စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမှု အကောင်အထည်ဖော်ပြီးနောက် အရွယ်ရောက်ပြီး လူငယ် ထောင်ပေါင်းများစွာသည် ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုတွင် စစ်မှုထမ်းခြင်းကို ငြင်းဆန်ပြီး စစ်အုပ်စုကို ပြန်လှန်တိုက်ခိုက်ရန် ညီညွတ်လာသောကြောင့် မြန်မာမှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည် လျှောက်လွှာ ထောင်ပေါင်းများစွာ ရရှိနေသည်။
မြန်မာမှ ဒုက္ခရောက်နေသော စစ်ကောင်စီသည် ဆုတ်ယုတ်နေသည့် စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန် ကာလကြာမြင့်ပြီဖြစ်သော အတင်းအကျပ် စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံးသည်။ ထိုဥပဒေအရ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်နှင့် ၂၇ ကြား အမျိုးသမီးများသည် နှစ်နှစ် စစ်မှုထမ်းရန် လိုအပ်သည်။
တနိုင်ငံလုံးမှ တော်လှန်တိုက်ခိုက်မှုများတွင် ဆုံးရှုံးမှုများနေပြီး စစ်သည်အင်အား လိုအပ်နေသောကြောင့် စစ်ကောင်စီသည် အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို လွန်ခဲ့သော သုံးလအတွင်း အရှိန်မြှင့် လုပ်ဆောင်ပြီး နောက်ထပ် လူ ၅၀၀၀ အတွက် တတိယအကြိမ် စစ်သားစုဆောင်းရန် ဆက်လက် လုပ်နေသည်။
“စစ်မှုထမ်းမလား၊ တော်လှန်ရေးနဲ့ ပေါင်းမလားဆိုတဲ့ ရွေးချယ်မှုဖြစ်အောင် မင်းအောင်လှိုင်က လုပ်လိုက်တာ” ဟု ကိုစောဟိန်းက ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်ပြီးနောက် အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုစောဟိန်းသည် လက်နက်ကိုင်တော်လှန်ရေး၌ စစ်သားသစ် ဖြစ်လာသူများတွင် ပါဝင်သည်။
ယခင်က မိုဘိုင်းဖုန်းဆိုင်တဆိုင်တွင် လုပ်ကိုင်ခဲ့သော ကိုစောဟိန်းသည် တော်လှန်ရေးတပ်များက စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေသည့် မွန်ပြည်နယ်မှ သထုံ ပြည်သူ့ကာကွယ်ရေးတပ် (TPDF) သို့ ဝင်ရောက်ခဲ့သည်။
ယခင်က မိုဘိုင်းဖုန်းဆိုင်တဆိုင်တွင် လုပ်ကိုင်ခဲ့သော ကိုစောဟိန်းသည် တော်လှန်ရေးတပ်များက စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေသည့် မွန်ပြည်နယ်မှ သထုံ ပြည်သူ့ကာကွယ်ရေးတပ် (TPDF) သို့ ဝင်ရောက်ခဲ့သည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို ကျင့်သုံးပြီး တပတ်အကြာတွင် သူသည် မိသားစုကို ထားခဲ့ပြီး မွန်ပြည်နယ်သို့ တယောက်တည်း လာခဲ့သည်။ ယခုအခါ သူသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့တခုဖြစ်သည့် TPDF တွင် သင်တန်းတက်နေသည်။
TPDF လေ့ကျင့်ရေးစခန်းသည် လတ်တလောတွင် နိုင်ငံတဝန်းမှ လူသစ် ၁၃၀ ခန့်ကို လက်ခံထားပြီး အားလုံးသည် နိုင်ငံသားများကို ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သည့် စစ်ကောင်စီအတွက် မတိုက်ဘဲ စစ်ကောင်စီကို ပြန်ချေမှုန်းရန် ရည်မှန်းချက်အောက်တွင် တသဘောထားတည်း ဖြစ်နေသည်။
အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြားရှိသော ထိုလူသစ်များသည် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေး စသည့် အဓိကမြို့ကြီးများမှ ရောက်လာသည်။ ၎င်းတို့တွင် တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့ရများနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်း ရှိသူများ စသည့် နောက်ခံအမျိုးမျိုး ရှိသည်။
“ဘယ်သူမှ ဒီကိုလာပြီး လက်နက်မကိုင်ချင်ဘူး။ ဒါပေမယ့် စစ်ကောင်စီကို တိုက်ပြီး ဒီစစ်ကို အဆုံးသတ်တာကလွဲလို့ ကျနော်တို့မှာ ရွေးစရာမရှိဘူး” ဟု ကိုစောဟိန်းက ဧရာဝတီသတင်းဌာနသို့ မျက်ရည်စက်လက်ဖြင့် ပြောသည်။
ထိုသို့ လူသစ်များ ဝင်ရောက်မှု မြင့်မားလာသည်ကို ကြုံတွေ့ရသည့် တပ်ဖွဲ့တခုမှာ ကရင်နှင့် ရှမ်းပြည်နယ်များတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ဖြစ်သည်။ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေ အကောင်အထည် ဖော်ပြီးနောက် BPLA တွင် အခြေခံ စစ်သင်တန်းအတွက် လျှောက်ထားသူ ထောင်နှင့်ချီ ရှိသည်။ ထိုအဖွဲ့သည် ဖေဖော်ဝါရီလတွင် သင်တန်း ခြောက်ကြိမ်ပေးပြီး အဖွဲ့ဝင်သစ်များ ပိုမိုလက်ခံရန် အစီအစဉ်လည်း ရှိသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်များနှင့် PDF များပါဝင်သည့် Cobra Column 2 Venom သည် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် ထွက်ပြေးလာသူ ၂၀၀ ကျော်ကို လက်ခံထားသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်များနှင့် PDF များပါဝင်သည့် Cobra Column 2 Venom သည် စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် ထွက်ပြေးလာသူ ၂၀၀ ကျော်ကို လက်ခံထားသည်။
အများစုက ထိုတပ်ဖွဲ့သို့ ဝင်ရောက်ရန် ရွေးချယ်ပြီး အနည်းငယ်ကသာ အိမ်နီးချင်းနိုင်ငံများသို့ မပြေးမီ ခေတ္တ ခိုလှုံကြသည်။
ထိုတော်လှန်ရေး တပ်သားသစ်များသည် လက်နက်၊ အခြေခံ တိုက်ခိုက်ရေးနှင့် စစ်သေနင်္ဂဗျူဟာ သင်တန်းတက်နေကြောင်း ကရင်ပြည်နယ်အခြေစိုက်အဖွဲ့မှ အရာရှိတဦးက ပြောသည်။
နိုင်ငံအနောက်ပိုင်းတွင် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကလည်း စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှု နောက်ပိုင်းတွင် အဓိကအားဖြင့် ချင်းပြည်နယ်နှင့် အနီးရှိ စစ်ကိုင်းတိုင်းမှ လူသစ် ၂၀၀ ကျော် လက်ခံထားသည်။
ကိုစောဟိန်းသည် တော်လှန်ရေးလှုပ်ရှားမှု၏ စစ်ရေးစွမ်းရည် အမျိုးမျိုးကို ပြသသည့် ဒရုန်းတပ်သို့ဝင်ရန် လေ့ကျင့်နေသည်။
“စစ်ကောင်စီကိုချေမှုန်းပြီး တခြားတော်လှန်ရေး တပ်တွေနဲ့အတူ ရန်ကုန်ကို ပြန်မယ်” ဟု ဧရာဝတီသို့ ၎င်းက ပြောသည်။
စစ်တပ်မှဘက်ပြောင်းလာပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရသူများနှင့် စစ်တပ်မှ ထွက်ပြေးလာသူများကို ကူညီသည့် အဖွဲ့တခုဖြစ်သည့် ပြည်သူ့ရင်ခွင်အဖွဲ့သို့ လူငယ် ၂၆,၀၀၀ ကျော် ဆက်သွယ်ကြသည်။ ထိုသူများ၏ ၈၀ ရာခိုင်နှုန်းကျော်က လက်နက်ကိုင်တော်လှန်ရေးနှင့် ပူးပေါင်းရန် ဆန္ဒပြုသည်။
၎င်းတို့သည် ဆက်သွယ်လာသူများကို စိစစ်ပြီး လူသစ်စုဆောင်းသည့် တော်လှန်ရေး အင်အားစုများနှင့် ဆက်သွယ်ပေးကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့မှ ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ပြောသည်။ ထိုနည်းဖြင့် စုဆောင်းထားသည့် လူသစ်များ အရေအတွက်ကို လုံခြုံရေးအရ လျှို့ဝှက်ထားသည်။
လူသစ်များကို သင်တန်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းလည်း ပေးရသောကြောင်း ၎င်းတို့ အလုံးအရင်း ဝင်လာခြင်းသည် စိန်ခေါ်မှုများလည်း ဖြစ်စေသည်။ လျှောက်ထားသူများကို စိစစ်ခြင်းသည်လည်း အားစိုက်ရသော လုပ်ငန်းဖြစ်သည်။
လူသစ်များကို သင်တန်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေရာထိုင်ခင်းလည်း ပေးရသောကြောင်း ၎င်းတို့ အလုံးအရင်း ဝင်လာခြင်းသည် စိန်ခေါ်မှုများလည်း ဖြစ်စေသည်။ လျှောက်ထားသူများကို စိစစ်ခြင်းသည်လည်း အားစိုက်ရသော လုပ်ငန်းဖြစ်သည်။ လက်နက်ခဲယမ်း မလုံလောက်ခြင်းသည် တော်လှန်ရေးတပ်ဖွဲ့ အများအပြားအတွက် အရေးပါသော ပြဿနာ ဆက်လက်ဖြစ်နေသည်။
လွတ်မြောက်ဒေသများသို့ ထွက်လာရန် လူသစ်အများအပြား ရင်ဆိုင်ရသည့် ဘဏ္ဍာရေး ပြဿနာကို Cobra Column 2 Venom မှ အရာရှိ စောမြက ပြောသည်။
နိုင်ငံ၏ဒေသ အနှံ့မှ လူငယ်လူသစ်များအတွက် ခရီး စီစဉ်ပေးရသည့် သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများကို ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ လက်နက်ကိုင်အဖွဲ့အစည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ဖော်ပြောဆိုသည်။
ထိုသို့သော စိန်ခေါ်မှုများရှိသော်လည်း စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းခိုင်းသည့် ဥပဒေသည် မရည်ရွယ်ဘဲ တော်လှန်ရေး အင်အားစုများကို အင်အားတောင့်တင်းစေပြီး စစ်ကောင်စီကို ချေမှုန်းလိုသည့် စိတ်ဓာတ်ကို ပိုမိုအားကောင်းစေကြောင်း TNLA ပြောခွင့်ရသူ လွေးရေဦးက ပြောသည်။
“စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းမှုက ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဓာတ်ကို ဖြစ်စေပြီး တနည်းတလမ်းအားဖြင့် တော်လှန်ရေးကို အင်အားတောင့်တင်းစေတယ်” ဟု ၎င်းက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Growing Rebellion: Myanmar’s Youth Flock to Armed Resistance, Rejecting Junta Conscription ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်မှုထမ်းဥပဒေကြောင့်ပဲ စစ်တပ်ကိုပြန်တိုက်မယ့်လူငယ်တွေများလာ (ရုပ်/သံ)
စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့လူငယ်တွေ တော်လှန်ရေးတပ်တွေထဲရောက် (ရုပ်/သံ)
စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်
တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ