စလောင်းဖုံး တချပ် အကြောင်း မရေးမီ မိုးအကြောင်းကို ရှေးဦးစွာ ရေးပါရစေ။
တချို့က မိုးရွာလျှင် ကြိုက်ကြသည်။
ကျနော့်မှာမူ နေ့အချိန် မိုးရွာလေမလားဟု အစဉ်သဖြင့် စိုးရိမ်နေသူ တယောက်ဖြစ်သည်။
ကျနော်သည် ပြည်သူ့ ဝန်ထမ်း တယောက် ဖြစ်သည်။ ရုံးတက် ရုံးဆင်း အသွားအပြန် ခရီးအတွက် ကျနော်သည် ကိုယ်ပိုင် မဟုတ်သော ကိုယ်ပိုင် မဟုတ်သော ဘတ်စ်ကားများကို လည်းကောင်း၊ ကိုယ်ပိုင် ဟုတ်သော ခြေထောက်များကို လည်းကောင်း အလျဉ်းသင့်သလို အသုံးပြုပါသည်။
အိမ်မှ ဘတ်စ်ကား မှတ်တိုင်သို့ လည်းကောင်း၊ ဘတ်စ်ကား မှတ်တိုင်မှ ရုံးသို့ လည်းကောင်း ခြေလျင် လျှောက်သည့်အခါ လျှောက်ပါသည်။ ဘတ်စ်ကား စီးသည့်အခါ စီးပါသည်။
ကျနော် မိုးကို ကြောက်သည်မှာ အခြားကြောင့် မဟုတ်ပါ။ ကျနော့်မှာ ရှိသော ထီးစုတ်ကလေးသည် မိုးသဲသဲ ရွာလျှင် အားမကိုးရတော့ပါ။
မိုးမိသော နေ့ဆိုလျှင် ရုံးသို့ ရောက်သောအခါ ကျနော်ခမျာမှာ ရေနစ်ထားသော ကြွက်စုတ် ပိန်ပိန်ကလေးနှင့် ခွဲ၍ မရအောင် တူနေရှာပါတော့သည်။
အဝတ်စိုများနှင့်ပင် ရုံးမှာ တနေကုန် တနေခန်း အလုပ်လုပ်ရသည်မှာ အလုပ်လည်း မတွင်ကျယ်၊ အဖျားလည်း ဝင်တတ်ပါသည်။
ဒုက္ခပေးတတ်ဆုံးမှာ သားရေ ဖိနပ်များပင် ဖြစ်ပါသည်။ သူတို့သည် ရေစိုပြီးလျှင် တော်တော်နှင့် မခြောက်တော်မူကြ။ ထို့ကြောင့် ကျနော်မှာ ဖိနပ် ရေစိုကြီးများကို တနေကုန် နင်းထားရတတ်ပါသည်။
မကြာသေးမီက ရန်ကုန်မှာ မိုးဦးကျခဲ့ပါသည်။
မိုးဦးကျစ တညနေတွင် ကျနော်သည် ရုံးမှအပြန် လေဟာပြင်ဈေးသို့ ဝင်၍ ဂျပန် ဖိနပ်ခေါ်သော ရာဘာ ဖိနပ် တရံကို ဝယ်လိုက်ပါသည်။
ဂျပန် ဖိနပ်တို့သည် ရေစိုပြီးလျှင် ချက်ချင်းပြန်၍ ခြောက်တတ်သော သဘောရှိသဖြင့် သည်မိုးတွင်းတော့ သူတို့နှင့်ပဲ အပေါင်းအသင်း လုပ်တော့မည်ဟု ကျနော် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
ကျနော်၏ အသားအရေ ဤမျှ နူးညံ့ ပျော့ပျောင်းမှန်း ယခင်က ကျနော် မသိခဲ့ပါ။ ဂျပန်ဖိနပ် တနေ့ စီးလိုက်ရုံမျှဖြင့် ဖိနပ်ကြိုး ပွတ်တိုက်ရာ နေရာတွင် အပေါက်အပြဲ ဖြစ်သွားသည်ကို တွေ့ရသော အခါကျမှ “သြော်” ဟု စိတ်ထဲက အောက်မေ့လိုက်ပါသည်။
ထိုနေ့သည် သောကြာနေ့ ဖြစ်၏။ စနေနေ့တွင် ကျနော်သည် ဂျပန်ဖိနပ်ကို ဆက်၍ စီး၏။ ဖိနပ်ပေါက်သော အနာကလေးကိုကား ဒီဆူဇာမှ “ဇမ်းဘတ်” ဝယ်၍ လိမ်းလိုက်လျှင် ပျောက်ပါသည်ဟု ကျနော်က တွက်ပါသည်။
စနေနေ့ ညနေပိုင်းတွင် အနာကို “ဇမ်းဘတ်” လိမ်းထားလိုက်ရာ တနင်္ဂနွေနေ့ နံနက်သို့ ရောက်သောအခါ အနာမရှိတော့ ပါ။ သို့သော် အံ့သြဖွယ်ရာ တခုကို တွေ့ရပါ၏။ အနာဖြစ်သော ခြေဖမိုးသည် ခုံးခုံးကြီး ဖြစ်နေပါတော့သည်။ လမ်းလျှောက် လျှင်လည်း မခံသာအောင် နာလျက် ရှိနေပါသည်။
စလောင်းဖုံး တချပ် ဖြစ်လာပုံမှာ ကျနော်၏ ခြေထောက် အနာကြောင့် လမ်းမလျှောက်နိုင်၍ တပတ်လောက် ရုံးမတက်နိုင်ခြင်းမှ စတင် ဖြစ်ခဲ့ပါသည်။
ရုံးမတက်သည့်နေ့မှ စ၍ ကျနော်သည် နေမထိ ထိုင်မထိ ဖြစ်နေခဲ့ပါသည်။ ရုံးသို့လည်း စိတ်အမြဲ ရောက်ရောက်နေသည်။
ပန်းချီဆရာတွေများ ရောက်နေကြမည်လား။ စာရေးဆရာတွေများ စာမူခ ပေးရန်သော်လည်းကောင်း၊ စာမူခ ထုတ်ရန် သော်လည်းကောင်း လာနေကြမည်လား။ အယ်ဒီတာနှင့် မတွေ့ရ၍ သူတို့ စိတ်ပျက်ပြီး ပြန်သွားကြမည်လား။
မဂ္ဂဇင်း မျက်နှာဖုံး ဒီဇိုင်းကို အချိန်မီ ရပါမည်လား။ ဘလောက်တွေ အချိန်မီ ပြီးစီးပါမည်လား။ စသော လားပေါင်း သောင်း ခြောက်ထောင်သည် ကျနော်၏ ခေါင်းထဲ၌ ပွက်လောရိုက်နေပါသည်။
မဂ္ဂဇင်း အတွက် နောက်ဆံတင်းမှုကြောင့် နေမထိ ထိုင်မထိ ဖြစ်ခြင်းထက် နေ့စဉ် အလုပ်တာဝန်ဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်နေရာမှ ဘာမှ မလုပ်ဘဲ အိပ်နေ ထိုင်နေခြင်းကြောင့် နေမထိ ထိုင်မထိ ဖြစ်ခြင်းက ပိုကဲနေသည်ကို ကျနော် တအံ့တသြ တွေ့ရပါသည်။
ကျနော် ခြေထောက်နာသော်လည်း လက်များမှာ အကောင်း ဖြစ်နေသည်။
ကျနော်သည် အိမ် နောက်ခန်းတွင် ထိုင်ရင်း အိမ်သားများကို ပျင်းရိငြီးငွေ့စွာ လိုက်ကြည့်နေမိသည်။ မေမေ နှင့် မြလေး (ကျနော်၏ ဇနီး) သည် သုံးထပ်သား ပျဉ်ချပ်ကလေး နှစ်ခုနှင့် လွှကို ကိုင်၍ တခုခု ပြုလုပ်ရန် ဟန်ပြင်နေသည်ကို တွေ့ရ၏။
မေးကြည့်သော အခါ ဒယ်အိုး စလောင်းဖုံး မကောင်းတော့၍ စလောင်းဖုံး အသစ်တခု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။
ကျနော်သည် ကွယ်လွန်သွားပြီ ဖြစ်သော ဖခင်ကြီးကို သတိရမိပါသည်။ ဖေဖေသည် လက်သမားဆရာ တယောက် မဟုတ်သော်လည်း အိမ်၌ လက်သမား လက်နက်ကိရိယာ အစုံအလင် ထားရှိတတ်၏။ အိမ်အသုံးအဆောင် တိုလီမိုလီ ပစ္စည်းကလေးများကို ကိုယ်တိုင် ပြုလုပ်ရမှ သဘောကျတတ်၏။
ကျနော်သည် ကြမ်းပြင်ပေါ်၌ပင် ထိုင်ချလိုက်ပြီးလျှင် မေမေတို့ လက်ထဲမှ လွှတို့ သုံးထပ်သား ပျဉ်ချပ်တို့ကို တောင်းယူ လိုက်၏။
ထို့နောက် ပျဉ်ချပ်များနှင့် တူ၊ လွှ၊ သံ၊ ကျားလျှာ စသော ပစ္စည်းများကို တောင်းယူ၍ စလောင်းဖုံး တချပ်ကို စတင် ပြုလုပ်ပါသည်။
အတော် ပျော်စရာ ကောင်းပါ၏။
ဘာမျှ မလုပ်ဘဲ အားလပ်နေစဉ်က ခံစားခဲ့သော ပျင်းရိငြီးငွေ့မှုများသည် ဘယ်ရောက်ကုန်မှန်းပင် မသိရပါ။ မကြာမီပင် လှပချောမွေ့သော စလောင်းဖုံးကလေး တချပ်သည် ကျနော်၏ ရှေ့တွင် ရှိနေပါတော့သည်။
စလောင်းဖုံး တချပ် ပြုလုပ်ပြီး၍ ရရှိသော ကျေနပ်မှုသည် ဝတ္ထု တပုဒ် ရေးပြီး၍ ရရှိသော ကျေနပ်မှုမျိုးနှင့် ဆင်တူနေ သည်ကို ကျနော် အံ့သြစွာ တွေ့ရပါသည်။
အမှန်မှာ စလောင်းဖုံး တချပ် ဖြစ်လာအောင် ပြုလုပ် ဖန်တီးရသော အလုပ်သည် သေးသေးဖွဲဖွဲ နှယ်နှယ်ရရ အလုပ် မဟုတ်ပါတကား။
တန်ဖိုး နည်းသော ပစ္စည်းပင် ဖြစ်လင့်ကစား လူသုံးကုန် ပစ္စည်းတခု ဖြစ်လာအောင် ပြုလိုက် ဖန်တီးလိုက်ခြင်းပင် ဖြစ်သောကြောင့် ဂုဏ်ယူဖွယ်ပါတကား။ ကျနော်သည် ပြုလုပ်သူ၊ ဖန်တီးသူ သို့မဟုတ် အလုပ်သမား။
ကျနော်သည် စလောင်းဖုံးကလေးကို ကြည့်လျက် ပျော်မဆုံး ဖြစ်နေမိပါ၏။ ။
(စာရေးဆရာကြီး မောင်ဖေသန်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စာပေလောက စာအုပ်တိုက်က ၁၉၉၇ ခုနှစ် သြဂုတ် လတွင် ထုတ်ဝေသော “ကံ့ကော်မြိုင်စာတန်း တတိယအကြိမ်” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မောင်ဖေသန်း ကလောင်အမည်သည် ဘီဘီစီ သတင်းဌာန မြန်မာပိုင်းမှ အစီအစဉ် တင်ဆက်သူ တဦးဖြစ်သည့် ဦးလေးကြီး ဦးဖေသန်း ဖြစ်ကြောင်း သိရပါသည်။ ဦးလေးကြီး ဦးဖေသန်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် အသက် ၈၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)