အငြိမ့်ရာဇဝင်တွင် လူကြိုက်အများဆုံးနှင့် သီချင်းတွေ ခေတ်အစားဆုံး ဖြစ်ခဲ့သော လေဘာတီ မမြရင်ကို ယနေ့တိုင် စွဲလမ်း တမ်းတသူတွေ ရှိနေသေးသည်။
ရုပ်ချော၊ အသံကောင်း၊ အက ငြိမ့်ညောင်း၍ မင်းပွဲ စိုးပွဲများတွင် အထူးထင်ရှား လူကြိုက်များခဲ့သော မင်းသမီး ဖြစ်သည်။
အငြိမ့်မင်းသမီးနှင့် မတူအောင် အနေအထိုင်ကိုက ကျစ်လျစ်ပိပြားသည့် အတွက် ပရိသတ်က သူ့ကို အထူးချစ်ခင် လေးစားခဲ့သည်။
မမြရင်သည် သာစည်နယ်တွင် ရွှေဖလားကန် ရွာမှ မင်းသား ဦးဘိုးသစ်နှင့် ဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ ခုနှစ်တွင် မွေးဖွား ခဲ့သော သမီးချော ဖြစ်သည်။ အသားဖြူဖြူလေးနှင့် ဆံပင် လူတရပ်ရှိအောင် ရှည်လျားပြီး အမြဲ ပြုံးနေတတ်သည်။
သူနှင့် အတူ ဥက္ကလာ အေးကြည်၊ ယုဝတီ မြသောင်းခင် နှင့် ယူနီဘာစီတီ မြသန်းကြည် တို့လည်း အပြိုင် ဖြစ်ခဲ့သည်။ သို့ရာတွင် မမြရင်ကား စန်းအပွင့်ဆုံး ဖြစ်သည်။
လေဘာတီ ဆိုသော တဘောင် သီချင်းကိုတော့ မဟာပထဝီ မြေအတွင်းက ခရုသင်း မှုတ်လိုက်တော့သည်။
မြန်မာ့ ဂုဏ်ရည် သီချင်းတွင် မင်းကွန်း ခေါင်းလောင်းကြီးကို မြေတွန်းစက်တွေ၊ အင်ဂျင်နီယာတွေ လုံးဝ မပါဘဲ မြန်မာများ တည်ခဲ့ပုံတွေကို ဂုဏ်ပြုပြီး သီဆိုခဲ့သည်။
ကျမတို့မှာ ကမ္ဘောဇ သီချင်းကို အလွန်ကြိုက်ခဲ့ကြသည်။ တခြား အငြိမ့်များကပင် ခြေတဖက်တည်း ထောက်ပြီး ရှမ်း ဓားသိုင်း ကလေဟန်နှင့် “ရှမ်းပြည်နယ် လားရှိုးက ရွာဖြိုးအုံဆင်၊ ကမ္ဘောဇ ကုန်းမြတ်မဟီ၊ ဒုဌဝတီ ရေသီတာ ရေယာဉ်” သူ့ သီချင်းကို ဆိုခဲ့ကြသည်။
မန္တလေး ကျောင်းသူဘဝက ကျမတို့မှာ သူ၏ မယ်ဥတောင် သီချင်းကို မြိန်မြိန်ယှက်ယှက်ကြီး ဆိုခဲ့ဖူးသည်။
“နေညိုနု ရွှေလိုရှု မေပျိုဥ ရဲ့ တောင်တော်ဝင်” သီချင်းပင် ဖြစ်၏။ မမြရင်၏ ဖရဲသီး နှင့် ဝမ်းဘဲဥကိုလည်း သူငယ်ချင်းတွေ နှင့် နောက်ရင်း ပြောင်ရင်း “မယုံချင်နေ၊ ဖရဲသီးနှင့် ဝမ်းဘဲဥတောင် မျိုကာချမတဲ့” ကို ဆိုခဲ့ကြသည်။
ရွှေပြည်စိုး၊ လွမ်းပိုဖွယ်ရာနှင့် “ဘုန်းတော်ရှင်၊ ကျုံးတော်တွင်၊ ရေကင်းမောင်း စည်စည်” ဟူသော မင်းခမ်းမင်းနား သီချင်းကလည်း အလွန် မန်းဆန်သည်။
“အီဂျစ်နှင့် အင်္ဂလန် နိုင်ငံခြားသို့ မောင်သွားထားပါလား၊ သူတပါး မကြည့်စေချင်” ဟူသော အလှူ့ရှင် သီချင်း၊ “မယ်ရင်မာပါစ” ဟူသော တုံးကျော်မ နှင့် “ဖူးစာ နှစ်ခိုင် သဘောတူ မျှမယ် ကြံရွယ်၊ ချစ်ရဲ့လားကွယ်၊ ကြိုက်ရဲ့လားကွယ်၊ မေးစမ်းပါရစေ၊၊ တိုးတိုးတိတ်တိတ်ရယ်” ဟူသော “တနာရီထဲ ချစ်ပါရစေ” သီချင်းမှာ An Hour With You ဘိုင်စကုတ် အပြီးတွင် ပေါ်လာသဖြင့် တပြည်လုံး ဆိုလိုက်ကြသည့် ဖြစ်ခြင်း၊ အခု ပြန်ဆိုတော့လည်း အခုလူတွေ ကြိုက်ကြတုန်း။ အတော် အံ့သြစရာ ကောင်းသော သီချင်း ဖြစ်သည်။
ခုဆို ခုပျောက် တေးမျိုး မဟုတ်၊ မမြရင် ဆိုခဲ့သော သီချင်းများကား အရာထင် အရိပ်ထိုးခဲ့သော တေးများသာ ဖြစ်သည်။ သူ့အသံ ဝါဝါလေးနှင့် ကျက်သရေ ရှိလွန်း၍ ခေတ် အဆက်ဆက် ပြောင်းခဲ့သည့် တိုင်အောင် လက်ခံလာကြသည်မှာ ထူးခြားချက်ပင် ဖြစ်သည်။
မမြရင်၏ ကောင်းသတင်းတွေကို လူထု ဒေါ်အမာက ခုခေတ် လူတွေ သိအောင် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်၌ ဖော်ထုတ်ထားရာ ယနေ့ ကျောင်းသုံး စာပေ အဖြစ် သင်နေကြပြီ ဖြစ်သည်။
မမြရင်သည် အသံနှင့် အလုပ်လုပ်သူ ဖြစ်၍ အသံကိုမပျက်အောင် အထူးဂရုပြုခဲ့ရသည် သိရသည်။ တွေ့ကရာ အစာတွေကို မစား။
လှည်းစီးရသော ခေတ်တွင် လည်ချောင်း ဖုန်မဝင်အောင် နှာခေါင်း၊ ပါးစပ်ကို အဝတ်နှင့်ကာပြီး၊ အပူမဝင် အအေး မမိအောင် သတိထားပုံတွေပါ ဖော်ပြထားသည်။
မမြရင်သည် ကကြိုးပေါင်းစုံကို လျှောက်မကဘဲ အလွန် ညက်ပေ့၊ နုပေ့၊ ယဉ်ပေ့ ရှိသော အကွက်များကိုမှ ပီယရှိသည့် မျက်နှာလေးကို ဘယ်သူ မချစ်ဘဲ နေနိုင်ပါအံ့နည်း။
သီချင်းများကိုလည်း သူ့စိတ်ကြိုက် မဟုတ်ပါက ငွေသား အရှုံးခံလိုက်သည်။ မကြိုက်လျှင် လုံးဝ မဆိုခဲ့။ သူ့ကိုယ်ပိုင် တေးများမှာ တခါတရံ ရေးသူ၏ မူလ သီချင်းထက် သူက အာထားလျှာထား ပြုပြင် ဆိုထား၍ ပိုပြီး ကောင်းခဲ့သည်လည်း ရှိသည်။
အခုန်အပေါက် ကကြိုးကကွက်တွေကို ရှောင်ပြီး ငြိမ့်ငြိမ့်လေး ကတတ်သဖြင့် သူ့အကတွေကို ကြည့်ရင်း လှိုင်းအိ ကလေးများ စီးရသလို ခံစားရသည်ဟု ဒေါ်အမာက ဆိုထားသည်။
ဓာတ်ပြားထဲက အသံမှာ ခပ်အုပ်အုပ် ဆိုထားသဖြင့် အပြင်အသံလောက် မကောင်းဟု သိရသည်။
ခုဆို ခုပျောက် တေးမျိုး မဟုတ်၊ မမြရင် ဆိုခဲ့သော သီချင်းများကား အရာထင် အရိပ်ထိုးခဲ့သော တေးများသာ ဖြစ်သည်။
မမြရင်၏ သဘင်ဖြင့် အသက်မွေးမှုတွင် အတုယူစရာ အချက်တွေ အများကြီး ရှိသည်။ သူသည် အနုပညာနှင့် ပုဂ္ဂိုလ် ရေးကို စည်းခြား ကန့်သတ်ထားသူ ဖြစ်၏။ သူ့ကိုယ်သူ အဖိုးတန်အောင် နေတတ်ပြီး တန်ဖိုးနှင့် သိက္ခာကို စောင့်ထိန်းတတ်သူလည်း ဖြစ်သည်။
သူ့ကို အငြိမ့်သမ တယောက်ဟု စွဲလမ်းခြင်းမျိုးထက် အမြဲတမ်း ချစ်မြတ်နိုးနေအောင် ကြိုးစားခဲ့သူ ဖြစ်သည်။ ပိုးကြပန်းကြသူတွေကြောင့် သူ့သိက္ခာသည်လည်း ကျဆင်း ယိမ်းယိုင်၍ မသွားခဲ့။
မြို့တော်ဝန် တယောက်က ဆိုလျှင် မမြင်ရင်ကို ခြေအိတ်ချွတ်ပြီး ခြေသလုံးပေါ်အောင် ကလျှင် ရွှေဒင်္ဂါး သုံးပြား ဆုချမည်ဟု ပြောသည်ကို မမြရင်က ပြုံးပြုံးပဲ နေလိုက်သည်ဟု ဆိုသည်။
ကမ်းကုန်အောင် ဂေါ်ကြသော ခေတ်ရေစီးနှင့် အတူ ရောယောင်ပြီး လိုက်သွားသော မင်းသမီး မဟုတ်။ အဆိုအက ရုပ်ရည် ရူပကာယ တည်းဟူသော ဘဝပေး ပါရမီ အပြင် သူ၏ အနေအထိုင် ကျစ်လျစ် ပိပြားမှုကြောင့် ဤမျှ စန်းပွင့်ခဲ့ သည်ဟု ဆိုထိုက်ပေသည်။
ယခုအခါ မမြရင်၏ နေရာတွင် အစားဝင်ထိုးမည့် အငြိမ့်မင်းသမီး ဟူ၍ မပေါ်ပေါက်သေး။ မမြရင် အကြောင်းကိုပင် ခရေစေ့ တွင်းကျ သိသော မင်းသမီးတွေ များများ ရှိလိမ့်မည် မဟုတ်။
မမြရင်သည် သာစည်မှ မန္တလေးသို့ ရောက်လာပြီး ပါးလ်ဝှိုက် စိန်ဥ ၏ လက်ထောက် မင်းသမီး ဖြစ်စဉ်က အသက် ၁၅ နှစ်သာ ရှိသေးသည်။ မြခြေကျင်း မငွေမြိုင် ထံ၌လည်း တပည့် ခံခဲ့ဖူးသည်။
ကိုယ်ပိုင် အငြိမ့် ထောင်ပြီးသည့်အခါ ပွဲဦးထွက် အဖြစ် လှကလေးစိန်၊ ရူပါရုံ ခင်ကြည် ခေါ် ဒေါ်ခင်ကြည် နှင့် မင်္ဂလာဒုံ အုံးကျင်၊ ဂရိတ်စိန် စသော မင်းသမီးများ ပါဝင်ခဲ့ကြသည်။
မမြရင်သည် ကာလသား ကြိုက်စေရန် ကြာဗျာပါတွေနှင့် အထူးလုပ်ပြီး ကသူ မဟုတ်။ မကလက် သဖြင့် အိန္ဒြေ ရှိသော သူလို မင်းသမီးမှာ ပိုပြီး တန်ဖိုး ရှိခဲ့သည်။ ကာလသားတွေကို မြှူဆွယ်သော အဆိုအက အပြုအမူများ မလုပ်ခဲ့။
လူပြက် ပြက်လုံးများ ကြမ်းတမ်းလျှင် သူက တားမြစ်သည်။ ပြက်ခွင့် မပြု။ လူပြက်များနှင့် နောက်ပြောင်၍ ရည်စားစကား အပြောမခံ၊ အဆိုအက ကိုသာ အဓိက ထားသူ ဖြစ်သည်။
ဤမျှ ဆင်ခြင်လျက်နှင့်ပင် မြို့မျက်နှာဖုံး၊ မင်းစိုးသူဌေး ပွဲစားများက သေလုအောင် ကြိုက်ခဲ့ကြသေးသည်။ ကုလား သူဌေး ခြံတခြံတွင် ပွဲကစဉ် ပြန်မလွှတ်ဘဲ အပိုင်သိမ်းမည်ပြု၍ အငြိမ့်နှဲဆရာက လိမ္မာပါးနှပ်စွာနှင့် မမြရင်ကို ခေါ်ပြီး ပြေးခဲ့ ရသည်။ ဤအန္တရာယ်တွေကို မမြရင်က ကြိုတင်သိ၍ ဤမျှ ကျစ်ကျစ်လျစ်လျစ် နေခဲ့ခြင်း ဖြစ်သည်။
မမြရင်ကား နေ့ပွဲ၊ ညပွဲ၊ အရပ်ပွဲ၊ မင်းပွဲ ခွဲခြား၍ ဝတ်ဆင်လေ့ ရှိသည်။ အဝါနု၊ အပြာနု၊ အစိမ်းနုရောင်များ ဝတ်ဆင်လေ့ ရှိပြီး နေ့ပွဲ၌ အချိတ်ပိုးစစ် နှင့် ကွမ်းရိုးစင်းလေးများသာ ဝတ်တတ်ကြောင်း၊ ရိုးမှာစိုး၍ မျက်နှာကို လူမြင်မခံဘဲ လူစည်ကားရာများကို ရှောင်တတ်ကြောင်း ကြားသိရသည်။
တလတွင် ပွဲအချီ ၃၀ ကျော် ကရသော မင်းသမီးလည်း ဖြစ်သည်။ မိုးအလင်း ကရသည့် ဇာတ်ထုတ်လေးများလည်း ရှိခဲ့ရာ မေဓာဝီ သမင်မ ဇာတ်မျိုးကို ကလေ့ရှိသည်။
ပိုက်ဆံရှိ မျက်နှာကြီး ပုဂ္ဂိုလ် နှင့် အိမ်ထောင်ကျခဲ့သော်လည်း လင်ရှိမယား ဟူသော အမည်မခံခဲ့ဘဲ အငြိမ့်မင်းသမီး နာမည်ကို ထိန်းသိမ်းလာခဲ့သည်။ မိခင် ဖြစ်သူမှာ အရိပ်ပမာ သူနှင့် ကပ်နေခဲ့၏။ အမေပြီးမှ ပြီးရသည်။ အမေကို နေရာ ပေး၍ ရိုသေစွာ ထားခဲ့သည်။
မမြရင်သည် ၁၉၄၅ ခုနှစ်တွင် ဧည့်ပြရွာသို့ စစ်ပြေးရင်း ငှက်ဖျား ရောဂါနှင့် (မြန်မာ သက္ကရာဇ် ၁၃၀၇ ခုနှစ် ကဆုန် လပြည့်ကျော် ၄ ရက်နေ့တွင်) ကွယ်လွန်ခဲ့သည်။ မိခင်မှာလည်း သမီးနှင့် လေးရက် အကွာတွင် အနိစ္စ ရောက်သွား လေသည်။ သားအမိနှစ်ယောက် ကြေပွဲစရာ ဘဝ နိဂုံးချုပ်သွားပုံမှာ သနားဖို့ အလွန်ကောင်းသည်။
မမြရင်၏ ဓာတ်ပြား သီချင်းများ အနက် တောသူ မမြရင်၊ ကြူကြူမွှေးတဲ့ ဂေါ်သဇင်၊ လက်ရေတပြင်စီး၊ တုံးကျော်မ၊ နှစ်ယောက်တည်း နေချင်တယ်၊ မင်းဂံဘုတ်၊ သူဌေးဝါဒ၊ သခွပ်ပန်း၊ ချစ်သဝန်ကြောင်၊ နှစ်ပိဿာခွဲ၊ ရွှေပြည်စိုး၊ ချစ်တာ ပဓာန၊ မြန်မာ့ဂုဏ်ရည်၊ တို့ရွှေနန်း၊ စိန်ကြိုးနွယ်၊ စစ်ကိုင်းတောင်၊ အလှူ့အစ်မ ဝိသာခါ၊ တခိုင်လုံးရွှေ၊ တနာရီတည်း ချစ်ပါရစေ၊ မန္ဒာလီ၊ သော့တွဲ၊ ကမ္ဘောဇ၊ ဖရဲသီးနဲ့ ဝမ်းဘဲဥ၊ ကသစ်ပန်း၊ အပျော့ဆွဲ၊ လေချိုသွေး သီချင်းများမှာ ယနေ့တိုင် ခေတ်စားနေဆဲ ဖြစ်သည်။ ။
(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)