြစ်စဉ်ဆိုး ကြုံတွေ့ခဲ့ရသော မတောရွာခံများအနေဖြင့် လက်ရှိအချိန်ထိ ရွာထဲ ပြန်မဝင်ရဲကြသေးဘဲ ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်နေကြသည်။
ဆွေမျိုးများဆုံးရှုံးခဲ့ရသူတဦးက “ကျနော်တို့ ရွာသားတွေ ခံစားချက်က ပြောတောင် မပြောပြတတ်ဘူး။ ဒေါသတွေ ဖြစ်ကြတယ်၊ မခံချိမခံသာတွေလည်း ဖြစ်ကြတယ်။ ယူကျုံးမရလည်း ဖြစ်ကြတယ်။ မိသားစုလိုက် ဆုံးသွားတာလည်း ရှိတယ်။ တချို့က မိဘတွေ ဆုံးသွားတယ်၊ ကလေးတွေပဲ ကျန်တယ်၊ တချို့ဆို ကလေးတွေ ဆုံးသွားကြတယ်၊ မိဘတွေ ပဲ ကျန်တယ်။ အဲဒီလိုလူတွေ ဘာဆက်လုပ်ကြမလဲဗျာ” ဟု ပြောဆိုသည်။ ။
You may also like these stories:
မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်
ဆောလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၈ ဦးရှိလာ
မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ
KIO အထိမ်းအမှတ်ပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၁၀၀ ကျော် သေဆုံး