လူသည် လူ့ဘဝ နိဒါန်းစသည်နှင့် “အူဝဲ” ဟူသော ငိုသံနှင့် ဟစ်ကြွေး၍ စခဲ့ရာမှ ဘဝနိဂုံး အဆုံးတွင် ငိုသံများနှင့်ပင် အဆုံးသတ်ကာ လွမ်းသူ့ ပန်းခွေနှင့် ဝေလိုက်တော့သည်။
လူသည် မသေမီ စပ်ကြား လောကဓံတရားနှင့် ထိတွေ့ ရင်ဆိုင်ရာတွင် ဒုက္ခနှင့် သုခကို ငိုတခါ ရယ်တလှည့်၊ ရယ်တခါ ငိုတလှည့် နှင့်ပင် လုံးလည်လိုက်ကာ အဲဒါ…အဲဒါ…ဘဝသံသရာ ဖြစ်နေလေသည်။
ထို့ကြောင့် လူထဲမှ ယောဂီ သူတော်စင်တို့ကား ထို ဒုက္ခနှင့် သုခ၊ ငိုတခါ ရာ်တလှည့်ကို ဖြစ်မှု ပျက်မှု ဟုသာ ဆင်ခြင် သုံးသပ် တရားမှတ်နေကြသည်။
သို့သော် သာမန် လူတို့အဖို့ကား ဒုက္ခကို ရင်ဆိုင်နိုင်သော တရားကို ရှာကြဖွေကြရာ ရယ်စရာကို တွေ့သောဟူ၏။ ရယ်စရာတွေကား များလှပါဘိ။ သောင်းပြောင်းထွေလာ ရယ်စရာတဲ့လေ။
လူတို့သည် “ပျော်ပျော်နေ သေခဲ” ၊ “ရယ်သောသူသည် အသက်ရှည်” ဟု ကြွေးကြော်ကာ လောကကြီးကို ရင်ဆိုင်လျက် ရှိကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များက အမေရိကန် ဆရာဝန်များက ရယ်ခြင်းနှင့် ပတ်သက်၍ “Loughter may improve your health” ဟူ၍ လည်းကောင်း၊ “A healthy dose of laughter” ဟူ၍ လည်းကောင်း၊ “ရယ်သောသူသည် အသက်ရှည်” ၊ “ပျော်ပျော်နေ သေခဲ” ဆိုသည့် ကြွေးကြော်သံကို ထောက်ခံကာ မှတ်တမ်း တင်ခဲ့လေသည်။
အမေရိကန် လော့စ်ဗယ်လီ တက္ကသိုလ်မှ ဒေါက်တာ ကလိဖ်ဖို့ဒ် ကွန်းက ဤသို့ ဆို၏။
၁၉၆၄ ခုနှစ်တွင် စာရေးဆရာ အယ်ဒီတာ နော်မန်ကာဆင် သည် ကျောရိုး နာကျင်ကိုက်ခဲ့ခြင်း ဝေဒနာကို အပြင်းအထန် ခံစားနေရသည်။ ဆရာဝန်များနှင့် ကုသသော်လည်း ဘာမှ မထူးခြား။
နောက်ဆုံးတွင် နော်မန်ကာဆင်သည် သူ့ဘာသာသူ ဟာဒယရွှင်ဆေးကို ဖော်စပ်ကာ ရယ်မောခြင်းဖြင့် ကုသရာ ကျောရိုး နာကျင်ကိုက်ခဲခြင်း ဝေဒနာသည် တဖြည်းဖြည်း ပျောက်ကင်းသွားလေသည်။
ထို့ကြောင့် စာရေးဆရာ အယ်ဒီတာ နော်မန် ကာဆင်၏ ရယ်မောခြင်း ဆေးဝါးကို သိပ္ပံပညာရှင်များ အထူး စိတ်ဝင်စား လာကြသည်။
ဝါရှင်တန်မြို့ သိပ္ပံပညာရှင်များ၏ သုတေသန နှီးနှောပွဲတွင် ရယ်မောခြင်း၏ အာနိသင်ကို ဆွေးနွေးကြရာ –
“လူတယောက်သည် ဟက်ဟက်ပက်ပက် စိတ်ပါလက်ပါ ရယ်မောလိုက်ပါက ကိုယ်ခန္ဓာ အတွင်းရှိ အကြောအခြင်များ တဆတ်ဆတ် လှုပ်ရှားစေပြီး နှလုံးသွေးကြောများပါ အားပေး တက်ကြွစေသည်။ အားရပါးရ ရယ်မောပြီး အရယ်ရပ်လိုက်သည်နှင့် တပြိုင်နက် ကိုယ်ခန္ဓာ အတွင်းရှိ အကြောများ ကြွက်သားများ တင်းမာနေရာမှ တဖြည်းဖြည်း လျော့သွားပြီး ပေါ့ပါးအေးချမ်းစွာ သက်သက်သာသာနှင့် အနားယူခြင်းတည်း ဟူသော ခံစားမှုတရပ်ကို အလိုအလျောက် ဖြစ်ပေါ်လာစေသည်”
ထို့ပြင် သိပ္ပံပညာရှင်များသာ မဟုတ် စိတ်ပညာ ပါရဂူများကလည်း ရယ်မောခြင်းသည် ကျန်းမာရေး အတွက် ထူးခြားစွာ အကျိုးပြုသည်သာမက အသက်ရှည်စေသည်။
စိတ်ပူပင် သောက ရောက်ခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိတ်ရှုတ် ခေါင်းခဲခြင်း၊ အထိတ်တလန့် ဖြစ်ခြင်း၊ သွေးတိုးခြင်း စသည်တို့ကို သိသိသာသာ လျင်မြန်မာစွာ သက်သာစေသည်။
သို့သော် ဗုဒ္ဓ နည်းကျ ကုသမှုမှာ မည်သည့် နာကျင် ကိုက်ခဲမှုမျိုးမဆို ထွက်သက်ဝင်သက်ကို နှာသီးဝတွင် သတိထား၍ ဖြစ်မှု ပျက်မှုကို မပြတ်ရှုမှတ်နေခြင်း ဖြစ်၏။ ထို ဗုဒ္ဓ ကျင့်စဉ်ကိုလည်း သိပ္ပံပညာရှင်တို့က လက်ခံနေကြပြီ ဖြစ်ကြောင်း အကြောင်းသင့်၍ တင်ပြပါသည်။
ထို့ပြင် သိပ္ပံပညာရှင် ဆရာဝန်များက “ဒေါသကြီးသူသည် အသက်တို၏၊ အထူးသဖြင့် ဒေါသကြီးသူ နှလုံး ရောဂါသည်များ မြန်မြန် သေလွယ်သည်။ သို့သော် မိတ်ဆွေ အပေါင်းအသင်းများနှင့် ဆွေမျိုးသားချင်း အခြွေအရံများသူများကား အသက် ပိုရှည်ကြ၏” ဟု ဆိုပြန်သည်။
ထို့ကြောင့် လူတို့သည် ဒေါသ၊ လောဘ၊ မောဟ ကင်းပြီး မိတ်ဆွေ အပေါင်းအသင်း သားချင်း ဆွေမျိုးများနှင့် အတူ ပျော်ပျော်ပါးပါး ရယ်လား မောလားနှင့် စားကြ ဟားကြတတ်လျှင် ပျော်ပျော်နေ သေခဲဘိခြင်း။
ကျနော်တို့ မြန်မာများကား ဟာသပညာ ထက်မြက်ကြသည်ကို အထူးပြောရန် မလိုပါ။ မြန်မာ့ ရိုးရာ ပါးစပ် ပုံပြင်များ၊ ကွက်စိပ် စာဟော ဆရာများ အမြို့မြို့အနယ်နယ်တွင် ရှိခဲ့သည်။
ဥပမာ – စကားတောင်စား၊ ချီပါသား နှင့် ပခန်းသား ကအစ လှတောသား အဆုံး ဖြစ်သည်။ အငြိမ့်ပွဲများ၊ ဇာတ်ပွဲများမှ လူရွှင်တော်ကြီးများကလည်း မြို့နယ် တခွင် ပြဲပြဲစင် ဟာဒယ ရွှင်ဆေး တိုက်ကြွေးခဲ့ကြသည်။
မြန်မာ့ ရာဇဝင်တွင် သမိုင်းတွင် ကျန်ရစ်သော ဟာသ စာဆိုတော် ပညာရှင်များ ပေါ်ထွန်းခဲ့သည်။
အမတ်ကြီး ဦးပေါ်ဦး၊ ဦးပုံည စသည်တို့ကား နန်းတွင်း နန်းပြင် မြင်သမျှ အချိုးမကျ ကမောက်ကမ ဟူသမျှ ဘုရင်ကစ ငယ်ကျွန်အဆုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရအောင် စွမ်းဆောင်ခဲ့ကြလေသည်။
ဟာသ စာဆိုတော် ပညာရှင်ကြီးများတွင် လူ ပုဂ္ဂိုလ်များသာ မဟုတ်။ ဟာသဉာဏ်ရွှင်သော ဘုန်းကြီးများပင် အမြင် မတော်လျှင် ကလော်တုတ်တတ်ကြသည်။ ဗန်းမော် ဆရာတော်၊ မန်လည် ဆရာတော်တို့ကား နာမည်ကြီးလှသည်။
မြန်မာနိုင်ငံတွင် စာပုံနှိပ် လုပ်ငန်း ဆန်းစ ခေတ်တွင် မြန်မာ စာနယ်ဇင်းများ ပေါ်ထွက်လာခဲ့သည်။ ထို စာနယ်ဇင်းများတွင် ၁၉၃၀ တွင် “ရယ်ရွှင်ဘွယ် အလင်း မဂ္ဂဇင်း” ပေါ်ထွက်လာခဲ့သည်။
ထိုမဂ္ဂဇင်းတွင် ကာတွန်း ဦးဘဂျမ်း၏ ပန်းချီ ကာတွန်းများဖြင့် သရုပ်ဖော်ထားသည်။ ရယ်ရွှင်ဘွယ် မဂ္ဂဇင်း ရပ်စဲ သွားသောအခါ “ရယ်ရွှင်ဘွယ် ဂျာနယ်” ၊ “ပျော်တော်ဆက်” ၊ “အကြည်တော်” စသည့် စာစောင်များအပြင် ကာတွန်း ဦးညီညီ၏ “ကာတွန်း ရုပ်စုံ” ၊ ဦးဘဂျမ်း၏ “ရုပ်ပြောင် စာစောင်” တွေလည်း ထွက်လာခဲ့သည်။
လူကြီးများ အတွက်သာ မဟုတ် ကလေးများ အတွက်ပါ ကာတွန်း ဦးဟိန်စွန်း၏ ကိုနီ မနီ၊ အကြံပိုင်သော ငခွေး၊ ဦးဘဂျမ်း၏ ကိုပြူး နှင့် မပြုံး၊ ဦးညီညီ၏ ကိုပူစီ မပူစီ ဇာတ်ကောင်များဖြင့် ဟာဒယ ရွှင်ဆေး တိုက်ကြွေးခဲ့သည်။
စစ်ပြီးခေတ် ပထမဦးဆုံး ပေါ်ထွက်လာသော ဟာသ စာစောင်မှာ နာမည်ကျော် စာရေးဆရာကြီး ဇဝန (ဦးသိန်း) က သူ့ကိုယ်သူ “ဇဝနောစကီး” ဘွဲ့ကို ခံယူ၍ ထုတ်ဝေခြင်း ဖြစ်၏။
ထို့နောက် စာရေးဆရာ ရွှေအ၏ “ရွှေအ စာစောင်” ၊ အောင်ဗလ ၏ “သေကြာ” ၊ ပြည့်စုံ နှင့် ကြပ်ကလေးတို့၏ “ရယ်စရာ သောင်းခြောက်ထောင်” ၊ သော်တာဆွေ၏ “အဟိ” ၊ ရွှေတည်ရန်နောင်၏ “သောင်းပြောင်းထွေလာ ရယ်စရာ” စသည်ဖြင့်။
နေ့မြင် ညပျောက် ဟာသ စာစောင်၊ ကာတွန်း စာစောင်တွေလည်း ရှိသေးသည်။
သို့သော် ရယ်စရာ ကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းလှသည်ကား “ပျော်ပျော်နေ သေခဲ” ဟု ကြွေးကြော် ခဲ့ကြသော ထိုဟာသ စာစောင်များမျာ သက်ဆိုး မရှည်ကြခြင်းပင် ဖြစ်၏။
…စသည်ဖြင့် – ဟာသပညာ သဘောကို ဟာသ အစစ် (လေးနက်သော ဟာသ)၊ ဟာသ အတု (ညစ်ပတ် ယုတ်ညံ့သော ဟာသ) ဟူ၍ ခွဲခြမ်း စိတ်ဖြာ တင်ပြခဲ့ပါသည်။
ဟုတ်ပါသည်။
ရှေးခေတ် စာဆိုတော် ဖြစ်တော်မူသော စံကျောင်း ဆရာတော်ကလည်း အလင်္ကာ နိသျှသစ် ကျမ်းတွင် ဤသို့ ဖွင့်ဆိုတော် မူခဲ့သည်။
“ကမောက်ကမ၊ ပြောင်းပြိပြောင်းပြန်
ဟန်ပန်မကျ၊ ရှိပါက
ရယ်ဖွယ် ကောင်းလှသည်” …။ ။
၄ – ၇ – ၁၉၉၄
စက်တင်ဘာလ၊ ၁၉၉၄ ခု။ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း။
(ကာတွန်းဆရာကြီး ဦးဖေသိန်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ရုပ်ပြောင် စာပေက ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “ကာတွန်းဖေသိန်း ရဲ့ စာပဒေသာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၉ ခုနှစ် ဇွန်လ ၁၉ ရက် အသက် ၈၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)