တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် တရုတ်အစိုးရ နိုင်ငံခြားရေးမူများဖြစ်သည့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်ပြီး သီးခြားဆွေးနွေးပွဲတခုတွင် မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ကို ဘေဂျင်းတွင် တွေ့ဆုံသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်မြန်မာသမ္မတဟောင်းတို့သည် မြန်မာနှင့် တရုတ်အကြား လက်ရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံအတွင်းမှ မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးသည်ဟု စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြသည်။
သို့သော် ထိုအစည်းအဝေးအတွင်း ဦးသိန်းစိန်သည် ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီက ပြန်လည် စတင်သည့် တိုက်ပွဲများကို ကြားဝင်ဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ မေတ္တာရပ်ခံမှုကို ပြောကြားခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက ယူဆသည်။
တရုတ်က ကြားဝင်ဆောင်ရွက်ပေးသည့် ငါးလကြာ အပစ်အခတ်ရပ်စဲရေး ရှိသည့်ကြားမှ ဦးသိန်းစိန်၏ ဇွန်လ ၂၇ ရက်နေ့ခရီးစဉ် မစတင်မီ အချိန်အနည်းငယ် အလိုတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် စစ်ကောင်စီတပ်များနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား တိုက်ပွဲများ အသစ်တဖန် ပြန်လည်ဖြစ်ပွားသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့တွင် အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်သည်။
ဦးသိန်းစိန်သည် ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီက ပြန်လည် စတင်သည့် တိုက်ပွဲများကို ကြားဝင်ဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ မေတ္တာရပ်ခံမှုကို ပြောကြားခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက ယူဆသည်။
စစ်ကောင်စီသည် သိက္ခာကျဆင်းစေသည့် စစ်ရှုံးနိမ့်မှု အများအပြားကို ရင်ဆိုင်ရပြီး တပ်ရင်းဌာနချုပ် ၂၄ ခု၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များနှင့် ရှေ့တန်းစခန်း ရာနှင့်ချီ၊ မြို့ပေါင်း ၂၀ ခန့်၊ အဓိကကျသည့် တရုတ်နှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို ရှမ်းပြည်မြောက်ပိုင်းမှ မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးတွင် ဆုံးရှုံးပြီးနောက် ဇန်နဝါရီလတွင် ဘေဂျင်းသည် စစ်ကောင်စီ၏ တောင်းဆိုမှုကြောင့် နှစ်ဖက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။
စစ်ကောင်စီက ၎င်းတို့စခန်းများကို အကြိမ်ကြိမ် တိုက်ခိုက်သောကြောင့် လွန်ခဲ့သောအပတ်တွင် TNLA နှင့် ၎င်း၏ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်လိုက်သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟု ၎င်းတို့ခေါ်သည့် ထိုစစ်ဆင်ရေးတွင် TNLA နှင့် PDF များသည် ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချို၊ ကျောက်မဲမြို့နယ်များ၊ မန္တလေးတိုင်းမြောက်ပိုင်းမှ မတ္တရာနှင့် မိုးကုတ်မြို့နယ်များမှ တပ်ရင်းဌာနချုပ်များနှင့် ရဲစခန်းများ အပါအဝင် အနည်းဆုံး မြို့ နှစ်မြို့နှင့် စစ်ကောင်စီ အမာခံစခန်း ၂၅ ခုကျော်ကို သိမ်းပိုက်လိုက်သည်။
ရခိုင်ပြည်နယ်တွင် AA သည် ယခုနှစ်နှောင်းပိုင်းမှ စတင်ပြီး အောင်မြင်သော ထိုးစစ်များ ဆင်နွှဲနေသောကြောင့် လတ်တလောတွင် စစ်ကောင်စီသည် အကြီးအကျယ် ဒုက္ခရောက်နေပြီး စစ်ကောင်စီအတွက် အခြေအနေသည် ယခုထက် ဆိုးရွားစရာ မရှိနိုင်တော့ပေ။
အထိနာနေပြီ ဖြစ်သောကြောင့် စစ်မျက်နှာသစ်တွင် ပဋိပက္ခ ပြန်လည်စတင်ခြင်းသည် စစ်ကောင်စီအတွက် အိပ်မက်ဆိုး ဖြစ်သည်။ အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းပြည်မြောက်ပိုင်းတွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ်တော့ဘဲ မန္တလေးတိုင်းသို့ ကျယ်ပြန့်လာပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးနှင့် စစ်ကောင်စီ၏ စစ်တက္ကသိုလ် တည်ရှိရာ တပ်မြို့ ပြင်ဦးလွင်ကိုပါ ခြိမ်းခြောက်နေသည်။
ထိုသို့သောအခြေအနေတွင် ညီနောင်မဟာမိတ်အဖွဲ့ကို ဖိအားပေးရန်အတွက် စစ်ကောင်စီသည် ဦးသိန်းစိန်ကို တမန်အဖြစ် အသုံးပြုမည်ဟု ယူဆနိုင်သည်ဟု သုတေသီများက ပြောသည်။
“မင်းအောင်လှိုင် စစ်ကောင်စီဟာ ဦးသိန်းစိန်ကတဆင့် သတင်းစကားပါးပြီး ညီနောင်မဟာမိတ်တွေ ရှမ်းပြည်မြောက်ပိုင်းက လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေရပ်အောင် ဖိအားပေးဖို့ တရုတ်ကြားဝင်ပေးအောင် တောင်းဆိုတာ အရမ်းဖြစ်နိုင်တယ်”
“မင်းအောင်လှိုင် စစ်ကောင်စီဟာ ဦးသိန်းစိန်ကတဆင့် သတင်းစကားပါးပြီး ညီနောင်မဟာမိတ်တွေ ရှမ်းပြည်မြောက်ပိုင်းက လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေရပ်အောင် ဖိအားပေးဖို့ တရုတ်ကြားဝင်ပေးအောင် တောင်းဆိုတာ အရမ်းဖြစ်နိုင်တယ်” ဟု ကမ္ဘာတဝန်းမှ ပဋိပက္ခများဖြေရှင်းရေး အားပေးသည့် သုတေသနလုပ်ငန်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင် တာဝါက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြောက်ပိုင်းတွင် အခြေအနေပြောင်းလဲစေရန် အပြင်းအထန် လိုလားနေပြီး စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်တွင် ကျင်းပလိုသည့် ရွေးကောက်ပွဲအပါအဝင် ဂရုတစိုက် စီစဉ်ထားသည့် ပြုပြင်ပြောင်းလဲရေး တမျိုးမျိုးလုပ်ရန် စိတ်အားထက်သန်ကြောင်းပြသရေး ဦးသိန်းစိန်ကို အသုံးချဖွယ်ရှိကြောင်း ၎င်းက ပြောသည်။ တရုတ်အစိုးရသည် လက်ရှိ မြန်မာအကျပ်အတည်း ဖြေရှင်းရေးအတွက် လမ်းကြောင်းအဖြစ် ၎င်းတို့မြင်သည့် ရွေးကောက်ပွဲများ ကျင်းပရန် မြန်မာစစ်ကောင်စီကို ဖိအားပေးနေသည်ဟုလည်း သူက ဆက်လက်ပြောကြားသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အစောပိုင်းအထိ တာဝန်ယူခဲ့သော ဦးသိန်းစိန်သည် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထိတွေ့ဆက်ဆံသည့် နက်ရှိုင်းသောသမိုင်းရှိသည်။ သို့သော် တရုတ်တွင် သူ၏ ဂုဏ်သတင်းမှာ အဓိကအားဖြင့် တရုတ်ကျောထောက်နောက်ခံပြု မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့သောကြောင့် အမျိုးမျိုးဖြစ်နေသည်။
“အခြားတဖက်မှာလည်း ဦးသိန်းစိန်ကို မြန်မာမှာ အဓိက သြဇာလွှမ်းမိုးမှုရှိသူ၊ မြန်မာက တရုတ်အကျိုးစီးပွားတွေကို ရှေ့တန်းတင်ဖို့ အလုပ်လုပ်လို့ ရတဲ့သူလို့ တရုတ်ဘက်က မြင်ကြတယ်” ဟု မစ္စတာ တာဝါက ရှင်းပြသည်။
ခရီးစဉ်အတွင်း သိန်းစိန်သည် လက်ရှိပဋိပက္ခတွင် တရုတ်ကြားဝင်ရေးကို ဆွေးနွေးဖွယ်ရှိကြောင်း မြန်မာ ပဋိပက္ခများနှင့် တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာနေသည် မြန်မာပြည်တွင်း အခြေစိုက် သုတေသီတဦးက ပြောသည်။
“လက်ရှိ ပဋိပက္ခကြောင့် မင်းအောင်လှိုင်းက မဟာမိတ်အဖွဲ့ကို ဖိအားပေးရေးအတွက် တွေ့ဆုံမှုအတွင်း သူ့ရဲ့သတင်းစကားကို ပါးလိုက်ဖို့ ဦးသိန်းစိန်ကို သုံးတယ်လို့ပဲ ကျနော်ထင်တယ်။ ဒါကြောင့် မင်းအောင်လှိုင်ဟာ ဒီခရီးကို သူ့အတွက် ကောင်းကောင်း စီစဉ်တာပဲ” ဟု ၎င်းက ပြောသည်။
ဦးသိန်းစိန်သည် ဘေဂျင်းသို့ မြန်မာစစ်လေယာဉ်ဖြင့် သွားရောက်ခဲ့သည်ကို သူက ထောက်ပြသည်။ သမ္မတဟောင်း ဦးသိန်းစိန် ဇွန်လ ၂၇ ရက်နေ့က ဘေဂျင်းသို့ ထွက်ခွာသောအခါ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကောင်စီအဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ် တင်အောင်စန်းသည် နေပြည်တော်လေဆိပ်မှ လိုက်ပါပို့ဆောင်သူများတွင် ပါဝင်သည်။ ဇွန်လ ၃၀ ရက်နေ့တွင် ဦးသိန်းစိန် ပြန်လည် ရောက်ရှိလာသောအခါ ကြိုဆိုသူများတွင်လည်း သူပါသည်။
မင်းအောင်လှိုင် တောင်းဆိုသည့်အတိုင်း ဦးသိန်းစိန်က တရုတ်ကြားဝင်မှုရရန် ကြိုးစားပါက တရုတ်က နားထောင်မည်လား
ထိုအချက်များ အားလုံးကြောင့် သိသာမြင်သာသော မေးခွန်းတခု ပေါ်ပေါက်လာသည်။ မင်းအောင်လှိုင် တောင်းဆိုသည့်အတိုင်း ဦးသိန်းစိန်က တရုတ်ကြားဝင်မှုရရန် ကြိုးစားပါက တရုတ်က နားထောင်မည်လား ဆိုသည့်မေးခွန်းပင် ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို မထိန်းချုပ်နိုင်ဟု တရုတ်က ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ထိုသို့ အကူအညီ တောင်းခြင်းကို တရုတ်က နားထောင်နိုင်ခြေ မရှိကြောင်း ပြည်တွင်းလေ့လာသုံးသပ်သူက ပြောသည်။
ထို့အပြင် မင်းအောင်လှိုင်သည် ဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြိမ်ကြိမ် တောင်းဆိုခြင်းကို ပယ်ချခြင်း အပါအဝင် တရုတ်က စိတ်ပျက်အောင် အကြိမ်ကြိမ်လုပ်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် လက်ရှိ အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် ကူညီထိန်းချုပ်နိုင်သည်ဟု တရုတ်က ယူဆသည်။
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်မှ စတင်ပြီး တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် စစ်ကောင်စီကို တွန်းအားပေးနေသည်။ စစ်ကောင်စီက ဖျက်သိမ်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း အသိအမှတ်ပြုထားဆဲ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တရုတ်၏ အားထုတ်မှုများကြောင့် ဖမ်းဆီးခံထားရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ကောင်းမွန်စွာရှိရေးကို အလေးထားခြင်းနှင့် လွန်ခဲ့သောလက ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ကြေညာချက်ထုတ်ပြန်ကာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် တရုတ်အရာရှိများ အားထုတ်ခြင်းအတွက် NLD က တရုတ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“တစုံတယောက်ဆီက တခုခု တောင်းတယ်ဆိုရင် အပြန်အလှန်အားဖြင့် တစုံတခု ပြန်ပေးဖို့လိုတယ်။ မင်းအောင်လှိုင်နဲ့ တရုတ်အကြား ဆက်ဆံရေးကလည်း ဒီလိုပဲ။ တရုတ်ကြားဝင်ပေးတာကို သူလိုချင်ရင် တရုတ်အတွက် တခုခု သူပြန်လုပ်ပေးရမယ်။ ဥပမာအားဖြင့် တရုတ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာလိုမျိုးပေါ့”
“တစုံတယောက်ဆီက တခုခု တောင်းတယ်ဆိုရင် အပြန်အလှန်အားဖြင့် တစုံတခု ပြန်ပေးဖို့လိုတယ်။ မင်းအောင်လှိုင်နဲ့ တရုတ်အကြား ဆက်ဆံရေးကလည်း ဒီလိုပဲ။ တရုတ်ကြားဝင်ပေးတာကို သူလိုချင်ရင် တရုတ်အတွက် တခုခု သူပြန်လုပ်ပေးရမယ်။ ဥပမာအားဖြင့် တရုတ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာလိုမျိုးပေါ့” ဟုလည်း ထိုလေ့လာသူက ပြောသည်။
တရုတ်သည် ညီနောင်မဟာမိတ်အဖွဲ့က စစ်တပ်ကို ပိုမို အားနည်းသွားအောင်လုပ်ရန် ပိုမိုလိုလားပြီး ဇန်နဝါရီလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရှိန်မြှင့်တင်ရန် နောက်ထပ် အလျှော့ပေးမှုများ လုပ်ရေး စစ်တပ်ကို တွန်းအားပေးရန် အခြေအနေအဖြစ် အသုံးချသောကြောင့် လက်ရှိ TNLA ထိုးစစ်ကို ဆက်လက် ခွင့်ပြုထားရန် အလားအလာများသည်ဟု မစ္စတာ တာဝါက ပြောသည်။
“ကျနော့်အမြင်မှာတော့ ညီနောင်မဟာမိတ်ဟာ စစ်ကောင်စီဘက်က ပေးတဲ့ ဘယ်ကတိကိုမဆို ယုံကြည်နိုင်ဖွယ်ရှိတယ်လို့ မမြင်တဲ့အတွက် ဒီသေနင်္ဂဗျူဟာက အောင်မြင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ တရုတ်က အကြီးအကျယ် ဖိအားပေး အတင်းအကျပ်လုပ်မှသာ တည်မြဲမယ်” ဟု ၎င်းက ပြောသည်။
“ဒီသဘောတူညီချက်က ရေရှည်မှာ တည်မြဲမှာ မဟုတ်ဘူး။ ဒါကြောင့် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေမယ်” ဟုလည်း မစ္စတာ တာဝါက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ In China, Thein Sein Likely Passed on Plea for Help From Junta Boss ကို ဘာသာပြန်သည်။)
You may also like these stories:
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့
ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်
ဦးသိန်းစိန်၏ ခြေရာကို “အဖေ့ခြေရာ” အဖြစ် ဆောင်ခိုင်းသူ
မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ
ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ပျက်နိုင်သလား (ရုပ်/သံ)