တလပင် မပြည့်တတ်သေးသည့် အချိန်ကာလတွင် စစ်ကောင်စီသည် နိုင်ငံအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လေးကြိမ်တိုင် လက်ရဲဇက်ရဲ ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို အညာဒေသတွင် နှစ်ကြိမ်၊ ရခိုင်တွင် နှစ်ကြိမ်ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
တလအတွင်းဖြစ်ပွဲခဲ့သည့် လူသတ်ပွဲများ
၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ လက်ထုတ္တောကျေးရွာတွင် အမျိုးသမီး နှစ်ဦးအပါအဝင် ရွာသူရွာသား ၃၃ ဦးအား သတ်ဖြတ်ခဲ့၏။ လက်ထုတ္တောရွာသည် မန္တလေး- မုံရွာ ကားလမ်း၊ ရထားလမ်းတို့နှင့် ကပ်လျက် အိမ်ခြေ ၇၀၀ ကျော်ရှိသည့် ရွာကြီးတရွာဖြစ်ပြီး မြင်းမူမြို့၊ ချောင်းဦးမြို့တို့နှင့် မဝေးလှသည့် ရွာကြီးတရွာ ဖြစ်၏။
မေလ ၁၁ ရက်နေ့ နံနက်ခင်းတွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်သည် ရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းတွင်း ပိတ်မိနေသည့် အရပ်သားများကို အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့ကြ၏။
ဤအကြမ်းဖက် တိုက်ခိုက်ခြင်းသည် မြင်းမူနဲ့ ချောင်းဦးမြို့ကြား မုံရွာ-မန္တလေးလမ်းပေါ်၌ စစ်တပ်ယာဉ်တန်းများ မိုင်းဆွဲခံရ၊ ချောင်းမြောင်း ပစ်ခတ်ခံရခြင်းများကို အငြိုးထားပြီး ရည်ရွယ်ချက်ရှိရှိနှင့် အရပ်သားများကို လက်စားချေ သတ်ဖြတ်ခဲ့ခြင်းဟု လက်ထုတ္တောရွာခံများက ယူဆကြသည်။
ဤအကြမ်းဖက် တိုက်ခိုက်ခြင်းသည် မြင်းမူနဲ့ ချောင်းဦးမြို့ကြား မုံရွာ-မန္တလေးလမ်းပေါ်၌ စစ်တပ်ယာဉ်တန်းများ မိုင်းဆွဲခံရ၊ ချောင်းမြောင်း ပစ်ခတ်ခံရခြင်းများကို အငြိုးထားပြီး ရည်ရွယ်ချက်ရှိရှိနှင့် အရပ်သားများကို လက်စားချေ သတ်ဖြတ်ခဲ့ခြင်းဟု လက်ထုတ္တောရွာခံများက ယူဆကြသည်။
ထိုသတ်ဖြတ်မှုကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တိုင်းအတွင်းရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၃၊ အမှတ် ၉၀၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၉၂၉ ထပရ၊ စစ်မှုထမ်းဟောင်းများနှင့် ဖွဲ့စည်းထားသည့် ပျူစောထီးများ စုစုပေါင်း အင်အား ၇၀ ခန့်က ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထား၏။
ဒုတိယသတ်ဖြတ်မှုမှာ မေလ ၂၉၊ ၃၀၊ ၃၁ ရက်နေ့များအတွင်း စစ်တွေမြို့အနီး ဗျိုင်းဖြူကျေးရွာ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်၏။
မေ ၂၉ ရက်နေ့ နံနက်တွင် ဗျိုင်းဖြူရွာအတွင်းသို့ စစ်ကောင်စီတပ်က ရွာတွင်းရှိ ရွာသားများအား ရိုက်နှက်သတ်ဖြတ်မှုများ ပြုလုပ်ပြီး အချို့ကို ဆက်လက်ဖမ်းဆီး၍ အမျိုးသမီးနှင့် ကလေးအများစုအပါအဝင် အချို့ကို ရွာမှမောင်းထုတ်ခဲ့ကြပြီး ရွာ၌ စစ်တပ်က တပ်စွဲထားကြသည်ဟု သိရ၏။
အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၇၆ ဦးရှိပြီး ထိုပြစ်မှုကို ကျူးလွန်ရာတွင် စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ တပ်မ ၁၀၁ နှင့် တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ စောမြရာဇာလင်း၏ မျက်နှာဖုံးစွပ်ထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်သင်တန်းပေးထားသည့် မွတ်စလင်များ စုစုပေါင်း အင်အား ၁၇၀ ခန့် ပါဝင်သည်ဟု သိရ၏။

တတိယသတ်ဖြတ်မှုမှာ စစ်ကိုင်းတိုင်း၊ မင်းကင်းအနီး မတောရွာကို ဗုံးကြဲတိုက်ခိုက်မှု ဖြစ်၏။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က မတောရွာတွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကြဲပြီး တိုက်ခိုက်သဖြင့် သေဆုံးသူ ၂၉ ခန့်ထိရှိပြီး ဒဏ်ရာရရှိသူ ၆၆ ဦးရှိကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၁၆ ဦးခန့် ရှိကြောင်း သိရ၏။
မတောရွာ ဗုံးကြဲသည့်ဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင် အမျိုးသမီးခေါင်းဆောင်တဦး၏ မင်္ဂလာဆောင်ကို သတင်းရရှိပြီး လာရောက်ကြဲခြင်းဖြစ်သည်ဟု သိရ၏။
စတုတ္ထအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြစ်မှုမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် သံတွဲခရိုင်တွင်းရှိ ဆင်ခေါင်းကျေးရွာအား တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်၏။ ဆင်ခေါင်းကျေးရွာသည် ပင်လယ်ကမ်းခြေရှိ ရွာတရွာဖြစ်၏။
ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မေလနှင့် ဇွန်လဆန်းများ၌ ရွှေလှေ၊ သူဌေးချောင်းတဝိုက် တိုက်ပွဲဖြစ်ပွားစဉ် AA မှ ဆင်ခေါင်းကျေးရွာသို့ ဈေးလာဝယ်သူများရှိရာ သတင်းပေးသူရှိသဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပုံရ၏။
ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မေလနှင့် ဇွန်လဆန်းများ၌ ရွှေလှေ၊ သူဌေးချောင်းတဝိုက် တိုက်ပွဲဖြစ်ပွားစဉ် AA မှ ဆင်ခေါင်းကျေးရွာသို့ ဈေးလာဝယ်သူများရှိရာ သတင်းပေးသူရှိသဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပုံရ၏။
ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်မှစ၍ မြေပြင်အမြောက်တပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ရေတပ်သင်္ဘောမှ အမြောက်ဖြင့် ပစ်ခတ်ခြင်းများ နှစ်ရက်တိုင် ပြုလုပ်ခဲ့၏။ ဤသို့ ပစ်ခတ်သဖြင့် ဆင်ခေါင်းရွာသား အများအပြား သေဆုံးဖွယ်ရှိကြောင်း သိရ၏။ ဆင်ခေါင်းရွာ လူသတ်ပွဲအား စစ်ကောင်စီလက်အောက်ခံ ကြည်း၊ ရေ၊ လေ သုံးခုလုံး ပါဝင်ခဲ့၏။
တလအတွင်း ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လေးခုတွင် ရခိုင်တွင်တခု၊ အညာတွင် တခု ပေါင်းနှစ်ခုအား ကြည်းတပ်မြေပြင် စစ်ကြောင်းများက ကျူးလွန်ခဲ့၏။ အညာဒေသတွင် ဖြစ်ပွားသည့် တခုအား လေတပ်က ကျူးလွန်ခဲ့ပြီး ရခိုင်တွင်ဖြစ်ပွားသည့် နောက်တခုအား ကြည်း၊ ရေ၊ လေ တပ်များ ပူးပေါင်းကျူးလွန်ခဲ့၏။
သွေးအေးသည့် လက်ယဉ်နေသူများ
စစ်ကောင်စီ၏ တပ်ဖွဲ့များသည် ရက်စက်ကြမ်းကြုတ်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို သွေးအေးအေးဖြင့် ကျူးလွန်နေသည်ကို တွေ့ရ၏။
၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်ကလည်း စစ်ကောင်စီတပ်သားများသည် လက်ထုတ္တောရွာကို ဝင်ရောက်စီးနင်းပြီး အိမ်ခြေ ၄၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြသကဲ့သို့ အရပ်သားတဦးကိုလည်း သတ်ဖြတ်ခဲ့ကြသေးသည်။ ထိုစဉ်ကတည်းက နောက်တကြိမ် သူတို့ကို ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံရလျှင် ရွာသားများပါ သတ်ပစ်မည်ဟု စစ်သားများက ခြိမ်းခြောက် ပြောဆိုခဲ့ကြဖူး၏။
ယခု လက်ထုတ္တော ဖြစ်စဉ်တွင် ပစ်ခတ်ခံရပြီး မသေဘဲ ကျန်ခဲ့သူတဦး၏ ပြောဆိုချက်အရ “ရွာကို မီးရှို့ပြီး ကျောင်းကို ရောက်လာတော့ ဖွင့် … ဖွင့် ဆိုပြီး ‘ဟာ ဒီဘက်မယ် အပြုံလိုက်ကြီး၊ ဟန်ကျပြီကွတဲ့၊ တို့တော့ ပွပြီ၊ ဟန်ကျပြီတဲ့’၊ ယောက်ျားလေးမှန်သမျှ အကုန်ထွက်တဲ့။ ထွက်ကြပြီး အဲဒီမှာ အသက် ၈၀ ကျော်တွေရော၊ ၇၀ ကျော်တွေရော အကုန်လုံး ပစ်သတ်တာ။ ဖိနပ်နဲ့ ခေါင်းကိုကန်ပြီး သေနတ်ဒင်နဲ့ထု၊ တခါတည်း ဘေးတွန်းထည့်ပြီး ဒိုင်း၊ ဒိုင်းနဲ့ ပစ်သတ်တာ။ အပုံကြီး လိုက်ပစ်သတ်ပြီးတော့ ဒီကောင် မသေသေးဘူးဆို ခြေထောက်နဲ့ကန်၊ ဒီကောင် မသေသေးဘူး၊ လှုပ်နေတယ်ဆို တခါပစ်သတ်။ ဟိုကောင် မသေသေးဘူးဆို တခါပစ်သတ်။ မသေမချင်းကို ပစ်သတ်တာ” ဟု ကြုံခဲ့ရသည်များကို ပြောပြပါသည်။
သူကိုယ်တိုင်က ဘုန်းကြီးကျောင်းထဲတွင် ပိတ်မိကာ စစ်တပ်က ပစ်သတ်သည့် လူအုပ်စုထဲ ပါသော်လည်း စပစ်ပစ်ချင်းမှာပင် ဝမ်းလျားထိုးမှောက်ထားသည့်အတွက် ပစ်သတ်ခံရသည့် ဆွေမျိုးသားချင်းများ၏ အသက်မဲ့ခန္ဓာကိုယ်များအောက်မှာ ပိနေပြီး သေဟန်ဆောင်ကာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြသည်။
သူက “ ဒိုင်း ဒိုင်း ဒိုင်းဆို ပစ်တော့ လူလယ်ခေါင်ကို ဝမ်းလျားထိုး မှောက်ပစ်လိုက်ရတာလေ။ အဲဒီလို ဝမ်းလျားပစ်မှောက်ပြီး လွတ်လာတာ သုံးယောက်လောက်က။ လူလယ်ခေါင်ရောက်ပြီး သေတဲ့ကောင်တွေက ကိုယ့်အပေါ်မှာ ဖိထားတာပေါ့။ သူတို့ပြောတာတွေ အောက်ကနေ အကုန်ကြားနေရတယ်။ သူတို့ တဖွဲ့နဲ့တဖွဲ့ “ဟာ … ဟေ့ကောင်တွေ၊ ဒီမယ်ကွ၊ လက်ထုတ္တောမှာ ကျောင်းထဲနေတဲ့ကောင်တွေ အကုန်ပစ်သတ်ပြီးပြီ၊ ဒီမှာကြည့်ကြည့်ဆိုပြီးတော့ ဓာတ်ပုံရိုက်ပြီး သူတို့ဘက်ကို တင်တာနဲ့တူပါတယ်။ အသံတွေက အကုန်ကြားနေရတာလေ” ဟု ဆိုပါသည်။
ဒူးခေါင်းနှင့်လက်တွင် သေနတ်ဒဏ်ရာများရပြီး သေကံမရောက်ဘဲ လွတ်မြောက်လာခဲ့သော်လည်း သေဆုံးသူများတွင် ယောက်ဖ တော်စပ်သူများ ပါသွားခဲ့သကဲ့သို့ စစ်သားများက လူများကို ပစ်သတ်နေသည့် တနာရီခန့် အချိန်အတွင်းမှာလည်း သေလူအဖြစ် မှတ်ယူပြီး အသက်ပင် ရဲရဲမရှူရဲခဲ့ကြောင်း ပြောဆိုသည်ကို ဧရာဝတီသတင်းဌာက ထုတ်ဖော်ရေးသားထားသည်။
ဗျိုင်းဖြူရွာထဲသို့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ၎င်းတို့နောက်လိုက်များ ဝင်လာချိန်တွင် ရွာထဲက မည်သူကမှ စိုးရိမ်ပူပန်မှု ကြီးကြီးမားမား မဖြစ်ကြသေးဟု ရွာခံတို့က ဆိုသည်။ “ဦးလေးတို့ ရွာကထွက်ကြပါ။ စစ်ဆေးစရာတခု ရှိပါတယ်” ဟု စစ်သားတယောက်က ပြောသဖြင့် တရွာလုံး အိမ်အပြင် ထွက်လာခဲ့ကြကြောင်း Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် အသက် ၆၀ နီးပါးအရွယ် အမျိုးသားတဦးက ပြောသည်။
ရွာလေးရွာမှ ထောင်နှင့်ချီသည့် အရပ်သားများကို မင်းဒရားချိုက်ရပ်ကွက်၊ ပညာရောင်ခြည် ဘုန်းကြီးကျောင်းအနီး ဈေးကွင်းပြင်တွင် စစ်တပ်က စုရပ်အဖြစ် သတ်မှတ်ခဲ့ပြီး ကျားနှင့်မ သတ်သတ်စီ ခွဲလိုက်သည်။ ထို့နောက် စုရပ်တွင် ရောက်နေသည့် အမျိုးသား ၁,၀၀၀ ကျော်ခန့်ကို အင်္ကျီများကို ချွတ်ခိုင်းကာ မျက်နှာစည်းခိုင်းသည်။ မျက်နှာစည်းခံရပြီးနောက်ပိုင်း သတ်ဖြတ်မှုများ အစပြုခြင်းဖြစ်ကြောင်း Myanmar Now က ဖော်ပြသည်။
ဖမ်းဆီးခံရသူများအား “မင်းတို့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ဟာ ဓားပြ၊ ထွန်းမြတ်နိုင်အကြောင်း သိလား” ဟု မေးရင်း ရိုက်နှက်ခဲ့ကြသည်။
ရိုက်နှက်မှု အလွန်များလာပြီး အသံပင် မထွက်နိုင်တော့ဘဲ သေဆုံးကုန်သည်ဟု သိရ၏။

စစ်တပ်က AA နှင့် ဆက်စပ်သူများအကြောင်း သတင်းရရန် အပြင်းအထန် ရိုက်နှက်မေးမြန်းပြီး ခန္ဓာကိုယ်တွင် “သာလီစွ”၊ “အာရကန်”၊ ”ဒေါင်းရန်ငှက်” စသည်ဖြင့် ရခိုင်အမှတ်အသား တခုခုကို ဆေးမင်ကြောင် ထိုးထားသူများအား အမေးအမြန်းမရှိဘဲ ပစ်သတ်သည်ဟု ဒေသခံတို့က ဆိုကြ၏။
နှိပ်စက် သတ်ဖြတ်မှုများကို မြင်တွေ့လိုက်သူများထဲတွင် ဒေသခံ အမျိုးသမီးတဦးက “ဆေးမင်ထိုးလို့ပါတဲ့သူတွေကို အသားတွေကို လှီးထုတ်ပစ်ပါတယ်။ မင်ထိုးတဲ့သူတွေမှာ အသားတွေ ပဲ့ကျသွားတယ်။ မခံနိုင်လို့ အော်တဲ့သူတွေကို ပစ်သတ်ပစ်ပါတယ်။ လူငယ်လေးတယောက် ထွက်ပြေးတာကို လိုက်ပစ်သတ်ပစ်ပါတယ်။ ကျမရှေ့မှာ ၁၀ ယောက် သေသွားတယ်” ဟု ပြောသည်ဟု သိရ၏။
အမျိုးသမီးများမှာ ယင်းအဖြစ်အပျက်များကို မြင်နိုင်သော်လည်း အမျိုးသားများကမူ မျက်စိကို အင်္ကျီဖြင့် စည်းထားရသည့်အပြင် ခေါင်းကိုလည်း မြေနှင့်ထိအောင် ငုံ့ထားရပြီး နည်းနည်းလှုပ်မိလျှင်ပင် အရိုက်ခံရသည်ဟု ဆိုသည်။ မေလ၏ ပူပြင်းလှသည့် နေရောင်အောက် ကွင်းပြင်ထဲတွင် နှိပ်စက်ရိုက်နှက်သည့်အပြင် အစာမကြွေး၊ ရေမတိုက်သည့်အတွက် ဖမ်းဆီးခံရသူများ ပင်ပန်းနွမ်းနယ်လာကြသည်။ ရေတောင်းသောက်သူများကို စစ်တပ်က ကျင်ငယ်ရေ တိုက်သည်ဟု ရွာသားတို့က ဆိုသည်။
အထက်ပါ ထုတ်ဖော်ပြောဆိုချက်များသည် ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ ကိုယ်တိုင်ကြုံခဲ့ရသူများနှင့် Myanmar Now သတင်းမီဒီယာတို့ မေးမြန်းထားချက်များ ဖြစ်၏။
ထို့ပြင် စစ်တွေ ဒကစသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများထဲမှ ရိုက်နှက်ခံရ၍ အခြေအနေမကောင်းသူ သုံးဦးအား ဇွန်လ ၁၁ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ စစ်တပ်က လာပို့ခဲ့ပြီး နှစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားသည်ဟု သိရ၏။
မတောရွာဖြစ်စဉ်တွင် ဗုံးကြခံရပြီး ကယ်ဆယ်ရေးလုပ်သူများ၏ ပြောပြချက်များအရ ပေ ၁၀၀ ပတ်လည်အတွင်း သေဆုံးသူများကို တွေ့ရပြီး အိုးအိမ်အဆောက်အအုံများလည်း ပျက်စီးခဲ့သည်။ သေဆုံးသူအများစုမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ကြပြီး ခန္ဓာကိုယ် အပိုင်းအစများမှာလည်း အတော်ဝေးဝေးအထိ လွင့်စင်သွားခဲ့သည်ဟု သိရ၏။ ဗုံးကြဲခံရ၍ ကယ်ဆယ်ရေးလုပ်နေစဉ်အတွင်း မင်းကင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရ၏။
ဆင်ခေါင်းကျေးရွာ ဖြစ်စဉ်တွင် ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များ၌ မည်သည့်တိုက်ပွဲမှ မရှိဘဲ ဆင်ခေါင်းရွာအား ကြည်းတပ်နှင့် ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေတပ်မှ ဗုံးကြဲခြင်းတို့ အပြင်းအထန်ပြုလုပ်ခဲ့ပြီး ရွာသားအားလုံး ထွက်ပြေးခဲ့ရ၏။
ဆင်ခေါင်းကျေးရွာ ဖြစ်စဉ်တွင် ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များ၌ မည်သည့်တိုက်ပွဲမှ မရှိဘဲ ဆင်ခေါင်းရွာအား ကြည်းတပ်နှင့် ရေတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေတပ်မှ ဗုံးကြဲခြင်းတို့ အပြင်းအထန်ပြုလုပ်ခဲ့ပြီး ရွာသားအားလုံး ထွက်ပြေးခဲ့ရ၏။
ဆင်ခေါင်းရွာနှင့် ပတ်သက်ပြီး သေဆုံးသူ ၁၀၀ ခန့်အထိ ရှိနိုင်ကြောင်း သတင်းများထွက်ပေါ်နေပြီး AA က ဆင်ခေါင်းရွာဖြစ်စဉ်တွင် ၎င်းတို့အတည်ပြုနိုင်သမျှ ထုတ်ပြန်ရာတွင် ကလေးငယ် သုံးဦးအပါအဝင် ၁၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရှိခဲ့သည်ဟု အမည်နာမနှင့်တကွ ထုတ်ပြန်ခဲ့၏။ အိမ်ခြေ ၁၀၀ ခန့် ပျက်စီးခဲ့ပြီး အိမ်အလုံး ၆၀ အား ပိုင်ရှင်အမည်နှင့်တကွ ဖော်ပြခဲ့ကာ ကျန် ၄၀ ခန့်မှာ ပိုင်ရှင်အမည် မသိရသေးဟု ဆိုပါသည်။ ရွာရှိ လူကုန်ထွက်ပြေးနေကြရသဖြင့် သေဆုံး ဒဏ်ရာရ စာရင်းအားလုံး မရသေးဟု ဆိုသည်။
ပြီးခဲ့သည့် တလအတွင်း တွေ့ခဲ့ရသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လေးခုသည် စစ်ကောင်စီက သွေးအေးအေးနှင့် ကျူးလွန်ခဲ့ခြင်းဖြစ်သကဲ့သို့ ဤသို့သတ်ဖြတ်မှုများနှင့် ယဉ်ပါးနေသည်ကိုတွေ့ရ၏။
အရပ်သားပစ်မှတ်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပဇီကြီးကျေးရွာ ကျေးရွာပြည်သူ့ အုပ်ချုပ်ရေးရုံး ဖွင့်ပွဲကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူပေါင်း ၁၇၄ ဦး သေဆုံးခဲ့သကဲ့သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ညက ကချင်ပြည်နယ်၊ ဖားကန့်ဒေသ အနန့်ပါရွာကိုလည်း ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်တွင် KIA တပ်ဖွဲ့ဝင်များအပြင် အရပ်သား ၈၀ ခန့်ပါ သေဆုံးခဲ့၏။
သုတေသန အဖွဲ့အစည်းဖြစ်သည့် BNI – Myanmar Peace Monitor ၏ ၂၀၂၄ ခုနှစ်၊ မေလအတွင်း ထုတ်ပြန်ခဲ့သည့် အပတ်စဉ် သတင်းသုံးသပ်ချက်အတွင်းတွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်အထိ နှစ်နှစ်ကျော်ကာလအတွင်း ငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၁၅၄ ခုရှိခဲ့ပြီး ထိုအထဲတွင် ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ် ၇၆ ခုအထိ ရှိကြောင်း ဖော်ပြထားသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပေါင်း၏ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ရှိသည်ဟု သုံးသပ်ချက်အတွင်း ဖော်ပြထားသည်။
စည်းမစောင့်သည် စစ်တပ်

၂၀၂၄ ခုနှစ်၊ ဇွန်လဆန်းတွင် ထုတ်လွှင့်ခဲ့သည့် AA စစ်ဦးစီးချုပ်၏ VOA မြန်မာပိုင်းသတင်းဌာနနှင့် အင်တာဗျူးတွင် တရုတ်တို့၏ စီစဉ်ပေးမှုအရ AA နှင့် မြန်မာစစ်တပ် ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးရာတွင် အရပ်သားထိခိုက်မှု မရှိစေရေး၊ အရပ်သားပစ်မှတ်များ မတိုက်ခိုက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ဆေးရုံများကို မတိုက်ခိုက်ရန် ပြောကြားသောအခါ မြန်မာစစ်တပ်ကိုယ်စားလှယ်က ထိုဆေးရုံတွင် အာရက္ခတပ်တော်မှ စစ်သည်များ ရှိသည်ဟု သတင်းရ၍ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်းကို တရုတ်သံတမန်များရှေ့တွင်ပင် ပြောဆိုကြောင်း ရှင်းပြခဲ့သည်။
ဆေးရုံများကို မတိုက်ခိုက်ရန် ပြောကြားသောအခါ မြန်မာစစ်တပ်ကိုယ်စားလှယ်က ထိုဆေးရုံတွင် အာရက္ခတပ်တော်မှ စစ်သည်များ ရှိသည်ဟု သတင်းရ၍ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်းကို တရုတ်သံတမန်များရှေ့တွင်ပင် ပြောဆိုကြောင်း ရှင်းပြခဲ့သည်။
စစ်ကောင်စီတပ်က ရခိုင်အပါအဝင် တနိုင်ငံလုံးတွင် ဆေးရုံ၊ စာသင်ကျောင်း၊ အရပ်သားကျေးရွာများ၊ အလှူ၊ မင်္ဂလာဆောင် စသည့် လူစုလူဝေးပြုလုပ်သည့် နေရာများကို လေကြောင်းမှသော်လည်းကောင်း၊ လက်နက်ကြီးနှင့်သော်လည်းကောင်း ပစ်ခတ်မှုများကို လက်ရဲဇက်ရဲ လုပ်ဆောင်နေကြ၏။ စစ်မြေပြင်စည်းကမ်းများကို လိုက်နာခြင်း မရှိပေ။
ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတချို့က ဝမ်းနည်းကြောင်း၊ စစ်ကောင်စီအား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်နေကြသော်လည်း ဒေသတွင်း တရုတ်၊ အိန္ဒိယနိုင်ငံကြီးများ၊ စစ်ကောင်စီနှင့် အကျိုးစီးပွားရှိသည့် နိုင်ငံများ၊ စစ်ကောင်စီနှင့် ဆွေးနွေးရန်၊ စကားပြောရန်လိုသည်ဟု ယူဆကြသည့်နိုင်ငံများနှင့် ပြည်တွင်းမှအချို့ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများက စစ်ကောင်စီ၏ လူမဆန်သည့် စစ်ရာဇဝတ်များကို ပြစ်တင်ရှုတ်ချရန်၊ အပြစ်ပေးအရေးယူရန် ပျက်ကွက်နေကြပြီး စစ်ကောင်စီနှင့် မျက်နှာပြောင်တိုက် ဆက်ဆံနေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း စစ်ကောင်စီက အရေးမစိုက်ဘဲ ရဲရဲတင်းတင်း လုပ်ဆောင်နေခြင်း ဖြစ်၏။
တိုင်းပြည်တပြည်၏ ပြည်တွင်းရေးဟုဆိုကာ ထိုပြည်အတွင်း စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို လက်ပိုက်ကြည့်နေပြီး မိမိအကျိုးစီးပွားအတွက် ထိုသူများနှင့် ဆက်ဆံခြင်းသည် ယဉ်ကျေးသည်ဆိုသည့် ကမ္ဘာကြီးအတွက် ဆီလျော်သေးပါ၏လောဆိုသည်ကို ပြန်လည် စဉ်းစားသုံးသပ်ကြရန် လိုအပ်ပြီ ဖြစ်ပါ၏။
ထို့အတူ ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် စစ်ကောင်စီ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို နှုတ်ဆိတ်မနေဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် လိုပြီဖြစ်ကြောင်း ညွှန်ပြနေသည်။
အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ ကိုရဲမျိုးဟိန်း သုံးသပ်သကဲ့သို့ပင် ဆိုးရွားလှသည့် အနိဋ္ဌာရုံလုပ်ရပ်များကို ကြုံရဖန်များလာသည့် စိတ်က ထုံပြီး ဟုံသွားသည်မျိုး ရှိတတ်သည်။ အချို့ကတော့ ဤကဲ့သို့သောလူမျိုးများက ဤသို့ လုပ်ကိုင်တတ်သည်ကို အများသိကြသည်ဖြစ်ရာ ထူး၍ ပြောနေစရာ မရှိတော့ပါဟူ၍ စဉ်းစားကြသည်မျိုးလည်း ရှိသည်။ ထိုအခါ မည်သည့်ပြစ်မှုမျိုးကိုမဆို မည်မျှ ကျူးလွန်သည်ဖြစ်စေ ပြစ်ဒဏ်မှ ကင်းလွတ်နိုင်သည်ဆိုသည့်အသိ ကျူးလွန်သူများတွင် ပိုအားကောင်းလာတတ်ပြီး ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ပို၍ ကျူးလွန်လာတတ်ကြ၏။
ထိုစဉ်းစားမှုများသည် မြန်မာပြည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည့်၊ အလွန်ပင် စိုးရိမ်စရာကောင်းသည့် စဉ်းစားမှုမျိုးဖြစ်သည်။ လူသားမျိုးနွယ်ကို အန္တရာယ်ပြုနေသည့် ရက်စက်ကြမ်းကြုတ်မှုများအား လက်မခံပါက ဖြစ်ရပ်တိုင်းကို နှုတ်ဆိတ်နေ၍ မရပေ။ ရက်စက်ကြမ်းကြုတ်မှုများကို တွေ့ကြုံရသည့်အခါ နှုတ်ဆိတ်နေခြင်းသည် သဘောတူရာရောက်ပါသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ
ဘာအပြစ်မှမရှိတဲ့ သူတွေကို အကုန်တန်းစီပြီးသတ်သွားတာ (ရုပ်/သံ)
စစ်ကောင်စီ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှု ၃၂ ခု ရှိ
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်
ဖြစ်ရပ်ဆိုးကြုံခဲ့ရတဲ့ မတောရွာ မင်္ဂလာပွဲ
စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ
၂၀၂၄-၂၀၂၅ အတွင်း ဖြစ်နိုင်ဖွယ် စစ်ကောင်စီ၏ ခြေလှမ်းများ