ဤအကြိမ် ရှမ်းမြောက်တွင် စစ်ပြင်နေသည်မှာ အရပ်သားများပင် မြင်လွယ်သည့် နှစ်ဖက် စစ်ပြင်ဆင်မှုဖြစ်၏။ အနှေးနှင့်အမြန် တိုက်ကြလိမ့်မည်ဟု အားလုံးက တွက်ဆပြီးဖြစ်သည်။ ယနေ့လော၊ မနက်ဖြန်လောသာ စောင့်ဆိုင်းနေရသည့် အခြေအနေမျိုးဖြစ်၏။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကမူ ၎င်းတို့တပ် အခြေစိုက်သည့်ဒေသများကို စစ်ကောင်စီက အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ပြီး ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်နေသည်ဟု မကြာခဏ ထုတ်ပြန်လေ့ရှိသကဲ့သို့ ဇွန်လ ၂၄ ရက်နေ့တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အတွင်းရေးမှူး တာဘုန်းကျော် ကိုယ်တိုင် ထွက်ပြီး ဖြေရှင်းလင်းသည်ကို တွေ့ရသည်။
အဘယ်ကြောင့် ပြန်စသနည်း
ဤအကြိမ်စစ်ပွဲသည် ဟိုင်ဂင် သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်၍ဟု ဆိုကြသော်လည်း ရှမ်းမြောက် တကျော့ပြန်စစ်ပွဲ ဖြစ်ပွားသည်နှင့်ပတ်သက်၍ ဟိုင်ဂင်သည် အကြောင်းပြချက် သက်သက်သာဖြစ်သည်ဟု ဆိုနိုင်၏။ တကယ်တမ်းအားဖြင့် မပြီးပြတ်သေးသော မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက် ဆင်နွှဲခြင်းဖြစ်သည်။
ဟိုင်ဂင်သဘောတူညီချက်မှာ တရုတ်တို့၏ ဖိအားပေးမှုကြောင့် ပေါ်လာရခြင်းဖြစ်၏။ တရုတ်တို့အနေနှင့် လားရှိုးမြို့ကျခဲ့ပါက ပြင်ဦးလွင်ကိုပါ ခြိမ်းခြောက်လာပြီးနောက် မြန်မာစစ်တပ် ဖရိုဖရဲဖြစ်လျှင် တရုတ်တို့၏ အရင်းအနှီးများ ထိခိုက်မည်စိုးသဖြင့် မြောက်ပိုင်းသုံးဖွဲ့အား အတင်းဖိအားပေးပြီး အပစ်ရပ်ခိုင်းခဲ့ခြင်း ဖြစ်၏။
တဖက်ကလည်း စစ်ကောင်စီကို ဤကဲ့သို့သော စစ်ရေးအကျပ်အတည်းမှ ကယ်တင်ထားသည့် တရုတ်တို့အနေဖြင့် စစ်ကောင်စီကို သူတို့လိုချင်သည့် လမ်းကြောင်းအား ချောမော့ဖျောင်းဖျ နားချနိုင်မည်ဟု မျှော်လင့်ခဲ့ပုံရ၏။
တရုတ်အထူးသံတမန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီး စစ်တပ်နှင့် အတိုက်အခံများကြား စေ့စပ်ညိနှိုင်းနိုင်ရန် ကြိုးစားခဲ့သော်လည်း ခေါင်းမာပြီး မာနထောင်လွှားနေသော စစ်ခေါင်းဆောင်များက လက်မခံခဲ့ပေ။ စစ်ကောင်စီသည် မိမိအခြေအနေ ဆိုးဝါးနေသည်ကို လက်သင့်မခံဘဲ ထောင်လွှားနေခဲ့သည်။
တရုတ်အထူးသံတမန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီး စစ်တပ်နှင့် အတိုက်အခံများကြား စေ့စပ်ညိနှိုင်းနိုင်ရန် ကြိုးစားခဲ့သော်လည်း ခေါင်းမာပြီး မာနထောင်လွှားနေသော စစ်ခေါင်းဆောင်များက လက်မခံခဲ့ပေ။ စစ်ကောင်စီသည် မိမိအခြေအနေ ဆိုးဝါးနေသည်ကို လက်သင့်မခံဘဲ ထောင်လွှားနေခဲ့သည်။
နောက်ဆုံးအကြိမ် နေပြည်တော်သို့ လာရောက်သည့် တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်းမရှိသကဲ့သို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံရာတွင်ပင် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် မတွေ့ဘဲ ဟာဝေယံရှပ်အင်္ကျီဝတ်ပြီး အလွတ်သဘော တွေ့ဆုံသည့်လက္ခဏာကို ပြသသွားသည်။
ကိုယ့်အခြေအနေ ကိုယ်မသိဘဲ ထောင်လွှားနေသော စစ်ကောင်စီကို တရုတ်တို့ ပညာပေးရန် ဆုံးဖြတ်လိုက်ပုံရသည်။ ယခု ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ ရှမ်းမြောက် တကျော့ပြန်စစ်ပွဲသည် တရုတ်တို့ ကမကထပြုသည့် ဟိုင်ဂင် သဘောတူညီချက်ကို ချိုးဖောက်သည်ဖြစ်ရာ မြောက်ပိုင်းသုံးဖွဲ့က တရုတ်ကို အသိမပေးဘဲ မဖြစ်နိုင်သကဲ့သို့ တရုတ်တို့ကလည်း ခေါင်းညိတ်လိုက်ပုံရ၏။
ရှမ်းမြောက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေးများနှင့် ပတ်သက်၍ မီးစိမ်းပြသည်ဟု စွပ်စွဲပြောဆိုလေ့ရှိကြသည်။ သေချာသည်မှာ ဤအကြိမ်ကတော့ ခေါင်းမာသော စစ်ကောင်စီအား ဆုံးမရန် တရုတ်တို့ မီးစိမ်းပြလိုက်သည် ဟုတ်၊ မဟုတ် ပြောရန် မသေချာသော်လည်း တရုတ်တို့က မြောက်ပိုင်းသုံးဖွဲ့အား စစ်ပွဲရပ်ရန် ဖိအားပေးခြင်း မပြုတော့သည်ကတော့ သေချာသည်။
တရုတ်နယ်စပ်အရေး သက်သက်ကို ကြည့်ပြန်လျှင်လည်း စစ်ပွဲသည် မူဆယ်မှအပ အခြား တရုတ်နယ်စပ်တွင် ဖြစ်နိုင်စရာ မရှိသည့်အပြင် တရုတ်နယ်စပ်များသို့လည်း မြန်မာစစ်တပ်က ထိုးစစ်ဆင်နိုင်လာဖွယ် မရှိ၍ တရုတ်နယ်စပ် စစ်မီးသင့်မည်ကို တရုတ်တို့ စိုးရိမ်ရန် မလို။ တဖက်ကလည်း အပစ်ရပ်၍ ညှိနှိုင်းပေးနေသော်လည်း တရုတ်နယ်စပ် ကုန်သွယ်ရေးလည်း ပွင့်မလာရာ အပစ်ရပ်ထား၍ တရုတ်တို့အတွက် အကျိုးမသောကြောင့် တကျော့ပြန်စစ်ပွဲကို တရုတ်တို့ မတားဆီးတော့ခြင်း ဖြစ်နိုင်၏။
တိုက်ပွဲများ
တကျော့ပြန် ရှမ်းမြောက်စစ်ပွဲ၏ ပထမနေ့ဖြစ်သည့် ဇွန်လ ၂၅ ရက်နေ့တွင် ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မြို့များနှင့် ပတ်လည် ကျေးရွာများစခန်းများကို ထိုးစစ်ဆင်သည်ကို တွေ့ရသည်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တို့တွင် မြို့ပတ်လည်ရှိ စခန်းငယ်များကိုသာမက မြို့ပေါ်ရှိ စစ်တပ်၊ ရဲစခန်းများ၊ ရုံးဌာနများကိုပါ တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်နိုင်ရန် ကြိုးစားသည်ကို တွေ့ရ၏။
တိုက်ပွဲ၏ ပထမနေ့တွင်ပင် အလုံးစုံ မဟုတ်သည့်တိုင် မြို့၏နေရာအချို့ကို ထိန်းချုပ်နိုင်သည်ကို တွေ့ရ၏။ မတ္တရာတွင် မြို့ကို ဦးတည်တိုက်ခိုက်ခြင်း မရှိဘဲ မတ္တရာအရှေ့ဘက် ဆည်တော်ကြီးအနီးရှိ အင်းကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းကို ဦးတည် တိုက်ခိုက်သိမ်းပိုက်သည်ဟု သိရ၏။
တကျော့ပြန်စစ်ပွဲ၏ ပထမအဆင့်တွင် လားရှိုးကို ဦးတည်ခြင်း မရှိပေ။ မန္တလေး၊ ပြင်ဦးလွင်၏ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်မှ ထိုးစစ်ဆင်လာခြင်းဖြစ်ရာ သေနင်္ဂဗျူဟာအရ မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
တကျော့ပြန်စစ်ပွဲ၏ ပထမအဆင့်တွင် လားရှိုးကို ဦးတည်ခြင်း မရှိပေ။ မန္တလေး၊ ပြင်ဦးလွင်၏ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်မှ ထိုးစစ်ဆင်လာခြင်းဖြစ်ရာ သေနင်္ဂဗျူဟာအရ မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာခြင်း ဖြစ်သည်။
တချိန်တည်းတွင် မြောက်ဘက်၌ မိုးကုတ်ကို တိုက်ခိုက်ပြီး မိုးမိတ်အား ဖြတ်တောက်လိုက်သည်။ မိုးမိတ်မြောက်ဘက် မဘိန်းမှ မံစီကြားထဲတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ နေရာယူထိန်းချုပ်ထားရာ မိုးမိတ်ရှိ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဗျူဟာနှင့် တပ်ရင်းသုံးရင်းမှာ ပိတ်မိနေ၏။
အရှေ့ဘက်အဖို့ ဆိုလျှင်လည်း နောင်ချို၊ ကျောက်မဲတို့အား ဖြတ်တောက် တိုက်ခိုက်ထားသဖြင့် လားရှိုးသည် ပိတ်မိနေသည်။ လားရှိုးသည်ပင် တိုက်ခိုက်ခံရနိုင်ခြေ များနေသဖြင့် လားရှိုးမှ ကျောက်မဲ၊ နောင်ချိုသို့ စစ်ကူပို့ရန် မလွယ်ကူပေ။ အလားတူပင် မိုးမိတ်တပ်သည်လည်း မိုးကုတ်ရော၊ မဘိန်းဘက်ပါ စစ်ကူပို့နိုင်ခြင်း မရှိတော့ပေ။
သို့ဖြစ်ရာ မတ္တရာ၊ မိုးကုတ်ဘက်သို့ ဖြစ်စေ၊ နောင်ချို၊ ကျောက်မဲဘက်သို့ ဖြစ်စေ မန္တလေးမှသာ စစ်ကူပို့ရတော့မည် ဖြစ်သည့်အပြင် မန္တလေးနှင့် ပြင်ဦးလွင်သည်လည်း ခံစစ်အား ဖြည့်ပြင်ဆင်ရန် လိုအပ်နေပြီ ဖြစ်သည်။
စစ်ကောင်စီအခြေအနေ
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နန့်လန်၊ လားရှိုး၊ နန့်ပေါင်၊ မူဆယ်တို့သည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) စစ်တိုင်းလက်အောက်ခံ ဖြစ်သည်။ ၎င်းဒေသတွင် တိုင်းလက်အောက်ခံ တိုင်းတပ်ရင်း ၁၃ ရင်း၊ စကခ ၁ နှင့် ၁၀ ရင်းတို့သည် လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နန့်လန်၊ တန့်ယန်းတို့တွင် ဖြန့်ခွဲ နေရာယူထားသည်။
စကခ ၁၆ နှင့် လေးရင်းသည် နန့်ပေါင်နှင့် တန့်ယန်း၊ တကက ၈ – မန်ကတ် သင်တန်းကျောင်း၊ စကခ ၁၄ မှ ငါးရင်းသည် လားရှိုးအထွက်၊ သီပေါတွင်တို့တွင် ဖြန့်ခွဲနေရာယူထားသည်။ တပ်မ ၉၉ မှ တပ်မ ဌာနချုပ်၊ သုံးရင်းနှင့် တပ်ပျက်ပြေးလာသည့် ရမခ တိုင်းတပ်အချို့သည် မူဆယ်တွင် ရှိသည်။ နောင်ချိုဘက်တွင် ဖြန့်ခွဲထားသည့် တပ်မ ၁၀၁ အား ရခိုင်သို့ ပို့လိုက်ပြီး စကခ ၁၇ တပ်များနှင့် ဖြည့်ထားသည်။
မိုးကုတ်တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တပ်များနှင့် တပ်မတခုမှ ဗျူဟာတခုရှိသည် (တပ်မ ၉၉ ဟု ဆိုသည်)။ မတ္တရာ၊ သပိတ်ကျင်း တလျှောက်တွင် လပခ တပ်များ သပိတ်ကျင်း စစ်သင်တန်းကျောင်း (စခတ ၂) မှ တပ်များရှိ၏။
မန္တလေး၊ ပြည်ဦးလွင်တဝိုက်တွင် တိုင်းတပ်၊ လက်ရုံးတပ်နှင့် သင်တန်းသားများအား စုဖွဲ့ထားသည့် တပ်ဖွဲ့များသာ ရှိ၏၊ စစ်ဆင်ရေး ပြုလုပ်နိုင်သည့် တပ်မ၊ စကခများ မရှိပေ။ စစ်ကူပေးစရာတပ် မရှိပေ။ တကျော့ပြန် စစ်ပွဲ ပထမနေ့တွင် နောင်ချို၊ ကျောက်မဲသို့ မြေပြင် စစ်ကူပို့နိုင်သည်ကို မတွေ့ရပေ။
ဇွန် ၂၄ ရက်နေ့ညက သီပေါသို့ လားရှိုးမှ ရောက်ရှိလာသည့် စစ်ယာဉ်တန်း ၁၅ စီးမှာ လားရှိုးအား တိုက်မည် သတင်းရ၍ တပ်မိသားစု အိမ်ထောင်သည်နှင့် ကလေးများအား နောက်တန်းသို့ပို့ရန် ကြိုးစားခြင်းဖြစ်၏။ သို့သော် သတင်းနောက်ကျပြီး သီပေါတွင် ပိတ်မိနေ၏။
ယခု တိုက်ပွဲဖြစ်ပွားနေသည့် မိုးကုတ်၊ မတ္တရာ၊ နောင်ချို၊ ကျောက်မဲတို့တွင် အထက်ပါ ခြေလျင်တပ်များသည် အဓိက တိုက်ခိုက်ရေးတပ်များအဖြစ် ရှိပြီး အမြောက်တပ်၊ ဒုံးတပ်၊ လက်ရုံးတပ်၊ ဆေးတပ်၊ သင်တန်းကျောင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။
စစ်ဆင်ရေး ပထမနေ့တွင် မတ္တရာဘက်သို့ စစ်ကား ငါးစီးခန့်ဖြင့် စစ်ကူပို့သည်ကို တွေ့ရသော်လည်း ကြားဖြတ်တိုက်ခိုက်မှုကြောင့် နောက်ပြန်လှည့်သွားရသည်ဟု သိရ၏။ သို့ဖြစ်ရာ လောလောဆယ်တွင် လေကြောင်းပစ်ကူသာ ပေးနိုင်သေးသည်။
စစ်ကောင်စီသည် တပ်အင်အား ထုတ်နုတ်ရန် အရန်အဖြစ်ရှိနေသည့် ရှမ်းအရှေ့မှ စကခ ၁၈ သာ ကျန်သည်။ သို့သော် စကခ ၁၈ တခုတည်း မလုံလောက်ပေ။ သို့သော် ကျန်စစ်မျက်နှာအနက် ကချင်စစ်မျက်နှာရှိ တပ် မ ၃၃၊ တပ်မ ၈၈၊ စကခ ၃၊ စကခ ၂၁ တို့အား ထုတ်နုတ်ရန် မဖြစ်နိုင်ပေ။
အလားတူ ရခိုင်စစ်မျက်နှာတွင် ထုတ်နုတ်ရန် မဆိုထားနှင့် မူလရှိပြီး စကခ ၅၊ တပ်မ ၂၂ တို့အပြင် တပ်မ ၁၀၁ ကိုပင် ထပ်ဖြည့်ထားရ၏။ ထိုတပ်များနှင့် ထိန်းရန် မလွယ်ပေ။
စစ်ကောင်စီ ရှမ်းမြောက်၌ ယခင်သုံးလေ့ရှိသည့် စကခ ၇၊ စကခ ၂ တို့ကို ကရင်နီမှ ပြန်ထုတ်နိုင်သည်။ ထိုသို့ ထုတ်နုတ်ပါက ကရင်နီတွင် စစ်ရေးအရ အားနည်းသွားမည်။ ၁၀၂၇ စစ်ဆင်ရေး ပထမ ကာလတုန်းကကဲ့သို့ နမခ မှ စကခ ၁၀ ကို ထုတ်နုတ်လာနိုင်သည်။
သို့ဆိုပါက စစ်ကိုင်းတိုင်းတွင် ဟာကွက်ပေါ်လာမည် ဖြစ်၏။ ဗန်းမောက်၊ အင်းတော်ဒေသရှိ တပ်မ ၇၇ ကိုမူ ထုတ်နုတ်ရန် ခက်ခဲသည်။ ရတခ ကရင်ပြည်နယ်မှ စကခ ၁၂ ကို ယခင် ရှမ်းမြောက်တွင် အသုံးပြုလေ့ ရှိသော်လည်း ယခုအခါ အထိနာနေသည်။ ထို့ပြင် အလုပ်မဖြစ်သည့် နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးအား ရပ်ဆိုင်းပြီး တပ်မ ၅၅ အား ပြန်ထုတ်လာနိုင်သည်၊၊ သို့သော် တပ်မ ၅၅ မှာ ဦးကျိုးနေပြီ ဖြစ်၏။
သို့ဖြစ်ရာ စစ်ကောင်စီ တကယ်တမ်း ထုတ်နုတ်နိုင်သည့် တပ်များမှာ စကခ ၁၈၊ စကခ ၂၊ စကခ ၇၊ စကခ ၁၀ တို့ဖြစ်ပြီး မဖြစ်မနေဆိုပါက စကခ ၁၂ နှင့် တပ်မ ၅၅ ကို ဆွဲထုတ်လာနိုင်သည်။
သို့သော် လက်ရှိ စစ်ဆင်ရေးတွင် TNLA နှင့် PDF များသာ ပါဝင်သေးပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် AA တပ်များ၊ MNDAA နှင့်တွဲဖက်နေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တပ်များ မပါဝင်သေးဘဲ လားရှိုးစစ်မျက်နှာလည်း မဖွင့်သေးရာ စစ်ကောင်စီသည် စစ်ကူဖြည့်တင်းရန် ထိုအခြေအနေကို တွက်ဆနေပုံရသည်။
လက်ရှိ အတိုက်ခံနေရသော မိုးကုတ်တွင် လပခ တပ်နှင့် တပ်မ မှ ၃ ရင်းပါ ဗျူဟာတခု၊ နောင်ချိုတွင် ခမရ ၁၁၄၊ ၁၁၅ နှင့် အမတ ၆၀၆၊ စကခ ၁၇ မှ အင်အားအချို့၊ ကျောက်မဲတွင် စကခ ၁ ဌာနချုပ်၊ ခမရ ၅၀၁၊ ခမရ ၅၀၂၊ အမတ ၃၄၉၊ အမတ ၃၅၂ တို့ရှိရာ အချိန်တခု ခုခံနိုင်မည်ဟုယူဆပြီး လေကြောင်းပစ်ကူပေး၍ ခံစစ်သေဖြင့် ဦးစွာရင်ဆိုင်မည်ဟု သုံးသပ်ရသည်။ သို့သော်လည်း တရင်းတည်း သီးသန့်ဖြစ်နေသည့် မတ္တရာ၊ အင်ကြင်းမြိုင်မှ လကတ ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်ကမူ တောင့်ခံရန် မလွယ်ပေ၊၊ (ပထမနေ့မှာပင် အသိမ်းခံရ၏)
မြောက်ပိုင်းသုံးဖွဲ့အခြေအနေ
လက်ရှိ စစ်ဆင်ရေးတွင် အတိအလင်း ပါဝင်လာသည်မှာ TNLA ဖြစ်ပြီး TNLA နှင့် အတူ မန္တလေး PDF, မိုးကုတ် PDF နှင့် အခြား PDF အချို့ ပါအားဖြည့်ထားပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ခေါ် ဓနုတပ်ဖွဲ့ပါ ပါဝင်သည်ကို တွေ့ရ၏။ လက်ရှိ တကျော့ပြန် စစ်ပွဲတွင် အင်အားအရ အင်အား ၈,၀၀၀ မှ ၁၀,၀၀၀ ခန့်ရှိသည့် TNLA မှ အင်အား ၃၀၀၀ ခန့်၊ PDF စုစုပေါင်း အင်အား ၃၀၀၀ ခန့်၊ဓနု အင်အား ၅၀၀ ခန့် ပါဝင်နိုင်သည်ဟု တွက်ဆရသည်။ လိုအပ်ပါက TNLA အနေနှင့် အင်အားထပ်မံဖြည့်တင်းနိုင်သည်။
လက်ရှိ စစ်ဆင်ရေးတွင် အတိအလင်း ပါဝင်လာသည်မှာ TNLA ဖြစ်ပြီး TNLA နှင့် အတူ မန္တလေး PDF, မိုးကုတ် PDF နှင့် အခြား PDF အချို့ ပါအားဖြည့်ထားပြီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ခေါ် ဓနုတပ်ဖွဲ့ပါ ပါဝင်သည်ကို တွေ့ရ၏။
တကျော့ပြန် စစ်ဆင်ရေး ပထမနေ့တွင် အင်အား ၆,၀၀၀ ခန့်ရှိသည့် MNDAA နှင့် တပ်မဟာ ၆၁၁ တွင် တွဲဖက်ထားသည့် PLA, BPLA တပ်များနှင့် ရှမ်းမြောက်ရှိ အင်အား ၃,၀၀၀ ခန့်ရှိ AA တပ်ဖွဲ့များ၏ လှုပ်ရှားမှုကို မတွေ့ရသေးပေ။
TNLA ကမူ တဖက်က မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး အဆက်ဟု ဆိုသကဲ့သို့ တဖက်ကလည်း ဟိုင်ဂင် သဘောတူညီချက် လုံးဝ မပျက်ပြယ်သေးပါဟုဆို နေ၏။ လက်ရှိကာလတွင်လည်း MNDAA နှင့် AA တို့၏ စစ်ရေးလှုပ်ရှားမှုများ ရှမ်းမြောက်တွင် မတွေ့ရသေးပေ။ သို့ဖြစ်ရာ တကျော့ပြန် စစ်ပွဲသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းလောဆိုသည်က စောင့်ကြည့်ရန်လိုသေးသည်။
လောလောဆယ်တွင်တော့ မိုးမိတ်၊ လားရှိုးတို့အား ဖြတ်တောက်ပြီး မန္တလေးနှင့် ပြင်ဦးလွင်တို့အား ခြိမ်းခြောက်နေပြီ ဖြစ်၏။ ထိုနေရာသည် စစ်ကောင်စီ၏ မပခ၊ လပခ၊ ရမခ စစ်တိုင်းသုံးခု ဆုံရာမြေဖြစ်သဖြင့် စစ်တပ် ကွပ်ကဲမှု ရှုပ်ထွေးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက အားသာ၏။
ထို့ပြင် စစ်ကောင်စီအနေနှင့် အချိန်တခုအတွင်း မြေပြင်တပ်အင်အား ဖြည့်တင်းနိုင်ခြင်း မရှိပါက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်သာမက မိုးမိတ်ပါ စွန့်လွှတ်ရမည်။ တပ်အင်အား ဖြည့်တင်းပါကလည်း တပ်ထုတ်နုတ်သည့် နေရာများတွင် အနည်းနှင့်အများ ထိခိုက်မည်။ စစ်ကောင်စီအတွက်တော့ စားလည်းရူး၊ ဆုပ်လည်းစူး ဖြစ်တော့သည်။
အကယ်၍သာ MNDAA, AA, PLA, BPLA တို့ပါ ပါဝင်လာပါက ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်းဟု ဆိုနိုင်ပြီး စစ်ရေးအရှိန်သည် ယခုထက် များစွာမြင့်တက်လာမည်မှာ အသေအချာပင်ဖြစ်၏။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ရှမ်းမြောက် တိုက်ပွဲများ ပြန်ဖြစ်
ရှမ်းမြောက်ဒေသတွင် နှစ်ဖက်စစ်ပြင်၍ ဒေသခံတို့ စိုးရိမ်
KIA အုပ်ချုပ်ရေးယန္တရား ရှမ်းမြောက်ဒေသ၌ တိုးချဲ့
လွတ်မြောက်သည့် ရှမ်းမြောက်ပိုင်း၏ ပဋိပက္ခသစ်များ
သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်
တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ
ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို TNLA ဝင်တိုက်နေ