၁၉၆၉ ခုနှစ် မိုးအကုန် ဆောင်းအကူး၊ ရာသီ ခပ်ရူးရူးတုန်းက။
ရွှေမန်းမြို့မှ သတင်းထောက် ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ်တို့ ရန်ကုန်မှာ ဆုံကြသည်။ အညာ နှင့် အကြေ မြို့ကြီး နှစ်မြို့နေ၊ အပေါင်းအသင်း ရောင်းရင်းတို့ ဆုံတောင့်ဆုံခဲ၊ ကြုံတောင့် ကြုံခဲ၊ ဆုံကြ ကြုံကြသဖြင့် ထမင်း လက်ဆုံ၊ ပုလင်း လက်ဆုံရန် ကျနော် စိတ်ကူးပေါက်သည်။
ထမင်း တာဝန်ကို ရိုက်တာ မင်းသူက ယူသည်။ ပုလင်း တာဝန်ကို ကျနော်က ယူသည်။
အများ၏ ဆန္ဒကို ကျနော် ကောက်ယူသည်။ ရမ် ရမ် ရမ်။ တပြိုင်တည်း၊ တညီတည်း သံသေး သံကြောင်များဖြင့် တရမ်တည်း ရမ်လိုက်သည်။
ရဲဘော် သတင်းထောက်တို့သည် အချင်းချင်း လူမှု ဆက်ဆံရေးအရ ညီညွတ်မှု ရှိကောင်းမှ ရှိမည်။ သေရည်နှင့် ပတ်သက် လာသော အခါ သူတို့ ညီညွတ်ရေးက သံမဏိကဲ့သို့ မာကျော ခိုင်မာလွန်းလှသည်။
သို့ဖြင့် ရမ် အလုံး ၃၀ ကျနော် ရှာသည်။ တဆိုင်ဝင်သည်။ မရှိ။ ဘီယာ လိုသလောက်ရမည်။ နောက်တဆိုင်သို့ ကူးသည်။ နတ္ထိ။ ဘီယာ ကြိုက်သလောက် ဝယ်နိုင်သည်။
နောက်တဆိုင်၊ နောက်ပြီးတော့ တဆိုင်။ နောက် နောက် နောက် အားပါး မြစ်ဧရာကြောကြီးကို အလျားလိုက် ကျနော် ကူးမိပါပြီ။
မတတ်နိုင်သည့် အဆုံး ရဲဘော်များကို ဘီယာဖြင့် ကျေနပ်ကြပါရန် အသနားခံသည်။ ကျနော့်ကို သနားမည့်သူ မရှိပါ။ ဒါလောက် အေးနေတဲ့ အချိန်ကြီးမှာ ရမ်ကလွဲပြီး ဘာမှ မသောက်နိုင်ဟု ဒင်းတို့က တင်းကြသည်။
ပြီးတော့ ဒင်းတို့ကပင် ကျနော့်ကို နတ်လမ်းညွှန်သည်။ ပြည်သူ့ဆိုင်တွင် ၁၆ ကျပ်တန် ရမ် ၁ လုံးကို ၂၃ ကျပ် ပေးရုံဖြင့် ရမ် အလုံး ၃၀ တို့သည် မော်တော် ကားပေါ်မှာ အမြိန့်သား နေရာယူကြသည်။ ကောင်း၏။
၁၉၇၀ ခု၊ ဧပြီလ၊ ဆောင်းအကျွမ်း နွေအလန်း၊ ရာသီကြမ်းကြမ်း နွမ်းနွမ်းကြွေကြွေ၊ သာခွေယိုင်စဉ်က။
သတင်းဂျာနယ် နှစ်လည်နေ့။
လူ ၃၀ ခန့်ကို လက်တို့ပြီး တိတ်တိတ်ကလေး ဆုံရန် ပြင်ဆင်သည်။ နွေပူပူ၊ နေပူပူ၊ လေပူပူမို့ ဘီယာကလေးကို အများက တမ်းတကြသည်။
သို့ဖြင့် ဘီယာ အလုံး ၁၅၀ ရှာပုံတော် ဖွင့်သည်။
တဆိုင်ဝင်သည်။ ဘီယာ မရှိ။ ရမ် လိုသလောက် ရမည်။ နောက်တဆိုင်သို့ ကူးသည်။ နတ္ထိ။ ရမ် ကြိုက်သလောက် ဝယ်နိုင်သည်။ နောက်တဆိုင်၊ နောက်ပြီးတော့ တဆိုင်။ နောက် နောက် နောက် အားပါး သံလွင်မြစ်ကြီးကို အလျားလိုက် ကျနော် ကူးမိပါပြီ။
အားနာရကောင်းမှန်း မသိသော ဧည့်သည် မဆန်သည့် ဧည့်သည်များကို ကျနော် အကြောင်းကြား အသနားခံသည်။ ကျနော့်ကို မည်သူကမှ မသနားပါ။ ဒင်းတို့က တင်းကြသည်။
ပြီးတော့ ဒင်းတို့ကပင် ကျနော့်ကို နတ်လမ်းညွှန်သည်။
ပြည်သူ့ဆိုင်တွင် ၂ ကျပ် ၇၅ ပြားတန် ဘီယာ ၁ လုံးလျှင် ၄ ကျပ် ပေးလိုက်ရုံဖြင့် ဘီယာ အလုံး ၁၅၀ တို့ ကားပေါ်သို့ ခုန်တက်လာကြသည်။ ကောင်းပါ၏။
၁၉၇၁ ခု၊ ဇန်နဝါရီ ၁၊ မိုးအနှောင်း၊ ဆောင်းအဝင်၊ ရာသီရွှင်ရွှင်၊ ရှင်ရှင်သန့်သန့်၊ ချစ်ဖွယ့် ရာသီတွင်။
ကျနော့် မွေးနေ့ ဖြစ်သောကြောင့် သူငယ်ချင်းများနှင့် ဆုံသည်။ ဆောင်းချမ်းချမ်းမို့၊ ရမ် အရက်၏ ပါစက ဓာတ်ကို အများက တောင့်တသည်။ ကျနော် ရှာပါသည်။ စောစောက ဇာတ်လမ်းများ အတိုင်းပင် ဖြစ်သည်။ သြော် ကောင်းပါ၏။
၁၉၇၁ ခု၊ ဧပြီလ၊ ဆောင်းအသေ၊ နွေအအို၊ ရာသီချိုချို၊ ညိုညိုညက်ညက်၊ သတင်းဂျာနယ် နှစ်လည်ရက်။
ဘီယာ ရှာပြန်သည်။ စောစောက ဇာတ်လမ်းများ သံသရာ တပတ် လည်ပြန်သည်။ အလွန်ကောင်းပါ၏
၁၉၇၂ ခု၊ ဇန်နဝါရီလ၊ မိုးအလွန်၊ ဆောင်းအကျွံ၊ ရသီမွန်ဝယ်။
မိတ်ဆွေ ၇ ယောက်နှင့် ကြက်သား ကာလသားဟင်း ချက်စားရန် သွေးညှိသည်။ ဆောင်းရာသီက မိုက်ရိုင်းနေပြီမို့၊ ပြည်သူ ချစ်သော မဖုရားမကလေး ခင်ရွှေရမ်ကို ရှာပုံတော် ဖွင့်ကြပြန်သည်။
ရန်ကုန် တမြို့လုံး မွှေနှောက် ရှာဖွေသော်လည်း မတွေ့ပြီ။ ခင်ရွှေရမ်သည် တနေရာ နှစ်နေရာ သုံးလေးငါးခြောက် နေရာများသို့ ခိုးရာ လိုက်ပြေးနေသည်မှာ ရက်အတန်ကြာပြီ။
ခိုးရာလိုက်ပြီး သူပုန်းခိုရာ အရပ်များသို့ စုံစမ်း မေးမြန်း သွားရပါသည်။ တွေ့ပါပြီ။ မိသားဖသား မပီသသူများ လက်မှ ခင်ရွှေရမ်ကို ၂၂ ကျပ် ပေးပြီး ရွေးယူလိုက်ရသည်။ သြော် အလွန့်အလွန် ကောင်းပါ၏။
ဆောင်းတွင်းမှာ အနွေးထည် ရှားသည်။ နွေမှာ ပေါသည်။ မိုးတွင်းမှာ ထီး ရှားသည်။ ဆောင်းမှာ ပေါသည်။ စသည် စသည်ဖြင့် ဝိရောဓိများကို စာရင်းကောက်ရလျှင် ဆုံးနိုင်တော့မည် မထင်။
ဘာတွေ ဖြစ်နေသနည်း။ ဘယ်လို ဖြစ်နေသနည်း။ ဘာကြောင့်နည်း။ ဘယ်သူတွေက ဖြစ်အောင် ဖန်တီးနေကြသနည်း။ ဘာကို ရည်စူးသနည်း။
ဘယ်လမ်းစဉ် ဘယ်ဝါဒကို ဖျက်ဆီးလိုသနည်း။ တရားခံကို မည်သို့ မည်ပုံ ရှာကြမည်နည်း။ တရားခံကို တွေ့လျှင် မည်သို့ အရေးယူမည်နည်း။
ပညာပေးသည့် အစဉ်အလာကို မည်မျှကြာအောင် ဆက်လက် ထိန်းသိမ်း ယုယထားဦးမည်နည်း။ အကြိမ်ကြိမ် ပညာပေး ခံရပြီးနောက် လက်ရဲဇက်ရဲ ဆက်လက် လုပ်ကိုင်နေသူတွေ မည်မျှှများပြားသနည်း။
ဗျူရိုကရက် အမည်ခံ အရာရှိများထဲမှာသာ တရားခံ ရှိသလော။ ဗျူရိုကရက် ဆိုးကို လက်ညှိုး ငေါက်ငေါက် ထိုးနေသည့် အောက်လက် ငယ်သားများထဲတွင် တရားခံ လုံးဝ မရှိပြီလော။
ပြုပြင်ပြောင်းလဲမှု၊ တည်ဆောက်မှုများဖြင့် ပြွမ်းတီးသော တော်လှန်ရေး ကာလတွင် ရှားသင့်က ရှားပါစေ။ ခံနိုင်ပါ၏။ ရှားချိန်တန်က ရှားပါစေ။ ခံနိုင်ပါ၏။ ဆင်းရဲထိုက် ဆင်းရဲပါစေ။ ခံနိုင်ပါ၏။
သို့သော် သြော် ကောင်းပါ၏။ ။
(သတင်းစာဆရာကြီး အထောက်တော် လှအောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ကျွန်တော်နှင့် သတင်း” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)